ကလေးဘဝကင်ဆာနှင့် ပင်မဆဲလ်အစားထိုးကုသမှု၏ သိမှုဆိုင်ရာ အကျိုးသက်ရောက်မှုများ
သိမှုဆိုင်ရာ အကျိုးသက်ရောက်မှုများ ဆိုသည်မှာ အဘယ်နည်း။
ကလေးဘဝကင်ဆာအတွက် ကုသမှုအချို့သည် လူတစ်ဦး၏ တွေးခေါ်ပုံ၊ လေ့လာသင်ယူပုံ၊ စီစဉ်ပုံနှင့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းပုံတို့တွင် ပြဿနာများ ဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။ ဤပြဿနာများသည် နှစ်ပေါင်းများစွာအထိ ကြာရှည်နိုင်ပါသည်။ ၎င်းကို သိမှုဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများဟု ခေါ်ဆိုပါသည်။
သိမှုဆိုင်ရာ အကျိုးသက်ရောက်မှုများသည် ကုသမှုပြီးနောက်တွင် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာအကြာတွင် ဖြစ်ပေါ်လာနိုင်ပါသည်။
သိမှုဆိုင်ရာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။
သိမှုဆိုင်ရာဆိုသည်မှာ မှတ်သားထားခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်း၊ ဆုံးဖြတ်ခြင်း၊ စိတ်ကူးပုံဖော်ခြင်းနှင့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းခြင်းကဲ့သို့သော အသိပညာနှင့် သတိရှိမှုပုံစံအားလုံးကို ဆိုလိုပါသည်။
ရင်းမြစ်- American Pyschological Association
ကလေးကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများတွင် ဤအကျိုးသက်ရောက်မှုများသည် မှတ်ဉာဏ် သို့မဟုတ် စီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ မကြာခဏ ဆက်စပ်နေတတ်ပါသည်။ ဤကျွမ်းကျင်မှုပုံစံတွင် မိမိကိုယ့်ကို ထိန်းချုပ်နိုင်မှု၊ အလုပ်လုပ်ခြင်းဆိုင်ရာ မှတ်ဉာဏ်နှင့် စိတ်ပိုင်းဆိုင်ရာ လိုက်ရောညီထွေရှိနိုင်မှုတို့ ပါဝင်ပါသည်။ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်ချက် ဆိုသည်မှာ စီစဉ်နိုင်စွမ်း၊ မှတ်မိနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းနှင့် တစ်ပြိုင်နက်တည်းတွင် အရာများစွာကို လုပ်ဆောင်နိုင်စွမ်းကို ရည်ညွှန်းပါသည်။
သိမှုဆိုင်ရာ အကျိုးသက်ရောက်မှုများခံစားနေရသည့် တစ်စုံတစ်ဦးသည် ပိုမိုခက်ခဲသည့် အောက်ပါအချိန်များကို ကြုံတွေ့ရနိုင်ပါသည်-
- အရာများကို မှတ်မိခြင်း သို့မဟုတ် မှတ်သားခြင်း
- လေ့လာသင်ယူခြင်း (စာလုံးပေါင်းခြင်း၊ စာဖတ်ခြင်း၊ ဝေါဟာရ၊ လက်ဖြင့်စာရေးသားခြင်းနှင့်/ သို့မဟုတ် သင်္ချာ အပါအဝင်)
- စဉ်းစားတွေးခေါ်ခြင်း (အာရုံစူးစိုက်ခြင်း၊ အချိန်မီ အလုပ်ပြီးမြောက်ခြင်းနှင့် အဆင့်များစွာပါဝင်သည့် အလုပ်များ လုပ်ဆောင်ခြင်း အပါအဝင်)
- ပြဿနာ ရင်ဆိုင်ဖြေရှင်းခြင်း
- စီစဉ်ခြင်းနှင့် စီစဉ်ဆောင်ရွက်ခြင်း
- အာရုံစူးစိုက်ခြင်းနှင့် အထူးဂရုပြုခြင်း
