သွေးအားနည်းရောဂါ (Anemia) ဆိုတာဘာလဲ။
သွေးအားနည်းရောဂါ (Anemia) ဆိုသည်မှာ သင့်ခန္ဓာကိုယ်တွင် ကျန်းမာသော သွေးနီဥဆဲလ်များ လုံလောက်စွာ မရှိသည့် အခြေအနေတစ်ခု ဖြစ်သည်။ ဤဆဲလ်များသည် အဆုတ်မှ အောက်ဆီဂျင်ကို သင့်ခန္ဓာကိုယ်၏ ကျန်ရှိသော အစိတ်အပိုင်းများဆီသို့ သယ်ဆောင်ပေးသည်။ ၎င်းတို့ လုံလောက်စွာ မရှိသည့်အခါ သွေးနီဥ ဆဲလ်များသင့်ခန္ဓာကိုယ်သည် ကောင်းမွန်စွာ အလုပ်လုပ်ရန် လိုအပ်သော အောက်ဆီဂျင်ကို မရရှိတော့ပါ။ သွေးနီဥဆဲလ်များသည် သင့်အရိုးများ၏ အလယ်ဗဟိုတွင်ရှိသော ပျော့ပျောင်း၍ ရေမြှုပ်ကဲ့သို့သော တစ်ရှူးဖြစ်သည့် အရိုးတွင်းခြင်ဆီတွင် ဖြစ်ပေါ်လာသည်။
သွေးအားနည်းရောဂါ (Anemia)၏ ရောဂါလက္ခဏာများ
သွေးအားနည်းရောဂါ (Anemia) ၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်-
- အားနည်းခြင်းနှင့် မောပန်းလွယ်ခြင်း (နုံးခွေခြင်း)
- ခေါင်းမူးဝေခြင်း သို့မဟုတ် သတိမေ့မလိုဖြစ်ခြင်း
- အသက်ရှူမဝခြင်း
- နှလုံးခုန်မြန်ခြင်း
- အရေပြား ဖြူဖျော့ခြင်း သို့မဟုတ် ဝါခြင်း
- ခေါင်းကိုက်ခြင်း
- လက် သို့မဟုတ် ခြေထောက်များ အေးစက်နေခြင်း
သွေးအားနည်းရောဂါ (Anemia) ဖြစ်ပွားရသည့် အကြောင်းအရင်းများ
သွေးအားနည်းရောဂါ (Anemia)သည် မတူညီသော အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပြီး ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်-
- သွေးနီဥဆဲလ်များ ပျက်စီးနှုန်း ပိုမိုများပြားလာခြင်း
- သံဓာတ်၊ ဖောလစ်အက်ဆစ် နှင့် ဗီတာမင် B12 ကဲ့သို့သော အာဟာရဓာတ်အချို့ လုံလောက်စွာမရရှိခြင်း
- သွေး သို့မဟုတ် အရိုးတွင်းခြင်ဆီဆိုင်ရာ ရောဂါများ
- သွေးကင်ဆာ (Leukemia) နှင့် ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) အပါအဝင် အရိုးတွင်းခြင်ဆီ ကင်ဆာ
- အရိုးတွင်းခြင်ဆီကို ပျက်စီးစေသည့် ဓာတုကုထုံး
- ခန္ဓာကိုယ်၏ နေရာအနှံ့အပြား သို့မဟုတ် အရိုးများကို ဓာတ်ရောင်ခြည်ကုထုံး (အရိုးတွင်းခြင်ဆီကို ပျက်စီးစေသည်)
- ဒဏ်ရာရခြင်း၊ ခွဲစိတ်မှုပြုလုပ်ခြင်း သို့မဟုတ် ရာသီသွေး အလွန်အကျွံဆင်းခြင်းတို့ကြောင့် သွေးဆုံးရှုံးခြင်း
- ကျောက်ကပ်၊ အသည်း၊ အစာခြေလမ်းကြောင်း၊ သိုင်းရွိုက်၊ သို့မဟုတ် ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါများ
သွေးအားနည်းရောဂါ (Anemia) ကို ရောဂါရှာဖွေခြင်း
သွေးအားနည်းရောဂါ (Anemia) ကို သင့်ကလေး၏ ရောဂါရာဇဝင်၊ ကိုယ်ခန္ဓာစစ်ဆေးမှုနှင့် ဓာတ်ခွဲခန်းစစ်ဆေးမှုများအပေါ် အခြေခံ၍ ရောဂါရှာဖွေ သတ်မှတ်သည်။ ဓာတ်ခွဲခန်းစစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည်-
- သွေးအားနည်းရောဂါ (Anemia) ၏ လက္ခဏာများကို ရှာဖွေရန်အတွက် သွေးပမာဏပြည့်စုံ စစ်ဆေးမှု (CBC) ။ CBC စစ်ဆေးချက်က တိုင်းတာပေးသည့်အရာများ-
- သွေးနီဥဆဲလ်များ၊ သွေးဖြူဥဆဲလ်များနှင့် သွေးဥမွှား အရေအတွက်များ
- သွေးနီဥဆဲလ်များ၏ အရွယ်အစား
- သွေးနီဥဆဲလ်များက သွေးထဲတွင် မည်မျှအချိုးအစား ပါဝင်ကြောင်း ပြသသည့် ဟီမတိုခရစ်
- အောက်ဆီဂျင်ကို သယ်ဆောင်ပေးသော သင့်သွေးထဲရှိ ပရိုတင်းတစ်မျိုး ဖြစ်သော ဟီမိုဂလိုဘင်
- သွေးဆဲလ်များကို အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်ရှုစစ်ဆေးရန်အတွက်အစွန်းထွက်သွေးကွက် စစ်ဆေးခြင်း
- သင့်ကလေး၏ ခန္ဓာကိုယ်ထဲရှိ သွေးနီဥနု (ရီတီကျူလိုဆိုက်) အရေအတွက်ကို တိုင်းတာရန်အတွက် ရီတီကျူလိုဆိုက် အရေအတွက် မရင်ကျက်သေးသည် သွေးနီဥဆဲလ် ပမာဏ မြင့်မားနေခြင်းသည် ပျက်စီးသွားသော ဆဲလ်များနေရာတွင် ပြန်လည်အစားထိုးရန်အတွက် အရိုးတွင်းခြင်ဆီက ဆဲလ်များကို ပိုမိုထုတ်လုပ်ပေးနေရသည်ဟု အဓိပ္ပာယ်ရသည်။
သွေးအားနည်းရောဂါ (Anemia) အမျိုးအစားနှင့် ၎င်း၏ အကြောင်းအရင်းကို တိတိကျကျ သိရှိနိုင်ရန် သင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးသူက အခြားသော စစ်ဆေးမှုများကို ထပ်မံညွှန်ကြားနိုင်ပါသည်။
သွေးအားနည်းရောဂါ (Anemia) ကို ကုသခြင်း
သင့်ကလေး၏ ကုသမှုသည် သွေးအားနည်းရောဂါ (Anemia) ဖြစ်ပွားရသည့် အကြောင်းအရင်းပေါ်တွင် မူတည်လိမ့်မည်။ အကယ်၍ သွေးအားနည်းရောဂါ (Anemia) သည် နောက်ခံရောဂါအခြေအနေ တစ်ခုကြောင့် ဖြစ်ပါက ထိုရောဂါကို ကုသပေးခြင်းက သွေးအားနည်းရောဂါ (Anemia) သက်သာကောင်းမွန်လာစေရန် ကူညီပေးနိုင်သည်။ အချို့သောအခြေအနေများတွင် သင့်ကလေး၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူက သင့်ကလေးအား သွေးနှင့်ပတ်သက်သော ရောဂါများ (Blood Disorders) ကို ရောဂါရှာဖွေကုသပေးသည့် သွေးဗေဒအထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးနိုင်ပါသည်။
