အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ကလေးများအတွက် အလုပ်အကိုင်ကုထုံး

အလုပ်အကိုင်ကုထုံးဆိုသည်မှာ အဘယ်နည်း။

အလုပ်အကိုင် ကုထုံးပညာရှင်များသည် ငယ်ရွယ်သည့် ကင်ဆာဝေဒနာရှင်များအား ကုသနေစဉ် ပြုံးရွှင်စွာနေကြသည်။

ကလေးဆိုင်ရာ အလုပ်အကိုင်ကုထုံးပညာရှင်တစ်ဦးသည် ကလေးများအား ရောင်စုံခဲတံ သို့မဟုတ် ခဲတံ အသုံးပြုခြင်းကဲ့သို့သော အနုစိတ် ကြွက်သားလှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်မှုများကို တိုးတက်စေရန် ကူညီပေးနိုင်ပါသည်။

ကလေးဆိုင်ရာ အလုပ်အကိုင်ကုထုံး (OT) သည် ကလေးများကို နေ့စဉ်ဘဝအတွက် လိုအပ်သည့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကူညီပေးသည့် ကုထုံးအမျိုးအစားတစ်ခု ဖြစ်ပါသည်။ ၎င်းတွင် ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များ သို့မဟုတ် ရွေ့လျားမှု၊ အာရုံခံစားမှုဆိုင်ရာ သို့မဟုတ် သင်ယူမှုတို့တွင် အခြားစိန်ခေါ်မှုများရှိနေသည့် ကလေးများအတွက် ပံ့ပိုးမှု ပါဝင်ပါသည်။ အလုပ်အကိုင်ကုထုံးသည် ကလေးများကို ကစားခြင်း၊ သင်ယူခြင်းနှင့် မိမိကိုယ့်ကို စောင့်ရှောက်ခြင်းကဲ့သို့သော ၎င်းတို့အတွက် အရေးကြီးသည့် နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ပါဝင်ဆောင်ရွက်နိုင်စေရန် ကူညီပေးပါသည်။  

အလုပ်အကိုင်ကုထုံး၏ ရည်မှန်းချက်များတွင် ဖွံ့ဖြိုးမှုဆိုင်ရာ မှတ်တိုင်များရောက်ရှိခြင်း၊ ကျောင်းတွင် အောင်မြင်ခြင်း သို့မဟုတ် ၎င်းတို့အရွယ်ရှိ အခြားသူများကဲ့သို့ လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ခြင်းတို့ ပါဝင်နိုင်သည်။ 

အလုပ်အကိုင်ကုထုံး၏ အကျိုးကျေးဇူးများ

အလုပ်အကိုင်ကုထုံးသည် ကလေးများအား ကလေးဘဝ၏ နေ့စဉ် လုပ်ငန်းဆောင်တာများ သို့မဟုတ် “အလုပ်များ” ကို လုပ်ဆောင်နိုင်ရန် ကူညီပေးပါသည်။ အလုပ်အကိုင်ကုထုံးပညာရှင်နှင့် အတူတကွ လက်တွဲလုပ်ဆောင်ခြင်းသည် ကလေးများအား ယုံကြည်မှုရှိလာစေပြီး ပိုမို၍ အမှီအခိုကင်းစွာ ရပ်တည်နိုင်စေရန် ကူညီပေးနိုင်ပါသည်။ အလုပ်အကိုင်ကုထုံးတွင် သင့်ကလေးအတွက် အောက်ပါတို့ကို ကူညီပေးနိုင်သည့် လေ့ကျင့်ခန်းများနှင့် လှုပ်ရှားမှုများ ပါဝင်ပါသည်- 