- လျင်မြန်စွာ တုံ့ပြန်ခြင်း သို့မဟုတ် စဉ်းစားခြင်း
ကလေးကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူကလေးအများစုအတွက် သိမှုဆိုင်ရာ ပြဿနာများသည် ကျွမ်းကျင်မှုများ ဆုံးရှုံးခြင်းကြောင့် မဟုတ်ပါ။ ပြဿနာများသည် ကျွမ်းကျင်မှုအသစ်ကို ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးခြင်းကြောင့် ပို၍ဖြစ်ပွားလေ့ရှိပါသည်။ ကလေးများသည် ကျွမ်းကျင်မှုအသစ်များကို လေ့လာသင်ယူ၍ ဖွံ့ဖြိုးတိုးတက်နေဆဲ ဖြစ်ပါသည်။ သို့သော်လည်း ၎င်းတို့သည် သူတို့၏ရွယ်တူသူငယ်ချင်းများထက် ပို၍နှေးစွာဖြင့် လုပ်ဆောင်နိုင်ကြပါသည်။
သိမှုဆိုင်ရာ အကျိုးသက်ရောက်မှုများသည် မပြင်းထန်သည်မှ ပြင်းထန်သည်အထိ ဖြစ်နိုင်ပါသည်။ ၎င်းတို့သည် ယာယီ သို့မဟုတ် အမြဲတမ်း ဖြစ်သွားနိုင်ပါသည်။
သိမှုဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ ဖြစ်နိုင်ခြေ မြင့်တက်စေသည့် အချက်များ
သိမှုဆိုင်ရာ အကျိုးသက်ရောက်မှုများသည် ဦးနှောက်အကျိတ်များ၊ ဦးခေါင်းနှင့် လည်ပင်းကင်ဆာများနှင့် ပြင်းထန်သည့် လင့်ဖိုဘလက်စတစ် သွေးကင်ဆာအပါအဝင် သွေးကင်ဆာအမျိုးအစားအချို့ခံစားရဖူးသည့် ကလေးများတွင် ပိုမိုဖြစ်ပွားနိုင်ခြေ ရှိပါသည်။
သိမှုဆိုင်ရာ အကျိုးသက်ရောက်မှုများ ဖြစ်နိုင်ခြေမြင့်တက်စေသည့် အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်-
- ဦးခေါင်း၊ လည်ပင်း သို့မဟုတ် ကျောရိုးအပေါ်ပိုင်း သို့မဟုတ် ခန္ဓာကိုယ်တစ်ခုလုံးကို ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ။ ခန္ဓာကိုယ်တစ်ခုလုံးကို ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (TBI) ကို လူနာများအား ပင်မဆဲလ် (ရိုးတွင်းခြင်ဆီ) အစားထိုးကုသမှုအတွက် ပြင်ဆင်ရန် တစ်ခါတစ်ရံတွင် အသုံးပြုပါသည်။
- အချို့သော ကင်ဆာ ဆေးဝါးများ၊ အထူးသဖြင့် မီသိုထရက်ဇိတ် (methotrexate)၊ ဆိုက်တာရာဘင် (cytarabine)ဆေးများကို ဆေးပမာဏများများဖြင့် သွေးပြန်ကြောထဲသို့ (IV) ထိုးသွင်းခြင်းနှင့်/ သို့မဟုတ် ဦးခေါင်းတွင်းသို့ ကီမိုဆေးသွင်းခြင်းကုထုံး
- ဦးနှောက် ခွဲစိတ်ကုသမှု
- ကော်တီကိုစတီးရိုက် ဆေးဝါးများ
ကင်ဆာဆေးသွင်းကုသထားသည့် ဦးနှောက်နှင့် သိမှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ
ကလေးဘဝကင်ဆာဝေဒနာရှင်အချို့သည် ကုသမှုခံယူနေစဉ်အတွင်းတွင် တွေးခေါ်မှုဆိုင်ရာ၊ အာရုံစူးစိုက်မှုဆိုင်ရာ သို့မဟုတ် မှတ်ဉာဏ်စွမ်းဆိုင်ရာတို့တွင် ပြောင်းလဲမှုများ ရှိပါသည်။ ၎င်းကို ကင်ဆာဆေးသွင်းကုသထားသည့် ဦးနှောက်ရှုပ်ထွေးခြင်းဟု ခေါ်ပါသည်။ ၎င်းကို ကင်ဆာဆေးသွင်းကုသထားသည့် ဦးနှောက် သို့မဟုတ် ကင်ဆာဆေးသွင်းကုသမှုကြောင့်ရှုပ်ထွေးခြင်းဟုလည်း လူသိများပါသည်။
