အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


COVID-19

COVID-19 ဆိုသည်မှာ အဘယ်နည်း။

COVID-19 သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ 2019 ကို ဆိုလိုပါသည်။ ၎င်းသည် SARS-CoV-2 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါတစ်ခုဖြစ်ပါသည်။ COVID-19 သည် အဆုတ်၊ နှာခေါင်းနှင့် လည်ချောင်းအပါအဝင် အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်စေပါသည်။

COVID-19 ရောဂါရှိသူလူနာအများစုတွင် အအေးမိခြင်း သို့မဟုတ် တုပ်ကွေးရောဂါကဲ့သို့သော အပျော့စားရောဂါလက္ခဏာများသာ ရှိကြပါသည်။ သို့သော်လည်း တချို့လူများတွင် အဆုတ်ရောင်ရောဂါကဲ့သို့သော ပိုမိုပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများ သို့မဟုတ် နာတာရှည်ပြဿနာများ ဖြစ်လာနိုင်ပါသည်။

COVID-19 သည် လူတစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်ပါသည်။ ရောဂါကူးစက်ခံရသူများသည် ရောဂါလက္ခဏာမပြသသော်လည်း ဗိုင်းရပ်စ်ပိုးကို ပျံ့နှံ့စေနိုင်ပါသည်။

သင်သည် COVID-19 ကာကွယ်ဆေးကို နောက်ဆုံးအထိ ထိုးနှံထားခြင်းဖြင့် ပြင်းထန်သောရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ ကာကွယ်ဆေးဆိုင်ရာ အသေးစိတ်အကြံပြုချက်အချို့နှင့် ပတ်သက်၍ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးပါ။

COVID-19 ၏ ကနဦးရောဂါလက္ခဏာများတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှူကြပ်ခြင်းနှင့် လည်ချောင်းနာခြင်းတို့ ပါဝင်ပါသည်။

COVID-19 ၏ ရောဂါလက္ခဏာအများစုသည် အအေးမိခြင်း သို့မဟုတ် တုပ်ကွေးရောဂါတို့၏ ရောဂါလက္ခဏာများနှင့် ဆင်တူပါသည်။ တချို့လူများတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးဖြစ်သော်လည်း ရောဂါလက္ခဏာများ မပြဘဲ ဖြစ်နိုင်ပါသည်။

COVID-19 ၏ ရောဂါလက္ခဏာများ

COVID-19 ရှိသူ လူအများစုသည် အပျော့စားရောဂါလက္ခဏာများ ရှိပါသည်။ တချို့လူများတွင် မည်သည့်ရောဂါလက္ခဏာမျှ မပြသပါ။ COVID-19 ၏ ရောဂါလက္ခဏာများတွင် အောက်ပါတို့ပါဝင်ပါသည်-

  • ဖျားခြင်း
  • ချောင်းဆိုးခြင်း
  • ချမ်းတုန်ခြင်း
  • အသက်ရှူမဝခြင်း
  • ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း
  • နှာရည်ယိုခြင်း
  • လည်ချောင်းနာခြင်း
  • အနံ့နှင့် အရသာ အာရုံခံနိုင်စွမ်း ပျောက်ဆုံးခြင်း

အချို့အခြေအနေများတွင် COVID-19 ခံစားရသူများသည် အလွန်ပြင်းထန်စွာ ဖျားနာလာကြပါသည်။ ပြင်းထန်စွာ ဖျားနာမှု၏ သတိပေးလက္ခဏာများမှာ-

  • အသက်ရှူမဝခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း
  • ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ဖိအားများခြင်း
  • နှုတ်ခမ်း သို့မဟုတ် မျက်နှာ ပြာနှမ်းခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • သတိလျော့နည်းလာခြင်း
  • သတိမေ့ခြင်း

ဖျားနာနေသော သို့မဟုတ် ကိုယ်ခံအားစနစ် အားနည်းနေသော ကလေးများတွင် ဖြစ်ပွားသည့် COVID-19

