အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


သွေးပုံမှန်မဖြစ်သည့် ရောဂါများအကြောင်း

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) ဆိုသည်မှာ ဘာလဲ။

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) သည် သွေး၏ အစိတ်အပိုင်းတစ်ခု သို့မဟုတ် တစ်ခုထက် ပိုသော အစိတ်အပိုင်းများကို ကောင်းစွာ အလုပ်မလုပ်စေသော ကျန်းမာရေး အခြေအနေများ ဖြစ်သည်။ အချို့သော သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) သည် အပျော့စားဖြစ်သည်။ အခြား‌ရောဂါတို့မှာ အသက်အန္တရာယ် ရှိနိုင်သည်။ သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) ၏ ရောဂါလက္ခဏာများသည် ထိခိုက်နေသော သွေးအစိတ်အပိုင်းနှင့် အခြေအနေ ပြင်းထန်မှုအပေါ် မူတည်သည်။ သင့်ကလေး၏ ကုသမှုသည် သူ၏ သီးသန့် ရောဂါအခြေအနေပေါ် မူတည်မည်ဖြစ်သည်။ 

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) အမျိုးအစားများအကြောင်း အချက်အလက်များကို လေ့လာနိုင်ပါသည်။

သွေး၏ အစိတ်အပိုင်းများ

သွေး၏ အစိတ်အပိုင်းများကို ပြသထားသော ဆေးပညာ ရုပ်ပုံ

သွေးကို အစိတ်အပိုင်း ‌‌လေးမျိုးဖြင့် ဖွဲ့စည်းထားသည်- သွေးနီဥများ၊ သွေးဥမွှားများ၊ သွေးဖြူဥများနှင့် ‌သွေးတွင်းအရည် (plasma) တို့ ဖြစ်သည်။

သွေးကို အစိတ်အပိုင်းများစွာဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်-

  • သွေးနီဥများ သည် အောက်ဆီဂျင်ကို သယ်ဆောင်ပေးသည်။ သွေးနီဥများတွင် ဟီမိုဂလိုဘင်ဟု ခေါ်သော သံဓာတ်ကြွယ်ဝသည့် ပရိုတင်းတစ်မျိုး ပါဝင်သည်။ ဟီမိုဂလိုဘင်သည် အဆုတ်မှ အောက်ဆီဂျင်ကို ခန္ဓာကိုယ်၏ အင်္ဂါများနှင့် တစ်ရှူးများသို့ သယ်ဆောင်ပေးသည်။ သွေးနီဥများသည် ခန္ဓာကိုယ်မှ စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားရာတွင်လည်း ကူညီပေးသည်။
  • သွေးဥမွှားများ သွေးခဲဖွဲ့စေပြီး သွေးယိုခြင်းကို ကာကွယ်ရန် သို့မဟုတ် ရပ်တန့်ရန် ကူညီပေးသည်။
  • သွေးဖြူဥများ ရောဂါပိုးဝင်ခြင်းများကို တိုက်ဖျက်ပြီး ရောဂါပိုးများမှ ကာကွယ်ပေးသည်။ 
  • သွေးတွင်းအရည် (Plasma) သို့မဟုတ် သွေး၏ အရည်ပိုင်း။ ၎င်းတွင် ရေ၊ ပရိုတင်းများနှင့် သွေးခဲဖွဲ့ရာတွင် ကူညီသော အရာများ ပါဝင်သည်။

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (blood disorders) ၏ ရောဂါလက္ခဏာများ

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) ၏ လက္ခဏာများသည် ရောဂါအမျိုးအစားပေါ် မူတည်၍ များစွာ ကွဲပြားနိုင်သည်။ 

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) တွင် တွေ့ရလေ့ရှိသော အမှတ်အသားနှင့် ရောဂါလက္ခဏာများမှာ-

  • အားနည်းခြင်း သို့မဟုတ် ပုံမှန်ထက် ပိုမိုပင်ပန်းနွမ်းနယ်ခြင်း (ပင်ပန်းနွယ်လျမှု (fatigue))
  • မူးဝေခြင်း သို့မဟုတ် မူးဝေသလို ခံစားရခြင်း (lightheade)
  • အသားအရေ ဖြူဖျော့ခြင်း 
  • နှလုံးခုန်နှုန်း မြန်လာခြင်း
  • အကြောင်းရင်းမရှိဘဲ အညိုအမည်းစွဲခြင်း သို့မဟုတ် သွေးထွက်ခြင်း
  • ပုံမှန်ထက် ပို၍ မကြာခဏ နာမကျန်းဖြစ်ခြင်း
  • အဆစ်အမြစ် သို့မဟုတ် ကြွက်သားနာကျင်ကိုက်ခဲခြင်း
  • အသက်ရှူရ ခက်ခဲခြင်း သို့မဟုတ် အသက်ရှူမဝသလို ခံစားရခြင်း 

