ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) သည် အရိုးများ သို့မဟုတ် အရိုးများပတ်ဝန်းကျင်ရှိ နူးညံ့သောတစ်ရှူးများ (Soft tissues) တွင် ကြီးထွားသော ကင်ဆာအမျိုးအစားတစ်ခု ဖြစ်သည်။
ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) သည် အရိုးများ သို့မဟုတ် အရိုးများပတ်ဝန်းကျင်ရှိ နူးညံ့သောတစ်ရှူးများ (Soft tissues) တွင် ကြီးထွားသော ကင်ဆာအမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်းသည် များသောအားဖြင့် ခြေထောက်၊ တင်ပါးဆုံရိုး၊ နံရိုးများ သို့မဟုတ် လက်များတွင် ဖြစ်ပွားလေ့ရှိသည်။
ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) သည် ကလေးများတွင် ဖြစ်ပွားသော အရိုးအကျိတ်များအနက် ဒုတိယအများဆုံး အမျိုးအစား ဖြစ်သည်။ သို့သော် ၎င်းသည် ရှားပါးသော ရောဂါဖြစ်သည်။ အမေရိကန်နိုင်ငံတွင် နှစ်စဉ် ကလေးများနှင့် လူငယ်အရွယ်ရောက်သူ 200 ခန့်သာ ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) ရောဂါရှာဖွေတွေ့ရှိကြသည်။
ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) သည် အသက်ပိုကြီးသော ကလေးများနှင့် ဆယ်ကျော်သက်များတွင် ပိုမိုအဖြစ်များသည်။
ကင်ဆာကို မပျံ့နှံ့မီ တွေ့ရှိပါက ရေရှည်အသက်ရှင်နိုင်ခြေမှာ 70% ခန့် ရှိသည်။ ကင်ဆာသည် ပျံ့နှံ့ပြီးဖြစ်ပါက ပျောက်ကင်းနိုင်ခြေမှာ 30% ခန့် ရှိသည်။
ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) ကို များသောအားဖြင့် ဓာတုဆေးဝါးကုထုံး (Chemotherapy)၊ ခွဲစိတ်ကုသမှု (Surgery) နှင့်/သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy)တို့ဖြင့် ကုသသည်။ လူနာများသည် ဆေးပညာသုတေသန စမ်းသပ်ကုသမှုများ (Clinical trials)တွင် လေ့လာပြီးဖြစ်သော ကုသမှုများကို ခံယူနိုင်သည်။ သို့မဟုတ် ရောဂါရှာဖွေတွေ့ရှိချိန်တွင် လေ့လာစမ်းသပ်နေဆဲ ကုသမှုများကို ခံယူနိုင်သည်။
ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) ၏ ရောဂါလက္ခဏာများသည် အကျိတ်တည်ရှိရာ နေရာပေါ် မူတည်သည်။ ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည်-
ဆားကိုမာ ကင်ဆာများ (Sarcomas) သည် ခန္ဓာကိုယ်၏ အရိုးများနှင့် နူးညံ့သောတစ်ရှူးများ (Soft tissues) တွင် ဖြစ်ပေါ်သော ကင်ဆာများ ဖြစ်သည်။ ကလေးများတွင် ဆားကိုမာ ကင်ဆာ (Sarcoma) ၏ ရောဂါလက္ခဏာများ၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုအကြောင်း လေ့လာရန် ဤဗီဒီယိုကို ကြည့်ရှုပါ။
နာကျင်မှုသည် ရက်သတ္တပတ်များ သို့မဟုတ် လများအတွင်း ပိုမိုဆိုးရွားလာနိုင်သည်။ ၎င်းသည် သင့်ကလေးကို ညဘက်အိပ်ရာမှပင် နိုးစေနိုင်သည်။
ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) ၏ ရောဂါလက္ခဏာများသည် အစပိုင်းတွင် ကလေးများတွင် ဖြစ်လေ့ရှိသော သာမန်ကိုယ်လက်ကိုက်ခဲမှုများကဲ့သို့ ဖြစ်နေတတ်သည်။ ထို့ကြောင့် ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) ကို ရောဂါ ရှာဖွေအတည်ပြုရန် အချိန်အနည်းငယ် ကြာနိုင်သည်။
ကလေးများနှင့် လူငယ်အရွယ်ရောက်သူများတွင် ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) ဘာကြောင့် ဖြစ်ပွားသည်ကို မသိရှိသေးပါ။ သို့သော် အချို့သော အချက်များသည် ရောဂါဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေနိုင်သည်။ ဤအချက်များတွင် အောက်ပါတို့ ပါဝင်သည်။
ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) သည် မိသားစုမျိုးရိုးမှ ဆင်းသက်လာသော ရောဂါမျိုး မဟုတ်ဟု ယူဆရသည်။
ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) ၏ အရွယ်အစားကို ပြသထားသော ကလေးတစ်ဦး၏ ပေါင်ရိုး (Femur) ဓာတ်မှန်ပုံ (X-ray)
ဆရာဝန်များသည် ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) ကို ရောဂါ ရှာဖွေအတည်ပြုရန် လုပ်ငန်းစဉ်များနှင့် စစ်ဆေးမှုများစွာကို အသုံးပြုကြသည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်-
အခြားကင်ဆာများကို အဆင့် 1-4 အထိ သတ်မှတ်သော်လည်း ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) ကို ဒေသတွင်းသာရှိသော (Localized) သို့မဟုတ် ပျံ့နှံ့ပြီးသော (Metastatic) ဟူ၍ သတ်မှတ်သည်။
ဒေသတွင်းသာရှိသော (Localized) ဆိုသည်မှာ ခန္ဓာကိုယ်အတွင်း 1 နေရာတည်းတွင်သာ အကျိတ်ရှိခြင်းကို ဆိုလိုသည်။
ပျံ့နှံ့ပြီးသော (Metastatic) ဆိုသည်မှာ ကင်ဆာသည် 1 နေရာ သို့မဟုတ် တစ်နေရာထက်ပိုသော နေရာများသို့ ပျံ့နှံ့သွားပြီးဖြစ်ခြင်းကို ဆိုလိုသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်သည်-
လူနာများ၏ 25% ခန့်သည် ရောဂါရှာဖွေတွေ့ရှိချိန်တွင် ပျံ့နှံ့ပြီးသော ရောဂါ (Metastatic disease) ရှိနေကြသည်။ ထိုလူနာများ၏ ထက်ဝက်ခန့်တွင် ရောဂါသည် အဆုတ်များသို့ ပျံ့နှံ့သွားပြီး ဖြစ်သည်။
ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) ကို များသောအားဖြင့် ဓာတုဆေးဝါးကုထုံး (Chemotherapy) ဖြင့် စတင်ကုသပြီးနောက် ခွဲစိတ်ကုသမှုနှင့် အခြား ဓာတုဆေးဝါးကုထုံး (Chemotherapy) တို့ဖြင့် ထပ်မံကုသသည်။ ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy) ကို ခွဲစိတ်ကုသမှုအစား အသုံးပြုနိုင်သလို ကုသမှုတွင် ထပ်မံပေါင်းထည့်၍လည်း အသုံးပြုနိုင်သည်။
ဆေးပညာသုတေသန စမ်းသပ်ကုသမှုများ (Clinical trials) သည် ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) အတွက် ကုသနည်း အသစ်များကို လေ့လာနေကြသည်။ ၎င်းတို့တွင် ပစ်မှတ်ထားကုသမှု (Targeted therapy) နှင့် ကိုယ်ခံအားကုထုံး (Immunotherapy)တို့ ပါဝင်သည်။
ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) ကုသမှုတွင် အဓိက ရည်မှန်းချက် 3 ခု ရှိသည်
ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) ၏ အသက်ရှင်နိုင်နှုန်း (Survival) သည် အချက်အလက်များစွာအပေါ် မူတည်သည်-
ဓာတုဆေးဝါးကုထုံး (Chemotherapy) ခံယူပြီး ခွဲစိတ်ကုသမှုဖြင့် အပြည့်အဝ ဖယ်ရှားနိုင်သော ဒေသတွင်းသာရှိသည့် ယူဝင်း ဆားကိုမာ ကင်ဆာအကျိတ် (Ewing sarcoma tumor) တစ်ခုတည်း ရှိသော လူနာများတွင် အမေရိကန်နိုင်ငံ၌ ရေရှည်ပျောက်ကင်းနိုင်ခြေ 70% ရှိသည်။
ရောဂါ ရှာဖွေအတည်ပြုချိန်တွင် ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပြီးဖြစ်သော လူနာများတွင် ကင်ဆာပျံ့နှံ့သည့် နေရာပေါ် မူတည်၍ အသက်ရှင်နိုင်ခြေ 15% မှ 30% အထိ ရှိသည်။