ကြွက်သားလှုပ်ရှားမှုဆိုင်ရာ စွမ်းရည်များ 

  • လက်များ၏ သေးငယ်သောကြွက်သားများကို  အသုံးပြု၍ အရာဝတ္ထုများကို ကောက်ယူခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ကတ်ကြေးအသုံးပြုခြင်းနှင့် စာရေးသားခြင်းကဲ့သို့သော အလုပ်များကို လုပ်ဆောင်ရန် အနုစိတ် ကြွက်သားလှုပ်ရှားမှုဆိုင်ရာ စွမ်းရည်များ
  • ဦးခေါင်းနှင့် ကိုယ်လုံးကို ထိန်းချုပ်မှု၊ ကိုယ်ဟန်အနေအထား၊ လက်လှမ်းခြင်း၊ မတူညီသော ပုံစံအနေအထားများကို လေ့ကျင့်ခြင်းနှင့် လှိမ့်ခြင်း သို့မဟုတ် တွားသွားခြင်းကဲ့သို့သော ဖွံ့ဖြိုးမှု မှတ်တိုင်များကဲ့သို့သော အကြမ်းစား ကြွက်သားလှုပ်ရှားမှုဆိုင်ရာ စွမ်းရည်များ  
  • လက်-မျက်စိ ညှိနှိုင်းဆောင်ရွက်ခြင်း သို့မဟုတ် မျဉ်းများအတွင်း ဆေးရောင်ခြယ်ခြင်း သို့မဟုတ် ဘောလုံးဖမ်းခြင်းကဲ့သို့သော လက်လှုပ်ရှားမှုများကို ထိန်းချုပ်ရန်အတွက် အမြင်အာရုံဆိုင်ရာ အချက်အလက်များကို အသုံးပြုနိုင်မှုဆိုင်ရာ စွမ်းရည် 
  • ဖွံ့ဖြိုးမှု နှေးကွေးသည့်၊ အားနည်းချက်များ သို့မဟုတ် အမြင်အာရုံ ချို့ယွင်းသည့် ကလေးများအတွက် ၎င်းတို့ကို ပြုလုပ်ရာတွင် ပိုမိုလွယ်ကူစေရန် လှုပ်ရှားမှုများကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပေးခြင်း 

နေ့စဉ်လုပ်ငန်းဆောင်တာများ 

  • ရေချိုးခြင်း၊ အိမ်သာတက်ခြင်း၊ သွားတိုက်ခြင်း၊ အဝတ်အစားဝတ်ခြင်းနှင့် ကိုယ်တိုင် အစာစားခြင်းကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများ  
  • ချက်ပြုတ်ခြင်း၊ အိမ်မှုကိစ္စများနှင့် ကားမောင်းခြင်း (ဆယ်ကျော်သက်များအတွက်) ကဲ့သို့သော ဘဝနေထိုင်မှုဆိုင်ရာ စွမ်းရည်များ 

ကျောင်းနှင့် လေ့လာသင်ယူနိုင်မှု   

  • အာရုံစူးစိုက်ခြင်း၊ လုပ်ငန်းတာဝန်များကို စီစဉ်ဆောင်ရွက်ခြင်းနှင့် အဆင့်များကို မှတ်မိခြင်းကဲ့သို့သော စဉ်းစားတွေးခေါ်ခြင်းနှင့် လေ့လာသင်ယူမှုဆိုင်ရာ စွမ်းရည်များ 
  • အသံများ၊ အရေပြားထိတွေ့ခံစားရသည့် ပစ္စည်းမျက်နှာပြင်အသားအရေ (textures) များ၊ အထိအတွေ့ သို့မဟုတ် အလင်းများကဲ့သို့သော အာရုံခံထည့်သွင်းမှုများကို တုံ့ပြန်ခြင်း  
  • အလှည့်ကျ လုပ်ဆောင်ခြင်းနှင့် ရွယ်တူသူငယ်ချင်းများနှင့် ပြောဆိုဆက်ဆံခြင်းကဲ့သို့သော လူမှုဆက်ဆံရေးစွမ်းရည်များ 
  • ကော် သို့မဟုတ် ကတ်ကြေးများကဲ့သို့သော ကျောင်းသုံးပစ္စည်းကိရိယာများကို အသုံးပြုခြင်း 