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) ၏ အကြောင်းရင်းများ

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) များတွင် အကြောင်းအရင်း အမျိုးမျိုး ရှိနိုင်သည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်-

  • မျိုးရိုးဗီဇ ပြောင်းလဲမှုများ- သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) အများစုသည် မျိုးရိုးဗီဇ ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်ပြီး မျိုးရိုးလိုက်နိုင်ပေသည် (မိသားစုအစဉ်အဆက် သယ်ဆောင်လာနိုင်သည်)။ 
  • ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများ- ဓာတုပစ္စည်းများ သို့မဟုတ် အဆိပ်အတောက်ပစ္စည်းများနှင့် ထိတွေ့မှုသည် သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) အချို့ကို ဖြစ်စေနိုင်သည်။
  • ကိုယ်ခံအားစနစ် မှားယွင်းတိုက်ခိုက်သော ရောဂါအခြေအနေများ (Autoimmune conditions)- ကိုယ်ခံအားစနစ် (immune system) (ရောဂါပိုးများမှ ကာကွယ်ပေးသော ခန္ဓာကိုယ်၏ ကာကွယ်ရေးစနစ်) သည် တစ်ခါတစ်ရံ သွေးဥများကို မှားယွင်း၍ တိုက်ခိုက်နိုင်သည်။
  • ရိုးတွင်းခြင်ဆီ ပြဿနာများ- သွေးဥများကို အရိုးအတွင်းရှိ နူးညံ့သော အတွင်းပိုင်းဖြစ်သည့် ရိုးတွင်းခြင်ဆီတွင် ထုတ်လုပ်သည်။ ရိုးတွင်းခြင်ဆီက ကောင်းစွာ အလုပ်မလုပ်ပါက၊ သွေးရောဂါများ ဖြစ်ပေါ်လာနိုင်သည်။

ဆေးဝါးများ၊ ရောဂါပိုးဝင်ခြင်းများ၊ အခြားရောဂါများနှင့် အခြားအကြောင်းအရာများလည်း သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) ဖြစ်ပေါ်စေရန် အထောက်အကူပြုနိုင်သည်။ အချို့အခြေအနေများတွင်၊ သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) ၏ အကြောင်းအရင်းကို မသိရှိနိုင်ပါ။

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) ကို ရောဂါ ရှာဖွေအတည်ပြုခြင်း

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) ကို သင့်ကလေး၏ ဆေးမှတ်တမ်း၊ ကိုယ်ခန္ဓာစစ်ဆေးမှုနှင့် ဓာတ်ခွဲစမ်းသပ်မှုများအပေါ် အခြေခံ၍ ရောဂါ ရှာဖွေအတည်ပြုသည်။ သင့်ကျန်းမာရေး စောင့်ရှောက်မှုပေးသူသည် သွေးယိုခြင်း သို့မဟုတ် အညိုအမည်းစွဲခြင်းရှိ ပြောင်းလဲမှုများ၊ မကြာသေးမီက ဖြစ်ခဲ့သော နာမကျန်းမှုများ၊ သို့မဟုတ် သင့်ကလေး သောက်သုံးနေသော ဆေးဝါးများအကြောင်း မေးမြန်းနိုင်သည်။  

သွေးရောဂါများအတွက် ဓာတ်ခွဲစမ်းသပ်မှုများတွင် ‌အောက်ပါတို့ ပါဝင်သည်-

အခြားစမ်းသပ်မှုများတွင် သွေး၏ လုပ်ဆောင်ချက်နှင့် ဆက်စပ်သော သီးခြားဓာတုပစ္စည်းများ သို့မဟုတ် အခြားအချက်များကို စစ်ဆေးနိုင်သည်။ သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) ဖြစ်စေနိုင်သော အခြေခံကျန်းမာရေး ပြဿနာများ ရှိ၊ မရှိ စစ်ဆေးရန် အခြားစမ်းသပ်မှုများလည်း ပြုလုပ်နိုင်သည်။

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (blood disorders) အတွက် ကုသမှုများ

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) ရှိသော ကလေးများသည် အထူးပြု ဆေးကုသ စောင့်ရှောက်မှု လိုအပ်သည်။ သွေးရောဂါ အထူးကုဆိုသည်မှာ သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) ကို ကုသပေးသော ဆရာဝန် ဖြစ်သည်။ 

သင့်ကလေး၏ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် သင့်ကလေးအတွက် ကုသမှုအစီအစဉ်တစ်ခု ရေးဆွဲပေးမည်ဖြစ်သည်။ သွေးရောဂါများအတွက် ကုသမှုသည် ရောဂါအမျိုးအစားနှင့် ပြင်းထန်မှုအပေါ် မူတည်သည်။ 

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) အတွက် ကုသမှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည်-