ကင်ဆာဆေးသွင်းကုသထားသည့် ဦးနှောက်ရှုပ်ထွေးခြင်းအကြောင်းကို နောက်ထပ် ဖတ်ရှူပါ။
အခြားသော ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်-
- အသက်ငယ်ရွယ်ချိန်တွင် ကုသမှုခံယူခြင်း
- ကုသမှု ဆေးပမာဏနှင့် ကြာချိန်
- အောက်ပါတို့ကဲ့သို့သော နောက်ဆက်တွဲ ပြဿနာများ လေဖြတ်ခြင်း, ဦးခေါင်းတွင်းရေပမာဏများသည့် ရောဂါ၊ ရောဂါပိုးဝင်ခြင်း သို့မဟုတ် တက်ခြင်း
- နှလုံး၊ အဆုတ် အပါအဝင် နာတာရှည်ကျန်းမာရေးအခြေအနေများ သို့မဟုတ် အင်ဒိုကရိုင် ရောဂါ
ဦးခေါင်းခွံကို ဓာတ်ရောင်ခြည်ဖြင့် ကုသမှု (ဦးခေါင်းခွံသို့ ဓာတ်ရောင်ခြည်ကုသမှု) ခံယူသော အမျိုးသမီးများသည် အသက်ငယ်ရွယ်စဉ်တွင် ကုသပါက အမျိုးသားများထက် သိမြင်မှုဆိုင်ရာ အကျိုးသက်ရောက်မှုများ ဖြစ်နိုင်ခြေ ပိုများပါသည်။
အချို့သောကုသမှုများသည် ဦးနှောက်၏ အရှေ့ခြမ်းဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ဦးနှောက်၏အရှေ့ခြမ်းသည် ကြွက်သားမော်တာလုပ်ဆောင်မှုနှင့် အဆင့်မြင့်တွေးခေါ်မှုစွမ်းရည်များကို ထိန်းချုပ်ပေးပါသည်။
ကင်ဆာကုသမှုများသည် အောက်ပါတို့ကိုလည်း ဖြစ်စေနိုင်ပါသည်-
- Hippocampusကဲ့သို့သော ဦးနှောက်အစိတ်အပိုင်းနေရာများကို ထိခိုက်စေပါသည်။ Hippocampus သည် မှတ်ဉာဏ်များ ဖြစ်ပေါ်လာသည့်နေရာ ဖြစ်ပါသည်။
- ဆဲလ်များနှင့် သွေးကြောများကို ရောင်ရမ်းခြင်းနှင့် ပျက်စီးခြင်းတို့ကို ဖြစ်စေပါသည်။ ဤအရာများသည် သွေးယိုခြင်းနှင့် လေဖြတ်ခြင်းကဲ့သို့သော အခြေအနေများကို ဖြစ်စေနိုင်ပါသည်။
- အကြားအာရုံ နှင့်/ သို့မဟုတ် အမြင်အာရုံဆိုင်ရာ ပြဿနာများကို ဖြစ်စေပါသည်။
- ကျောင်းပျက်ကွက်ခြင်းနှင့် စိတ်ခံစားမှုဆိုင်ရာ သို့မဟုတ် လူမှုရေးဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေပါသည်။
နှလုံးရောဂါ နှင့် အဆုတ်ဆိုင်ရာပြဿနာများ သည် သိမှုဆိုင်ရာပြဿနာများကို ဖြစ်စေနိုင်ပါသည်။
ဦးနှောက်လုပ်ဆောင်ချက်ကို အကဲဖြတ်စစ်ဆေးခြင်း
သင့်ကလေးသည် အောက်ပါကဲ့သို့သော ဦးနှောက်လုပ်ဆောင်ချက်များနှင့် ကျွမ်းကျင်မှုများကို ကြည့်ရှုရန်အတွက် ဦးနှောက်အာရုံကြောနှင့် စိတ်ပညာဆိုင်ရာ အကဲဖြတ်စစ်ဆေးခြင်း ကို ပြုလုပ်နိုင်ပါသည်-
- စာဖတ်ခြင်းနှင့် သင်္ချာ
- အထူးဂရုပြုခြင်းနှင့် အာရုံစူးစိုက်ခြင်း
- လုပ်ဆောင်နိုင်မှု အမြန်နှုန်း
- လေ့လာသင်ယူခြင်းနှင့် မှတ်သားခြင်း
- စီစဥ်ဆောင်ရွက်ခြင်း၊ စီစဥ်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း
- ဘာသာစကား
- အမြင်-အကွာအဝေးဆိုင်ရာ ကျွမ်းကျင်မှုများ
- ကြွက်သားမော်တာလုပ်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုများ
- အပြုအမူပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်
