သွေးဥမွှားအရေအတွက် နည်းပါးခြင်း (သွေးဥမွှား နည်းပါးခြင်း)
သွေးဥမွှားအရေအတွက် နည်းပါးခြင်း ဆိုတာ ဘာလဲ။
သွေးဥမွှားအရေအတွက် နည်းပါးခြင်း ဆိုသည်မှာ သွေးဥမွှားများ (thrombocytes) အရေအတွက် နည်းပါးခြင်းကို ဖြစ်စေသော အခြေအနေတစ်ခု ဖြစ်ပါသည်။ သွေးဥမွှားများ ဆိုသည်မှာ သွေးခဲစေရန်နှင့် သွေးထွက်ခြင်းကို ရပ်တန့်စေရန် ကူညီပေးသော သွေးဆဲလ်များ ဖြစ်သည်။ အကယ်၍ လူတစ်ဦးတွင် သွေးဥမွှားအရေအတွက် အလွန်နည်းပါးနေပါက ၎င်းတို့တွင် သွေးထွက်ခြင်း သို့မဟုတ် အညိုအမည်းစွဲခြင်းတို့ ပိုမိုလွယ်ကူစွာ ဖြစ်ပွားနိုင်သည်။
သွေးဥမွှားအရေအတွက် နည်းပါးခြင်းသည် များသောအားဖြင့် ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး၊ အချို့သော ဆေးဝါးများ၊ နှင့် အခြားကုသမှုများ၏ ဘေးထွက်ဆိုးကျိုးတစ်ခုအနေဖြင့် ဖြစ်ပွားတတ်ပါသည်။
ပုံမှန်သွေးဥမွှားအရေအတွက်မှာ သွေး တစ်မိုက်ခရိုလီတာလျှင် 150,000 မှ 400,000 အထိ ဖြစ်သည်။ သို့သော် ၎င်းသည် သင့်ကလေး၏ အသက်အရွယ်ပေါ်တွင် မူတည်နိုင်ပါသည်။ သင့်ကလေးအတွက် ပုံမှန်သွေးဥမွှားအရေအတွက်မှာ မည်မျှဖြစ်သည်ကို သင့်ပြုစုကုသရေးအဖွဲ့အား မေးမြန်းပါ။
သွေးဥမွှားအရေအတွက် ပမာဏအပိုင်းအခြား
|
၎င်း၏ အဓိပ္ပာယ်မှာ
|
|---|
| 150,000 – 450,000 / မိုက်ခရိုလီတာ |
ပုံမှန် သွေးဥမွှားအရေအတွက် |
| 50,000 – 100,000 / မိုက်ခရိုလီတာ |
ဒဏ်ရာရပါက သွေးထွက်နိုင်ခြေ အနည်းငယ်ရှိခြင်း |
| 50,000 အောက်နည်းခြင်း / မိုက်ခရိုလီတာ |
အညိုအမည်းစွဲခြင်း ပိုမိုများပြားလာခြင်း |
| 20,000 အောက်နည်းခြင်း / မိုက်ခရိုလီတာ |
အလိုအလျောက် သွေးထွက်နိုင်ခြေရှိခြင်း |
| 10,000 အောက်နည်းခြင်း / မိုက်ခရိုလီတာ |
ပြင်းထန်စွာ သွေးထွက်နိုင်ခြေရှိခြင်း |
သွေးဥမွှားအရေအတွက်များကို သွေး တစ်မိုက်ခရိုလီတာ (µL) လျှင် ရှိသော သွေးမွှားဥအရေအတွက်ဖြင့် ဖော်ပြပါသည်။
ဤ အချက်အလက်သည် အထွေထွေလမ်းညွှန်ချက်တစ်ခု အဖြစ်သာ ရည်ရွယ်ပါသည်။ သီးသန့်စစ်ဆေးမှုရလဒ်များနှင့် ၎င်းတို့၏ ဆိုလိုရင်းဆိုင်ရာ အချက်အလက်များအတွက် သင့်ပြုစုကုသရေးအဖွဲ့နှင့် အမြဲတမ်း တိုင်ပင်ဆွေးနွေးပါ။
သွေးဥမွှားအရေအတွက် နည်းပါးခြင်း၏ လက္ခဏာရပ်များ