  • အစားအသောက်၊ လေ့ကျင့်ခန်း သို့မဟုတ် ရောဂါလက္ခဏာများကို ပိုဆိုးစေနိုင်သော လှုပ်ရှားမှုများနှင့် အခြေအနေများကို ရှောင်ကြဉ်ခြင်းကဲ့သို့သော နေထိုင်မှုပုံစံ ပြောင်းလဲမှုများ
  • ရောဂါလက္ခဏာများကို ထိန်းချုပ်ရန် သို့မဟုတ် ရောဂါ၏ အခြေခံအကြောင်းရင်းကို ကုသရန် ဆေးဝါးများ 
  • သွေးတစ်ခုလုံး သို့မဟုတ် သွေးထုတ်ကုန်များ ပေးသွင်းရန် သွေးသွင်းကုသမှုများ (Blood transfusions) 
  • သွေးနီဥ လဲလှယ်ကုသမှု သို့မဟုတ် ကုသရေးအတွက် သွေးရည်ကြည် လဲလှယ်ကုသမှု (Therapeutic plasma exchange) ကဲ့သို့သော ကုသရေးအတွက် သွေးအစိတ်အပိုင်းခွဲထုတ်ကုသမှုများ (Therapeutic apheresis procedures)
  • လူနာ၏ သွေးဆဲလ်ဖွဲ့စည်းပေးသော ပင်မကလပ်စည်းများကို အလှူရှင်ထံမှ ရရှိသော ကျန်းမာသော ပင်မကလပ်စည်းများဖြင့် အစားထိုးပေးသော ပင်မကလပ်စည်း (ရိုးတွင်းခြင်ဆီ) အစားထိုးကုသမှု (Stem cell (bone marrow) transplant)
  • လူနာ၏ ပင်မကလပ်စည်းများအတွင်းရှိ မျိုးရိုးဗီဇများကို ထည့်သွင်းခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ပြုပြင်ခြင်း ပြုလုပ်သော မျိုးရိုးဗီဇကုထုံး (Gene therapy)

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) နှင့်အတူ နေထိုင်ခြင်း

အချို့သော သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) သည် ယာယီဖြစ်ပြီး လုံးဝပျောက်ကင်းသွားနိုင်သည်။ အခြားရောဂါများမှာ တစ်သက်တာ ရှိနေနိုင်ပြီး ဆက်လက်စောင့်ရှောက်မှု လိုအပ်နိုင်သည်။ သင့်ကလေး၏ ဘဝအရည်အသွေးကို အကောင်းဆုံးဖြစ်စေရန် သင့်လျော်သော စီမံထိန်းချုပ်မှုသည် အရေးကြီးသည်။ သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ဆေးပညာဆိုင်ရာ အကြံပြုချက်များကို အမြဲလိုက်နာပါ။

သင့်ကလေးတွင် သွေးပုံမှန်မဖြစ်သည့် ရောဂါ (Blood disorder) ရှိပါက အောက်ပါအချက်များကို သေချာလုပ်ဆောင်ပါ-

  • ကျန်းမာသော နေထိုင်မှုပုံစံများကို အားပေးပါ- သင့်ကလေးကို အိပ်ရေးဝဝအိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လုံလောက်စွာလုပ်ခြင်းနှင့် ကျန်းမာသော အစားအစာများ စားသုံးခြင်းတို့မှတစ်ဆင့် ကျန်းမာသော နေထိုင်မှုပုံစံ ရရှိလာစေရန် ကူညီပါ။ ရေဓာတ်ခမ်းခြောက်မှု မဖြစ်စေရန် သင့်ကလေးသည် ရေဓာတ်လုံလောက်စွာ သောက်သုံးကြောင်း သေချာစေပါ။ ဆေးလိပ်သောက်ခြင်း၊ အီလက်ထရွန်နစ် ဆေးလိပ် သောက်ခြင်း၊ မူးယစ်ဆေးဝါး သို့မဟုတ် အရက်သုံးစွဲခြင်းကဲ့သို့ အန္တရာယ်ဖြစ်စေနိုင်သော အရာများကို ရှောင်ကြဉ်ပါ။ 
  • ပုံမှန် ဆေးကုသစောင့်ရှောက်မှု ရယူပါ- သင့်ကလေး၏ ရောဂါအခြေအနေကို စောင့်ကြည့်ရန် အကြံပြုထားသော ဆေးစစ်ရက်ချိန်းများနှင့် စစ်ဆေးမှုများအားလုံးကို မပျက်မကွက် လုပ်ဆောင်ပါ။ ကာကွယ်ဆေးများ ကို အချိန်မီ ထိုးထားပြီး သင့်ကလေးတွင် ရောဂါပိုးဝင်ခြင်း သို့မဟုတ် အခြားကျန်းမာရေး ပြဿနာများ ဖြစ်နိုင်ခြေကို နားလည်ထားပါ။ 
  • ညွှန်ကြားထားသည့်အတိုင်း ဆေးဝါးများ ပေးပါ- သင့်ကလေး၏ ဆေးဝါးများနှင့် ပတ်သက်ပြီး မေးခွန်းများရှိပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် ဆွေးနွေးပါ။
  • စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ကောင်းမွန်မှုကို ပံ့ပိုးပါ- ဖိစီးမှုများကို ကျန်းမာသောနည်းလမ်းဖြင့် စီမံခန့်ခွဲနိုင်ရန်နှင့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် သင့်ကလေးကို သင်ကြားပေးပါ။ သင့်ကလေး၏ သီးသန့်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် အခက်အခဲများကို ကျော်လွှားနိုင်ရန် care team၊ မိသားစု၊ သူငယ်ချင်းများ သို့မဟုတ် support groups များထံမှ အကူအညီ ရယူပါ။

