အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ကင်ဆာရောဂါရှိသော ကလေးများတွင် ပင်ပန်းနွမ်းနယ်ခြင်း

ပင်ပန်းနွမ်းနယ်ခြင်းသည် ကင်ဆာရောဂါနှင့် ကင်ဆာကုသမှုများ၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်သည်။ ပင်ပန်းနွမ်းနယ်ခြင်းသည် ပုံမှန်အလုပ်များ သို့မဟုတ် လှုပ်ရှားမှုများကို လုပ်ဆောင်ရန် ခက်ခဲစေနိုင်ပါသည်။ ၎င်းသည် ကျောင်းပညာရေး၊ အလုပ်အကိုင်၊ လူမှုဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ကိုယ်ခန္ဓာ ကျန်းမာရေးတို့ကို ထိခိုက်စေနိုင်သည်။ အချို့ကင်ဆာလူနာများတွင် ကုသမှု ပြီးဆုံးပြီးနောက်ပိုင်း၌ပင် ပင်ပန်းနွမ်းနယ်ခြင်း ဆက်လက် ရှိနေတတ်ပါသည်။

ကင်ဆာနှင့်ဆက်စပ်သည့် ပင်ပန်းနွမ်းနယ်ခြင်း ဆိုသည်မှာ အဘယ်နည်း။

ကင်ဆာနှင့်ဆက်စပ်သည့် ပင်ပန်းနွမ်းနယ်ခြင်းဆိုသည်မှာ အားအင်နည်းခြင်း၊ မောပန်းခြင်း သို့မဟုတ် အလွန်ပင်ပန်းနွမ်းနယ်နေသည့် ခံစားချက် ဖြစ်ပါသည်။ ကင်ဆာရောဂါတွင် ဖြစ်ပွားသော ပင်ပန်းနွမ်းနယ်ခြင်းသည် နေ့စဉ်ဖြစ်ပွားသော သာမန်မောပန်းမှုနှင့် မတူပါ။ ၎င်းသည် အများအားဖြင့် ဆက်လက်ဖြစ်ပွားနေတတ်ပြီး အိပ်စက်ခြင်း သို့မဟုတ် အနားယူခြင်းဖြင့် မသက်သာပါ။

ပင်ပန်းနွမ်းနယ်ခြင်းသည် လူနာများနှင့် မိသားစုများအတွက် ကင်ဆာရောဂါနှင့် ကင်ဆာကုသမှုများ၏ စိတ်အနှောင့်အယှက် အဖြစ်စေဆုံး ဘေးထွက်ဆိုးကျိုးများထဲမှ တစ်ခု ဖြစ်နိုင်ပါသည်။ ပင်ပန်းနွမ်းနယ်ခြင်း၏ ဖြစ်နိုင်သော အကြောင်းအရင်းများကို ရှာဖွေဖော်ထုတ်ပြီး ၎င်းတို့ကို ဖြေရှင်းရန် အစီအစဉ်တစ်ခု ရေးဆွဲနိုင်ရန်အတွက် သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသည်။

အရုပ်လေးကို ပိုက်ဖက်၍ အိပ်ပျော်နေသော ကင်ဆာရောဂါရှိသည့် လူနာကလေး။

ကင်ဆာနှင့်ဆက်စပ်သည့် ပင်ပန်းနွမ်းနယ်ခြင်းဆိုသည်မှာ အခြားအကြောင်းအရင်းများဖြင့် ရှင်းပြ၍ မရသော၊ ဆက်လက် ဖြစ်ပွားနေသော၊ အနားယူခြင်းဖြင့် မသက်သာသော အားအင်နည်းခြင်း၊ မောပန်းခြင်း သို့မဟုတ် အလွန်ပင်ပန်းနွမ်းနယ်ခြင်းကို ဆိုလိုပါသည်။

ကင်ဆာရောဂါရှိသော ကလေးများတွင် ပင်ပန်းနွမ်းနယ်ခြင်း၏ ရောဂါလက္ခဏာများ

ပင်ပန်းနွမ်းနယ်ခြင်း၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ ကလေးများတွင် တွေ့ရလေ့ရှိသော ပင်ပန်းနွမ်းနယ်ခြင်း၏ ရောဂါလက္ခဏာများမှာ-

