အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာရှင်တစ်ဦးကို အိမ်၌ ပြုစုစောင့်ရှောက်ခြင်း

တုပ်ကွေး နှင့် ကိုဗစ်-19 ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများသည် များသောအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါသည်။ ဤကူးစက်ရောဂါများသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပျံ့နှံ့နိုင်ပါသည်။ ရောဂါလက္ခဏာများသည် အပျော့စားမှသည် ပြင်းထန်သောအဆင့်အထိ ဖြစ်ပွားနိုင်ပါသည်။ ဖြစ်ပွားမှု အများစုတွင်၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါရှိသူတစ်ဦးကို အိမ်၌ပင် ပြုစုစောင့်ရှောက်နိုင်ပါသည်။

အောက်ပါတို့အား လုပ်ဆောင်ရန် အရေးကြီးပါသည်-

  • သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ ညွှန်ကြားချက်များနှင့်အညီ ရောဂါလက္ခဏာများကို ကုသရန်
  • ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသည့် လက္ခဏာများကို စောင့်ကြည့်ရန်
  • အခြားသူများထံ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန်

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာရှင်တစ်ဦးကို ပြုစုစောင့်ရှောက်နည်း

  • မည်သည့်ရောဂါလက္ခဏာများ ဖြစ်ပွားနိုင်သည်ကို သိရှိထားပါ။ ကိုဗစ်-19 သို့မဟုတ် တုပ်ကွေးကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
    • ဖျားခြင်း
    • ချောင်းဆိုးခြင်း
    • နှာရည်ယိုခြင်း
    • လည်ချောင်းနာခြင်း
    • အသက်ရှူမဝခြင်း
    • နုံးခွေခြင်း
    • ခေါင်းကိုက်ခြင်း
    • ကိုယ်လက်ကိုက်ခဲခြင်း
    • ပျို့အန်ချင်စိတ်ဖြစ်ခြင်း
    • ဝမ်းလျှောခြင်း
    • အနံ့နှင့်/ သို့မဟုတ် အရသာ ခံစားနိုင်စွမ်း လျော့နည်းခြင်း
  • လူနာအနေဖြင့် အရည်များများသောက်ရန်နှင့် ရေဓာတ်ပြည့်ဝနေစေရန် သေချာစွာ ဂရုစိုက်ပါ။
  • လူနာကို အနားယူခိုင်းပါ။
  • မိမိ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူက လမ်းညွှန်ထားသည့်အတိုင်း ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သော ဆေးဝါးများကို အသုံးပြု၍ ရောဂါလက္ခဏာများကို ကုသပါ။
  • အရေးပေါ်အခြေအနေ ပြလာသည့် လက္ခဏာများကို စောင့်ကြည့်ပါ -
    • အသက်ရှူရခက်ခြင်း
    • မရပ်မနား ရင်ဘတ် အောင့်ခြင်း သို့မဟုတ် နာခြင်း
    • စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် လေးလံထိုင်းမှိုင်းခြင်း
    • နှုတ်ခမ်း သို့မဟုတ် မျက်နှာ ပြာနှမ်းခြင်း

သင့်ကို စိုးရိမ်ပူပန်စေသော ရောဂါလက္ခဏာများနှင့် ပတ်သက်၍ သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးပါ။ အထက်ဖော်ပြပါ စာရင်းတွင် ပိုမိုအတွေ့ရများသော သတိပေးလက္ခဏာအချို့ ပါဝင်ပါသည်။ အခြားသော လက္ခဏာများလည်း ရှိကောင်းရှိနိုင်ပါသည်။ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်ပွားပါက၊ အရေးပေါ်ဖုန်းနံပါတ် 911 သို့ ခေါ်ဆိုပါ။

အခြားသူများထံသို့ ပိုးမွှားများ ကူးစက်ပျံ့နှံ့ခြင်းကို ကာကွယ်ခြင်း

အခြားသူများထံ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကို လျှော့ချရန်အတွက် လူနာကို အခြားလူများနှင့် သီးခြားခွဲထားပါ။