အချို့သော ဆေးဘက်ဆိုင်ရာ အခြေအနေများရှိသော သို့မဟုတ် ကိုယ်ခံအားစနစ် အားနည်းသော ကလေးများသည် ပြင်းထန် COVID-19 ဖြစ်နိုင်ခြေ ပိုများပါသည်။ လူနာအများစုသည် COVID-19 ကူးစက်ခံရပါက အတော်ကောင်းမွန်စွာ နေထိုင်နိုင်ကြပါသည်။ သို့သော်လည်း COVID-19 သည် လူနာတချို့အတွက် အသက်အန္တရာယ် ရှိနိုင်ပါသည်။

ကလေးအချို့သည် COVID-19 ကြောင့် ပြင်းထန်သောဖျားနာနိုင်ခြေ မြင့်မားပါသည်။ သင့်ကလေး၏ အန္တရာယ်ဖြစ်နိုင်ခြေကို မြင့်မားစေသည့် အခြေအနေများ သို့မဟုတ် အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • ကင်ဆာ
  • ကိုယ်ခံအားစနစ် ချို့ယွင်းမှုများ
  • အဆုတ် သို့မဟုတ် နှလုံးရောဂါများကဲ့သို့သော နာတာရှည်ကျန်းမာရေးအခြေအနေများ
  • အဝလွန်ခြင်း
  • ကိုယ်ခံအားစနစ်ကို အားနည်းစေသည့် ကုသမှုများ
  • ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု
  • တံစဉ်ပုံသွေးနီဆဲလ်ရောဂါ

တံစဉ်ပုံသွေးနီဆဲလ်ရောဂါရှိသည့် ကလေးများတွင် COVID-19 သည် အောက်ပါတို့ကို ဖြစ်စေနိုင်ပါသည်-

  • ဖျားခြင်း
  • ထပ်တလဲလဲ နာကျင်မှုကို ခံစားရမှုများ
  • ပြင်းထန်သော အဆုတ်ရောင်ရောဂါ
  • အခြားအဆုတ်ဆိုင်ရာ ပြဿနာများ

သင်၏ကလေးသည် ကိုယ်ခံအားစနစ် အားနည်းနေပါက ကြိုတင်ပြင်ဆင်၍ နေထိုင်မကောင်း မဖြစ်စေဖို့ အဆင့်ဆင့်ကာကွယ်ရန်မှာ အရေးကြီးပါသည်။ သင်၏ ကလေးသည် COVID-19 နှင့် ထိတွေ့မိပါက သို့မဟုတ် ရောဂါလက္ခဏာများရှိပါက သင့်ဆရာဝန်ထံသို့ ဖုန်းခေါ်ဆိုပါ။

COVID-19 ကို မည်သို့ ကာကွယ်ရမည်နည်း

ညွှန်ကြားထားသည့်အတိုင်း နှာခေါင်းစည်းကို ဝတ်ဆင်ပါ

ဆရာဝန်က အကြံပြုထားသည့်အတိုင်း နှာခေါင်းစည်း သို့မဟုတ် မျက်နှာအကာကိုဝတ်ဆင်ပါ။ သင်၏ကလေးသည် ကိုယ်ခံအားကျဆင်းနေပါက လိုအပ်သော နှာခေါင်းစည်း အမျိုးအစားနှင့် အသုံးပြုနည်းလမ်းညွှန်တို့အကြောင်းကို သင်၏ပြုစုစောင့်ရှောက်မှုအဖွဲ့သို့ မေးမြန်းပါ။

နေထိုင်မကောင်း မဖြစ်စေဖို့ အဆင့်ဆင့်ကာကွယ်ရန် ဆောင်ရွက်ပါ

ရိုးရှင်းသော အဆင့်များသည် COVID-19 ရောဂါ ပျံ့နှံ့မှုကို ကာကွယ်ရန်နှင့် နေမကောင်းဖြစ်ခြင်းကို ကာကွယ်ပေးရန် ကူညီပေးနိုင်ပါသည်။

