အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ကင်ဆာရောဂါအတွက် မျိုးရိုးလိုက်နိုင်ခြေနှင့် မျိုးရိုးဗီဇဆိုင်ရာစမ်းသပ်ခြင်း

ကင်ဆာအတွက် မျိုးရိုးလိုက်နိုင်ခြေဆိုတာ ဘာလဲ။

ကင်ဆာအတွက် မျိုးရိုးလိုက်နိုင်ခြေရှိသူတစ်ဦးသည် မိဘများထံမှ ဆင်းသက်လာနိုင်သော (မျိုးရိုးလိုက်သော) မျိုးရိုးဗီဇပြောင်းလဲမှုများကြောင့် ကင်ဆာဖြစ်ပွားရန် အလားအလာ ပိုမိုမြင့်မားသည်။ 

မျိုးဗီဇ (Genes) များသည် ဆဲလ်များ မည်သို့ကြီးထွားရန်နှင့် မည်သို့အလုပ်လုပ်ရန် အရေးကြီးသော ညွှန်ကြားချက်များကို သယ်ဆောင်ထားသည့် ဒီအန်အေ (DNA) အစိတ်အပိုင်းများ ဖြစ်ကြသည်။ Genes များသည် ဆံပင်နှင့် မျက်လုံးအရောင်ကဲ့သို့သော လက္ခဏာရပ်များကို သတ်မှတ်ပေးသည်။ 

ဗီဇပြောင်းလဲခြင်း (Mutation) ဆိုသည်မှာ မျိုးဗီဇများ၏ လုပ်ဆောင်ပုံကို သက်ရောက်မှုရှိစေသည့် မျိုးဗီဇများအတွင်း ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ အချို့သော ဗီဇပြောင်းလဲမှုများသည် ကင်ဆာဖြစ်ပွားရန် အလားအလာ ပိုများစေနိုင်သည်။ လူတစ်ဦးသည် ထိုဗီဇပြောင်းလဲမှုကို မိသားစုတွင် ပထမဦးဆုံး ခံစားရသူ ဖြစ်နိုင်ပါသည်။ သို့မဟုတ်ပါက ၎င်းတို့သည် မိဘ 1 ဦး သို့မဟုတ် နှစ်ဦးစလုံးထံမှ ထိုမျိုးရိုးဗီဇပြောင်းလဲမှုကို အမွေဆက်ခံခဲ့ခြင်း ဖြစ်နိုင်ပါသည်။ 

ကင်ဆာအတွက် မျိုးရိုးလိုက်နိုင်ခြေရှိခြင်းသည် ထိုသူတွင် ရောဂါဖြစ်ပွားရန် အခွင့်အလမ်း ပိုများခြင်းကို ဆိုလိုသည်။ သို့သော် ထိုသူသည် ကင်ဆာ အမြဲတမ်း ဖြစ်ပွားလိမ့်မည်ဟု မဆိုလိုပါ။ 

ကင်ဆာဖြစ်ပွားနေသော ကလေးများ၏ 10–15% ရာခိုင်နှုန်းခန့်သည် ကင်ဆာမျိုးရိုးလိုက်မှု အန္တရာယ်နှင့် ဆက်စပ်နေသော မျိုးရိုးဗီဇကို သယ်ဆောင်ထားကြသည်။

မျိုးရိုးလိုက်နိုင်ခြေကို မျိုးရိုးဗီဇဆိုင်ရာ သတ်မှတ်ထားခြင်း (Genetic predisposition) ဟုလည်း ခေါ်ဆိုနိုင်သည်။ မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းမှုများနှင့် ရောဂါဖြစ်ပွားနိုင်ခြေရှိသော လက္ခဏာစုများအကြောင်းနောက်ထပ် လေ့လာပါ။

