အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ဝက်သက်ရောဂါ

ဝက်သက်ရောဂါဆိုသည်မှာ အဘယ်နည်း။ 

ဝက်သက်ရောဂါ (ရူဘီအိုလာ (rubeola) ဟုလည်းခေါ်ဆိုသည်) သည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် လူတစ်ဦးမှတစ်ဦးသို့ လျင်မြန်စွာ ကူးစက်စေနိုင်ပါသည်။ ရောဂါလက္ခဏာများတွင် အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းနှင့် အရေပြားတွင် အနီရောင် အဖုအပိမ့်အင်ပြင်ထခြင်းတို့ ပါဝင်ပါသည်။

ဝက်သက်ရောဂါ ဖြစ်ပွားသည့် ကလေးငယ်၏ ကိုယ်အပူချိန်ကို တိုင်းတာနေသည့်ပုံ

ဝက်သက်ရောဂါ လက္ခဏာများတွင် 5 ရက်မှ 6 ရက်ကြာသည်အထိ ဖျားခြင်းနှင့် အရေပြားတွင် အဖုအပိမ့်ထခြင်းတို့ ပါဝင်သည်။

ဝက်သက်ရောဂါသည် အထူးသဖြင့် မွေးကင်းစကလေးငယ်များ၊ ကလေးငယ်များနှင့် ကိုယ်ခံအားစနစ်အားနည်းသူများတွင် ပြင်းထန်နိုင်ပါသည်။ ကိုယ်ခံအားစနစ် အားနည်းခြင်းသည် ရောဂါပိုးများကို တိုက်ထုတ်ရာတွင် ခက်ခဲစေပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို မြင့်မားစေပါသည်။

ဝက်သက်ရောဂါ ဖြစ်ပွားသည့် ကလေးများသည် အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်ရောင်ခြင်းကဲ့သို့သော အသက်အန္တရာယ်ရှိသည့် ပြဿနာများ ဖြစ်ပွားနိုင်သည်။ အမေရိကန်ပြည်ထောင်စုတွင် ကာကွယ်ဆေးမထိုးထားသည့် ဝက်သက်ရောဂါ ဖြစ်ပွားသူ 5 ဦးလျှင် 1 ဦးခန့်သည် ဆေးရုံစောင့်ရှောက်မှု ခံယူရန် လိုအပ်ပါသည်။ ဤအန္တရာယ်သည် ကလေးငယ်များတွင် ပိုမိုမြင့်မားပါသည်။

ဝက်သက်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းသည် ရောဂါကို ကာကွယ်ရာတွင် အလွန်ကောင်းမွန်ပါသည်။ MMR ကာကွယ်ဆေးအကြောင်းကို သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးပါ။ MMR ကာကွယ်ဆေးတွင် သက်ရှိဗိုင်းရပ်စ်ပိုးပါဝင်သောကြောင့် ကိုယ်ခံအားစနစ် အားနည်းသူများသည် MMR ကာကွယ်ဆေး ထိုး၍မရပါ။

ဝက်သက်ရောဂါ ၏ ရောဂါလက္ခဏာများ

ဝက်သက်ရောဂါ၏ ရောဂါသွင်ပြင်များနှင့် ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • ဖျားခြင်း
  • ချောင်းဆိုးခြင်း
  • နှာရည်ယိုခြင်း
  • မျက်လုံးနီရဲပြီး မျက်ရည်ပူယိုခြင်း (မျက်ကြည်လွှာရောင်ခြင်း)
  • ပါးစပ်အတွင်း သေးငယ်သော အဖြူရောင်အကွက်များ ပေါ်ခြင်း (Koplik spots)
  • အဖုအပိမ့်အင်ပြင်ထခြင်း