  • ဆပ်ပြာနှင့် ရေကို အသုံးပြု၍ လက်ကို မကြာခဏ ဆေးကြောပါ။ သို့မဟုတ် အရက်ပြန်ပါဝင်သည့် လက်သန့်ဆေးရည်ကို အသုံးပြုပါ။
  • နေမကောင်းဖြစ်နေသည့် လူများနှင့် ဝေးဝေးတွင် နေပါ။
  • COVID-19 ဖြစ်နိုင်ခြေနှင့် သင့်ကလေး၏ ကျန်းမာရေးလိုအပ်ချက်များအကြောင်းကို သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
  • ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာပါက လုပ်ဆောင်ရမည့် အချက်များကို သိရှိပါ။ အရေးပေါ်အခြေအနေမှလွဲ၍ စောင့်ရှောက်မှုပေးသူထံသို့ မသွားမီ ကြိုတင်ဖုန်းခေါ်ဆိုပါ။ အရေးပေါ်ပြုစုစောင့်ရှောက်မှု လိုအပ်သော COVID-19 သတိပေးချက်လက္ခဏာများအကြောင်း သိရှိပါ။

COVID-19 ကာကွယ်ဆေး ထိုးနှံပါ

COVID-19 ကာကွယ်ဆေးသည် ပြင်းထန်သော COVID-19 ကို ကာကွယ်ရန်အတွက် ဘေးကင်း၍ ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ အရည်အချင်းပြည့်မီသူတိုင်းသည် COVID-19 ကာကွယ်ဆေးကို ထိုးနှံသင့်ပါသည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) မှ အသက် 6 လနှင့် အထက်ရှိသူတိုင်းသည် အပ်ဒိတ်ပြုလုပ်ထားသည့် COVID-19 ကာကွယ်ဆေးကို ထိုးနှံရန် အကြံပြုထားပါသည်။

COVID-19 ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများသည် များသောအားဖြင့် ပြင်းထန်ခြင်းမရှိဘဲ နာကျင်ခြင်း၊ ဆေးထိုးသည့်နေရာတွင် ရောင်ရမ်းခြင်းနှင့် ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်းတို့ ပါဝင်ပါသည်။ ဤဘေးထွက်ဆိုးကျိုးများသည် ကာကွယ်ဆေးထိုးနှံပြီး ပထမ 3 ရက်အတွင်း ဖြစ်ပေါ်တတ်ပြီး 1–2 ရက်အတွင်း ပျောက်ကင်းသွားနိုင်ပါသည်။

အကယ်၍ သင့်ကလေးသည် ကိုယ်ခံအားစနစ် အားနည်းပါက သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ကာကွယ်ဆေး ထပ်မံထိုးနှံရန် အကြံပြုနိုင်ပါသည်။ သင့်ကလေး၏ ဆေးဘက်ဆိုင်ရာလိုအပ်ချက်များအရ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ အကြံပြုချက်များနှင့် ပက်သက်၍ သင့်စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။

"COVID-19 ကာကွယ်ဆေးများ" ရောင်စုံခြယ်စာအုပ်

ရောင်စုံခြယ်စာအုပ်သည် ကလေးများအတွက် COVID-19 ကာကွယ်ဆေးများနှင့် ၎င်းတို့အလုပ်လုပ်ဆောင်ပုံအကြောင်းကို လေ့လာရန်အတွက် ပျော်စရာနည်းလမ်းတစ်ခု ဖြစ်ပါသည်။