ဉာဏ်ရည်ဉာဏ်သွေးနှင့် ပညာရေးဆိုင်ရာ အောင်မြင်မှု စစ်ဆေးမှုများသည်လည်း အရေးကြီးပါသည်။ မိဘနှင့် ဆရာများ၏ အကဲခတ်လေ့လာမှုများသည် အားသာချက်များနှင့် အားနည်းချက်များကို ရှာဖွေနိုင်ရန် ကူညီပေးပါသည်။
"ကျွန်တော် အရင်ကထက် စဉ်းစားရတာ ပိုခက်လာတယ်။ အချိန်ပိုပြီးယူရတယ်။ ကျွန်တော့်ရဲ့ မှတ်ဉာဏ် နည်းနည်း ချို့ယွင်းနေတယ်လို့ ထင်တယ်... ဒါပေမယ့် ခုတော့ ကီမိုကုသမှု ပြီးတော့မှာဖြစ်ပြီး ပိုလွယ်လာပါပြီ။"
Jay
သိမှုဆိုင်ရာ ပြဿနာများသည် ကျောင်းနှင့် နေ့စဉ်ဘဝကို မည်သို့ အကျိုးသက်ရောက်စေနိုင်သနည်း
သိမှုဆိုင်ရာ ပြဿနာများသည် အောက်ပါတို့ကို ဖြစ်စေပါသည်-
- အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအဆင့်အတွက် မျှော်လင့်ထားသည်ထက် လုပ်ဆောင်ချက် နိမ့်ပါးခြင်း
- အပြုအမူဆိုင်ရာ သို့မဟုတ် လူမှုရေးဆိုင်ရာ ပြဿနာများ၊ အထူးသဖြင့် လျင်မြန်စွာ တုံ့ပြန်မှု သို့မဟုတ် ဆုံးဖြတ်ချက်ချရန် လိုအပ်သည့် အုပ်စုလိုက်အခြေအနေများတွင်
သိမှုဆိုင်ရာပြဿနာရှိသည့် ကလေးများသည် ကျောင်းတွင် ပြဿနာများဖြစ်နိုင်ခြေ ပို၍များပါသည်။ အရွယ်ရောက်ပြီးသူများအနေဖြင့် အလုပ်အကိုင်ဆိုင်ရာ၊ တစ်ဦးတည်းနေထိုင်မှုနှင့် လူမှုဆက်ဆံရေးစွမ်းရည်တို့နှင့် ပတ်သက်သည့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ရနိုင်ပါသည်။
ကျောင်းပြောင်းသည့်ကာလများအတွင်း ပြဿနာများသည် ပိုမိုထင်ရှားလာနိုင်ပါသည်။ ကလေးများသည် အသက်ကြီးလာသည်နှင့် အမျှ ပို၍ အမှီအခိုကင်းလာနိုင်သည်ဟု မျှော်လင့်ရပါသည်။ သိမှုဆိုင်ရာပြဿနာရှိသည့် ကလေးများတွင် လိုအပ်ချက်များသည် စီမံခန့်ခွဲရန် ပိုမိုခက်ခဲပါသည်။ အသက်အရွယ်တူများသည် ပိုမိုမြန်ဆန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်ပါသည်။
သိမှုဆိုင်ရာပြဿနာများသည် လူမှုရေးဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာစွမ်းရည်များအပြင် ဘဝ၏အလုံးစုံအရည်အသွေးအပါ်တွင် အနုတ်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများ ရှိနိုင်ပါသည်။
သိမှုဆိုင်ရာပြဿနာများကို စီမံခန့်ခွဲရန် သင် မည်သည်တို့ကို လုပ်ဆောင်နိုင်သနည်း
ပညာရေးဆိုင်ရာ အစီအစဉ်များနှင့် အထောက်အပံ့စောင့်ရှောက်မှုများကို ရရှိနိုင်ပါသည်။ သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို အရင်းအမြစ်များအကြောင်း မေးမြန်းပါ။
အစောပိုင်း ဝင်ရောက်ကူညီပံ့ပိုးမှုနှင့် ရောဂါလက္ခဏာများကို အနီးကပ် အာရုံစိုက်ခြင်းသည် အထောက်အကူ ဖြစ်စေနိုင်ပါသည်။
ကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အကျင့်များသည် ဦးနှောက်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေ၍ ကာကွယ်ပေးနိုင်ပါသည်။