  • မောပန်းခြင်း
  • အားနည်းခြင်း
  • အားအင်နည်းခြင်း
  • စဉ်းစားတွေးခေါ်ရာတွင် သို့မဟုတ် အလုပ်တစ်ခုအပေါ် အာရုံစိုက်ရာတွင် အခက်အခဲရှိခြင်း
  • ငြီးငွေ့ခြင်း၊ စိတ်အားထက်သန်မှု မရှိခြင်း သို့မဟုတ် စိတ်ဝင်စားမှု လျော့နည်းသွားခြင်း
  • စိတ်တိုလွယ်ခြင်း၊ ငိုယိုခြင်း သို့မဟုတ် ဂျီကျခြင်း
  • မိဘ သို့မဟုတ် အုပ်ထိန်းသူနှင့် အမြဲကပ်နေလိုခြင်း သို့မဟုတ် အာရုံစိုက်မှု ပိုမိုလိုအပ်ခြင်း
  • ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာခြင်း
  • အိပ်စက်မှုပုံစံ သို့မဟုတ် အစားအသောက်စားသုံးမှုပုံစံ ပြောင်းလဲသွားခြင်းတို့ ဖြစ်သည်

သင့်ကလေးတွင် အားအင်၊ စိတ်ခံစားချက် သို့မဟုတ် သတိရှိမှုအခြေအနေ ရုတ်တရက် သို့မဟုတ် အလွန်အမင်း ပြောင်းလဲသွားပါက ဆေးကုသမှု ချက်ချင်းခံယူပါ။ ၎င်းတို့သည် ကုသမှု လိုအပ်သော ပြင်းထန်သည့် ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ကြောင်း ညွှန်ပြနေနိုင်သည်။

ကလေးဘဝ ကင်ဆာရောဂါတွင် ပင်ပန်းနွမ်းနယ်ခြင်း၏ အကြောင်းအရင်းများ

ကလေးဘဝ ကင်ဆာရောဂါအတွင်းနှင့် ကုသမှုပြီးဆုံးပြီးနောက်တွင် အကြောင်းအရင်းများစွာကြောင့် ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်ပွားနိုင်ပါသည်။ ၎င်းတို့တွင် ကုသမှုများ၊ ကင်ဆာရောဂါ၏ သက်ရောက်မှုများနှင့် အခြား ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ အပြုအမူဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ အကြောင်းအရင်းများ ပါဝင်သည်။

ဓာတုဆေးဝါးကုထုံး (Chemotherapy) နှင့် ပင်ပန်းနွမ်းနယ်ခြင်း

ဓာတုဆေးဝါးကုထုံး (Chemotherapy) ကာလအတွင်း ဖြစ်ပွားသော ပင်ပန်းနွမ်းနယ်ခြင်းသည် ဖြစ်လိုက် ပျောက်လိုက် ဖြစ်နိုင်ပါသည်။ ပင်ပန်းနွမ်းနယ်ခြင်းသည် အများအားဖြင့် ဓာတုဆေးဝါးကုထုံး (Chemotherapy) ခံယူပြီးနောက် သွေးဆဲလ်အရေအတွက် အနည်းဆုံးဖြစ်နေသော ရက်များတွင် အဆိုးရွားဆုံး ဖြစ်တတ်ပါသည်။ အားအင်အဆင့်သည် နောက်တစ်ကြိမ် ကုသမှုမခံယူမီအထိ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာနိုင်ပါသည်။ ပစ်မှတ်ထားကုသမှု နှင့် ကိုယ်ခံအားကုထုံး (Immunotherapy) တို့သည်လည်း ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေနိုင်သည်။

ဓာတ်ရောင်ခြည်ကုထုံး (Radiation Therapy) နှင့် ပင်ပန်းနွမ်းနယ်ခြင်း

ဓာတ်ရောင်ခြည်ကုထုံး (Radiation Therapy) ခံယူသော လူနာများသည်လည်း ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရကြောင်း ဖော်ပြကြသည်။ ဓာတ်ရောင်ခြည်ကုထုံး (Radiation) ကြောင့် ဖြစ်ပွားသော ပင်ပန်းနွမ်းနယ်ခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာတတ်သည်။ ၎င်းသည် ကုသမှု ပြီးဆုံးပြီးနောက်တွင် အများအားဖြင့် သက်သာလာပါသည်။ ဦးနှောက်သို့ ဓာတ်ရောင်ခြည်ပေးခြင်း (radiation) သည် ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေနိုင်ခြေ အများဆုံး ဖြစ်ပါသည်။