ကြည့်ရှု၍ ဒေါင်းလုဒ်ပြုလုပ်ပါ

မိသားစုများအတွက် COVID-19 ဆိုင်ရာ အကြံပြုချက်များ

  • COVID-19 ကာကွယ်ဆေးသည် COVID-19 ကို ကာကွယ်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။ ၎င်းသည် အသက် 6 လနှင့် အထက် မည်သူမဆို ထိုးနှံနိုင်ပါသည်။
  • ယခင်က ကာကွယ်ဆေးထိုးနှံမှု သို့မဟုတ် ကာကွယ်ဆေးတွင်ပါဝင်သော ပါဝင်ပစ္စည်းတစ်ခုခုနှင့် ပြင်းထန်သောဓာတ်မတည့်မှုဖြစ်ခြင်း မရှိခဲ့ပါက သို့မဟုတ် ကာကွယ်ဆေးထိုးနှံ၍ မရသည့် အခြားကျန်းမာရေးဆိုင်ရာ အခြေအနေမရှိပါက အရည်အချင်းပြည့်မီသူတိုင်းသည် COVID-19 ကာကွယ်ဆေးကို နောက်ဆုံးအထိ ထိုးနှံထားသင့်ပါသည်။
  • ဖျားနာမှု သို့မဟုတ် သီးခြားနေထိုင်နေရမှုကြောင့် အိမ်ထဲတွင်နေထိုင်ရမည်ဆိုပါက သင့်ထံတွင် အပိုဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာအသုံးအဆောင်အပိုများ အသင့်ရှိနေကြောင်း သေချာပါစေ။
  • အထူးသဖြင့် သင်သည် ဗိုင်းရပ်စ်နှင့် ထိတွေ့ခဲ့ရနိုင်ပါက၊ COVID-19 ရောဂါလက္ခဏာများကို သတိပြုပါ။
  • သင့်ကလေး၏ အန္တရာယ်ဖြစ်နိုင်ခြေအကြောင်းကို သင့်စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပြီး ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက မည်သို့လုပ်ရမည်ကို သိရှိပါ။

စောင့်ရှောက်မှုအသင်းကို မေးမြန်းရန် မေးခွန်းများ

  • ကျွန်ုပ်၏ကလေးတွင် COVID-19 ရောဂါလက္ခဏာများရှိပါက ကျွန်ုပ် ဘာလုပ်သင့်သနည်း။
  • COVID-19 နှင့် တုပ်ကွေးရောဂါ ဖျားနာမှုသည် မည်သည်တို့ ကွာခြားသနည်း။
  • COVID-19 သည် ကိုယ်ခံအားစနစ်အားနည်းသည့် ကလေးများကို မည်ကဲ့သို့အကျိုးသက်ရောက်စေသနည်း။
  • ကျွန်ုပ်၏ကလေးအတွက် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ အကြံပြုချက်များမှာ အဘယ်နည်း။
  • ကျွန်ုပ်၏ကလေးသည် COVID-19 ကာကွယ်ဆေးကို မည်သည့်အချိန်တွင် ထိုးနှံသင့်သနည်း။
  • COVID-19 ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများမှာ အဘယ်နည်း။

COVID-19 နှင့် ပတ်သက်သည့် အဓိကအချက်များ

  • COVID-19 (coronavirus disease 2019) သည် SARS-CoV-2 ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပါသည်။
  • COVID-19 သည် အဆုတ်၊ နှာခေါင်းနှင့် လည်ချောင်းတို့ကို ထိခိုက်စေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပါသည်။
  • COVID-19 ကာကွယ်ဆေးသည် ပြင်းထန်သော COVID-19 ကို ကာကွယ်ရန်အတွက် ဘေးကင်း၍ ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။
  • ကိုယ်ခံအားစနစ် အားနည်းသည့် ကလေးများသည် ပြင်းထန် COVID-19 ဖြစ်နိုင်ခြေ ပိုများပါသည်။
  • သင့်ကလေး၏ အန္တရာယ်အကြောင်းနှင့် မည်သည့်အချိန်တွင် ဆေးကုသမှုခံယူရမည့်အကြောင်းကို သင့်စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။


ပြန်လည်သုံးသပ်သည့် ရက်စွဲ- ဇန်နဝါရီ 2024

ဆက်စပ် အကြောင်းအရာ