-
ဆေးဝါးများသည် အထူးဂရုပြုမှုနှင့် အာရုံစူးစိုက်မှုကို အထောက်အကူ ပြုနိုင်ပါသည်။ သာဓကများမှာ အာရုံမစူးစိုက်နိုင်ဘဲတက်ကြွလွန်ဝေဒနာ (ADHD)ကိုကုသရန်အသုံးပြုသည့် ဆေးဝါးများ ဖြစ်ပါသည်။ ကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများ၏ သိမှုဆိုင်ရာလုပ်ဆောင်ချက်အတွက် လေ့လာထားသော ဆေးဝါးများတွင် မီသိုင်းဖီနီဒိတ် (methylphenidate)၊ ဒိုနီပီဇေးလ် (donepezil)၊ မိုဒါဖီနေးလ် (modafinil) နှင့် မန်တန်တင်း (memantine) တို့ ပါဝင်ပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ဆေးဝါးများကို စီမံခန့်ခွဲရန် နှင့် ရောဂါလက္ခဏာများကို စောင့်ကြည့်ရန်အတွက် သင့်ကို ကူညီပေးနိုင်ပါသည်။
-
ကုထုံးဆိုင်ရာ ပညာရှင်များသည် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ဗျူဟာများ ရေးဆွဲရာတွင် သင့်ကို ကူညီပေးနိုင်ပါသည်။ ဥပမာများသည် ပြဿနာများကို ပိုမိုသေးငယ်သော အစိတ်အပိုင်းများအဖြစ် ခွဲထုတ်လိုက်ခြင်း သို့မဟုတ် မှတ်ဉာဏ်အတွက် ဖွဲ့စည်းခြင်းမဟာဗျူဟာများကိုအသုံးပြုခြင်းတို့ ဖြစ်နိုင်ပါသည်။
၎င်းတို့သည် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် သင့်၏အားသာချက်တွေကို အသုံးချရာတွင်လည်း ကူညီပေးနိုင်ပါသည်။
သိမှုဆိုင်ရာ ပြန်လည်ထူထောင်ရေး တွင် လေ့ကျင့်ထားသော စိတ်ပညာရှင်တစ်ဦးသည် လိုအပ်ချက်များကို ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းပေးနိုင်ပါသည်။ လေ့လာသင်ယူမှုဆိုင်ရာ အထူးကုပညာရှင်များနှင့် ကျောင်းအစီအစဉ်များသည် ကျောင်းတွင် ပံ့ပိုးမှုနှင့် နေသားကျစေရန် ကူညီစီစဉ်ပေးနိုင်သည်။
ကျောင်းအထောက်အပံ့
-
စိတ်ပိုင်းဆိုင်ရာအရ စိန်ခေါ်မှုဖြစ်စေသည့် လှုပ်ရှားမှုများသည် ဦးနှောက်လုပ်ဆောင်ချက်ကို တိုးတက်ကောင်းမွန်စေနိုင်သည်။ ကွန်ပျူတာဖြင့် “ဦးနှောက်ကို လေ့ကျင့်ပေးသည့် ဂိမ်းများ” ကို ရရှိနိုင်ပါသည်။ ကျွမ်းကျင်မှုအသစ်များကို လေ့လာသင်ယူခြင်း၊ ပဟေဠိများ လုပ်ဆောင်ဖြေရှင်းခြင်းနှင့် မှတ်ဉာဏ်အသုံးပြုရသော သို့မဟုတ် ကျိုးကြောင်းဆီလျော်စွာစဥ်းစားရသော ဂိမ်းများကစားခြင်းတို့သည် ဦးနှောက်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်သည်။ ကျွမ်းကျင်မှုများ တိုးတက်လာသည်နှင့် အမျှ အလုပ်များ ပိုမိုခက်ခဲလာသည့် လုပ်ဆောင်မှုတစ်ခုကို ရှာဖွေပါ။
-
သုတေသနများမှ တိုးတက်ကောင်မွန်စေသည့် လူမှုပတ်ဝန်းကျင်များသည် ဦးနှောက်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေကြောင်း ဖော်ပြပါသည်။ လူမှုဆက်ဆံရေး လှုပ်ရှားမှုများသည် ဦးနှောက်၏ ဓာတ်ပစ္စည်းဆိုင်ရာ လက္ခဏာများကို ပြောင်းလဲစေနိုင်ပြီး အာရုံကြောဆဲလ် ကြီးထွားမှုကို တိုးမြှင့်စေပါသည်။