  • လူနာကို သီးခြားအခန်းတွင် နေခိုင်းပြီး အခြားမိသားစုဝင်များနှင့် ဖြစ်နိုင်သမျှ ဝေးဝေးနေခိုင်းပါ။
  • လူနာသည် အခြားလူများအနီးအနားတွင်ရှိနေစဉ် နှာခေါင်းစည်းကို ဝတ်ဆင်ထားပါစေ။ အသက် 2 နှစ်အောက် ကလေးငယ်များကို နှာခေါင်းစည်း မတပ်ပေးပါနှင့်။
  • လူနာကို ပြုစုစောင့်ရှောက်မည့် မိသားစုဝင် အရေအတွက်ကို ကန့်သတ်ပါ၊ ထို့အပြင် ထိတွေ့မှုကိုလည်း ဖြစ်နိုင်သမျှ နည်းအောင် ကန့်သတ်ပါ။
  • ပြုစုစောင့်ရှောက်သူ မိသားစုဝင်သည် ပြုစုခြင်းလုပ်ငန်းစဉ်များနှင့် ထိတွေ့ပြောဆိုမှု အားလုံးတွင် နှာခေါင်းစည်းကို ဝတ်ဆင်ထားသင့်သည်။ မိသားစုဝင်နှင့် လူနာ နှစ်ဦးစလုံး နှာခေါင်းစည်းဝတ်ဆင်ထားခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။
  • လူနာ၏အခန်းတံခါးကို ပိတ်ထားပါ။
  • ဖြစ်နိုင်လျှင်၊ သန့်စင်ခန်းကို လူနာသီးသန့် အသုံးပြုနိုင်အောင် စီစဉ်ပေးပါ။
  • အများသုံး ဧည့်ခန်း၊ မီးဖိုချောင် သို့မဟုတ် စားသောက်သည့်နေရာများကို လူနာ အသုံးမပြုပါစေနှင့်။ လူနာသည် အများသုံးနေရာများကို အသုံးပြုရတော့မည်ဆိုလျှင်၊ မိသားစုဝင်များအားလုံးသည် နှာခေါင်းစည်း တပ်ဆင်ထားသင့်သည်။
  • မိမိအိမ်တွင် ဧည့်သည်များ လာရောက်ခွင့် မပြုပါနှင့်။

အိမ်သုံးပစ္စည်းများနှင့် မျက်နှာပြင်များ၊ အထူးသဖြင့် လူနာအသုံးပြုထားသော ပစ္စည်းများကို သန့်ရှင်းရေးလုပ်ပါ။

  • ပိုးမွှားများကို သတ်ရန် ပိုးသတ်ဆေးရည်ကို အသုံးပြုပါ။ လက်နှင့် အများဆုံးထိတွေ့လေ့ရှိသော မျက်နှာပြင်များကို အထူးဂရုပြု သန့်စင်ပါ-
    • ဖုန်းများ
    • ရီမုများ
    • တံခါးလက်ကိုင်များ
  • လူနာနှင့်အတူ ကိုယ်ရေးကိုယ်တာသုံးပစ္စည်းများ သို့မဟုတ် လျှပ်စစ်ပစ္စည်းများကို မျှဝေသုံးစွဲခြင်း မပြုပါနှင့်။
  • လူနာထံသို့ အစားအသောက်နှင့် အချိုရည်များကို လာရောက်ပို့ဆောင်ပေးပါ။ လူနာသည် အများသုံး အစားအစာထည့်သည့် ဗူးခွက်များ သို့မဟုတ် မီးဖိုချောင်သုံး ပစ္စည်းများကို မထိမိစေရန် သေချာပါစေ။
  • ပန်းကန်များကို ရေနွေးဖြင့် ဆေးကြောပါ သို့မဟုတ် ပန်းကန်ဆေးစက်ဖြင့် ဆေးကြောပါ။
  • အဝတ်အစားများကို ထောက်ခံအကြံပြုထားသည့် အပူဆုံးအပူချိန်တွင် ပြောင်စင်အောင် လျှော်ဖွပ်ပြီး လုံးဝခြောက်သွေ့သည်အထိ အခြောက်ခံပါ။
  • လူနာ၏နေရာများနှင့် လူနာအသုံးပြုထားသော ပစ္စည်းများကို သန့်ရှင်းရေးပြုလုပ်သောအခါ အထူးဂရုစိုက်ပါ၊
    • တစ်ရှူးများ သို့မဟုတ် ဒိုက်ပါများအပါအဝင် လူနာ၏ခန္ဓာကိုယ်အရည်များကို ကိုင်တွယ်သည့်အချိန်တိုင်း တစ်ခါသုံး နှာခေါင်းစည်းနှင့် လက်အိတ်များကို ဝတ်ဆင်ပါ။
    • လူနာ၏ ခန္ဓာကိုယ်အရည်များနှင့်ထိတွေ့ပြီးသော အဝတ်အစားများနှင့် အိပ်ရာခင်းများကို ချက်ချင်း ဆေးကြောလျှော်ဖွပ်ပါ။
    • ညစ်ပေနေသော အဝတ်အထည်များကို မိမိခန္ဓာကိုယ်နှင့်ဝေးရာတွင် ထားပါ။ လက်အိတ်များကိုချွတ်ပြီးသည်နှင့် တစ်ပြိုင်နက် လက်များကို ရေနှင့် ဆပ်ပြာဖြင့် စက္ကန့် 20 ကြာအောင် ဆေးကြောပါ။ အဝတ်အထည်ပေါ်ရှိ တံဆိပ်ပါ လမ်းညွှန်ချက်များကို လိုက်နာပါ။ အဝတ်လျှော်ရန် လမ်းညွှန်ထားသည့် အပူဆုံး အပူချိန်ကို အသုံးပြုပါ။
    • မျက်နှာသုတ်ပဝါများနှင့် စောင်များကို မျှဝေမသုံးစွဲပါနှင့်။
  • လူနာအသုံးပြုရန်အတွက် အိတ်စွတ်အမှိုက်ပုံးတစ်ခုကို ထားပေးပါ။ တစ်ခါသုံး လက်အိတ်များနှင့် နှာခေါင်းစည်းများကို အိတ်စွတ်ထားသော အမှိုက်ပုံးထဲသို့ ပစ်ပါ။ အသုံးပြုပြီးသော တစ်ရှူးများကို အမှိုက်ပုံးထဲသို့ တိုက်ရိုက်စွန့်ပစ်ပါ။
  • အမှိုက်ပစ်သောအခါနှင့် အိတ်စွတ်ကိုလဲလှယ်သောအခါတွင်  လက်အိတ်များကို အမြဲ ဝတ်ဆင်ပါ။ လက်အိတ်များကို ချွတ်ပြီးနောက် လက်များကို ချက်ချင်း ဆေးကြောပါ။
  • တစ်ခါသုံး လက်အိတ်များမရှိလျှင်၊ သန့်ရှင်းသော မီးဖိုချောင်သုံးလက်အိတ်များ သို့မဟုတ် မိမိခန္ဓာကိုယ်နှင့် လူနာအသုံးပြုသည့်ပစ္စည်းများကြားတွင် အတားအဆီးပြုလုပ်ပေးနိုင်မည့် သန့်ရှင်းသောပစ္စည်းတစ်ခုခုကို အသုံးပြုပါ။
အဝတ်အထည်များကို ကိုင်တွယ်နေစဉ် နှာခေါင်းစည်းနှင့် လက်အိတ်ကို ဝတ်ဆင်ထားသော လူကြီးအမျိုးသားတစ်ဦး၏ သရုပ်ဖော်ပုံ