ဝက်သက်ရောဂါ လက္ခဏာများ မည်သို့စတင်သနည်း

  • လူတစ်ဦးသည် ဝက်သက်ရောဂါနှင့် ထိတွေ့ပြီးနောက် ရောဂါလက္ခဏာများ စတင်ပေါ်လာရန် 7–14 ရက်ခန့် ကြာတတ်ပါသည်။
  • အများအားဖြင့် ဖျားနာခြင်းသည် ပထမဆုံးရောဂါလက္ခဏာ ဖြစ်ပါသည်။ အဖျားအပူချိန်သည် 104°F (40°C) နှင့်အထက် ရှိနိုင်သည်။
  • ရောဂါလက္ခဏာများ စတင်ပြီးနောက် 3–5 ရက်အကြာ၌ အရေပြားပေါ်တွင် အဖုအပိမ့်အင်ပြင်များ ပေါက်လာပါသည်။ ၎င်းသည် အများအားဖြင့် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့ပြီး 14 ရက်ခန့်အကြာတွင် ဖြစ်လေ့ရှိပါသည်။
  • ဝက်သက်ရောဂါကြောင့်ဖြစ်သော အဖုအပိမ့်အင်ပြင်များသည် ဆံစပ်နားမှ စတင်ကာ မျက်နှာနှင့် လည်ပင်းအပေါ်ပိုင်းသို့ ပြန့်သွားပြီးနောက်တွင် အောက်ပိုင်းတစ်ကိုယ်လုံးသို့ ပြန့်သွားတတ်ပါသည်။ ၎င်းသည် အများအားဖြင့် 5–6 ရက် ကြာတတ်ပါသည်။

ဝက်သက်ရောဂါ ရှာဖွေဖော်ထုတ်ခြင်း

သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုပြုလုပ်ပြီး ရောဂါလက္ခဏာများနှင့် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့နိုင်ခြေရှိ၊ မရှိကို မေးမြန်းပါလိမ့်မည်။ ဝက်သက်ရောဂါကို သွေး သို့မဟုတ် ဆီးစစ်ဆေးခြင်းများ သို့မဟုတ် နှာခေါင်း သို့မဟုတ် လည်ချောင်းမှ တို့ဖတ်နမူနာယူခြင်းဖြင့် ရောဂါရှာဖွေစစ်ဆေးပါသည်။

ဝက်သက်ရောဂါကို ကုသမှု

ဝက်သက်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ရောဂါပိုးကူးစက်ခံရမှုအတွက် တိကျသော ဆေးကုသမှု မရှိပါ။ လူအများစုသည် 10–14 ရက်အတွင်း ရောဂါသက်သာလာကြပါသည်။

ဝက်သက်ရောဂါ၏ ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်ရန်အတွက်-

  • အရည်များများသောက်ပါ။
  • အနားယူပါ။
  • သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ အကြံပြုထားသည့်အတိုင်း ဆေးဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သော ဆေးဝါးများကို အသုံးပြု၍ ရောဂါလက္ခဏာများကို ကုသပါ။

နားပိုးဝင်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်းကဲ့သို့သော ရောဂါလက္ခဏာများ သို့မဟုတ် ကျန်းမာရေးပြဿနာများ ပိုမိုဆိုးရွားလာခြင်း ရှိ၊ မရှိကို စောင့်ကြည့်ပါ။ ရေဓာတ်ခန်းခြောက်ခြင်း၊ တက်ခြင်း၊ သတိနည်းလာခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကဲ့သို့သော အရေးပေါ် သတိပေးလက္ခဏာများကို စောင့်ကြည့်စစ်ဆေးပါ။ ရောဂါလက္ခဏာများ ပိုဆိုးလာပါက သို့မဟုတ် မသက်သာပါက ဆေးကုသမှုခံယူပါ။

MMR ကာကွယ်ဆေး

MMR ကာကွယ်ဆေး သည် ဝက်သက်ရောဂါကို ကာကွယ်ရာတွင် အလွန်ကောင်းမွန်ပါသည်။ ၎င်းသည် ဝက်သက်ရောဂါ၊ ပါးချိတ်ရောင်ရောဂါနှင့် ဂျိုက်သိုးရောဂါ- ရောဂါ 3 မျိုးမှ ကာကွယ်ပေးပါသည်။