ကင်ဆာရောဂါအတွင်း ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေနိုင်သော အခြားအကြောင်းအရင်းများမှာ-

  • ဆေးဝါးများ၊ ဥပမာအနေဖြင့်ကော်တီကိုစတီးရိုက်ဆေးဝါးများ (Corticosteroids)၊ နာကျင်မှုသက်သာစေသော ဆေးဝါးများနှင့် ပျို့အန်ခြင်းကို သက်သာစေသော ဆေးဝါးများ
  • သွေးနီဥများ နည်းပါးခြင်း (Anemia)
  • ရောဂါပိုးကူးစက်မှုနှင့် ဖျားနာမှု
  • နှလုံး၊ အဆုတ် သို့မဟုတ် ကျောက်ကပ် ပြဿနာများ
  • ဟော်မုန်း ပြောင်းလဲမှုများ
  • ဦးနှောက် သို့မဟုတ် အာရုံကြောစနစ် ပြောင်းလဲမှုများ
  • နာကျင်ခြင်း
  • စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ကျရောဂါ
  • အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ
  • သဘာဝအလင်းရောင်နှင့် ထိတွေ့မှု နည်းပါးခြင်း
  • ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း သို့မဟုတ် ကိုယ်ကာယကြံ့ခိုင်မှု အားနည်းခြင်း
  • ရေဓာတ်ခန်းခြောက်ခြင်း
  • အာဟာရ ချို့တဲ့ခြင်း သို့မဟုတ် လိုအပ်သော ကယ်လိုရီနှင့် အာဟာရဓာတ်များ မရရှိခြင်း

ကင်ဆာနှင့်ဆက်စပ်သည့် ပင်ပန်းနွမ်းနယ်ခြင်းကို စီမံခန့်ခွဲနိုင်သော နည်းလမ်းများ

“အားမရှိသလို ခံစားရခြင်း” သည် ကင်ဆာရောဂါကာလအတွင်း ပုံမှန်ဖြစ်နိုင်ကြောင်း သိထားခြင်းက အထောက်အကူ ဖြစ်နိုင်သည်။ ၎င်းသည် တဖြည်းဖြည်း သက်သာကောင်းမွန်လာသင့်ပါသည်။