သွေးမွှားဥနည်းပါးခြင်း အနည်းငယ်သာ ခံစားရပါက သိသာထင်ရှားသော လက္ခဏာရပ်များ မပြဘဲ ရှိနေနိုင်ပါသည်။ သို့မဟုတ်ပါက ဒဏ်ရာရခြင်း သို့မဟုတ် ပြတ်ရှခြင်း ဖြစ်ပြီးနောက် သင့်ကလေးတွင် အညိုအမည်းစွဲခြင်း ပိုမိုလွယ်ကူစွာ ဖြစ်ပွားနိုင်သည် သို့မဟုတ် သွေးထွက်ချိန် ပိုမိုကြာမြင့်နိုင်ပါသည်။
သွေးဥမွှားနည်းပါးခြင်း၏ အခြားသော လက္ခဏာများနှင့် ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်-
- မောပန်းခြင်း
- နှာခေါင်းသွေးယိုခြင်း
- သွားဖုံးသွေးထွက်ခြင်း
- ရာသီသွေး အလွန်အမင်းဆင်းခြင်း သို့မဟုတ် ပုံမှန်ထက် ရာသီလာရက် ပိုမိုကြာမြင့်ခြင်း
- ကျင်ငယ် (ဆီး) တွင် သွေးပါခြင်း
- မည်းနက်နေသော သို့မဟုတ် သွေးပါနေသော ဝမ်း (မစင်)
- အန်ဖတ်တွင် သွေးပါခြင်း
- ရာသီလာချိန်မဟုတ်ဘဲ မိန်းမကိုယ်မှ သွေးဆင်းခြင်း
- ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
- အမြင်အာရုံပြောင်းလဲခြင်းများ
- စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် ပုံမှန်ထက် ပို၍ အိပ်ငိုက်ခြင်း
- သွေးခြေဥခြင်း- အရေပြား၊ နှုတ်ခမ်း၊ သို့မဟုတ် ပါးစပ်အတွင်းပိုင်းတို့တွင် အညိုအမည်းစွဲခြင်း သို့မဟုတ် ခရမ်းရောင်အစက်အပြောက်များ ဖြစ်ပေါ်ခြင်း
- သွေးခြေဥအစက်အပြောက်များ- အရေပြားပေါ်တွင် အနီစက်များကဲ့သို့ တွေ့ရတတ်သည့် သေးငယ်သော အနီရောင် သို့မဟုတ် ခရမ်းရောင် "အပ်ဖျားခန့်" အစက်အပြောက်ငယ်များ ဖြစ်ပေါ်ခြင်း
သင့်ကလေးတွင် အသစ်ဖြစ်ပေါ်လာသော သို့မဟုတ် ပိုမိုဆိုးရွားလာသော သွေးထွက်သည့် လက္ခဏာများ တွေ့ရှိပါက ပြုစုကုသရေးအဖွဲ့ထံသို့ ချက်ချင်း အသိပေးပါ။
သွေးဥမွှားအရေအတွက် နည်းပါးခြင်း ဖြစ်ပွားရသည့် အကြောင်းရင်းများ
သွေးဥမွှားအရေအတွက် နည်းပါးခြင်းသည် ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် အချို့သော ဆေးဝါးများကဲ့သို့သော ဆေးဝါးကုသမှုများ၏ အဖြစ်များသည့် ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဒဏ်ရာရခြင်း သို့မဟုတ် ခွဲစိတ်ကုသမှု ခံယူခြင်းတို့ကြောင့် သွေးဆုံးရှုံးမှု ဖြစ်ပွားပြီးနောက်တွင်လည်း ဖြစ်ပေါ်နိုင်ပါသည်။
သွေးဥမွှားနည်းပါးရခြင်း၏ အကြောင်းရင်းများတွင် အောက်ပါတို့ ပါဝင်ပါသည်-
သွေးဥမွှားအရေအတွက် နည်းပါးခြင်းအား ရောဂါရှာဖွေခြင်း