ကလေးများသည် အောက်ပါအချိန်ဇယားအတိုင်း MMR ကာကွယ်ဆေးကို 2 ကြိမ် ထိုးနှံလေ့ရှိပါသည်-

  • ကလေးငယ်များအား ၎င်းတို့အသက် တစ်နှစ်ပြည့်ပြီးနောက်တွင် ပထမဆုံးအကြိမ် MMR ကာကွယ်ဆေးကို ထိုးနှံပေးသည်။
  • ကလေးများ၏အသက် 4–6 နှစ်အတွင်းတွင် ကာကွယ်ဆေးကို နောက်တစ်ကြိမ် ထိုးနှံပေးပါသည်။

အကယ်၍ သင်သည် အမေရိကန်ပြည်ထောင်စုမဟုတ်သော အခြားနိုင်ငံတစ်နိုင်ငံတွင် နေထိုင်ပါက သို့မဟုတ် နိုင်ငံတကာသို့ ခရီးသွားလာနေပါက သင့်ကလေး၏ MMR ကာကွယ်ဆေးထိုးနှံရမည့် အချိန်ဇယားသည် ကွဲပြားနိုင်ပါသည်။

အချို့လူများသည် ဝက်သက်ရောဂါ၊ ပါးချိတ်ရောင်ရောဂါ၊ ဂျိုက်သိုးရောဂါနှင့် ဗယ်ရီဆဲလား (ရေကျောက်ရောဂါ) တို့ကို ကာကွယ်ပေးသည့် MMRV ကာကွယ်ဆေး ကို ထိုးနှံနိုင်ပါသည်။

ကိုယ်ခံအားစနစ် အားနည်းသော ကလေးများတွင် MMR ကာကွယ်ဆေးထိုးနှံခြင်း

MMR ကာကွယ်ဆေးတွင် ဝက်သက်ရောဂါ၊ ပါးချိတ်ရောင်ရောဂါနှင့် ဂျိုက်သိုးရောဂါဆိုင်ရာ သက်ရှိဗိုင်းရပ်စ်ပိုးမျိုးကွဲများ ပါဝင်သည်။ ကာကွယ်ဆေးထဲမှ ဗိုင်းရပ်စ်ပိုးမျိုးကွဲများသည် တကယ့်ဗိုင်းရပ်စ်ထက် ပို၍အားနည်းပါသည်။ ၎င်းသည် ပုံမှန်ကိုယ်ခံအားစနစ်ရှိသူများအတွက် အန္တရာယ်မရှိပါ။ သို့သော် MMR ကာကွယ်ဆေးတွင် သက်ရှိဗိုင်းရပ်စ်ပိုး ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်အားနည်းသော ကလေးများသည် ကာကွယ်ဆေးထိုးနှံ၍ မရပါ။

မိသားစုကို ပြုစုစောင့်ရှောက်ပေးသူများနှင့် မွေးချင်းမောင်နှမများအတွက် MMR ကာကွယ်ဆေးထိုးခြင်းအကြောင်းနှင့် ပတ်သက်၍ သင့်စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။ အခြားမိသားစုဝင်အားလုံးသည် ကာကွယ်ဆေးထိုးထားသည့်အခါတွင် လူနာ၏အနီးတစ်ဝိုက်၌ ခြုံငုံ၍ ကာကွယ်မှုပေးနိုင်သည်။

ဝက်သက်ရောဂါ သို့မဟုတ် MMR ကာကွယ်ဆေးနှင့် ပတ်သက်ပြီး သင့်တွင် မေးစရာများရှိပါက သင့်စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။

