အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ကင်ဆာရောဂါ (Cancer) ကို နားလည်ခြင်း

ကင်ဆာရောဂါ (Cancer) သည် ဆဲလ်များ မကျန်းမာသောပုံစံဖြင့် ကြီးထွားလာသည့် ရောဂါတစ်မျိုး ဖြစ်သည်။

ခန္ဓာကိုယ်ထဲတွင် ဓာတုဗေဒဆိုင်ရာ အချက်ပြမှုများသည် ဆဲလ်များ မည်ကဲ့သို့ ကြီးထွားပြီး ပွားများရမည်ကို ထိန်းချုပ်ပေးသည်။ ဆဲလ်များ ပျက်စီးသွားသောအခါ သို့မဟုတ် အိုမင်းရင့်ရော်လာသောအခါတွင် ၎င်းတို့သည် သေဆုံးသွားကြသည်။ ကျန်းမာသောဆဲလ်များက ၎င်းတို့၏နေရာတွင် အစားထိုးဝင်ရောက်လာသည်။

ကင်ဆာရောဂါ (Cancer) တွင် ထိုဓာတုဗေဒဆိုင်ရာ အချက်ပြမှုများမှာ ကောင်းမွန်စွာ အလုပ်မလုပ်တော့ပေ။ ကင်ဆာဆဲလ်များသည် ရပ်တန့်သင့်သည့်အချိန်တွင် ဆက်လက်ကြီးထွားပြီး ပွားများနေတတ်သည်။ ကင်ဆာဆဲလ်များသည် ကျန်းမာသောဆဲလ်များကို တွန်းထုတ်ပြီး ခန္ဓာကိုယ်၏ လုပ်ဆောင်သင့်သည့်အတိုင်း လုပ်ဆောင်ရန် ခက်ခဲစေနိုင်သည်။

ပုံမှန် အရိုးတွင်းခြင်ဆီကို အဏုကြည့်မှန်ပြောင်းအောက်တွင် မြင်ရပုံ

ဤအဏုကြည့်မှန်ပြောင်းတွင် မြင်ရသောပုံသည် ပုံမှန်၊ ကျန်းမာသန်စွမ်းသော အရိုးတွင်းခြင်ဆီပုံကို ပြသည်။

ပြင်းထန်သော လင့်ဖိုဘလက်စတစ် သွေးကင်ဆာ (Acute Lymphoblastic Leukemia) လူနာ၏ အရိုးတွင်းခြင်ဆီကို အဏုကြည့်မှန်ပြောင်းကြည့်အောက်တွင် မြင်ရပုံ

ဤအဏုကြည့်မှန်ပြောင်းပုံသည် ပြင်းထန်သော လင့်ဖိုဘလက်စတစ် သွေးကင်ဆာ (Acute Lymphoblastic Leukemia) လူနာ၏ အရိုးတွင်းခြင်ဆီပုံကို ပြသည်။

ကျန်းမာသောဆဲလ်များသည် ကင်ဆာဆဲလ်များ မည်သို့ဖြစ်လာသနည်း

ဆဲလ်တိုင်းသည် မျိုးရိုးဗီဇများမှ အချက်အလက်များ ရရှိသည်။ ကင်ဆာရောဂါ (Cancer)သည် တစ်ခုတည်းသောဆဲလ်၏ မျိုးရိုးဗီဇများအတွင်း ပြောင်းလဲမှုဖြင့် စတင်သည်။ ဤပြောင်းလဲမှုများကို မျိုးရိုးဗီဇပြောင်းလဲမှုများဟုခေါ်သည်။

မျိုးရိုးဗီဇပြောင်းလဲမှုအများစုသည် အန္တရာယ်မရှိပါ။ သို့သော် တစ်ခါတစ်ရံတွင် ဤမျိုးရိုးဗီဇပြောင်းလဲမှုများသည် ဆဲလ်ကြီးထွားမှု၏ ထိန်းချုပ်မှုကို ပြောင်းလဲစေသည်။