သိမှုဆိုင်ရာပြဿနာရှိသူများအတွက် လူမှုဆက်ဆံရေးပတ်ဝန်းကျင်များသည် ပိုမိုခက်ခဲနိုင်ပါသည်။ လူမှုဆက်ဆံရေးနှင့် ပြောဆိုဆက်ဆံရေးများ တိုးတက်စေရန်အတွက် ကုသမှုများသည် ကူညီပေးနိုင်ပါသည်။ ၎င်းသည် အထူးသဖြင့် ကုသမှု သို့မဟုတ် ဖျားနာမှုကြောင့် ကြာရှည်စွာ သီးခြားနေထိုင်ခဲ့ရသည့် ကလေးများအတွက် မှန်ကန်ပါသည်။
လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် ရင်းနှီးသောဆက်ဆံရေးများ တည်ဆောက်ခြင်းသည် ဦးနှောက်လုပ်ဆောင်ချက်ကို ကူညီကာကွယ်ပေးနိုင်ပါသည်။
-
တက်ကြွစွာ နေထိုင်ခြင်းသည် လေ့လာသင်ယူခြင်းနှင့် မှတ်ဉာဏ်တို့နှင့် ဆက်စပ်နေသော ဦးနှောက်အစိတ်အပိုင်းများရှိ ဦးနှောက်ဆဲလ်များကြီးထွားမှုကို အားပေးပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် စိတ်ဖိစီးမှု၊ စိုးရိမ်သောကနှင့် စိတ်ဓာတ်ကျခြင်းများကို စီမံခန့်ခွဲရာတွင် အထောက်အကူဖြစ်စေနိုင်ပါသည်။ ကိုယ်လက်လှုပ်ရှားမှုသည်လည်း အလုံးစုံကျန်းမာရေးနှင့် ကြံ့ခိုင်မှုတို့ကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။ ကိုယ်လက်လှုပ်ရှားမှုမရှိသည့်ကာလ ကြာရှည်ခြင်းကိုလည်း ကန့်သတ်ရန် အရေးကြီးပါသည်။ ဥပမာအားဖြင့် တီဗီကြည့်ရန် ကြာမြင့်စွာထိုင်ခြင်းသည် လေ့ကျင့်ခန်း၏ အပြုသဘောဆောင်သော အကျိုးကျေးဇူးများကို ကန့်သတ်ထားနိုင်ပါသည်။
ကိုယ်လက်လှုပ်ရှားမှု
-
ကောင်းမွန်သည့် အိပ်စက်ခြင်း အလေ့အကျင့်များသည် အရေးကြီးပါသည်။ ကောင်းမွန်စွာ မအိပ်စက်ရခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းသည် ဦးနှောက်၏လုပ်ဆောင်ချက် ဆိုးရွားခြင်းနှင့် ဆက်စပ်နေပါသည်။ အိပ်ရေးမဝခြင်းသည် နှလုံးကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်ကိုလည်း ထိခိုက်စေနိုင်ပါသည်။
တချို့လူများတွင် အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်းကဲ့သို့သော အိပ်စက်မှုဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ပါသည်။ ပင်ပန်းနွမ်းနယ်ခြင်း၊ ကျယ်လောင်စွာ ဟောက်ခြင်း၊ အိပ်မပျော်ခြင်း သို့မဟုတ် အိပ်ရေးမငြိမ်ခြင်း ကဲ့သို့သော ရောဂါလက္ခဏာများကို မူလကျန်းမာရေး စောင့်ရှောက်မှုပေးသူအား အသိပေးရန် အရေးကြီးပါသည်။
ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်စေမည့် နည်းလမ်းများကို လေ့လာပါ
-
ကောင်းမွန်သည့် အာဟာရသည် အရေးကြီး၍ ဦးနှောက်လုပ်ဆောင်ချက်ကို အထောက်အကူပြုပါသည်။ သစ်သီးဝလံများနှင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ ပေါကြွယ်ဝသည့် မျှတသောအစားအစာသည် ခန္ဓာကိုယ်နှင့် ဦးနှောက်အတွက် အရေးကြီးသော အာဟာရဓာတ်များကို ပံ့ပိုးပေးပါသည်။ ၎င်းသည် ဦးနှောက်ဖွံ့ဖြိုးကြီးထွားမှုနှင့် လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် ရောင်ရမ်းမှုကိုလည်း ကူညီလျှော့ချပေးပါသည်။