သင်၏ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ကို မေးရန် မေးခွန်းများ

  • ကျွန်ုပ်၏ ကလေးတွင် တိတိကျကျ မည်သည့်ရောဂါရှိပြီး ၎င်းသည် ခန္ဓာကိုယ်အပေါ် မည်သို့ သက်ရောက်သနည်း။ 
  • မည်သည့် ကုသမှုနည်းလမ်းများ ရရှိနိုင်သနည်း။ 
  • ကုသမှုတစ်မျိုးချင်းစီ၏ ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများသည် အဘယ်နည်း။ 
  • ကျွန်ုပ်၏ ကလေးသည် နောက်ဆက်တွဲ ပြသရန် ရက်ချိန်းများ သို့မဟုတ် စစ်ဆေးမှုများကို ဘယ်နှစ်ကြိမ် ပြုလုပ်သင့်သနည်း။ 
  • ကျွန်ုပ်၏ ကလေးသည် မည်သည့် လှုပ်ရှားမှုများကို ရှောင်ကြဉ်သင့်သနည်း။ 
  • မည်သည့် နောက်ဆက်တွဲ ပြဿနာများ သို့မဟုတ် အရေးပေါ် သတိပေးလက္ခဏာများကို စောင့်ကြည့်သင့်သနည်း။ 
  • ကျွန်ုပ်တို့ ဆေးဘက်ဆိုင်ရာ စမ်းသပ်သုတေသနတွင် ပါဝင်ရန် စဉ်းစားသင့်ပါသလား။ 
  • ကျွန်ုပ်၏ ကလေး၏ ရေရှည်အခြေအနေ ခန့်မှန်းချက်မှာ မည်သို့ရှိနိုင်သနည်း။ 

သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) အကြောင်း အဓိကအချက်များ

  • သွေးပုံမှန်မဖြစ်သည့် ရောဂါ (Blood disorder) သည် သွေး၏ မည်သည့် အစိတ်အပိုင်းကိုမဆို ထိခိုက်စေနိုင်သည် - သွေးနီဥများ (Red blood cells)၊ သွေးဖြူဥများ (White blood cells)၊ သွေးဥမွှားများ (Platelets) သို့မဟုတ် သွေးတွင်းအရည် (Plasma) တို့ ဖြစ်သည်။
  • သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) ၏ ရောဂါလက္ခဏာများမှာ အမျိုးမျိုး ကွဲပြားနိုင်သည်။ 
  • သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) ၏ အကြောင်းရင်းများတွင် မျိုးရိုးဗီဇဆိုင်ရာ အချက်များ၊ ရောဂါပိုးဝင်ခြင်းများ၊ ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များ၊ ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါအခြေအနေများ၊ ရိုးတွင်းခြင်ဆီဆိုင်ရာ ပြဿနာများ သို့မဟုတ် ဆေးဝါးများ၏ နောက်ဆက်တွဲဆိုးကျိုးများ ပါဝင်သည်။
  • ကုသမှုသည် သွေးပုံမှန်မဖြစ်သည့် ရောဂါများ (Blood disorders) ၏ အမျိုးအစားနှင့် ပြင်းထန်မှုအပေါ် မူတည်သည်။ 
  • ကျန်းမာရေးစောင့်ရှောက်မှုနှင့် စောင့်ကြည့်မှုအတွက် သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ ၏ ညွှန်ကြားချက်များကို လိုက်နာပါ။ 
  • လေ့ကျင့်ခန်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးခြင်းနှင့် ကောင်းစွာအိပ်ပျော်သည့် အလေ့အကျင့်များ အပါအဝင် ကျန်းမာရေးနှင့် ညီညွတ်သည့် အပြုအမူများကို အားပေးပါ။ 


ပြန်လည်စစ်ဆေးထားသည်- စက်တင်ဘာလ 2024 ခုနှစ်

ဆက်စပ်အကြောင်းအရာများ