အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ဦးနှောက်နှင့်ဝမ်းဗိုက် ချိတ်ဆက်ရေစီးပိုက် (Ventriculoperitoneal (VP) Shunt)

သင့်ကလေး၏ ဦးခေါင်းအတွင်း အရည်များ များလွန်းစွာ စုပုံလာပါက၊ ဖိအား ဖြစ်ပေါ်စေပြီး အန္တရာယ်ရှိနိုင်သကဲ့သို့ အသက်အန္တရာယ်ပါ ဖြစ်စေနိုင်ပါသည်။ ဦးနှောက်နှင့်ဝမ်းဗိုက် ချိတ်ဆက်ရေစီးပိုက် (Ventriculoperitoneal (VP)) ရေစီးပိုက် သည် ဦးနှောက်အတွင်းရှိ အရည်ပိုများကို စီးဆင်းဖယ်ရှားပေးသဖြင့် ဖိအား (Pressure) များ မတိုးပွားလာစေရန် ကူညီပေးပါသည်။

VP ရေစီးပိုက်ဆိုသည်မှာ အဘယ်နည်း။

ဦးနှောက်နှင့်ဝမ်းဗိုက် ချိတ်ဆက်ရေစီးပိုက် (ventriculoperitoneal (VP) shunt) သည် ဦးနှောက်၏ ဗင်ထရစ်ကယ်အတွင်း ထည့်သွင်းထားသော ရှည်လျားသည့် ပလတ်စတစ်ပိုက်တစ်ခု ဖြစ်သည်။ ၎င်းသည် ဦးနှောက်နှင့် ကျောရိုးမကြီးပတ်လည် အရည် (Cerebrospinal Fluid သို့မဟုတ် CSF) ကို သင့်ကလေး၏ ဦးနှောက်မှ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းတစ်ခုသို့ စီးဆင်းဖယ်ရှားပေးသည်။

VP ရေစီးပိုက် (VP shunt) တွင် အစိတ်အပိုင်း 3 ခု ပါဝင်သည်-

  1. အနီးဘက် (ဗင်ထရစ်ကူလာ) ပိုက် (Proximal (Ventricular) Catheter) ကို စုဆောင်းပိုက် (collection catheter) ဟုလည်း ခေါ်ပြီး၊ ၎င်းသည် ဦးခေါင်းခွံတွင် ပြုလုပ်ထားသော အပေါက်ငယ်တစ်ခုမှတစ်ဆင့် ထည့်သွင်းထားသော ပလတ်စတစ်ပိုက် ဖြစ်ပြီး ဦးနှောက်၏ ဗင်ထရစ်ကယ်ဟု ခေါ်သော အစိတ်အပိုင်းအထိ ရောက်ရှိပါသည်။ ပိုက်၏ ထိပ်ဖျားတွင် အပေါက်ငယ်များ ပါရှိသည်။
  2. နမူနာယူခန်း (Tapping Chamber) ပါဝင်သော တစ်ဖက်သတ် အဆို့ရှင် (One-Way Valve) သည် ဦးနှောက်အတွင်းရှိ ဖိအားပမာဏကို ထိန်းချုပ်ပေးသည်။ နမူနာယူခန်း (Tapping Chamber) သည် CSF ကို စစ်ဆေးရန်အတွက် စုဆောင်းပေးပြီး၊ ဆရာဝန်က ရေစီးပိုက် ကောင်းစွာ အလုပ်လုပ်နေခြင်း ရှိ၊ မရှိ စစ်ဆေးရန်လည်း အသုံးပြုသည်။
  3. အဝေးဘက် ပိုက် (Distal Catheter)ကို ဝမ်းဗိုက်ပိုက် (Peritoneal Catheter) ဟုလည်း ခေါ်ပြီး၊ ၎င်းသည် ရှည်လျားသော ပလတ်စတစ်ပိုက်တစ်ခု ဖြစ်ပြီး၊ ဝမ်းဗိုက်အတွင်းအခေါင်း (Peritoneal Cavity) ကဲ့သို့ အဆို့ရှင် (Valve) မှ ခန္ဓာကိုယ်အတွင်းရှိ အခြားနေရာတစ်ခုသို့ ဆက်သွယ်ထားသည်။
     