အပြာရောင် ခရိုမိုဆုန်း ဒီအန်အေ (DNA) အမျှင်တန်း

အချို့သော ကင်ဆာများသည် မိသားစုဝင်များတစ်ဆင့် လက်ဆင့်ကမ်းလာသော မျိုးရိုးဗီဇပြောင်းလဲမှု (ဗီဇပြောင်းလဲခြင်း) ကြောင့် ဖြစ်ပွားတတ်သည်။

ကင်ဆာအတွက် မျိုးရိုးဗီဇစစ်ဆေးခြင်း 

မျိုးရိုးဗီဇစစ်ဆေးခြင်းသည် ကင်ဆာဖြစ်စေနိုင်သော လူတစ်ဦး၏ genes အတွင်း ပြောင်းလဲမှုများကို ရှာဖွေခြင်းဖြစ်သည်။ စစ်ဆေးမှုများသည် ကင်ဆာရောဂါသည် မျိုးရိုးလိုက်ခြင်း ရှိ၊ မရှိ ပြသနိုင်သည်။ ၎င်းတို့သည် မိသားစုဝင်များတွင် ကင်ဆာလက္ခဏာများ မပြသသော်လည်း အဆိုပါ ဗီဇပြောင်းလဲမှုကို အတူတူ အမွေဆက်ခံရရှိထားခြင်း ရှိ၊ မရှိကိုလည်း ပြသပေးနိုင်ပါသည်။

မျိုးရိုးဗီဇစစ်ဆေးမှု အမျိုးအစားအများအပြား ရှိပါသည်။ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် မျိုးရိုးဗီဇစစ်ဆေးခြင်းအကြောင်းကို သင်နှင့် ဆွေးနွေးမည်ဖြစ်ပြီး စစ်ဆေးမှုများပြုလုပ်ရန် သင်၏ သဘောတူညီချက်ကို ရယူပါလိမ့်မည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် သွေး၊ တံတွေး (ပါးစပ်မှထွက်သော အရည်) သို့မဟုတ် အခြားတစ်ရှူးနမူနာ အနည်းငယ်ကို ရယူစုဆောင်းပါလိမ့်မည်။ ထို့နောက် ၎င်းတို့သည် ထိုနမူနာကို စစ်ဆေးရန်အတွက် ဓာတ်ခွဲခန်းသို့ ပို့ဆောင်ပါလိမ့်မည်။

နောက်ပိုင်းတွင် သင်သည် စစ်ဆေးမှုရလဒ်များနှင့် ထိုရလဒ်များက သင်နှင့် သင့်မိသားစုအတွက် မည်သို့အဓိပ္ပာယ်သက်ရောက်သည်ကို ဆွေးနွေးရန် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တွေ့ဆုံရပါလိမ့်မည်။

ကင်ဆာအတွက် မျိုးရိုးဗီဇစစ်ဆေးမှုကို မည်သည့်အချိန်တွင် ခံယူသင့်သနည်း

အောက်ပါအခြေအနေများရှိပါက သင့်ကလေးအတွက် မျိုးရိုးဗီဇစစ်ဆေးမှုခံယူရန် သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က အကြံပြုနိုင်ပါသည်-

  • သင့်ကလေးတွင် မျိုးရိုးဗီဇဆိုင်ရာအခြေအနေတစ်ခုနှင့် ဆက်စပ်နေနိုင်သည့် ကင်ဆာအမျိုးအစား ရှိနေခြင်း။
  • သင့်ကလေးတွင် မျိုးရိုးဗီဇဆိုင်ရာအခြေအနေတစ်ခုနှင့် သက်ဆိုင်သည့် သွင်ပြင်လက္ခဏာများ သို့မဟုတ် ကျန်းမာရေးပြဿနာများ ရှိနေခြင်း။
  • မိသားစုဝင်များတွင် ကင်ဆာများနှင့် ဆိုင်သော မျိုးရိုးဗီဇဆိုင်ရာ အခြေအနေတစ်ခုရှိခြင်း။