အထူးသဖြင့် လူနာ၏ပစ္စည်းများပေါ်တွင် ခန္ဓာကိုယ်မှထွက်သော အရည်များ ပေကျံနေနိုင်သည့်အခါမျိုးတွင် ၎င်းတို့ကို ကိုင်တွယ်ရာ၌ ဂရုစိုက်ပါ။

အိမ်တွင်း ပြုစုစောင့်ရှောက်ရေးအတွက် အသုံးအဆောင်စာရင်း

  • အပူချိန်တိုင်း ကိရိယာ
  • ဝယ်ရလွယ်ကူသော အဖျားကျဆေး
  • တစ်ရှူးများ
  • လက်သန့်ဆေးရည်
  • နှာခေါင်းစည်းများ
  • တစ်ခါသုံးလက်အိတ်များ
  • လက်ဆေးဆပ်ပြာ
  • တစ်ခါသုံး စက္ကူသုတ်ပဝါများ
  • အမှိုက်အိတ်စွပ်ထားသော အမှိုက်ပုံး
  • ပုံမှန်သုံး ပန်းကန်ဆေးဆပ်ပြာ
  • ပုံမှန်သုံး အဝတ်လျှော်ဆပ်ပြာ
  • အိမ်သုံး သန့်စင်ဆေးရည်နှင့် ပိုးသတ်ဆေး
 
တုပ်ကွေးရောဂါကို တားဆီးနိုင်မည့် နည်းလမ်း 7 သွယ်မှာ ကာကွယ်ဆေးကို တတ်နိုင်သမျှ အမြန်ဆုံးထိုးနှံပါ၊ ဖျားနာနေသူများနှင့် အနီးကပ်ထိတွေ့မှုကို ရှောင်ကြဉ်ပါ၊ မိမိဖျားနာနေချိန်တွင် အိမ်၌သာနေပါ၊ ချောင်းဆိုး သို့မဟုတ် နှာချေသည့်အခါ ပါးစပ်ကို ဖုံးအုပ်ပါ၊ လက်ကို မကြာခဏ ဆေးကြောပါ၊ မျက်နှာကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ၊ နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အထကောင်းများကို နေ့စဉ် လေ့ကျင့်လုပ်ဆောင်ပါ။

မိမိကိုယ်တိုင်နှင့် အခြားသူများကို တုပ်ကွေးရောဂါမှ ကာကွယ်ရန်နှင့် ပိုးမွှားများ ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် ဤလုပ်ဆောင်ချက်များကို လုပ်ဆောင်ပါ။