သွေးဥမွှားအရေအတွက် နည်းပါးခြင်း ကို သင့်ကလေး၏ ရောဂါရာဇဝင်၊ ကိုယ်ခန္ဓာစစ်ဆေးမှုနှင့် ဓာတ်ခွဲခန်းစစ်ဆေးမှုများအပေါ် အခြေခံ၍ ရောဂါရှာဖွေအတည်ပြုပါသည်။ သင့်ကလေးတွင် သွေးထွက်ခြင်း သို့မဟုတ် အညိုအမည်းစွဲခြင်းတို့၌ ထူးခြားသောပြောင်းလဲမှုများ ရှိ၊ မရှိ၊ မကြာသေးမီက ဖျားနာခဲ့ခြင်း ရှိ၊ မရှိ သို့မဟုတ် သင့်ကလေး သောက်သုံးနေသော ဆေးဝါးများနှင့် ပတ်သက်၍ ဆရာဝန်က မေးမြန်းနိုင်ပါသည်။
ဓာတ်ခွဲခန်းစစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည်-
- သွေးဥမွှားများနှင့် အခြားသွေးဆဲလ်များ၏ အရေအတွက်နှင့် ပမာဏတို့ကို တိုင်းတာရန်သွေးဆဲလ်အပြည့်အစုံ စစ်ဆေးခြင်း (CBC) ပြုလုပ်ခြင်း
- အဏုကြည့်မှန်ပြောင်းအောက်တွင် သွေးဥမွှားများနှင့် အခြားသွေးဆဲလ်များ၏ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို စစ်ဆေးရန် သွေးဆဲလ်ပုံသဏ္ဌာန်စစ်ဆေးခြင်း
- ဆီး သို့မဟုတ် ဝမ်းတွင် သွေးပါဝင်မှု ရှိ၊ မရှိ စစ်ဆေးရန် ဆီးနှင့် ဝမ်း စစ်ဆေးမှုများ ပြုလုပ်ခြင်း
- သွေးမွှားဥများကို ပုံမှန်အတိုင်း ထုတ်လုပ်နေခြင်း ရှိ၊ မရှိ သိရှိနိုင်ရန်အရိုးတွင်းခြင်ဆီ စုပ်ထုတ်ခြင်းနှင့် အသားစယူစစ်ဆေးခြင်း ပြုလုပ်ခြင်း
- သွေး မည်မျှ ကောင်းမွန်စွာ ခဲနိုင်သည်နှင့် သွေးခဲရန် အချိန်မည်မျှ ကြာမြင့်သည်ကို ကြည့်ရှုရန် သွေးခဲစနစ် စစ်ဆေးမှုများ (သွေးခဲခြင်းဆိုင်ရာ စစ်ဆေးမှု ဟုလည်း ခေါ်ဆိုပါသည်) ပြုလုပ်ခြင်း
သင့်ပြုစုကုသရေးအဖွဲ့သည် အခြားသော ကျန်းမာရေးအခြေအနေများ သို့မဟုတ် သွေးထွက်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများကို ရှာဖွေရန် အခြားစစ်ဆေးမှုများကိုလည်း ပြုလုပ်နိုင်ပါသည်။
သွေးဥမွှားအရေအတွက် နည်းပါးခြင်းအား ကုသခြင်း
သွေးဥမွှားနည်းပါးသော ကလေးငယ်တိုင်း ကုသမှုခံယူရန် မလိုပါ။ သင့်ပြုစုကုသရေးအဖွဲ့သည် မည်သည့်အချိန်တွင် ကုသမှုလိုအပ်သနည်းနှင့် ကုသမှုလိုအပ်ခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် သင့်ကလေး၏ သွေးအရေအတွက်ကို စစ်ဆေးပြီး လက္ခဏာရပ်များကို စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်သည်။
အကယ်၍ သွေးဥမွှားအရေအတွက် နည်းပါးခြင်းသည် ကုသမှုတစ်ခုခု၏ ဘေးထွက်ဆိုးကျိုးအဖြစ် ဖြစ်ပွားခြင်း ဖြစ်ပါက ပုံမှန်အားဖြင့် ကုသမှုပြီးဆုံးသွားသည့်အခါ သွေးဥမွှားအရေအတွက်သည် ပုံမှန်အတိုင်း ပြန်လည်ဖြစ်လာမည် ဖြစ်သည်။
သွေးဥမွှားအရေအတွက် နည်းပါးခြင်းအား ကုသရန်အတွက် အောက်ပါတို့ ပါဝင်ပါသည်-
