တုပ်ကွေးဆိုသည်မှာ အဘယ်နည်း။
တုပ်ကွေးရောဂါ သို့မဟုတ် တုပ်ကွေးဆိုသည်မှာ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပွားသော အဖြစ်များသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပါသည်။ တုပ်ကွေးသည် အဆုတ်၊ နှာခေါင်းနှင့် လည်ချောင်းတို့တွင် ရောဂါပိုးကူးစက်ဝင်ရောက်ခြင်း ဖြစ်ပါသည်။ တုပ်ကွေးရောဂါလက္ခဏာများမှာ အပျော့စားမှ ပြင်းထန်သည်အထိ ဖြစ်နိုင်ပါသည်။ အချို့အခြေအနေများတွင် တုပ်ကွေးသည် အသက်အန္တရာယ်ပင် ရှိနိုင်ပါသည်။
တုပ်ကွေးသည် လူတစ်ဦးမှ တစ်ဦးသို့ အောက်ပါအတိုင်း အလွယ်တကူ ကူးစက်နိုင်ပါသည်-
- တစ်စုံတစ်ယောက်မှ ချောင်းဆိုး သို့မဟုတ် နှာချေသည့်အခါတွင် လေထဲသို့ ပျံ့နှံ့သွားသည့် အမှုန်လေးများမှတစ်ဆင့်
- ဗိုင်းရပ်စ်ပိုးရှိသည့် မျက်နှာပြင်များကို ထိတွေ့မိခြင်းဖြင့်
သင်သည် မိမိကိုယ်ကို ဖျားနာနေကြောင်း မသိခင်မှာပဲ တုပ်ကွေးဗိုင်းရပ်စ်ပိုးကို ပျံ့နှံ့စေနိုင်ပါသည်။ သင်သည် ဖျားနာပြီးနောက် 7 ရက် သို့မဟုတ် ယင်းထက်ပိုကြာတဲ့အချိန်အထိ သူတစ်ပါးကို ရောဂါပိုးကူးစက်စေနိုင်ပါသည်။
တုပ်ကွေးရောဂါကို မည်သို့ကာကွယ်ရမည်နည်း
တုပ်ကွေးရောဂါကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးရန် ဖြစ်ပါသည်။
တုပ်ကွေးရောဂါပျံ့နှံ့မှုကို ကူညီရပ်တန့်ရန် အခြားနည်းလမ်းများတွင် အောက်ပါတို့ ပါဝင်ပါသည်-
- လက်များကို မကြာခဏ ဆေးကြောပါ
- ချောင်းဆိုးခြင်းနှင့် နှာချေလျှင် ကာထားပါ
- ဖျားနာနေသူများနှင့် ဝေးဝေးနေပါ
- နှာခေါင်းစည်း ဝတ်ဆင်ပါ
တုပ်ကွေးကာကွယ်ဆေးများအကြောင်း နောက်ထပ်အချက်အလက်များကို ရှာဖွေပါ
တုပ်ကွေးရောဂါ၏ ရောဂါလက္ခဏာများ
တုပ်ကွေးရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်-
- ဖျားခြင်း
- ချမ်းတုန်ခြင်း
- ချောင်းဆိုးခြင်း
- လည်ချောင်းနာခြင်း
- နှာရည်ယိုခြင်း
- ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း
- ခေါင်းကိုက်ခြင်း
- နုံးခွေခြင်း
ပြင်းထန်သည့် အခြေအနေများတွင် တုပ်ကွေးရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ အဆုတ်ရောင်ရောဂါကဲ့သို့သော ပိုမိုပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများသို့မဟုတ် အခြားအသက်အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်ပါသည်။
တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များ
တချို့လူများသည် တုပ်ကွေးရောဂါကြောင့် ပြင်းထန်သည့်ဖျားနာမှုဖြစ်နိုင်ခြေ ပိုများပါသည်။ ၎င်းတွင် အောက်ပါတို့ပါဝင်သည်-