ပြန်လည်ဖြစ်ပွားသော ယူဝင်း ဆားကိုမာ ကင်ဆာ (Recurrent Ewing sarcoma) ရှိသော လူနာများ၏ ရောဂါအခြေအနေ ခန့်မှန်းချက် (Prognosis) သည် မကောင်းပါ။ ကင်ဆာပြန်လည်ဖြစ်ပွားပြီးနောက် (relapsed) ပျောက်ကင်းနိုင်ခြေမှာ အမေရိကန်နိုင်ငံတွင် 10% မှ 15% ခန့်သာ ရှိသည်။
ပြန်လည်ဖြစ်ပွားသော ယူဝင်း ဆားကိုမာ ကင်ဆာ (Recurrent Ewing sarcoma) ရှိသော လူနာများတွင် ရောဂါ ရှာဖွေအတည်ပြုပြီး ပထမ 2 နှစ်အတွင်း အကျိတ်အသစ်များ ထပ်မံ ဖြစ်ပေါ်လာလေ့ရှိသည်။ ဤအခြေအနေသည် အများဆုံးအားဖြင့် အဆုတ်များတွင် အကျိတ်အသစ်များ ပေါက်လာခြင်းအဖြစ် ဖြစ်ပေါ်တတ်သည်။
အစောပိုင်း ပြန်လည်ဖြစ်ပွားမှုရှိသော လူနာများ (ဆိုလိုသည်မှာ ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) သည် ရောဂါ ရှာဖွေအတည်ပြုပြီး 2 နှစ်အတွင်း ပြန်ဖြစ်လာခြင်း) သည် နောက်ကျမှ ပြန်လည်ဖြစ်ပွားသော လူနာများထက် ပျောက်ကင်းအောင် ကုသရန် ပိုမိုခက်ခဲသည်။
ဘဝအရည်အသွေးနှင့် ကင်ဆာကို တိုက်ရိုက်ကုသသော ကုသမှုများ (Cancer-directed therapy) အကြား မျှတမှုရှိရန် အရေးကြီးသည်။ မျှော်လင့်ထားရမည့် ပြဿနာများနှင့် ၎င်းတို့ကို ကိုင်တွယ် ဖြေရှင်းနိုင်မည့် နည်းလမ်းများအကြောင်း သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပါ။ သက်သာစေသော စောင့်ရှောက်ကုသမှု သည် မိသားစုများအား ရောဂါလက္ခဏာများကို စီမံခန့်ခွဲရန်၊ ဘဝအရည်အသွေးကို မြှင့်တင်ရန်နှင့် အသိပညာပြည့်ဝသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ကူညီပေးနိုင်သည်။
ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) သည် ကင်ဆာရှင်သန်ကျန်ရစ်သူအဖြစ် နှစ်များစွာ နေထိုင်ပြီးချိန်တွင်လည်း ပြန်လည်ဖြစ်ပွားနိုင်သည်။ သို့သော် ၎င်းသည် ကုသမှု ပြီးဆုံးပြီးနောက် ပထမ 2 နှစ်အတွင်း အဖြစ်အများဆုံး ဖြစ်သည်။ အကျိတ်သည် မူလနေရာတွင် ပြန်ဖြစ်နိုင်သလို ခန္ဓာကိုယ်၏ အခြားနေရာတစ်ခုတွင်လည်း ပြန်ဖြစ်နိုင်သည်။
သင့်ကလေးသည် ကုသမှု ပြီးဆုံးပြီးနောက် အချိန်ကြာမြင့်စွာ ပြန်လည်ဖြစ်ပွားခြင်း ရှိ၊ မရှိ စစ်ဆေးရန် နောက်ဆက်တွဲ စောင့်ရှောက်မှု လိုအပ်မည် ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် မည်သည့်စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်းနှင့် မည်မျှအကြိမ်ပြုလုပ်သင့်ကြောင်း အကြံပြုမည် ဖြစ်သည်။ ပုံရိပ်ဖော်စစ်ဆေးမှုများတွင် များသောအားဖြင့် အောက်ပါတို့ ပါဝင်သည်။
သင့်ကလေးတွင် ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) သည် ရိုးတွင်းခြင်ဆီတွင် ဖြစ်ခဲ့ပါက ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် ရိုးတွင်းခြင်ဆီ စစ်ဆေးမှုများကိုလည်း အကြံပြုနိုင်သည်။
ခြေလက်ဖြတ်တောက်ခြင်း (Amputation) သို့မဟုတ် ခြေလက်အင်္ဂါ ထိန်းသိမ်းသော ခွဲစိတ်ကုသမှု (Limb-sparing surgery) ခံယူခဲ့သော လူနာအများစုသည် အချိန်ကြာလာသည်နှင့်အမျှ အခြေအနေကောင်းမွန်လာကြသည်။
၎င်းတို့သည် ကောင်းမွန်သော ကိုယ်လက်လှုပ်ရှားနိုင်စွမ်းနှင့် ဘဝအရည်အသွေး ရှိကြောင်း ဖော်ပြကြသည်။ နောက်ဆက်တွဲ စောင့်ရှောက်မှုသည် အရေးကြီးသည်။