ဦးနှောက်နှင့်ဝမ်းဗိုက် ချိတ်ဆက်ရေစီးပိုက် (Ventriculoperitoneal (VP) shunt)

ရေစီးပိုက်သည် ဦးနှောက်နှင့် ကျောရိုးမကြီးပတ်လည် အရည် (cerebrospinal fluid) ကို စီးဆင်းဖယ်ရှားပေးသည့် ဦးနှောက်မှ ပိုက်ငယ်တစ်ခု ဖြစ်သည်။ အရည်များ စုပုံလာခြင်းသည် ဦးနှောက်အတွင်း ဖိအားတိုးလာခြင်းနှင့် အခြားလက္ခဏာများကို ဖြစ်စေနိုင်သည်။

ရှည်လျားသောပိုက် (အဝေးဘက်ပိုက် (Distal Catheter)) သည် နားရွက်နောက်ဘက်ရှိ သင့်ကလေး၏ အရေပြားအောက်မှတစ်ဆင့် ဖြတ်သန်းသွားသည်။ ပိုက်သည် ခန္ဓာကိုယ်အတွင်းရှိ လည်ပင်းနှင့် ရင်ဘတ်ကို ဖြတ်သန်းကာ ဝမ်းဗိုက်အတွင်းရှိအခေါင်း‌ပေါက် (Peritoneal Space) သို့ ရောက်ရှိသွားသည် (ပုံကို ကြည့်ပါ)။ အရည်သည် အစာအိမ်အတွင်းသို့ မရောက်သွားပါ။ ခန္ဓာကိုယ်သည် အရည်ကို စုပ်ယူနိုင်သလို ဆီးအဖြစ်လည်း စွန့်ထုတ်နိုင်သည်။

သင့်ကလေး၏ ရေစီးပိုက်သည် ခန္ဓာကိုယ်အပြင်ဘက်ရှိ အိတ်တစ်ခုအတွင်းသို့ အရည်များ စီးဆင်းစေနိုင်သည် ( ပြင်ပရေစီးပိုက် (Externalized Shunt))။ ပြင်ပ (အပြင်) ရေစီးပိုက် (Externalized (external) Shunt) သည် ယာယီသာ ဖြစ်ပြီး ဆရာဝန်က ၎င်းကို ခန္ဓာကိုယ်အတွင်း ပြန်လည်ထည့်သွင်းခြင်း သို့မဟုတ် ဖယ်ရှားခြင်း မပြုလုပ်မီအထိသာ အသုံးပြုပါသည်။ together.stjude.org တွင် "ပြင်ပရေစီးပိုက် (External Shunt)" ကို ကြည့်ပါ။

VP ရေစီးပိုက်ကို အဘယ်ကြောင့် လိုအပ်သနည်း။

CSF အရည်သည် ပုံမှန်ပမာဏတွင် ရှိနေပြီး ဦးနှောက်မှ စီးဆင်းထွက်သွားသည်။ အရည်များ အလွန်အကျွံ စုပုံလာပြီး ကောင်းစွာ မစီးဆင်းနိုင်ပါက၊ ဦးနှောက်အတွင်း ဖိအား မြင့်တက်လာသည်။ ဤဖိအားမြင့်တက်မှုသည် ဦးနှောက်ကို ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ် ဖြစ်စေနိုင်သည်။ VP ရေစီးပိုက်သည် ဦးနှောက်အတွင်းရှိ ပိုလျှံသော CSF ကို စီးဆင်းဖယ်ရှားပေးပြီး ဖိအားကို လျှော့ချပေးပြီး၊