ကင်ဆာနှင့်ဆက်စပ်သည့် ပင်ပန်းနွမ်းနယ်ခြင်းကို စီမံနိုင်သော နည်းလမ်းများမှာ-

  • ကျန်းမာသော အိပ်စက်မှုအလေ့အထများ- အိပ်စက်မှုဆိုင်ရာ ပြဿနာများသည် ကင်ဆာရောဂါ ဖြစ်နေစဉ်ကာလအတွင်း၊ အထူးသဖြင့် ဆေးရုံတက်ရောက်နေစဉ်တွင် အဖြစ်များသည်။ ပုံမှန်အိပ်စက်ရန် အချိန်ဇယား ထားရှိခြင်း၊ နံနက်ပိုင်းတွင် သဘာဝအလင်းရောင်နှင့် ထိတွေ့ခြင်းနှင့် သက်သောင့်သက်သာရှိသော အိပ်စက်ရာ ပတ်ဝန်းကျင်တစ်ခု ဖန်တီးထားခြင်းတို့သည် အိပ်စက်မှုကို ကောင်းမွန်စေပြီး ပင်ပန်းနွမ်းနယ်ခြင်းကို လျော့နည်းစေနိုင်သည်။
  • လေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှု- ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်မျှ ပြုလုပ်ခြင်းကပင် အားအင်တိုးစေပြီး ပင်ပန်းနွမ်းနယ်ခြင်းကို လျော့နည်းစေရန် ကူညီနိုင်ပါသည်။ လေ့ကျင့်ခန်းသည် နေ့စဉ်လုပ်ငန်းဆောင်တာများကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်ရန် ခွန်အားနှင့် ကိုယ်ကာယကြံ့ခိုင်မှုကိုလည်း တိုးတက်စေပါသည်။ ပင်ပန်းနွမ်းနယ်ခြင်းကြောင့် လေ့ကျင့်ခန်းလုပ်ရန် ခက်ခဲနိုင်သည်။ သို့သော် ခက်ခဲသည်ဟု ခံစားရသည့်အချိန်တွင်ပင်၊ တစ်ကြိမ်လျှင် အနည်းငယ်စီဖြင့် လေ့ကျင့်ခန်း ကြိုးစားပြုလုပ်ရန် အရေးကြီးပါသည်။ ၎င်းအတွက် လုပ်ငန်းဆောင်တာဆိုင်ရာ ကုထုံးပညာရှင် (Occupational Therapist) သို့မဟုတ် ကိုယ်ကာယပြန်လည်သန်စွမ်းရေး ပညာရှင် (Physical Therapist) က ကူညီပေးနိုင်ပါသည်။
  • ကောင်းမွန်သော အာဟာရ- ကိုယ်အလေးချိန် လျော့ကျခြင်းနှင့် ကြွက်သားထု လျော့နည်းခြင်းတို့သည် ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေနိုင်သည်။ ကင်ဆာရောဂါ ဖြစ်နေစဉ်ကာလအတွင်း လုံလောက်သော ကယ်လိုရီနှင့် အရည်များ ရရှိရန် ခက်ခဲနိုင်သည်။ ၎င်းသည် ခန္ဓာကိုယ်၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။ ကျန်းမာသော စားသောက်မှု အလေ့အထများနှင့် ဆေးဘက်ဆိုင်ရာ အာဟာရပံ့ပိုးမှု သည် သင့်ကလေး လိုအပ်သော အာဟာရဓာတ်များ ရရှိစေရန် ကူညီပေးနိုင်ပါသည်။‌
  • စိတ်ကုထုံး (Psychotherapy)- စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များ သည် စိတ်ကျရောဂါစိုးရိမ်ပူပန်မှု၊ သို့မဟုတ် စိတ်ဖိစီးမှုတို့နှင့် ဆက်စပ်နေသော ပင်ပန်းနွမ်းနယ်ခြင်းအတွက် ကူညီပေးနိုင်ပါသည်။ စကားပြောကုထုံး (Talk Therapy) သို့မဟုတ် အကြံပေးဆွေးနွေးမှု (Counseling) သည် ပင်ပန်းနွမ်းနယ်ခြင်းကို ရင်ဆိုင်ဖြေရှင်းနိုင်သော နည်းလမ်းများ ပေးစွမ်းနိုင်ပါသည်။ ဝိညာဉ်ရေးရာ ပံ့ပိုးမှုအတွက် ဘာသာရေးအကြံပေးပုဂ္ဂိုလ် (Chaplain)နှင့် ဆွေးနွေးပါ။‌
  • အလင်းရောင်ကုထုံး (Light Therapy)- အထူးသဖြင့် နံနက်ပိုင်းတွင် သဘာဝအလင်းရောင်နှင့် ထိတွေ့ခြင်းသည် ကျန်းမာသော အိပ်စက်မှုကို အားပေးပြီး၊ သင့်ကလေးကို ပင်ပန်းမှု လျော့နည်းစေရန် ကူညီနိုင်ပါသည်။ ဆေးရုံတက်ရောက်နေစဉ်တွင် သဘာဝအလင်းရောင် ရရှိရန် အထူးခက်ခဲပါသည်။ တောက်ပသော အလင်းရောင်ကုထုံး (Bright Light Therapy) သည် ခန္ဓာကိုယ်၏ အတွင်းဇီဝနာရီကို ထိန်းညှိပေးရန် သတ်မှတ်ထားသော အချိန်များတွင် ထိန်းချုပ်ထားသော အလင်းရောင်အရင်းအမြစ်ကို အသုံးပြုသည်။
  • ဖြည့်စွက်ကုထုံးများနှင့် ပံ့ပိုးကူညီမှုဆိုင်ရာ ကုထုံးများ- ကုထုံးများဖြစ်သော ဂီတကုထုံး (Music Therapy)၊ အနုပညာကုထုံး (Art Therapy)၊ စိတ်ဖြေလျှော့နည်းများ (Relaxation Techniques)၊ အနှိပ်ကုထုံး (Massage Therapy)နှင့် အနံ့ကုထုံး (Aromatherapy) တို့သည် ပင်ပန်းနွမ်းနယ်ခြင်းကို သက်သာစေရန် အထောက်အကူပြုနိုင်ပါသည်။ သင့်ကလေး၏ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် အသုံးဝင်နိုင်သော နည်းလမ်းများကို ရှာဖွေပေးနိုင်သည်။