- ဖြစ်ပွားရသည့် အကြောင်းရင်းကို ကုသခြင်း- ဥပမာအားဖြင့် အကယ်၍ သွေးဥမွှားနည်းပါးခြင်းသည် ကျန်းမာရေးအခြေအနေတစ်ရပ်ရပ်ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါက ယင်းအခြေအနေကို ကုသပေးခြင်းဖြင့် ဤပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မည်။
- သွေးဥမွှား သွင်းခြင်း- ဆုံးရှုံးသွားသော သွေးဥမွှားများနေရာတွင် အစားထိုးရန်အတွက် အလှူရှင်ထံမှ ရရှိသော သွေးဥမွှားများကို သွေးပြန်ကြောမှတစ်ဆင့် သွင်းပေးခြင်း ပြုလုပ်နိုင်ပါသည်။
- ဆေးဝါးများ- သင့်ခန္ဓာကိုယ်က သွေးဥမွှားများ ပိုမိုထုတ်လုပ်နိုင်ရန် ကူညီပေးခြင်း၊ ကိုယ်ခံအားစနစ် တုံ့ပြန်မှုကို လျှော့ချပေးခြင်း သို့မဟုတ် သွေးထွက်ခြင်းကို ထိန်းချုပ်ပေးခြင်းတို့အတွက် သင့်ပြုစုကုသရေးအဖွဲ့က ဆေးဝါးများ ညွှန်ကြားနိုင်ပါသည်။
- သရက်ရွက် ခွဲစိတ်ဖယ်ထုတ်ခြင်း- အခြားကုသမှုများ အဆင်မပြေပါက သရက်ရွက် ခွဲစိတ်ဖယ်ထုတ်ခြင်း ကို ပြုလုပ်နိုင်ပါသည်။
သွေးဥမွှားအရေအတွက် နည်းပါးခြင်းကို မည်သို့ စီမံခန့်ခွဲမည်နည်း
သင့်ကလေး၏ သွေးဥမွှားအရေအတွက် နည်းပါးနေချိန်တွင် သွေးထွက်ခြင်းနှင့် အညိုအမည်းစွဲခြင်းတို့ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးဖို့ အရေးကြီးပါသည်။
- အချို့သော ဆေးဝါးများနှင့် အားဆေးဖြည့်စွက်စာများကို ရှောင်ကြဉ်ပါ။ ၎င်းတွင် အက်စပရင် (Aspirin) နှင့် အိုင်ဗျူပရိုဖန် (Ibuprofen) ကဲ့သို့သော ဆေးဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သော ဆေးဝါးများ ပါဝင်ပြီး ၎င်းတို့သည် သွေးထွက်နိုင်ခြေကို ပိုမိုမြင့်မားစေသည်။ မည်သည့်အရာများကို ရှောင်ကြဉ်ရမည်နည်းဟူသော စာရင်းကို သင့်ပြုစုကုသရေးအဖွဲ့ထံ တောင်းခံပါ။
- သွားပွတ်တံအပျော့ဖြင့် သွားများကို ညင်သာစွာ တိုက်ပေးပါ။
- ချော်လဲခြင်း သို့မဟုတ် ဒဏ်ရာရရှိနိုင်ခြေ ပိုမိုမြင့်မားသော လှုပ်ရှားမှုများ သို့မဟုတ် အားကစားများကို ရှောင်ကြဉ်ပါ။
- သင့်ကလေး၏ အပူချိန်ကို စအိုမှတစ်ဆင့် မတိုင်းတာပါနှင့်။
- သင့်ကလေးကို အိမ်ထဲရှိနေလျှင်ပင် ဖိနပ်စီးထားခိုင်းပါ။
- ချွန်ထက်သောအရာဝတ္ထုများကို သတိကြီးကြီးဖြင့် ကိုယ်တွယ်ပါ။ အကယ်၍ သင့်ကလေးသည် အသက်အရွယ်ကြီးပါက မုတ်ဆိတ်ရိတ်ရန်အတွက် လျှပ်စစ်မုတ်ဆိတ်ရိတ်စက်ကို အသုံးပြုသင့်ပါသည်။
- အရေပြားခြောက်သွေ့ခြင်းနှင့် နှုတ်ခမ်းကွဲခြင်းတို့ကို ကာကွယ်ရန် လိုးရှင်းနှင့် နှုတ်ခမ်းအစိုဓာတ်ထိန်းခရမ် တို့ကို အသုံးပြုပါ။