ဦးနှောက်ကျန်းမာရေးကို ထိန်းချုပ်ခြင်း
လူနာများနှင့် မိသားစုများသည် ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ရန်အတွက် အဆင့်များဖြင့် လုပ်ဆောင်နိုင်ပါသည်။
- သင်၏ အန္တရာယ်ကို သိရှိပါ။ သိမှုဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ သင့်စောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးပါ။
- သိမှုဆိုင်ရာပြဿနာများ၏ လက္ခဏာများကို စောင့်ကြည့်ပါ။ ပြဿနာများသည် အချိန်မရွေး ဖြစ်ပေါ်နိုင်ပါသည်။ အချို့သောအစောပိုင်းလက္ခဏာများမှာ တွေးခေါ်မှုနှင့် တုံ့ပြန်မှုများ နှေးကွေးခြင်း ဖြစ်ပါသည်။
- ကျန်းမာရေးစစ်ဆေးမှုများကို ပုံမှန် ပြုလုပ်ပါ။ ပုံမှန်အကဲဖြတ်စစ်ဆေးမှုများသည် ပြဿနာများကို စောစီးစွာ သိရှိစေနိုင်ပါသည်။
- အကူအညီတောင်ခံပါ။ စိတ်ပညာရှင်များနှင့် ပညာရေးအထူးပြုပညာရှင်များသည် သိမှုဆိုင်ရာ နောင်တွင် ဖြစ်ပေါ်မည့် ဆိုးကျိုးများကို ဖြေရှင်းနိုင်သည့် နည်းဗျူဟာများကို အကြံပြုပေးနိုင်ပါသည်။ အလုပ်အကိုင်နှင့် ဘဝစွမ်းရည်ဆိုင်ရာ လေ့ကျင့်မှုသင်တန်းများသည် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ အိမ်ထောင်ရေးနှင့် မိသားစုဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်းသည် ပြောဆိုဆက်ဆံမှုဆိုင်ရာ စိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးနိုင်ပါသည်။
- ကျန်းမာရေးအတွက် ကောင်းမွန်သည့် အလေ့အကျင့်များကို ကျင့်သုံးပါ။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကောင်းမွန်သည့် အလေ့အကျင့်များစွာသည် ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်ပါသည်။ တက်ကြွစွာနေထိုင်ပါ၊ အိပ်ရေးဝဝအိပ်စက်ပါ၊ တစ်ဦးနှင့် တစ်ဦး ဆက်သွယ်မှုရှိစွာ နေထိုင်ပါ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ၊ နှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကို စားသုံးပါ။
သိမှုဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ မေးမြန်းရမည့် မေးခွန်းများ
- ကျွန်ုပ်သည် သိမှုဆိုင်ရာ အကျိုးသက်ရောက်မှုများ ဖြစ်နိုင်ခြေ ရှိပါသလား။
- ကျွန်ုပ်တွင် ရောဂါလက္ခဏာများရှိပါက မည်သူ့ကို ခေါ်ဆိုရမည်နည်း။
- ကျွန်ုပ်၏ ကင်ဆာရောဂါနှင့် ကုသမှု၏ရလဒ်အနေဖြင့် မည်သည့် ရေရှည်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို မျှော်လင့်ထားနိုင်သနည်း။
- ကျွန်ုပ်သည် ကျန်းမာစွာနေထိုင်နိုင်ရန် မည်သည်တို့ပြုလုပ်နိုင်သနည်း။