ကင်ဆာနှင့်ဆက်စပ်သည့် ပင်ပန်းနွမ်းနယ်ခြင်း မိသားစုများအတွက် အကြံပြုချက်များ

  • သင့်ကလေး၏ ပင်ပန်းနွမ်းနယ်ခြင်း အကြောင်းကို ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပါ။
  • ရောဂါလက္ခဏာများကို မှတ်တမ်းတင်ထားပါ။ ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်ပွားသည့်အချိန်၊ ပိုမိုဆိုးရွားစေသော အကြောင်းအရင်းများ၊ သက်သာစေသော အကြောင်းအရင်းများနှင့် နာကျင်မှု၊ စိတ်ဖိစီးမှု သို့မဟုတ် အိပ်စက်မှု ပြဿနာများကဲ့သို့ ဆက်စပ်အကြောင်းအရာများကို ချရေးထားပါ။
  • သင့်ကလေးသည် ပုံမှန်နှင့် တစ်သမတ်တည်းရှိသော အိပ်စက်ချိန်ဇယားနှင့် နေ့စဉ်လုပ်ရိုးလုပ်စဉ်များကို လိုက်နာကြောင်း သေချာစေပါ။
  • နေ့ဘက်တွင် သဘာဝအလင်းရောင်နှင့် ထိတွေ့မှုကို တိုးမြှင့်ပါ။
  • သင့်ကလေး၏ လုပ်ဆောင်နိုင်စွမ်းအလိုက် ကိုယ်လက်လှုပ်ရှားမှုများကို စီစဉ်ပေးပါ။ လေ့ကျင့်ခန်း အနည်းငယ်မျှ ပြုလုပ်ခြင်းကပင် အထောက်အကူ ဖြစ်နိုင်သည်။
  • သင့်ကလေးသည် အနားယူရန် အချိန်ရရှိပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း မဖြစ်စေရန် သေချာစေပါ။
  • သင့်ကလေးသည် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများနှင့် သရေစာများကို ပုံမှန်စားသုံးပြီး အရည်လုံလောက်စွာ သောက်သုံးကြောင်း သေချာစေပါ။

ကင်ဆာနှင့်ဆက်စပ်သည့် ပင်ပန်းနွမ်းနယ်ခြင်းအတွက် အကူအညီ ရယူသင့်သည့်အချိန်

ကင်ဆာကုသ‌နေစဉ် ကာလအတွင်း ဖြစ်ပွားသော ပင်ပန်းနွမ်းနယ်ခြင်းသည် ပုံမှန်ဖြစ်ပြီး ရောဂါ ပိုမိုဆိုးရွားလာနေသည် သို့မဟုတ် ကုသမှု အလုပ်မဖြစ်တော့ကြောင်း မဆိုလိုပါ။ သို့သော်၊ သင့်ကလေး၏ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများထံမှ အကူအညီရယူလိုနိုင်သည်။

ပင်ပန်းနွမ်းနယ်ခြင်းကို ကုသရာတွင် ပထမအဆင့်မှာ ပြဿနာနှင့် ဖြစ်နိုင်သော အကြောင်းအရင်းများကို ပိုမိုသိရှိရန် ဖြစ်သည်။ ၎င်းတွင် ပင်ပန်းနွမ်းနယ်ခြင်း စတင်ဖြစ်ပွားသည့်အချိန်၊ မည်မျှကြာရှည်စွာ ဖြစ်ပွားသည်၊ နေ့စဉ် လုပ်ငန်းဆောင်တာများအပေါ် မည်သို့ သက်ရောက်မှုရှိသည်နှင့် မည်သည့်အရာများက သက်သာစေသည် သို့မဟုတ် ပိုမိုဆိုးရွားစေသည်ဆိုသော အချက်အလက်များကို မျှဝေပေးခြင်း ပါဝင်သည်။