ဦးနှောက်အတွင်း အရည်များ စုပုံနေသည့် အခြေအနေကို ဦးနှောက်ရည်ဖောင်းရောဂါ (Hydrocephalus) ဟု ခေါ်သည်။ ကလေးတစ်ဦးတွင် ဦးနှောက်ရည်ဖောင်းရောဂါ (Hydrocephalus) ဖြစ်‌နိုင်သည့် အကြောင်းအရင်းများမှာ အောက်ပါတို့ ဖြစ်သည်-

  • မွေးရာပါ ဖြစ်နေခြင်း
  • ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခြင်း
  • ကင်ဆာရောဂါ ရှိခြင်းတို့ ဖြစ်သည်

VP ရေစီးပိုက်ကို စောင့်ရှောက်ခြင်း

အချို့ VP ရေစီးပိုက်များသည် ချိန်ညှိနိုင်ပြီး (Programmable)၊ အချို့မှာ မဟုတ်ပါ၊ သင့်ကလေးတွင် မည်သည့် ရေစီးပိုက် အမျိုးအစား ရှိသည်ကို ဆရာဝန်အား မေးမြန်းပါ။‌ သင့်ကလေးတွင် ချိန်ညှိနိုင်သော ရေစီးပိုက် (Programmable Shunt) ရှိပါက-

  • ဆရာဝန်သည် အရည်စီးဆင်းမှုနှင့် ဖိအားကို ချိန်ညှိနိုင်သည်။
  • သင့်ကလေး MRI ရိုက်တိုင်း ဆရာဝန်က ရေစီးပိုက်ကို စစ်ဆေးပြီး ပြန်လည်ချိန်ညှိရန် လိုအပ်သည်။ MRI များတွင် အသုံးပြုသော အားပြင်းသံလိုက်များသည် ချိန်ညှိမှုကို ပြောင်းလဲစေနိုင်သည်။ ရေစီးပိုက်၏ ချိန်ညှိမှု ပြောင်းလဲသွားပါက ရေစီးပိုက်သည် ကောင်းစွာ အလုပ်မလုပ်တော့ဘဲ သင့်ကလေးကို ထိခိုက်စေနိုင်သည်။

VP ရေစီးပိုက် တပ်ဆင်ထားသော လူနာများသည် အများအားဖြင့် ၎င်းကို တစ်သက်တာ လိုအပ်သည်။ ကျန်းမာစွာ နေထိုင်နိုင်ရန် ရေစီးပိုက်သည် ကောင်းစွာ အလုပ်လုပ်နေပြီး၊ ဦးနှောက်အတွင်း ဖိအားကို လုံခြုံသည့်အဆင့်တွင် ထိန်းထားရပါမည်။

ရေစီးပိုက် ချို့ယွင်းမှု သို့မဟုတ် ရောဂါပိုးကူးစက်မှု၏ သတိပေးလက္ခဏာများကို အမြဲစောင့်ကြည့်ပါ။

ရေစီးပိုက် ချို့ယွင်းမှု (အလုပ်မလုပ်သော) ၏ သတိပေးလက္ခဏာများ

သင့်ကလေး၏ ကျန်းမာရေး အခြေအနေသည် နေ့စဉ် ပြောင်းလဲနိုင်ပြီး၊ ပြဿနာများသည် လျင်မြန်စွာ ဖြစ်ပေါ်လာနိုင်သည်။ ရေစီးပိုက် ကောင်းစွာ အလုပ်မလုပ်ကြောင်း ဖော်ပြနိုင်သည့် အောက်ပါ သတိပေးလက္ခဏာများထဲမှ (1) ချက် သို့မဟုတ် ထို့ထက်ပို၍ ရှိ၊ မရှိ စောင့်ကြည့်ပါ-