အိမ်တွင်းနှင့် အိမ်ပြင်၌ ကူးစက်ပျံ့နှံ့ခြင်းမှကာကွယ်ရန် ဖော်ပြပါအဆင့်များကို မိသားစုအားလုံး လိုက်နာပါ။

  •  ပါးစပ်နှင့် နှာခေါင်းကိုဖုံးအုပ်ပေးသော နှာခေါင်းစည်းကို ဝတ်ဆင်ပါ။
  • အခြားသူများနှင့် အကွာအဝေးတစ်ခုကို ထားရှိရန် ကြိုးစားပါ။
  • လက်များကို အနည်းဆုံး စက္ကန့် 20 ကြာအောင် ဆပ်ပြာနှင့် ရေဖြင့် ဆေးကြောပါ။ သို့မဟုတ် အရက်ပြန် 60% အနည်းဆုံး ပါဝင်သော လက်သန့်ဆေးရည်ကို အသုံးပြုပါ။
  • သင့်မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်တို့အား ထိကိုင်ခြင်းကို ရှောင်ကြဉ်ပါ။
  • အိမ်ရှိ အများသုံးအခန်းများတွင် လေဝင်လေထွက်ကောင်းစေရန် လုပ်ဆောင်ပါ။
  • ကိုဗစ်-19 ကူးစက်ခံရသည့် အခြေအနေတွင် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) မှ ထုတ်ပြန်ထားသော ကွာရန်တင်းဝင်ခြင်းနှင့်သီးသန့်ခွဲနေထိုင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ ကို စစ်ဆေးပါ။ လမ်းညွှန်ချက်များသည် သင့်အခြေအနေနှင့် ကာကွယ်ဆေးထိုးနှံထားမှု အခြေအနေအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။

အကယ်၍ သင့်ကလေးတွင် ကိုယ်ခံအားစနစ် အားနည်းခြင်း သို့မဟုတ် အခြားသော ကျန်းမာရေးအခြေအနေများ ရှိနေပါက၊ အနီးကပ်စောင့်ကြည့်ရန် အထူးပင် အရေးကြီးပါသည်။ သင့်ကလေးသည် ဖျားနာနေသူတစ်ဦးနှင့် ထိတွေ့မှုရှိခဲ့နိုင်ကြောင်း မိမိ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ဆက်သွယ်အကြောင်းကြားပါ၊ အထူးသဖြင့် သင့်ကလေးထံတွင် ရောဂါလက္ခဏာများ ပြသလာပါက ပို၍အကြောင်းကြားရန် လိုအပ်ပါသည်။   

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာရှင်တစ်ဦးကို အိမ်၌ ပြုစုစောင့်ရှောက်ခြင်းအကြောင်း သိကောင်းစရာ အဓိကအချက်များ

  • တုပ်ကွေးနှင့် ကိုဗစ်-19 တို့သည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သော အတွေ့ရများသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ကြသည်။
  • တစ်ဦးတစ်ယောက်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်ပွားသောအခါ၊ ၎င်းတို့ကို များသောအားဖြင့် အိမ်၌ပင် ပြုစုစောင့်ရှောက်နိုင်ပါသည်။
  • တုပ်ကွေး သို့မဟုတ် ကိုဗစ်-19 ကူးစက်ခံရသူ အများစုသည် အပျော့စား သို့မဟုတ် အသင့်အတင့်ရှိသော ရောဂါလက္ခဏာများကိုသာ ခံစားရတတ်ပါသည်။ သို့သော် အချို့သောသူများသည် အပြင်းအထန် ဖျားနာနိုင်ပါသည်။ မည်သည့်ရောဂါလက္ခဏာများအား စောင့်ကြည့်ရမည်ကို သိရှိထားရန်နှင့် သင့်ကို စိုးရိမ်ပူပန်စေသော လက္ခဏာများနှင့် ပတ်သက်၍ သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ဆက်သွယ်ရန် အရေးကြီးပါသည်။
  • လူနာအား ပြုစုစောင့်ရှောက်မှုပေးစဉ်တွင် လူနာကို အခြားသူများနှင့် သီးခြားခွဲထားပါ၊ နှာခေါင်းစည်းကို ဝတ်ဆင်ပါ၊ နှင့် မိမိ၏လက်ကို မကြာခဏ ဆေးကြောပါ။
  • အိမ်တွင်းရှိ မျက်နှာပြင်များကို ပိုးသတ်ဆေးရည်ဖြင့် သန့်စင်ရန်နှင့် ကိုယ်ရေးကိုယ်တာသုံး ပစ္စည်းများကိုလည်း အတူမျှဝေသုံးစွဲခြင်း မပြုပါနှင့်။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇန်နဝါရီ 2024

ဆက်စပ်အကြောင်းအရာများ