အရွယ်ရောက်ပြီးသူများတွင် ဖြစ်ပွားသည့် ကင်ဆာအချို့ကဲ့သို့ မဟုတ်ဘဲ၊ လူနေမှုပုံစံနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများသည် ကလေးကင်ဆာရောဂါ (Pediatric Cancer) များကို မဖြစ်စေပါ။ ကလေးသူငယ်ကင်ဆာရောဂါ (Childhood Cancer) များသည် မတော်တဆဖြစ်ပွားသော မျိုးရိုးဗီဇပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသည်။

ဆဲလ်များကွဲသွားသောအခါ မျိုးရိုးဗီဇပြောင်းလဲမှုများသည် အမှားများအဖြစ် ဖြစ်ပေါ်လေ့ရှိသည်။

ဗိုင်းရပ်စ်များသည် အချို့သောမျိုးရိုးဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်တက်သည်။ ဤဗိုင်းရပ်စ်များတွင် လူ့အရေပြားနှင့် အကျိအချွဲမြှေးများတွင် ကြွက်နို့ဖြစ်စေသော ဗိုင်းရပ်စ် (HPV) နှင့် အသည်းရောင် အသားဝါ ဘီနှင့် စီ ဗိုင်းရပ်စ်များပါဝင်သည်။

ကလေးငယ်များသည် တစ်ခါတစ်ရံတွင် မိဘများထံမှ မျိုးရိုးမျိုးရိုးဗီဇပြောင်းလဲမှုများကို မျိုးရိုးလိုက်ခြင်းဖြင့် ရရှိတတ်ကြသည်။

ကင်ဆာရောဂါ (Cancer) သို့မဟုတ် အခြားရောဂါများအတွက် မျိုးရိုးဗီဇစစ်ဆေးခြင်းအကြောင်းကို လေ့လာပါ။

ဆဲလ်တစ်ခုချင်းစီကို ၎င်းတို့ မည်သို့လုပ်ဆောင်ရမည်၊ မည်သည့်အချိန်တွင် ကြီးထွားပြီး ဆဲလ်ကွဲပွားရမည်ကို ညွှန်ကြားပေးသည့် မျိုးရိုးဗီဇများက ထိန်းချုပ်ထားပါသည်။

ဆဲလ်တစ်ခုချင်းစီကို ၎င်းတို့ မည်သို့လုပ်ဆောင်ရမည်၊ မည်သည့်အချိန်တွင် ကြီးထွားပြီး ဆဲလ်ကွဲပွားရမည်ကို ညွှန်ကြားပေးသည့် မျိုးရိုးဗီဇများက ထိန်းချုပ်ထားပါသည်။

ကင်ဆာရောဂါ (Cancer) ကို ဘယ်လို အမည် ခေါ်သလဲ

ကင်ဆာရောဂါ (Cancer) ကို ၎င်းစတင်သည့် ဆဲလ် သို့မဟုတ် အသားစအမျိုးအစားပေါ် မူတည်၍ အမည်ပေးသည်။ ဥပမာအားဖြင့်၊ ဦးနှောက် သို့မဟုတ် အာရုံကြောမကြီးအတွင်း ဖြစ်ပွားတတ်သော ကင်ဆာရောဂါ (Astrocytoma) သည် အက်စထရိုဆိုက် ဟုခေါ်သော ဆဲလ်များမှ စတင်ဖြစ်ပွားခြင်း ဖြစ်သည်။ ပြီးတော့ နျူရိုဘလတ်စတိုးမား သည် နျူရိုဘလတ်စ် ဟုခေါ်သော မရင့်မှည့်သေးသည့် အာရုံကြောဆဲလ်များမှ ကြီးထွားလာခြင်း ဖြစ်သည်။