မျိုးရိုးဗီဇဆိုင်ရာ အကြံပေးပညာရှင်တစ်ဦးသည် သင့်အား မျိုးရိုးဗီဇဆိုင်ရာအခြေအနေများကို နားလည်စေရန်နှင့် မျိုးရိုးဗီဇစစ်ဆေးမှုအတွက် ပြင်ဆင်ရန် ကူညီပေးနိုင်ပါသည်။ ကောင်းကျိုးနှင့် ဆိုးကျိုးများကို သေချာစွာစဉ်းစားရန် အချိန်ယူပြီး သင်စိုးရိမ်ပူပန်မှုများကိုလည်း သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပါ။ အချို့သူများသည် ၎င်းတို့၏ စစ်ဆေးမှုရလဒ်များနှင့် ပတ်သက်၍ ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ သို့မဟုတ် ဒေါသထွက်ခြင်းတို့ ခံစားရနိုင်ပါသည်။ မျိုးရိုးဗီဇဆိုင်ရာ အကြံပေးပညာရှင်တစ်ဦးသည် သင့်အား မည်သည်တို့ကို မျှော်လင့်ထားရမည်ကို သိရှိစေရန်နှင့် ရလဒ်များ၏ အဓိပ္ပာယ်ကို နားလည်စေရန် ကူညီပေးနိုင်ပါသည်။ ၎င်းတို့သည် သင့်အား အာမခံရရှိနိုင်မှုအကြောင်းကို နားလည်စေရန်နှင့် မျိုးရိုးဗီဇစစ်ဆေးမှုအတွက် ရွေးချယ်စရာများကို ရှာဖွေရန်လည်း ကူညီပေးနိုင်ပါသည်။

မျိုးရိုးဗီဇဆိုင်ရာ အကြံဉာဏ်ပေးခြင်းနှင့် စစ်ဆေးခြင်းအကြောင်း နောက်ထပ် လေ့လာပါ။

သင့်မိသားစု၏ ကင်ဆာရာဇဝင်ကို ရှာဖွေဖော်ထုတ်ခြင်း 

သင့်မိသားစု၏ ဆေးဘက်ဆိုင်ရာရာဇဝင်ကို သိရှိခြင်းက မျိုးရိုးလိုက်ကင်ဆာဖြစ်နိုင်ခြေနှင့် ပတ်သက်၍ အရေးကြီးသော အချက်အလက်များကို ပေးနိုင်ပါသည်။ ဖြစ်နိုင်ပါက သင့်ကလေး၏ အနီးစပ်ဆုံးဆွေမျိုးများအကြောင်း အချက်အလက်များကို စုဆောင်းပါ။ ၎င်းတွင် မိဘများ၊ သားသမီးများ၊ မောင်နှမများ၊ ဘိုးဘွားများ၊ အဒေါ်များ၊ ဦးလေးများနှင့် မောင်နှမဝမ်းကွဲများ ပါဝင်သည်။ မည်သည့်ကင်ဆာအမျိုးအစားမဆို လက်ရှိဖြစ်နေသည့် သို့မဟုတ် ဖြစ်ဖူးသည့် မိသားစုဝင်များကို စုံစမ်းဖော်ထုတ်ပါ။

ကင်ဆာဖြစ်ဖူးသည့် မိသားစုဝင်တစ်ဦးစီအတွက် အောက်ပါတို့ကို သိရှိနိုင်ရန် ကြိုးစားပါ-

  • ကင်ဆာ၏ အမျိုးအစား
  • ရောဂါရှာဖွေတွေ့ရှိချိန်တွင် ၎င်းတို့၏ အသက်
  • ထိခိုက်မှုရှိခဲ့သည့် ခန္ဓာကိုယ်အစိတ်အပိုင်း (များ)
  • ၎င်းကို ကုသခဲ့သောနည်းများ
  • မျိုးရိုးဗီဇစစ်ဆေးမှု၏ ရလဒ်များ သို့မဟုတ် ဆေးဘက်ဆိုင်ရာ မှတ်တမ်းများ