- သင့်ကလေးသည် အနာဖေးများကို ခွာခြင်း သို့မဟုတ် ဝက်ခြံများကို ဆိတ်ခြင်းများ မပြုလုပ်မိစေနှင့်။
- ရာသီသွေးဆင်းသည့် အမျိုးသမီးများသည် တမ်ပွန် ခေါ် မိန်းမကိုယ်ထည့် ဂွမ်းတောင့်များအစား ဓမ္မတာသုံး ပတ်တီးများကိုသာ အသုံးပြုသင့်ပါသည်။
အိမ်မှာတင် သွေးထွက်မှုအနည်းငယ်ရှိခြင်းကို မည်သို့ကုသမည်နည်း
နေ့စဉ်လှုပ်ရှားမှုများသည် သွေးထွက်ခြင်း သို့မဟုတ် အညိုအမည်းစွဲခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ သင့်ကလေးကို အိမ်တွင် ပြုစုကုသရန် အောက်ပါအကြံပြုချက်များအတိုင်း လုပ်ဆောင်နိုင်သည်။
- အနည်းငယ် ပြတ်ရှခြင်းနှင့် ဒဏ်ရာများ- သွေးထွက်ခြင်း ရပ်တန့်သွားသည်အထိ ဒဏ်ရာပေါ်သို့ သန့်ရှင်းသောအဝတ်ဖြင့် ဖိထားပေးပါ။ ဒဏ်ရာကို ဆပ်ပြာ၊ ရေဖြင့် စင်ကြယ်အောင် ဆေးကြောပါ။ ထိုနေရာကို ခြောက်သွေ့အောင်သုတ်ပြီး ပိုးသတ်ထားသော ပတ်တီး သို့မဟုတ် ပိတ်ကျဲစ အုပ်ပေးပါ။
- ပါးစပ် သို့မဟုတ် သွားဖုံး သွေးထွက်ခြင်း- သင့်ကလေး၏ ပါးစပ်ကို ရေခဲရေ သို့မဟုတ် ရေအေးဖြင့် ပလုတ်ကျင်းပေးပါ။ သွားဖုံးသွေးထွက်ခြင်းကို ကာကွယ်ရန် ခံတွင်းစောင့်ရှောက်မှုဆိုင်ရာ သင့်ပြုစုကုသရေးအဖွဲ့၏ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
- နှာခေါင်းသွေးလျှံခြင်းများ- သင့်ကလေးကို မတ်မတ်ထိုင်ခိုင်းပြီး ရှေ့သို့ အနည်းငယ် ကိုင်းခိုင်းပါ။ နှာခေါင်းရိုး၏ အောက်ဘက်နားရှိ နှာခေါင်းပေါက်တစ်ခုချင်းစီ၏ အပြင်ဘက်ကို ဖိပေးထားပါ။ ထိုနေရာကို လက်မ၊ လက်ညှိုးဖြင့် ညှစ်ပြီး 5–10 မိနစ်ခန့်အထိ ညင်သာစွာ ဖိထားပေးပါ။ သွေးထွက်ခြင်း ရပ်တန့်သွားခြင်း ရှိ၊ မရှိ ကြည့်ရှုရန် ဖြည်းညှင်းစွာ လွှတ်ပေးပါ။
- အညိုအမည်းစွဲခြင်း- ထိုနေရာပေါ်သို့ ရေခဲကို 20 မိနစ်ခန့် ကပ်ပေးထားပါ။
အကယ်၍ သွေးထွက်လွန်ပါက သို့မဟုတ် သွေးထွက်ခြင်း မရပ်တန့်ပါက ဆေးကုသမှုကို ချက်ချင်း ခံယူပါ။
ပြုစုကုသရေးအဖွဲ့အား မေးမြန်းရမည့် မေးခွန်းများ
- ကျွန်ုပ်ကလေး၏ သွေးဥမွှားအရေအတွက် နည်းပါးရခြင်း၏ အကြောင်းရင်းက ဘာလဲ။
- ကျွန်ုပ်ကလေးတွင် သွေးထွက်နိုင်ခြေ မည်မျှ ရှိပါသနည်း။
- ကျွန်ုပ်ကလေး၏ သွေးဥမွှားအရေအတွက်ကို စောင့်ကြည့်စစ်ဆေးရန် ဘယ်နှကြိမ် သွေးစစ်ဖို့ လိုအပ်ပါသနည်း။
- ကျွန်ုပ်ကလေး၏ သွေးဥမွှားအရေအတွက် နည်းပါးနေချိန်တွင် အချို့သော လှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် လိုအပ်ပါသလား။