ကလေးသူငယ်များတွင် ကင်ဆာရောဂါ (Cancer) အမျိုးအစား ပေါင်း 100 ကျော် ဖြစ်ပွားတတ်သည်။ ကင်ဆာရောဂါ (Cancer) အမျိုးအစား သီးသန့်ခွဲခြားသတ်မှတ်ခြင်းကို ဆဲလ်များအား အဏုကြည့်မှန်ပြောင်းအောက်တွင် မြင်တွေ့ရသည့် ပုံသဏ္ဌာန်နှင့် ၎င်းဆဲလ်များ၏ မော်လီကျူးနှင့် မျိုးရိုးဗီဇဆိုင်ရာ သွင်ပြင်လက္ခဏာများအပေါ် မူတည်၍ ဆုံးဖြတ်ခြင်း ဖြစ်သည်။

ကင်ဆာရောဂါ (Cancer) ကြီးထွားပုံနှင့် ပြောင်းလဲပုံ

ကင်ဆာရောဂါ (Cancer) အများစုသည် ဆဲလ်အစုအဝေးများ သို့မဟုတ် အကျိတ်ခဲများကို ဖြစ်ပေါ်စေသည်။ ဤဆဲလ်အစုအဝေးများသည် ခဲနေသောအကျိတ်ကို ဖြစ်ပေါ်စေသည်။ သွေးကင်ဆာ (Leukemia) ကဲ့သို့သော အခြားကင်ဆာများသည် သွေးထဲတွင် လှည့်လည်သွားလာပြီး အကျိတ်ခဲများ ဖြစ်ပေါ်ခြင်းမရှိပါ။

ခဲနေသောအကျိတ် ကြီးထွားလာသည်နှင့်အမျှ အချို့သောဆဲလ်များသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများဆီသို့ ရောက်ရှိသွားနိုင်သည်။ ၎င်းကို ကင်ဆာပျံ့နှံ့ခြင်းဟု ခေါ်သည်။.

ကင်ဆာရောဂါ (Cancer) သည် အနီးနားရှိ တစ်သျှူးများဆီသို့လည်း ပျံ့နှံ့သွားနိုင်သည်။

ကင်ဆာရောဂါ (Cancer) စတင်ဖြစ်ပွားရာနေရာကို မူလအကျိတ်ဟု ခေါ်သည်။ ပျံ့နှံ့သွားသော ကင်ဆာရောဂါ (Cancer) ကို မူလအကျိတ်အား အစွဲပြု၍ အမည်မှည့်ခေါ်သည်။ ဥပမာအားဖြင့်၊ အရိုးတွင်စတင်ဖြစ်ပွားပြီး အဆုတ်သို့ပျံ့နှံ့သွားသော အရိုးကင်ဆာ (Osteosarcoma) ကို အဆုတ်ကင်ဆာ (Lung Cancer)ဟု မခေါ်ဘဲ ပျံ့နှံ့နေသော အရိုးကင်ဆာ (Metastatic Osteosarcoma) ဟု ခေါ်ဆိုပါသည်။

ကင်ဆာဆဲလ်များသည် ၎င်းတို့ကြီးထွားမှုကို အထောက်အကူပြုသည့် လက္ခဏာများ ရှိတတ်သည်။ ၎င်းတို့သည် ပုံမှန်ဆဲလ်များထက် ပိုမိုမြန်ဆန်စွာ ကွဲပွားနိုင်ကြသည် သို့မဟုတ် ပုံမှန်အားဖြင့် ဆဲလ်ကွဲပွားမှု ရပ်တန့်ရမည့်အချိန်တွင် ရပ်တန့်မသွားဘဲ ဆက်တိုက်ဆိုသလို ဆဲလ်ကွဲပွားနေတတ်ကြသည်။ အချို့သော ကင်ဆာဆဲလ်များသည် ၎င်းတို့အား ပိုမိုမြန်ဆန်စွာ ပွားများစေနိုင်သည့် မျိုးရိုးဗီဇပြောင်းလဲမှုအသစ်များကို ဆက်လက်၍ ဖြစ်ပေါ်စေသည်။