မိသားစုဝင်များ၏ ဆေးဘက်ဆိုင်ရာရာဇဝင်ကို သင် မသိရှိနိုင်ခြင်းမျိုး ရှိနိုင်ပြီး၊ ထိုသို့ဖြစ်ခြင်းသည် ပြဿနာမရှိပါ။ အချို့သူများသည် ၎င်းတို့၏ မိသားစုဆေးဘက်ဆိုင်ရာရာဇဝင်ကို စုံလင်စွာ သိရှိနိုင်ကြသည်။ အခြားသူများတွင်မူ အချက်အလက်များစွာ မရှိနိုင်ပါ။ မေးခွန်းများ သို့မဟုတ် စိုးရိမ်ပူပန်မှုများရှိပါက သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပါ။

မျိုးရိုးလိုက်ကင်ဆာဖြစ်နိုင်ခြေနှင့် အတူ ရှင်သန်ခြင်း

သင့်ကလေးတွင် မျိုးရိုးလိုက်ကင်ဆာဖြစ်နိုင်ခြေရှိပါက ၎င်းတို့၏ ကျန်းမာရေးကို စီမံခန့်ခွဲရန်နှင့် စောင့်ကြည့်စစ်ဆေးရန် ကူညီပေးမည့် အဆင့်များရှိပါသည်-

  • ကျန်းမာရေးပြဿနာများကို စောင့်ကြည့်ရန်အတွက် ပုံမှန်ခန္ဓာကိုယ်စစ်ဆေးမှုများနှင့် စစ်ဆေးမှုများကို ခံယူပါ။ ကင်ဆာနှင့် အခြားရောဂါများသည် စောစီးစွာ ရောဂါရှာဖွေတွေ့ရှိပါက ကုသရန် သို့မဟုတ် ပျောက်ကင်းရန် ပိုမိုလွယ်ကူပါသည်။
  • မျိုးရိုးဗီဇစစ်ဆေးမှုရလဒ်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူအားလုံးအား အသိပေးထားပါ။
  • အခြားမိသားစုဝင်များကိုလည်း သေချာစွာအသိပေးထားမှသာ ၎င်းတို့တွင် မျိုးရိုးဗီဇပြောင်းလဲမှု (gene mutation) ရှိ၊ မရှိ စစ်ဆေးရန် စဉ်းစားနိုင်မည် ဖြစ်သည်။
  • သင့်ကလေး၏ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်မည့် နည်းလမ်းများအကြောင်း သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပါ။
  • ကျန်းမာကြံ့ခိုင်မှုနှင့် သက်ရှည်ကျန်းမာမှုကို မြှင့်တင်ရန် ကျန်းမာသော နေထိုင်မှုပုံစံ အလေ့အထများကို လေ့ကျင့်ပါ-
    • ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ
    • ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသုံးပါ
    • နေရောင်ခြည်နှင့် ထိတွေ့မှုကို ကန့်သတ်ပြီး နေလောင်ကာခရမ်ကို သုံးစွဲပါ
    • ဆေးလိပ်မသောက်ပါနှင့် သို့မဟုတ် ဆေးရွက်ကြီးပါဝင်သည့် ပစ္စည်းများကို မသုံးစွဲပါနှင့်
    • အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ
  • သင့်ကလေး၏ ကင်ဆာဖြစ်နိုင်ခြေနှင့် ပတ်သက်၍ အကြံဉာဏ်ပေးနိုင်သော မျိုးရိုးဗီဇဆိုင်ရာ အကြံပေးပညာရှင်နှင့် တွေ့ဆုံပါ။ သင့်ဒေသရှိ မျိုးရိုးဗီဇဆိုင်ရာ အကြံပေးပညာရှင်တစ်ဦးကို ရှာဖွေရန် သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပါ သို့မဟုတ် မျိုးရိုးဗီဇဆိုင်ရာ အကြံပေးပညာရှင်များအဖွဲ့ မှ သင့်၏မျိုးရိုးဗီဇဆိုင်ရာကျန်းမာရေးအတွက် တစ်ဦးချင်းစီအလိုက် အထူးပြု စောင့်ရှောက်မှု သို့ ဝင်ရောက်ကြည့်ရှုပါ။