  • သင့်ကလေးတွင် ခေါင်းကိုက်သည်မှာ ပိုမိုဆိုးရွားလာခြင်း၊ သို့မဟုတ် စိုးရိမ်ပူပန်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ဂျီကျတတ်ခြင်းများ ဖြစ်လာခြင်း (စကားမပြောတတ်သေးသော ကလေးငယ်များတွင် ဤသည်မှာ ခေါင်းကိုက်ခြင်း၏ တစ်ခုတည်းသော လက္ခဏာ ဖြစ်နိုင်သည်)
  • သူတို့၏ အစာအိမ်ထဲ နေမကောင်းခြင်း ‌(ပျို့အန်ချင်စိတ်) မရှိဘဲ အန်ခြင်း
  • တက်ခြင်း (ခန္ဓာကိုယ် လှုပ်ခါခြင်း သို့မဟုတ် ကြွက်သားများ ဆတ်ဆတ်တုန်ခြင်း)
  • ပုံမှန်အတိုင်း နိုးကြားမှု မရှိခြင်း – သင့်ကလေးကို နိုး၍ မရပါက၊ အနီးဆုံး အရေးပေါ်ဌာနသို့ ချက်ချင်း ပို့ဆောင်ပါ သို့မဟုတ် 911 သို့ ခေါ်ဆိုပါ
  • အကျင့်စရိုက် ပြောင်းလဲခြင်း (ယခင်က အေးဆေးနေတတ်သော ကလေးတစ်ဦးသည် ထိန်းရခက်လာခြင်း သို့မဟုတ် ပုံမှန်မဟုတ်သည့် အပြုအမူများ ပြုလုပ်လာခြင်း)
  • VP ရေစီးပိုက် တပ်ဆင်ထားသည့် လမ်းကြောင်းတစ်လျှောက် အရေပြား ရောင်ရမ်းလာခြင်း
  • သင့်ကလေးငယ်၏ ဦးခေါင်းခွံ မပိတ်သေးပါက၊ ဖောင်းတက်နေသော ဦးခေါင်းပျော့နေရာ (Fontanelle) ရှိ၊ မရှိ စောင့်ကြည့်ပါ
  • အမြင်အာရုံ ပြဿနာများ (ဝါးဝါးသာ မြင်ခြင်း၊ နှစ်ထပ်မြင်ခြင်း သို့မဟုတ် မမြင်နိုင်ခြင်း)
  • ယခင်က ရှိခဲ့သော စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စွမ်းရည်များ ဆုံးရှုံးသွားခြင်း
  • ဟန်ချက်ထိန်းရန် သို့မဟုတ် လမ်းလျှောက်ရန် ခက်ခဲခြင်း
  • ပုံမှန်ထက် ဆီးပိုမိုသွားခြင်း

ရေစီးပိုက် ရောဂါပိုးကူးစက်မှု၏ သတိပေးလက္ခဏာများ

ဘက်တီးရီးယားပိုးများ (ရောဂါပိုးမွှားများ) သည် VP ရေစီးပိုက်တွင် ရောဂါပိုးကူးစက်မှုဖြစ်စေနိုင်သည်။ ရောဂါပိုးကူးစက်မှု ဖြစ်ပွားပါက ရေစီးပိုက်သည် ကောင်းစွာ အလုပ်မလုပ်နိုင်တော့ပါ။ ဦးနှောက်အတွင်း ဖိအား မြင့်တက်လာနိုင်ပြီး ထိခိုက်မှုများ ဖြစ်စေကာ အသက်အန္တရာယ်ပင် ဖြစ်စေနိုင်သည်။