ကင်ဆာဆဲလ်များ ကြီးထွားလာပြီး ကျန်းမာသော တစ်သျှူးများထဲသို့ ရွေ့လျားလာသည်နှင့်အမျှ အကျိတ်များသည် သွေးကြောများ၊ အာရုံကြောများ၊ နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖိမိလာနိုင်ပါသည်။ ကင်ဆာဆဲလ်များသည် ကျန်းမာသောဆဲလ်များကို ပိတ်ဆို့လာနိုင်ပါသည်။ ၎င်းသည် ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်တော့ဘဲ ထိခိုက်ပျက်စီးအောင် တားဆီးပိတ်ပင်နိုင်ပါသည်။

ကလေးသူငယ်ကင်ဆာရောဂါ (Childhood Cancer) ကို ဘယ်လို ကုသမလဲ

ကလေးသူငယ်ကင်ဆာရောဂါ အတွက် အဓိကကုသမှုများ တွင် အောက်ပါတို့ ပါဝင်သည်- 

  • အကျိတ် အချို့ သို့မဟုတ် အားလုံးကို ဖယ်ရှားရန်ခွဲစိတ်ကုသခြင်း 
  • ကင်ဆာဆဲလ်များကို သတ်ရန် သို့မဟုတ် ၎င်းတို့၏ ကြီးထွားမှုကို ရပ်တန့်ရန် ပြင်းထန်သောဆေးဝါးများကို အသုံးပြုသည့် ဓာတုကုထုံး
  • အကျိတ်များကို ကျုံ့သွားစေရန်နှင့် ကင်ဆာဆဲလ်များကို သတ်ရန် ဓာတ်ရောင်ခြည်ကုထုံး 
  • ကင်ဆာရောဂါကို တိုက်ဖျက်ရန် ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကိုယ်ခံအားစနစ်သုံးကုထုံး
  • ကင်ဆာဆဲလ်များ၏ အချို့သော သွင်ပြင်လက္ခဏာများကို ပစ်မှတ်ထားသည့် ဆေးဝါးများကို အသုံးပြုသော ပစ်မှတ်ထားကုထုံး

ကင်ဆာရောဂါ (Cancer) အတွက် အသုံးပြုမည့် ကုသမှုအမျိုးအစားနှင့် ပေါင်းစပ်မှုများသည် အချက်အလက်များစွာအပေါ် မူတည်ပါသည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်-

  • ကင်ဆာရောဂါ (Cancer) အမျိုးအစား
  • အကျိတ် တည်ရှိရာနေရာ
  • ကင်ဆာရောဂါ (Cancer) သည် အသစ်ဖြစ်ပွားခြင်း သို့မဟုတ် ပြန်လည်ဖြစ်ပွားခြင်း ရှိ၊ မရှိ အခြေအနေ
  • ကင်ဆာရောဂါ (Cancer) ၏ အဆင့် 
  • ကလေး၏ အသက်အရွယ်

ကင်ဆာရောဂါ (Cancer) ကုသမှုများနှင့် ဆက်လက်လုပ်ဆောင်နေသော သုတေသနလုပ်ငန်းများ

ကလေးသူငယ်ကင်ဆာရောဂါ (Childhood Cancer) အမျိုးအစားများစွာအတွက် ပိုမိုကောင်းမွန်သော ကုသမှုများသည် အသက်ရှင်သန်မှုနှုန်းကို တိုးမြင့်လာစေသည်။ အမေရိကန်ပြည်ထောင်စုတွင် ကင်ဆာရောဂါ (Cancer) ဝေဒနာရှင် ကလေးငယ်များ၏ 80% ကျော်သည် 5 နှစ် သို့မဟုတ် ထို့ထက်ပို၍ အသက်ရှင်သန်ကြသည်။ သို့သော် အချို့သော ကင်ဆာရောဂါ အမျိုးအစားများအတွက်မူ အသက်ရှင်သန်နိုင်ခြေနှုန်း သည် နည်းပါးနေဆဲ ဖြစ်သည်။