ဝက်သက်ရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားသော အလွန်ကူးစက်တတ်သည့် ရောဂါတစ်ခုဖြစ်ပြီး အဖျားတက်ခြင်းနှင့် အဖုအပိမ့်အင်ပြင်များ ထွက်ခြင်းတို့ဖြင့် စတင်နိုင်သော်လည်း သေဆုံးသည်အထိ ဖြစ်နိုင်သည့် အဆုတ်ပိုးဝင်ခြင်း၊ ဦးနှောက်ပိုးဝင်ခြင်းနှင့် ဦးနှောက်ရောင်ရမ်းခြင်းတို့ကိုဖြစ်စေသည့် ပြင်းထန်သောရောဂါအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားနိုင်ပါသည်။ ဤအရာများအားလုံးကို ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်ပါသည်။ ဝက်သက်ရောဂါပိုးပါဝင်သည့် ကာကွယ်ဆေးထိုးနှံခြင်းသည် ဝက်သက်ရောဂါအလျင်အမြန်ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်ပြီး ဝက်သက်ရောဂါကို ဖယ်ရှားပျောက်ကင်းစေနိုင်ပါသည်။

Hana Hakim၊ MD | Medical Director၊ ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန၊ St. Jude Children’s Research Hospital

ဝက်သက်ရောဂါသည် မည်သို့ ကူးစက်ပျံ့နှံ့သနည်း

ဝက်သက်ရောဂါသည် ဗိုင်းရပ်စ်ပိုးပါဝင်သော အမှုန်အမွှားငယ်များပါဝင်သည့် လေထဲမှတစ်ဆင့် ကူးစက်ပျံ့နှံ့ပါသည်။ ၎င်းသည် လူတစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက်တတ်ပါသည်။ ဝက်သက်ရောဂါရှိသူသည် ဗိုင်းရပ်စ်ပိုးကို အဖုအပိမ့်အင်ပြင်များမထွက်ပေါ်မီ 4 ရက်မှ အဖုအပိမ့်အင်ပြင်များထွက်ပြီး 4 ရက်အထိ ပျံ့နှံ့ကူးစက်စေနိုင်ပါသည်။

သင် သို့မဟုတ် သင့်ကလေးသည် ဝက်သက်ရောဂါရှိသူနှင့် နီးကပ်စွာရှိနေခဲ့ပါက သင်သည် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့မှုရှိထားပြီးဖြစ်သည်။

ဝက်သက်ကာကွယ်ဆေးများသည် ဝက်သက်ရောဂါကို ကာကွယ်ရန်တွင် အလွန်ကောင်းမွန်ပါသည်။ ယခင်က ဝက်သက်ရောဂါဖြစ်ဖူးသူသည် နောင်တွင် ရောဂါကူးစက်ခြင်းမှ အများအားဖြင့် ကာကွယ်ပြီးဖြစ်ပါသည်။ သို့သော်လည်း ရောဂါပိုးကို ခုခံအားမရှိသူများထဲတွင်မူ ဝက်သက်ရောဂါနှင့် ထိတွေ့မိသူ 10 ယောက်တွင် 9 ယောက်အထိသည် ရောဂါကူးစက်ခံရနိုင်ပါသည်။ ဤသည်မှာ ဝက်သက်ရောဂါ အလျင်အမြန်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားပုံဖြစ်ပါသည်။

သင်သည် ဝက်သက်ရောဂါနှင့် ထိတွေ့မှုရှိပါက မည်သို့လုပ်ဆောင်ရမည်နည်း

ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံထားသူများ သို့မဟုတ် ယခင်က ဝက်သက်ရောဂါဖြစ်ဖူးသူများသည် ဖျားနာမှု ဖြစ်နိုင်ခြေ နည်းပါးပါသည်။

အကယ်၍ လူတစ်ဦးသည် ကာကွယ်ဆေး မထိုးထားပါက ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့မိပြီး 72 နာရီအတွင်းတွင် MMR ကာကွယ်ဆေးကို ထိုးနှံခြင်းဖြင့် ရောဂါကို ကာကွယ်ကောင်းကာကွယ်နိုင်ပါသည်။ အကယ်၍ သင် သို့မဟုတ် သင့်ကလေးသည် ဝက်သက်ရောဂါနှင့် ထိတွေ့မိပါက သို့မဟုတ် ရောဂါလက္ခဏာများ ရှိပါက အခြားသူများ ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့ခြင်းမှ ရှောင်ကျဉ်ရန် သင့်ဆေးခန်း သို့မဟုတ် ဆေးရုံသို့ မသွားမီ ဖုန်းခေါ်ဆိုပါ။ ၎င်းသည် အခြားသူများ၊ အထူးသဖြင့် ကာကွယ်ဆေးမထိုးထားသူများ သို့မဟုတ် အန္တရာယ်ဖြစ်နိုင်ခြေများသူများကို ကာကွယ်ပေးပါသည်။