ရေစီးပိုက် ရောဂါပိုးကူးစက်မှု၏ အောက်ပါ လက္ခဏာများကို စောင့်ကြည့်ပါ-

  • 100.4 ဒီဂရီ ဖာရင်ဟိုက် (38.0 ဒီဂရီ ဆဲလ်စီးယပ်စ်) သို့မဟုတ် ထို့ထက် မြင့်မားသော အဖျားရှိခြင်း
  • VP ရေစီးပိုက် တပ်ဆင်ထားသည့် လမ်းကြောင်းတစ်လျှောက် အရေပြား နီရဲခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
  • ရေစီးပိုက် သို့မဟုတ် ပိုက်ပတ်ဝန်းကျင်တွင် နာကျင်ခြင်း
  • လည်ပင်း တောင့်တင်းခြင်း
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း
  • ရောဂါပိုးကူးစက်မှုနှင့်အတူ အဖြစ်များလေ့ရှိသော ရေစီးပိုက် ချို့ယွင်းမှု၏ လက္ခဏာများ
    (ဤ ကလေးနှင့် ဆယ်ကျော်သက် ကင်ဆာလူနာများတွင် အဖျားနှင့် ရောဂါပိုးကူးစက်မှု၏ လက္ခဏာများကို together.stjude.org တွင် ကြည့်ပါ။)

ရေစီးပိုက် ချို့ယွင်းမှု သို့မဟုတ် ရောဂါပိုးကူးစက်မှု၏ လက္ခဏာများ တွေ့ရှိပါက၊ နေ့ဖြစ်စေ၊ ညဖြစ်စေ ချက်ချင်း အကူအညီတောင်းပါ-

  • သင့်ကလေး၏ ကုသပေးနေသော ဆရာဝန်၏ အဓိကဆေးခန်း သို့မဟုတ် တာဝန်ကျ ဆရာဝန်ထံ ဖုန်းဆက်ပါ။
  • ဒေသခံ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆရာဝန် (Neurosurgeon) သို့မဟုတ် အခြားဆရာဝန်တစ်ဦးကို ဖုန်းဆက်ပါ။
  • အိမ်နှင့် ဝေးနေပါက— 911 ကို ခေါ်ဆိုပါ သို့မဟုတ် အနီးဆုံး အရေးပေါ်ဌာနသို့ သွားရောက်ပါ။ ဝန်ထမ်းများအား သင့်ကလေး၏ VP ရေစီးပိုက်သည် ကောင်းစွာ အလုပ်မလုပ်နိုင်ပါ သို့မဟုတ် ရောဂါပိုးကူးစက်မှု ဖြစ်နိုင်သည်ကို အသိပေးပါ။

ရေစီးပိုက် အရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားခြင်း

အောက်ပါအချက်အလက်များကို သင်နှင့်အတူ အမြဲတမ်း ဆောင်ထားပါ-

  • ရေစီးပိုက် ချို့ယွင်းမှု သို့မဟုတ် ရောဂါပိုးကူးစက်မှု ဖြစ်ပါက ကုသပေးမည့် သင့်ကလေး၏ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆရာဝန် (Neurosurgeon) ၏ အမည်နှင့် ဆက်သွယ်ရန် အချက်အလက်များ
  • ရေစီးပိုက်၏ အမည်နှင့် အမျိုးအစား
  • ဖြစ်နိုင်ပါက၊ ရေစီးပိုက် ကောင်းစွာ အလုပ်လုပ်နေချိန်တွင် ရိုက်ယူထားသော ဦးနှောက်အရည်ခန်းများ၏ CT သို့မဟုတ် MRI ပုံရိပ်များ (ဤအချက်အလက်များကို သင့်ဆရာဝန် သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ထံမှ တောင်းယူနိုင်သည်)