မျိုးရိုးလိုက်ဖြစ်နိုင်ခြေနှင့် ကင်ဆာအတွက် မျိုးရိုးဗီဇစစ်ဆေးခြင်းအကြောင်း မေးမြန်းရမည့် မေးခွန်းများ

  • ကျွန်ုပ်၏ကလေးအား မည်သည့် မျိုးရိုးဗီဇဆိုင်ရာအခြေအနေများအတွက် စစ်ဆေးသင့်သနည်း။
  • အာမခံက မျိုးရိုးဗီဇစစ်ဆေးမှု ကုန်ကျစရိတ်ကို ကျခံပေးမည်လား။
  • စစ်ဆေးမှုရလဒ်များက ကျွန်ုပ်ကလေး၏ ကင်ဆာဖြစ်နိုင်ခြေအတွက် မည်သို့အဓိပ္ပာယ်ရှိသနည်း။
  • ဤမျိုးရိုးလိုက်ဖြစ်နိုင်ခြေသည် အခြားမိသားစုဝင်များအတွက် မည်သို့အဓိပ္ပာယ်သက်ရောက်သနည်း။
  • အခြားမိသားစုဝင်များလည်း မျိုးရိုးဗီဇစစ်ဆေးမှုကို ခံယူသင့်ပါသလား။
  • ကျွန်ုပ်၏ကလေးသည် မည်သည့်စောင့်ကြည့်စစ်ဆေးမှု သို့မဟုတ် ရောဂါရှာဖွေစစ်ဆေးမှုများ လိုအပ်သနည်း။
  • မည်သည့် အကြံပေးခြင်း သို့မဟုတ် ပံ့ပိုးကူညီသော ဝန်ဆောင်မှုများကို ရရှိနိုင်သနည်း။

 

မျိုးရိုးလိုက်ဖြစ်နိုင်ခြေနှင့် ကင်ဆာအတွက် မျိုးရိုးဗီဇစစ်ဆေးခြင်းဆိုင်ရာ အဓိကအချက်များ

  • အချို့သော မျိုးရိုးဗီဇပြောင်းလဲမှုများ (Mutation များ) သည် သင့်ကလေးတွင် ကင်ဆာဖြစ်ပွားရန် အလားအလာ ပိုမိုများပြားစေနိုင်ပါသည်။
  • မျိုးရိုးဗီဇစစ်ဆေးခြင်း၏ အကျိုးကျေးဇူးများနှင့် ဘေးထွက်ဆိုးကျိုးများအကြောင်းကို သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပါ။  
  • မျိုးရိုးဗီဇဆိုင်ရာ အကြံပေးပညာရှင်တစ်ဦးသည် သင့်အား မျိုးရိုးဗီဇစစ်ဆေးမှုခံယူရန် စဉ်းစားခြင်းနှင့် မိသားစုရာဇဝင်နှင့် မျိုးရိုးဗီဇစစ်ဆေးမှုရလဒ်များက သင်နှင့် သင့်မိသားစုအတွက် မည်သို့အဓိပ္ပာယ်ရှိသည်ကို နားလည်စေရန် ကူညီပေးနိုင်ပါသည်။
  • ကင်ဆာအတွက် မျိုးရိုးလိုက်ဖြစ်နိုင်ခြေ သို့မဟုတ် မျိုးရိုးဗီဇအရ ဖြစ်လွယ်သောအခြေအနေကို သိရှိခြင်းက သင့်ကလေး၏ စောင့်ရှောက်မှုနှင့် ကုသမှုကို စီစဉ်ရာတွင် ကူညီပေးနိုင်ပါသည်။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ 2024 ခုနှစ်

ဆက်စပ်အကြောင်းအရာများ