သွေးအားနည်းရောဂါ (Anemia) အတွက် ကုသမှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည်-
- သံဓာတ်၊ ဖောလစ်အက်ဆစ် သို့မဟုတ် ဗီတာမင် B12 ကဲ့သို့သော ဗီတာမင်နှင့် သတ္တုဓာတ် ဖြည့်စွက်ဆေးများ
- သွေးပြန်ကြောမှတစ်ဆင့် သွေးနီဥဆဲလ်များ ထည့်ပေးရန်အတွက် သွေးနီဥသွင်းခြင်း
- သင့်ကလေး၏ ခန္ဓာကိုယ်မှ သွေးနီဥဆဲလ်များ ပိုမိုထုတ်လုပ်နိုင်ရန် ကူညီပေးမည့် ဆေးဝါးများ သို့မဟုတ် ကိုယ်ခံအားစနစ်က ပင်မဆဲလ်များကို တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးမည့် ဆေးဝါးများ
အရိုးတွင်းခြင်ဆီတွင် သွေးနီဥများ ထုတ်လုပ်ပုံကို ထိခိုက်စေသည့် ရောဂါအခြေအနေကြောင့် သွေးအားနည်းခြင်း ဖြစ်ပါက ပင်မဆဲလ်(အရိုးတွင်းခြင်ဆီ) အစားထိုးကုသခြင်း လိုအပ်နိုင်ပါသည်။
သွေးအားနည်းရောဂါ (Anemia) ကို မည်သို့ စီမံခန့်ခွဲထိန်းသိမ်းမည်နည်း
သွေးအားနည်းရောဂါ (Anemia) ကို ထိန်းသိမ်းရလွယ်ကူစေရန် သင့်ကလေးသည် အောက်ပါတို့ကို လုပ်ဆောင်ရန် သေချာပါစေ-
- သံဓာတ်၊ ဗီတာမင်များနှင့် အခြားအာဟာရဓာတ်များ လုံလောက်စွာပါဝင်သည့် မျှတသော အစားအစာကို စားသုံးခြင်း။
- နေ့စဉ် မှန်ကန်သော အိပ်စက်ချိန်ပမာဏကို ရရှိခြင်း (တစ်ရေးတမော အိပ်စက်ခြင်း အပါအဝင်)-
- မွေးကင်းစ ကလေးငယ်များ- 12–16 နာရီ
- အသက် 1–2 နှစ်- 11–14 နာရီ
- အသက် 3–5 နှစ်- 10–13 နာရီ
- အသက် 6–12 နှစ်- 9–12 နာရီ
- အသက် 13–18 နှစ်- 8–10 နာရီ
- အနားယူခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကို မျှတအောင် လုပ်ဆောင်ခြင်း။ အိပ်ယာထဲတွင်သာ တစ်ချိန်လုံးလှဲနေခြင်းသည်လည်း သင့်ကလေးကို အားနည်းစေနိုင်ကြောင်း သတိပြုပါ။
သွေးအားနည်းရောဂါ (Anemia) အတွက် ရောဂါအခြေအနေ ခန့်မှန်းချက်
သွေးအားနည်းရောဂါ (Anemia) အတွက် ရောဂါအခြေအနေ ခန့်မှန်းချက်သည် သွေးအားနည်းရောဂါ (Anemia) အမျိုးအစားနှင့် ၎င်း၏ အကြောင်းအရင်းပေါ်တွင် မူတည်သည်။ မှန်ကန်သော ကုသမှုဖြင့် ရောဂါအခြေအနေ ခန့်မှန်းချက်သည် အလွန်ကောင်းမွန်နိုင်ပါသည်။ သို့သော် မကုသဘဲထားသော သွေးအားနည်းရောဂါ (Anemia) သည် ပြင်းထန်နိုင်ပြီး အချို့သောအခြေအနေများတွင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရနိုင်သည်။
သင်၏ စောင့်ရှောက်မှုအဖွဲ့ကို မေးရန် မေးခွန်းများ
နောက်ထပ် သတင်းအချက်အလက်များအတွက်