သင့်ကလေးသည် ကြွက်သားနှင့် အရိုးလုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးရန် နှစ်စဉ် စစ်ဆေးမှု ပြုလုပ်သင့်သည်။ ဆက်လက် ဖြစ်ပေါ်နေသော ပြဿနာများ မရှိကြောင်း သေချာစေရန် အရေးကြီးသည်။ ခြေလက်အရှည်မညီခြင်း၊ သင့်ကလေး၏ လမ်းလျှောက်ပုံ ပြောင်းလဲခြင်း၊ အဆစ်ဆိုင်ရာ ပြဿနာများ သို့မဟုတ် အခြားပြဿနာများသည် ရေရှည်နာကျင်မှု (Chronic pain) သို့မဟုတ် မသန်စွမ်းမှုကို ဖြစ်စေနိုင်သည်။
ယူဝင်း ဆားကိုမာ ကင်ဆာ (Ewing sarcoma) အတွက် ကုသမှုခံယူခဲ့သော ကလေးများသည် ကုသမှုနှင့်ဆက်စပ်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်ခြေ ရှိသည်။ သင့်ကလေးသည် ပုံမှန် ကိုယ်ခန္ဓာစစ်ဆေးမှုများနှင့် ကျန်းမာရေးစစ်ဆေးမှုများကို ခံယူရန် လိုအပ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်အလေ့အထများဖြင့် ကျန်းမာသော ဘဝနေထိုင်မှုပုံစံကို လိုက်နာခြင်းကလည်း အထောက်အကူပြုနိုင်သည်။
အရိုးကင်ဆာ (Bone cancer) မှ အသက်ရှင်ကျန်ရစ်သူများသည် ကိုယ်လက်လှုပ်ရှားမှု နည်းပါးလေ့ရှိသည်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကျန်းမာရေး၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ကိုယ်လက်လှုပ်ရှားနိုင်စွမ်းကို ထိန်းသိမ်းရန် အရေးကြီးသည်။
သင့်ကလေးသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ သက်ရောက်သော ဓာတုဆေးဝါးကုထုံး (Systemic chemotherapy) သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံး (Radiation) ခံယူခဲ့ပါက၊ ကုသမှု၏ ချက်ချင်းဖြစ်ပေါ်သော ဆိုးကျိုးများ (Acute effects) နှင့် နောက်မှဖြစ်သော ဆိုးကျိုးများအတွက် စောင့်ကြည့်စစ်ဆေးရန် လိုအပ်သည်။ ကုသမှုကြောင့် ဖြစ်ပေါ်နိုင်သော ပြဿနာများတွင် အောက်ပါတို့ ပါဝင်သည်-
ခြေထောက်သို့ ဓာတ်ရောင်ခြည်ကုထုံး ပေးခြင်းသည် ထိုအရိုး၏ ကြီးထွားမှုကို ထိခိုက်စေနိုင်သည်။ ၎င်းသည် ခြေထောက်ကို ပိုတိုသွားစေနိုင်သည်။ ထို့ကြောင့် ခြေထောက်အရှည် မညီမျှခြင်း ဖြစ်ပေါ်နိုင်သည်။ ဤပြဿနာကို ပြင်းထန်မှုအပေါ် မူတည်၍၊ ကုသနိုင်သော နည်းလမ်းအမျိုးမျိုး ရှိသည်။
ကုသမှုပြီးဆုံးပြီးနောက် သင့်ကလေး၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် ကင်ဆာရှင်သန်ကျန်ရစ်သူ စောင့်ရှောက်မှုအစီအစဉ် (Survivorship care plan) ကို ပေးသင့်သည်။ ဤအစီရင်ခံစာတွင် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများနှင့် ကျန်းမာသော ဘဝနေထိုင်မှုပုံစံအတွက် အကြံပြုချက်များ ပါဝင်မည်ဖြစ်သည်။
ကုသမှု၏ နောက်မှဖြစ်သော ဆိုးကျိုးများအကြောင်းကို သင့်ကလေး၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးပါ။ သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို အမြဲလိုက်နာပါ။
—
ပြန်လည်စစ်ဆေးထားသည်- ဇူလိုင်လ 2023 ခုနှစ်
သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) သည် ခန္ဓာကိုယ်အတွင်းပိုင်း၏ အသေးစိတ်ရုပ်ပုံများကို ဖန်တီးပေးသည့် ပုံရိပ်ဖော်စစ်ဆေးမှု အမျိုးအစားတစ်ခုဖြစ်သည်။ MRI စစ်ဆေးမှုပြုလုပ်စဉ် မည်သည့်အရာများကို မျှော်လင့်ထားရမည်နည်း။
ဓာတ်ရောင်ခြည်ကုထုံးသည် အကျိတ်များကို ကျုံ့သွားစေရန်နှင့် ကင်ဆာဆဲလ်များကို သတ်ရန် ရောင်ခြည်တန်းများ သို့မဟုတ် စွမ်းအင်လှိုင်းများကို အသုံးပြုပါသည်။ ကလေးဘဝကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုသမှုများအကြောင်းကို ပိုမိုလေ့လာပါ။