- အသက် 5 နှစ်အောက် ကလေးများ
- အသက် 65 နှစ်အထက် လူကြီးများ
- ကိုယ်ဝန်ဆောင်အမျိုးသမီးများ
- နာတာရှည်ရောဂါရှိသူများ
- အဝလွန်သူများ
- ကိုယ်ခံအားစနစ် အားနည်းသူများ
ကိုယ်ခံအားစနစ် အားနည်းနေသူများအတွက် အနီးကပ်စောင့်ကြည့်ခြင်းမှာ အရေးကြီးပါသည်။ သို့သော်လည်း ကျန်းမာသည့် ကလေးများတောင် တုပ်ကွေးရောဂါဖြစ်လျှင် အတော်အသင့် နေမကောင်းခြင်း ဖြစ်နိုင်ပါသည်။ သင့်အား စိုးရိမ်စေသော ရောဂါလက္ခဏာများနှင့် ပတ်သက်၍ သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးပါ။
တုပ်ကွေးရောဂါရှိ၊ မရှိကို မည်သို့စစ်ဆေးရမည်နည်း
ဓာတ်ခွဲခန်းစစ်ဆေးမှုတစ်ခုဖြင့် တုပ်ကွေးရောဂါကို ရောဂါခွဲခြားဖော်ထုတ်နိုင်ပါသည်။ ၎င်းကို အများအားဖြင့် ဆေးခန်းတွင် သို့မဟုတ် ဆရာဝန်နှင့် ပြသသည့်အခါတွင် ပြုလုပ်လေ့ရှိပါသည်။ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် နမူနာရယူရန်အတွက် နှာခေါင်း သို့မဟုတ် လည်ချောင်းအနောက်ဘက်မှ တို့ဖတ်နမူနာ ယူပါလိမ့်မည်။ ထို့နောက် တုပ်ကွေးဗိုင်းရပ်စ်ပိုး ရှိ၊ မရှိကို ကြည့်ရှုရန် နမူနာကို စစ်ဆေးပါသည်။ ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးများတွင် အဖြစ်အများဆုံးအမျိုးအစားများမှာ တုပ်ကွေးဗိုင်းရပ်စ်ပိုး A (influenza A) နှင့် တုပ်ကွေးဗိုင်းရပ်စ်ပိုး B (influenza B) တို့ ဖြစ်ပါသည်။
တုပ်ကွေးရောဂါကို မည်သို့ကုသရမည်နည်း
သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် တုပ်ကွေးရောဂါကိုကုသရန် ဗိုင်းရပ်စ်ပိုးသတ်ဆေးကို ညွှန်းဆိုပေးနိုင်ပါသည်။ ဤဆေးဝါးသည် တုပ်ကွေးဗိုင်းရပ်စ်ပိုး မျိုးပွားခြင်းကို တားဆီးပေးပါသည်။
တုပ်ကွေးဗိုင်းရပ်စ်ပိုးသတ်ဆေးများသည် ဖျားနာပြီး 2 ရက်အတွင်း သောက်သုံးပါက အကောင်းဆုံးဆေးအာနိသင်ကို ရရှိပါသည်။ ၎င်းသည် ရောဂါလက္ခဏာများပြင်းထန်မှုကို လျှော့ချပေးနိုင်ပြီး ရောဂါလက္ခဏာများ ကြာမြင့်သည့်အချိန်ကိုလည်း တိုတောင်းစေနိုင်ပါသည်။
တုပ်ကွေးဗိုင်းရပ်စ်ပိုးသတ်ဆေးများကို ဆေးပြား၊ ဆေးရည်၊ ရှူသွင်းနိုင်သည့် ဆေးမှုန့် သို့မဟုတ် သွေးကြောထဲသို့ ထိုးဆေး (IV) ပုံစံများဖြင့် ရရှိနိုင်ပါသည်။ ၎င်းတို့ကို သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ ဆေးစာဖြင့်သာ ရရှိနိုင်ပါသည်။ ဤဆေးဝါးများသည် တုပ်ကွေးဗိုင်းရပ်စ်ပိုးအတွက်သာ အကျိုးသက်ရောက်မှုရှိပြီး အခြားကူးစက်ရောဂါအမျိုးအစားများကို ကုသရန်အတွက် အသုံးမပြုသင့်ပါ။
သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် တုပ်ကွေးရောဂါလက္ခဏာများကို ကုသရန် ဆေးစာမလိုဘဲ ဝယ်ယူနိုင်သည့် (OTC) ဆေးဝါးများကို ညွှန်းဆိုပေးနိုင်ပါသည်။ မည်သည့် OTC ဆေးဝါးများသည် အသုံးပြုရန်အတွက် ဘေးကင်းကြောင်းကို သင်၏ဝန်ဆောင်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးပါ။
တုပ်ကွေးရောဂါကို အိမ်တွင် ပြုစုစောင့်ရှောက်ခြင်း
တုပ်ကွေးရောဂါလက္ခဏာများကို ကုသရာတွင် အထောက်အကူဖြစ်စေရန်-
- အရည်များများသောက်ပါ
- အနားယူပါ
- သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ အကြံပြုထားသည့် ဆေးဆိုင်တွင် ဆေးစာမလိုဘဲ ဝယ်ယူနိုင်သည့် ဆေးဝါးများကို အသုံးပြု၍ ရောဂါလက္ခဏာများကို ကုသပါ
- ညွှန်ကြားထားသည့်အတိုင်း တုပ်ကွေးဗိုင်းရပ်စ်ပိုးသတ်ဆေးများကို သောက်ပါ
- ရောဂါလက္ခဏာများ ပိုမိုဆိုးဝါးလာခြင်း သို့မဟုတ် နားပိုးဝင်ခြင်းကဲ့သို့သော ကျန်းမာရေးဆိုင်ရာ ပြဿနာများရှိ၊ မရှိကို စောင့်ကြည့်ပါ။
- ရေဓာတ်ခန်းခြောက်ခြင်း၊ တက်ခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကဲ့သို့သော အရေးပေါ် သတိပေးလက္ခဏာများကို စောင့်ကြည့်စစ်ဆေးပါ။
ရောဂါလက္ခဏာများ ပိုဆိုးလာပါက သို့မဟုတ် မသက်သာပါက ဆေးကုသမှုခံယူပါ။
စောင့်ရှောက်မှု အဖွဲ့ကို ဆက်သွယ်ရမည့် အချိန်
လူအများစုတွင် အပျော့စား သို့မဟုတ် အလယ်အလတ် တုပ်ကွေးရောဂါလက္ခဏာများ ရှိကြပါသည်။ သို့သော်လည်း တချို့လူများသည် ဖျားနာမှုပြင်းထန်နိုင်ပါသည်။ အောက်ပါတို့ကဲ့သို့သော အရေးပေါ်သတိပေးလက္ခဏာများကို သတိပြုပါ-
- 104°F (40°C) အထက် ဖျာနာခြင်း
- အသက်ရှူရခက်ခဲခြင်း
- ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ဖိအားများခြင်း
- ပြင်းထန်သော ကြွက်သားနာကျင်မှု
- စိတ်ရှုပ်ထွေးခြင်း
- အသိသတိနည်းပါးလာခြင်း
- နှုတ်ခမ်း သို့မဟုတ် မျက်နှာ ပြာနှမ်းလာခြင်း
- ရုတ်တရက် တက်ခြင်းများ
- ရေဓာတ်ခန်းခြောက်ခြင်း (ဆီးမသွားခြင်း၊ မျက်ရည်မရှိခြင်း)
- သက်သာပျောက်ကင်းခြင်းမရှိသော ဖျားနာခြင်း သို့မဟုတ် ချောင်းဆိုးခြင်း
- ပိုဆိုးလာသည့် နာတာရှည်ရောဂါများ
ဤစာရင်းတွင် အဖြစ်များသည့် သတိပေးလက္ခဏာများ ပါဝင်သော်လည်း အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အရေးပေါ်အခြေအနေတွင် အရေးပေါ်အခန်းသို့ သွားပါ သို့မဟုတ် 911 သို့ ဖုန်းခေါ်ဆိုပါ။
တုပ်ကွေးရောဂါနှင့် ပတ်သက်၍ သင့်စောင့်ရှောက်မှုအဖွဲ့ကို မေးမြန်းရမည့် မေးခွန်းများ