- ကျွန်ုပ်သည် နောက်ဆက်တွဲ စောင့်ရှောက်မှုအတွက် မည်သည့်ဝန်ဆောင်မှုပေးသူများနှင့် ဆက်လက်ပြသသင့်ပါသလဲ။
- ကျွန်ုပ်၏ကုသမှုနှင့် ပတ်သက်၍ မည်သည့်ဆေးမှတ်တမ်းများကို သိမ်းဆည်းထားရန် လိုအပ်ပါသနည်း။
သိမှုဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်သည့် အဓိကအချက်များ
- ကလေးဘဝကင်ဆာအတွက် ကုသမှုအချို့သည် သိမှုဆိုင်ရာ အကျိုးသက်ရောက်မှုများ သို့မဟုတ် သင်၏ တွေးခေါ်ပုံ၊ သင်ယူပုံ၊ စီစဉ်ပုံနှင့် ပြဿနာဖြေရှင်းခြင်းတို့တွင် ပြဿနာများ ဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။
- သိမှုဆိုင်ရာ အကျိုးသက်ရောက်မှုများအတွက် ဖြစ်နိုင်ခြေမြင့်တက်စေသည့် အချက်များတွင် ဦးခေါင်းနှင့် ကျောရိုးသို့ ဓာတ်ရောင်ခြည်ကုသမှု၊ အချို့သော ဆေးဝါးများနှင့် ဦးနှောက်ခွဲစိတ်မှုတို့ ပါဝင်ပါသည်။
- ကုသမှုများတွင် ဆေးဝါးများ၊ သိမှု-အပြုအမူဆိုင်ရာ ကုထုံး၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ၊ လူမှုပြောဆိုဆက်ဆံရေးနှင့် ကျန်းမာနှင့် ညီညွတ်သည့် အလေ့အထများ ပါဝင်ပါသည်။
- သိမှုဆိုင်ရာ အကျိုးသက်ရောက်မှုများသည် အမြဲတမ်း ဖြစ်နိုင်ပါသည် သို့မဟုတ် အမြဲတမ်း မဖြစ်နိုင်ပါ။ ၎င်းတို့သည် မပြင်းထန်သည်မှ ပြင်းထန်သည်အထိ ဖြစ်နိုင်ပါသည်။
- သိမှုဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် သင့်အားကူညီပေးနိုင်သည့် အရင်းအမြစ်များ ရှိပါသည်။
နောက်ထပ် သတင်းအချက်အလက်များအတွက်
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ 2023 ခုနှစ်
-
ကင်ဆာကုသမှု၏ ရေရှည်နှင့် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ
ကင်ဆာရောဂါပျောက်ကင်းသွားစေသည့် ကုထုံးများသည်လည်း ရေရှည်နှင့် နောင်တွင်ဖြစ်ပေါ်မည့် အချို့သောဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။ မည်သည့်ကုထုံးများသည် နောင်တွင်ဖြစ်ပေါ်မည့် အချို့သောဆိုးကျိုးများနှင့် ဆက်နွယ်နေကြောင်းကို လေ့လာကြည့်ပါ။
-
ဦးနှောက်နှင့် ကျောရိုးမကြီး အကျိတ်များ
ဦးနှောက်နှင့် ကျောရိုးမကြီး အကျိတ်များသည် ကင်ဆာမဟုတ်သော (benign) သို့မဟုတ် ကင်ဆာဖြစ်သော (malignant) အကျိတ်များ ဖြစ်နိုင်သည်။ ကလေးများနှင့် ဆယ်ကျော်သက်များတွင်ဖြစ်တဲ့ ဦးနှောက် အကျိတ် ရောဂါလက္ခဏာများ၊ စမ်းသပ်စစ်ဆေးမှုများနှင့် ကုသမှုအကြောင်း နောက်ထပ် လေ့လာပါ။
-
မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ (ALL)
မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ (ALL) သည် ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်သည့် သွေးနှင့်ရိုးတွင်းခြင်ဆီ ကင်ဆာအမျိုးအစား ဖြစ်သည်။