ပြန်လည်သက်သာကောင်းမွန်လာခြင်းနှင့် ဆေးဘက်ဆိုင်ရာလိုအပ်ချက်များ 

  • ဖျားနာမှု သို့မဟုတ် ကုသမှုများကြောင့် ပင်ပန်းနွမ်းနယ်မှုကို ရင်ဆိုင်ဖြေရှင်းခြင်း၊ ဥပမာအားဖြင့် အရှိန်မှန်မှန်ဖြင့် လှုပ်ရှားမှုများကို လုပ်ဆောင်ခြင်း၊ အနားယူချိန်များကို ယူခြင်းနှင့် အလုပ်များကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်စေရန် နည်းလမ်းများရှာဖွေခြင်း 
  • ခွဲစိတ်မှု သို့မဟုတ် ဖျားနာပြီးနောက် နေ့စဉ်လုပ်ငန်းဆောင်တာများ သို့မဟုတ် ကျောင်းပြန်တက်ခြင်းကို ဘေးကင်းလုံခြုံစွာ ပြန်လည်၍ပြုလုပ်နိုင်ရန် စီစဉ်ခြင်း 
  • နေ့စဉ်လုပ်ငန်းဆောင်တာများတွင် အထောက်အကူဖြစ်စေရန် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပေးနိုင်သည့် ပစ္စည်းကိရိယာများကို အသုံးပြုခြင်း 

အလုပ်အကိုင်ကုထုံးပညာရှင်ကို ရှာဖွေခြင်း

အလုပ်အကိုင်ကုထုံးပညာရှင်များသည် အလုပ်အကိုင်ကုထုံး (OT) တွင် အထူးလေ့ကျင့်မှုနှင့် လေ့လာသင်ယူမှုရရှိထားသော လိုင်စင်ရ ကျန်းမာရေးဝန်ဆောင်မှုပေးသူများ ဖြစ်ပါသည်။ ၎င်းတို့သည် ဆေးရုံ၊ ဆေးခန်း၊ ကျောင်းနှင့် အိမ်များတွင် အလုပ်လုပ်နိုင်ပါသည်။ 

ပြည်နယ်ဥပဒေများ သို့မဟုတ် အာမခံအစီအစဉ်များသည် အလုပ်အကိုင်ကုထုံးဝန်ဆောင်မှုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံမှ လွှဲပြောင်းမှုများ လိုအပ်နိုင်ပါသည်။ သင်၏စောင့်ရှောက်မှုအဖွဲ့သည် လိုအပ်သည့်အရာများကို ရှင်းပြနိုင်ပြီး ကလေးဆိုင်ရာ အလုပ်အကိုင်ကုထုံးပညာရှင်ကို ရှာဖွေရန် သင့်အား ကူညီပေးနိုင်ပါသည်။  

အသက် 3 နှစ်အထိ ကလေးများအတွက် အစောပိုင်းဆောင်ရွက်မှုအစီအစဉ် မှတစ်ဆင့် OT ကို ရရှိနိုင်ပြီး ကျောင်းများတွင် တစ်ဦးချင်းစီ၏ ပညာရေးဆိုင်ရာ အစီအစဉ် (IEP)၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပံ့ပိုးပေးနိုင်ပါသည်။  

ကလေးဆိုင်ရာ အလုပ်အကိုင်ကုထုံးပညာရှင်တစ်ဦးကို ရှာဖွေရန်အတွက် သင်၏စောင့်ရှောက်မှုအဖွဲ့၊ ကျောင်းသူနာပြု၊ လမ်းညွှန်မှုဆိုင်ရာ အကြံပေးပုဂ္ဂိုလ် သို့မဟုတ် လူမှုရေးဝန်ထမ်းကို တောင်းဆိုပါ။ 

သင်၏အလုပ်အကိုင်ကုထုံးပညာရှင်သည် သင့်ကလေး၏ လိုအပ်ချက်များကို အကဲဖြတ်ရန်အတွက် အလုပ်အကိုင်ကုထုံးဆိုင်ရာ အကဲဖြတ်စစ်ဆေးခြင်း ကို ပြုလုပ်မည် ဖြစ်ပါသည်။ ၎င်းတို့သည် သင့်ကလေးအတွက်  မှန်ကန်သော စောင့်ရှောက်မှုအစီအစဉ်ကို ပြုလုပ်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင်များ နှင့် စကားပြော-ဘာသာစကား ကုထုံးပညာရှင်များ (SLPs) ကဲ့သို့သော ပြန်လည်ထူထောင်ရေးအဖွဲ့၏ အခြားအဖွဲ့ဝင်များနှင့်အတူ လက်တွဲလုပ်ဆောင်နိုင်ပါသည်။  