ဆေးဘက်ဆိုင်ရာ ရာဇဝင်၊ ကိုယ်ခန္ဓာစစ်ဆေးမှုနှင့် ဓာတ်ခွဲစစ်ဆေးမှုများသည် ဖြစ်ပေါ်နေသော အခြေခံ အကြောင်းအရင်းများကို သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့က ရှာဖွေဖော်ထုတ်နိုင်ရန် ကူညီပေးသည်။ အိပ်စက်မှု အလေ့အထများ၊ ကိုယ်လက်လှုပ်ရှားမှုများနှင့် စားသောက်မှု အလေ့အထများဆိုင်ရာ အချက်အလက်များသည်လည်း အသုံးဝင်နိုင်ပါသည်။

ကင်ဆာနှင့်ဆက်စပ်သည့် ပင်ပန်းနွမ်းနယ်ခြင်းကို အကဲဖြတ်ရာတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • လူနာနှင့် မိသားစုအား တွေ့ဆုံမေးမြန်းခြင်း
  • အသုံးပြုနေသော ဆေးဝါးများကို ပြန်လည်သုံးသပ်ခြင်း
  • ဆေးဘက်ဆိုင်ရာ ရာဇဝင်နှင့် ကိုယ်ခန္ဓာစစ်ဆေးမှု
  • သွေးစစ်ဆေးမှုများ
  • အိပ်စက်မှုနှင့် ကိုယ်လက်လှုပ်ရှားမှု မှတ်တမ်းစာအုပ်

သင်၏ စောင့်ရှောက်မှုအဖွဲ့ကို မေးရမည့် မေးခွန်းများ

  • ကျွန်ုပ်ကလေး၏ ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းများမှာ အဘယ်နည်း။
  • ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ထံ မည်သည့်အချက်အလက်များကို မှတ်တမ်းတင်ထားပြီး တင်ပြရမည်နည်း။
  • ကျွန်ုပ်ကလေး အားအင် ပိုမိုရရှိစေရန် မည်သည့်အစားအစာများနှင့် အချိုရည်များကို စားသုံးသင့်သနည်း။
  • ကျွန်ုပ်ကလေးသည် တစ်နေ့လျှင် အိပ်စက်ခြင်းနှင့် အနားယူခြင်းကို မည်မျှ ရရှိသင့်သနည်း။
  • ကျွန်ုပ်ကလေးသည် မည်သည့် လေ့ကျင့်ခန်းအမျိုးအစားကို ပြုလုပ်သင့်ပြီး မည်မျှပြုလုပ်သင့်သနည်း။
  • ကျွန်ုပ်ကလေး၏ ပင်ပန်းနွမ်းနယ်ခြင်းကို သက်သာစေရန် ကူညီနိုင်သော ဆေးဝါးများ သို့မဟုတ် ကုသမှုများ ရှိပါသလား။

ကင်ဆာနှင့်ဆက်စပ်သည့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် ပတ်သက်သော အဓိကအချက်များ

  • ကင်ဆာနှင့် ဆက်စပ်သည့် ပင်ပန်းနွမ်းနယ်ခြင်းသည် ကင်ဆာရောဂါနှင့် ကင်ဆာကုသမှုများ၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်သည်။
  • ကလေးဘဝ ကင်ဆာရောဂါတွင် ဖြစ်ပွားသော ကင်ဆာနှင့် ဆက်စပ်သည့် ပင်ပန်းနွမ်းနယ်ခြင်းသည် အကြောင်းအရင်း များစွာကြောင့် ဖြစ်ပွားနိုင်ပါသည်။
  • ကျန်းမာသော အိပ်စက်မှုအလေ့အထများ၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု၊ ကောင်းမွန်သော အာဟာရနှင့် အလင်းရောင်နှင့် ထိတွေ့မှုတို့သည် ပင်ပန်းနွမ်းနယ်ခြင်းကို လျော့နည်းစေရန် ကူညီနိုင်သည်။
  • သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် သင့်ကလေး၏ လိုအပ်ချက်များအပေါ် မူတည်၍ ပင်ပန်းနွမ်းနယ်ခြင်းကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် အစီအစဉ်တစ်ခု ရေးဆွဲပေးနိုင်သည်။

နောက်ထပ်သတင်းအချက်အလက်များ ရှာဖွေပါ


ပြန်လည်သုံးသပ်သည့်ရက်စွဲ- စက်တင်ဘာလ 2023 ခုနှစ်

ဆက်စပ်သည့် အကြောင်းအရာ