သင့်ကလေး၏ ရေစီးပိုက်အကြောင်း အခြားသူများကို အသိပေးပါ-

  • သင့်ကလေး၏ ရေစီးပိုက် ကောင်းစွာ အလုပ်မလုပ်ခြင်း သို့မဟုတ် ရောဂါပိုးကူးစက်မှု ဖြစ်ပါက သင့်ကလေး၏ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆရာဝန် (Neurosurgeon) သို့မဟုတ် ဆရာဝန်နှင့် ဆွေးနွေးပါ။ MRI ပုံရိပ်များ သို့မဟုတ် CT စကန်များကို သင့်ကလေး၏ ဆရာဝန် သို့မဟုတ် ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆရာဝန် (Neurosurgeon) ထံ ပေးပို့ပေးရန် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများကို တောင်းဆိုပါ။
  • သင့်ကလေးတွင် VP ရေစီးပိုက် ရှိကြောင်း ဖော်ပြထားသော ဆေးဘက်ဆိုင်ရာ အရေးပေါ်အသိပေး လက်ကောက် သို့မဟုတ် လည်ဆွဲကို ဝတ်ဆင်စေပါ (together.stjude.org ရှိ Medical Alert Bracelets and Medical ID Products ကို ကြည့်ပါ)။
  • သင့်ကလေးနှင့် အတူနေသူများ သို့မဟုတ် အနီးအနားတွင် နေထိုင်သူများအား သင့်ကလေး၏ ရေစီးပိုက်အကြောင်း ပြောပြထားပါ။
  • သင့်ကလေးသည် အိမ်နှင့် ဝေးသောနေရာတွင် နေထိုင်ပါက၊ ၎င်းနှင့် အတူနေသူ သို့မဟုတ် အနီးအနားတွင် နေထိုင်သူ အနည်းဆုံး တစ်ဦး (ရင်းနှီးသော မိတ်ဆွေ၊ ဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် အိမ်နီးချင်း) သည် ရေစီးပိုက်အကြောင်း သိရှိထားသင့်သည်။ ထိုသူသည် ရေစီးပိုက် ချို့ယွင်းမှု သို့မဟုတ် ရောဂါပိုးကူးစက်မှု၏ လက္ခဏာများကို လေ့လာသိရှိထားနိုင်သည်။ လိုအပ်ပါက အဆိုပါ လက္ခဏာများကို စောင့်ကြည့်ပေးပြီး ဆေးဘက်ဆိုင်ရာ အကူအညီကို အမြန်ဆုံး ရယူပေးရန် သဘောတူထားခြင်းသည် အထောက်အကူဖြစ်စေသည်။

အဓိကအချက်များ

  • VP ရေစီးပိုက် သည် ဦးနှောက်အတွင်းရှိ ပိုလျှံသောအရည်ကို ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းတစ်ခုသို့၊ အများအားဖြင့် ဝမ်းဗိုက်တွင်း အခေါင်းပေါက် (Peritoneal Space) သို့ စီးဆင်းစေရန် ကူညီပေးသော ရှည်လျားသည့် ပလတ်စတစ်ပိုက်တစ်ခု ဖြစ်ပါသည်။
  • အရည်များ အလွန်အကျွံ စုပုံလာပါက၊ သင့်ကလေး၏ ဦးနှောက်အပေါ် ဖိအားတက်လာပြီး အသက်အန္တရာယ် ဖြစ်စေနိုင်သည်။
  • VP ရေစီးပိုက်သည် သင့်ကလေး၏ ဦးခေါင်းအတွင်း ဖိအားကို ပုံမှန်အဆင့်တွင် ထိန်းထားပေးသည်။
  • ရေစီးပိုက် ကောင်းစွာ အလုပ်မလုပ်ခြင်း သို့မဟုတ် ရောဂါပိုးကူးစက်မှု၏ သတိပေးလက္ခဏာများကို လေ့လာသိရှိထားပါ။
  • ရေစီးပိုက် ချို့ယွင်းမှု သို့မဟုတ် ရောဂါပိုးကူးစက်မှု၏ လက္ခဏာများ တွေ့ရှိပါက ဆရာဝန်ထံမှ အကူအညီ သို့မဟုတ် လမ်းညွှန်ချက်ကို ချက်ချင်း ရယူပါ။

ပိုမိုသိရှိလိုပါက


ပြန်လည်သုံးသပ်သည့်ရက်စွဲ- စက်တင်ဘာလ 2022 ခုနှစ်