အကယ်၍ သင်သည် ကာကွယ်ဆေးမထိုးရသေးပါက သို့မဟုတ် သင်သည် ခုခံအားရှိ၊ မရှိ မသေချာပါက MMR ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်၍ သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးပါ။

သင်၏ ကုသရေးအဖွဲ့ကို မေးရန် မေးခွန်းများ

  • ကျွန်ုပ်ကလေးသည် ဝက်သက်ရောဂါနှင့် ထိတွေ့မှုရှိပါက မည်သို့လုပ်ဆောင်သင့်သနည်း။
  • ဝက်သက်ရောဂါ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ မည်သည်တို့ဖြစ်၍၊ ၎င်းတို့သည် မည်မျှကြာတတ်သနည်း။
  • ဝက်သက်ရောဂါကို မည်သို့ကုသသနည်း။
  • ဝက်သက်ရောဂါ၏ ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြဿနာများမှာ မည်သည်တို့ဖြစ်သနည်း။
  • ကျွန်ုပ်ကလေးသည် MMR ကာကွယ်ဆေး ထိုးသင့်ပါသလား။
  • MMR ကာကွယ်ဆေး၏ ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုးများမှာ မည်သည်တို့ဖြစ်သနည်း။
  • လူတစ်ဦးသည် ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ဝက်သက်ရောဂါ ဖြစ်နိုင်ပါသေးလား။
  • ကျွန်ုပ်၏ အိမ်သားတစ်ဦးသည် ကာကွယ်ဆေးထိုးနှံ၍မရပါက ကျွန်ုပ် မည်သို့လုပ်ဆောင်သင့်သနည်း။
  • ကျွန်ုပ်၏နေရာဒေသတွင် ဝက်သက်ရောဂါ အလျင်အမြန်ကူးစက်ပျံ့နှံ့မှုအတွက် စိုးရိမ်ရန် လိုအပ်ပါသလား။

ဝက်သက်ရောဂါနှင့် ပတ်သက်သည့် အဓိကအချက်များ

  • ဝက်သက်ရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်သော ဗိုင်းရပ်စ်ပိုးကူးစက်မှုတစ်ခု ဖြစ်ပါသည်။
  • ရောဂါလက္ခဏာများတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းနှင့် အရေပြားတွင် အနီရောင် အဖုအပိမ့်အင်ပြင်ထခြင်းတို့ ပါဝင်ပါသည်။
  • MMR ကာကွယ်ဆေးသည် ဝက်သက်ရောဂါအပြင် ပါးချိတ်ရောင်ရောဂါနှင့် ဂျိုက်သိုးရောဂါများကို ကာကွယ်ရာတွင်လည်း အလွန်ကောင်းမွန်ပါသည်။
  • ကိုယ်ခံအားစနစ် အားနည်းသော ကလေးများသည် MMR ကာကွယ်ဆေးကို မထိုးနှံသင့်ပါ။
  • ကာကွယ်ဆေးထိုးနှံခြင်းသည် ဝက်သက်ရောဂါကို ကြိုတင်ကာကွယ်ရန်နှင့် ကာကွယ်ဆေးမထိုးနှံနိုင်သူများကို ကာကွယ်ရန်အတွက် အရေးကြီးပါသည်။

ဝက်သက်ရောဂါနှင့် ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ သတင်းအချက်အလက်များကို ပိုမိုရှာဖွေလေ့လာပါ


ပြန်လည်သုံးသပ်သည့် ရက်စွဲ- မတ်လ 2025 ခုနှစ်

ဆက်စပ် အကြောင်းအရာ