- သွေးထွက်ခြင်းကို ကာကွယ်ရန် လိုက်နာဆောင်ရွက်သင့်သည့် အခြား ကြိုတင်ကာကွယ်မှုများ ရှိပါသလား။
- သွေးယိုစိမ့်မှုရဲ့ ဘယ်လိုလက္ခဏာတွေကို သတိထားသင့်လဲ။
သွေးဥမွှားအရေအတွက် နည်းပါးခြင်း နှင့်ပတ်သတ်သော အဓိကအချက်များ
- သွေးဥမွှားအရေအတွက် နည်းပါးခြင်း သို့မဟုတ် သွေးဥမွှားနည်းပါးခြင်းသည် ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး၊ နှင့် အချို့သော ဆေးဝါးများအပါအဝင် အချို့သော ကုသမှုများ၏ အဖြစ်များသည့် ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပါသည်။
- သွေးဥမွှားအရေအတွက် နည်းပါးခြင်းသည် အရင်းခံ ကျန်းမာရေးအခြေအနေတစ်ရပ်ရပ်ကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။
- အကယ်၍ သင့်ကလေးတွင် သွေးဥမွှားအရေအတွက် နည်းပါးနေပါက သွေးထွက်ခြင်း သို့မဟုတ် အညိုအမည်းစွဲခြင်းတို့ ပိုမိုလွယ်ကူစွာ ဖြစ်ပွားနိုင်ပါသည်။
- သွေးဥမွှားအရေအတွက် နည်းပါးခြင်း အများစုမှာ ယာယီသာဖြစ်ပြီး ကုသမှုခံယူရန် မလိုအပ်ပါ။ သင့်ကလေးအတွက် မည်သည့်စစ်ဆေးမှုများနှင့် ကုသမှုများ လိုအပ်သည်ကို သင့်ပြုစုကုသရေးအဖွဲ့က အသိပေးပါလိမ့်မည်။
- သင့်ကလေး၏ သွေးထွက်နိုင်ခြေကို မည်သို့လျှော့ချရမည်နှင့် သွေးထွက်ခြင်းဖြစ်ပွားပါက မည်သို့လုပ်ဆောင်ရမည်နည်းတို့နှင့် ပတ်သက်၍ ပြုစုကုသရေးအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဒီဇင်ဘာလ 2024 ခုနှစ်
-
သွေးသွင်းခြင်း
သင့်ကလေးတွင် သွေးဆဲလ်ပမာဏများ လုံလောက်စွာမရှိပါက သွေးသွင်းရန် လိုအပ်နိုင်ပါသည်။ သွေးအစိတ်အပိုင်း သွင်းခြင်း အမျိုးအစားများနှင့် မျှော်လင့်ထားရမည့်အရာများအကြောင်းကို လေ့လာပါ။
-
ANC နှင့် သွေးဖြူဥနည်းခြင်း
ANC နည်းပါးခြင်း (သွေးဖြူဥနည်းခြင်း) ဆိုသည်မှာ သွေးထဲတွင် သွေးဖြူဥများနည်းပါးနေခြင်းကို ဆိုလိုသည်။ သွေးဖြူဥနည်းခြင်း သို့မဟုတ် "သွေးဆဲလ်အရေအတွက်" နည်းပါးခြင်းက ပိုးဝင်နိုင်ခြေကို မည်သို့မြင့်မားစေကြောင်း လေ့လာပါ။
-
သွေးယိုစိမ့်မှုရောဂါရှိသော ကလေးတွင် သွေးအနည်းငယ်ထွက်ခြင်းကို ကုသခြင်း
သင့်ကလေးတွင် သွေးယိုစိမ့်မှုရောဂါရှိပါက သွေးထွက်သည့်အခါတွင် မည်သို့လုပ်ရမည်ဆိုသည်ကို သိထားခြင်းသည် အရေးကြီးပါသည်။ အိမ်တွင် သွေးအနည်းငယ်ထွက်ခြင်းများအား မည်သို့ကုသရမည်ကို လေ့လာပါ။