သင်၏ စောင့်ရှောက်မှုအဖွဲ့ကို မေးရမည့် မေးခွန်းများ

  • ကျွန်ုပ်ကလေးသည် မည်သည့်အတွက်ကြောင့် အလုပ်အကိုင်ကုထုံးကို လိုအပ်ပါသနည်း။  
  • ကျွန်ုပ်ကလေးသည် OT ကို မည်မျှမကြာခဏ ခံယူသင့်ပါသနည်း။ 
  • ကျွန်ုပ်ကလေးအတွက် အလုပ်အကိုင်ကုထုံး၏ ရည်မှန်းချက်များမှာ မည်သည်တို့ဖြစ်သနည်း။ 
  • ကျွန်ုပ်ကလေး၏ တိုးတက်မှုကို ကူညီပေးရန်အတွက် အိမ်တွင် မည်သည်တို့ကို ပြုလုပ်ပေးနိုင်သနည်း။ 
  • ကျွန်ုပ်ကလေး တိုးတက်လာမှု ရှိ၊ မရှိကို မည်သို့သိရှိနိုင်မည်နည်း။ 
  • ကျွန်ုပ်၏ကလေးသည် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပေးနိုင်သည့် ပစ္စည်းကိရိယာများ သို့မဟုတ် အထောက်အကူပြုကိရိယာများလိုအပ်ပါသလား။ 
  • စောင့်ရှောက်မှုအဖွဲ့ကို မည်သည့်အချိန်တွင် ခေါ်ဆိုသင့်ပါသနည်း။ 

အလုပ်အကိုင်ကုထုံးနှင့် ပတ်သက်သည့် အဓိကအချက်များ

  • အလုပ်အကိုင်ကုထုံး (OT) သည် လူများအတွက် အရေးကြီးသည့် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် နေ့စဉ်ဘဝလှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ရန် ကူညီပေးပါသည်။ 
  • ကလေးများအတွက်၊ OT သည် ၎င်းတို့အား ဖွံ့ဖြိုးမှုဆိုင်ရာ မှတ်တိုင်များကို ရောက်ရှိစေရန်၊ ကျောင်းတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် သို့မဟုတ် ပိုမို၍ အမှီအခိုကင်းစွာ ရပ်တည်နိုင်စေရန် ကူညီပေးနိုင်ပါသည်။ 
  • ကလေးဆိုင်ရာအလုပ်အကိုင်ကုထုံးသည် အနုစိပ်ကြွက်သားလှုပ်ရှားမှုစွမ်းရည်၊ မိမိကိုယ်ကို စောင့်ရှောက်ခြင်း၊ ဘဝနေထိုင်မှုစွမ်းရည်၊ လက်-မျက်စိ ညှိနှိုင်းဆောင်ရွက်မှု၊ တွေးခေါ်မှုနှင့် လေ့လာသင်ယူမှု စွမ်းရည်၊ အာရုံခံမှုဆိုင်ရာ ပြဿနာများ၊ ကစားခြင်းနှင့် လူမှုဆက်ဆံရေးစွမ်းရည်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပေးနိုင်သည့် ပစ္စည်းကိရိယာများ အသုံးပြုခြင်းတို့ကို အာရုံစိုက်နိုင်ပါသည်။ 
  • အလုပ်အကိုင်ကုထုံးကို အိမ်တွင်၊ ကျောင်းတွင်၊ ဆေးရုံတွင် သို့မဟုတ် ဆေးခန်းတွင် ပြုလုပ်နိုင်ပါသည်။  
  • အိမ်တွင် သင့်ကလေး တိုးတက်မှုကို ကူညီပေးရန်အတွက် မည်သည်တို့အား လုပ်ဆောင်ပေးနိုင်သည်ကို သင်၏ အလုပ်အကိုင်ကုထုံးပညာရှင်အား မေးမြန်းပါ။  
  • သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့သည် လိုအပ်ပါက သင့်ကို အလုပ်အကိုင်ကုထုံးပညာရှင်ထံသို့ လွှဲပြောင်းပေးနိုင်ပါသည်။  

နောက်ထပ်သတင်းအချက်အလက်များ ရှာဖွေပါ


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဧပြီလ၊ 2026 ခုနှစ်

ဆက်စပ်သည့် အကြောင်းအရာ