သိပ္ပံပညာရှင်များသည် မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်းများနှင့် ကင်ဆာဆဲလ်များ၏ တိကျသော သွင်ပြင်လက္ခဏာများအကြောင်းကို ပိုမိုသိရှိနိုင်ရန် ဆက်လက်လေ့လာနေကြသည်။ ဤရှာဖွေတွေ့ရှိချက်များသည် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဆိုင်ရာ တိုးတက်မှုများကို ဦးတည်စေနိုင်ပါသည်။

ကင်ဆာရောဂါ (Cancer) သုတေသန၏ အရေးပါပုံအကြောင်းကို ပိုမိုလေ့လာပါ။

သင်၏ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ကို မေးရန် မေးခွန်းများ

  • ကျွန်ုပ်တို့၏ ကုသမှုနည်းလမ်းများသည် အဘယ်နည်း။
  • ကုသမှုတစ်မျိုးချင်းစီ၏ ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများသည် အဘယ်နည်း။
  • နောက်ဆက်တွဲဆိုးကျိုးများကို စီမံခန့်ခွဲရန် မည်သည့်အရာများကို လုပ်ဆောင်နိုင်သနည်း။
  • ကျွန်ုပ်၏ ကလေးသည် ကုသမှုအတွက် ဆေးရုံတက်ရန် လိုအပ်ပါသလား။
  • ကုသမှုကို မည်သည့်နေရာတွင် ရရှိနိုင်သနည်း။ ၎င်းသည် အိမ်နှင့် နီးပါသလား သို့မဟုတ် ကျွန်ုပ်တို့ ခရီးသွားရမည်လား။

ကင်ဆာရောဂါ (Cancer) နှင့်ပတ်သက်‌‌သော အဓိကအချက်များ

  • ကလေးသူငယ်ကင်ဆာရောဂါ (Childhood Cancer) သည် ဆဲလ်များ ကြီးထွားခြင်းနှင့် ကွဲပွားခြင်းပုံစံကို သက်ရောက်မှုရှိစေသည့် မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် အဓိက ဖြစ်ပွားလေ့ရှိသည်။
  • ကင်ဆာဆဲလ်များသည် လျင်မြန်စွာ ကြီးထွားပြီး ခန္ဓာကိုယ်၏ တစ်သျှူးတစ်ခုမှ တစ်ခုသို့ ပျံ့နှံ့သွားနိုင်သည်။ ၎င်းကို ကင်ဆာပျံ့နှံ့ခြင်းဟု ခေါ်သည်။
  • ကလေးကင်ဆာရောဂါ (Pediatric Cancer) ကုသမှုများတွင် ခွဲစိတ်ကုသခြင်း၊ ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး၊ ကိုယ်ခံအားစနစ်သုံးကုထုံး နှင့် ပစ်မှတ်ထားကုထုံးတို့ ပါဝင်သည်။
  • သိပ္ပံပညာရှင်များသည် ကင်ဆာရောဂါ (Cancer) တွင် ဖြစ်ပွားသော မျိုးရိုးဗီဇပြောင်းလဲမှုများကို လေ့လာနေကြသည်။ ၎င်းတို့သည် ကင်ဆာရောဂါ (Cancer) ကို ကုသရန် နည်းလမ်းအသစ်များကို ရှာဖွေနေကြသည်။ ဤရှာဖွေတွေ့ရှိချက်များသည် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းကို တိုးတက်ကောင်းမွန်စေမည် ဖြစ်သည်။


ပြန်လည်စစ်ဆေးထားသည်- ဇွန်လ 2023 ခုနှစ်

ဆက်စပ်အကြောင်းအရာများ