စိုးရိမ်ပူပန်မှုကို စီမံခန့်ခွဲခြင်းသည် အရေးကြီးပါသည်။ အထောက်အကူဖြစ်စေနိုင်သည့် နည်းဗျူဟာအမျိုးမျိုးရှိပါသည်။ သင့်ကလေးနှင့် ၎င်းတို့၏ သီးခြားအခြေအနေအတွက် အကောင်းဆုံးဖြစ်စေသည့် အစီအစဉ်တစ်ခုကို ရေးဆွဲရန် သင်၏စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။
ရိုးသားပွင့်လင်းစွာ ပြောဆိုပါ- ကလေးများနှင့် ကြောက်ရွံ့မှုများနှင့် စိုးရိမ်ပူပန်မှုများအကြောင်းကို ပြောဆိုရန်မှာ ခက်ခဲနိုင်ပါသည်။ ကလေးများအနေဖြင့်လည်း ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို လူကြီးများနှင့် မျှဝေရန် ခက်ခဲနိုင်ပါသည်။
- အတွေးများနှင့် စိတ်ခံစားမှုများအကြောင်းကို ပုံမှန်ပြောဆိုရန် နည်းလမ်းများကို ရှာဖွေပါ။ ၎င်းသည် ခက်ခဲသည့် ဆွေးနွေးမှုများ ရှိလာပါက ပြောဆိုရန် လွယ်ကူစေပါသည်။
- ကလေးများ၏ စိတ်ခံစားချက်များကို နားလည်သဘောပေါက်၍ စိုးရိမ်ပူပန်မှုအကြောင်းကို ပြောဆိုနိုင်ရန် စိတ်ခံစားချက်များကိုဖော်ပြသည့် စကားလုံးအမျိုးမျိုး (ဥပမာ- ဒေါသထွက်သည်၊ ပျော်ရွှင်သည်၊ ကြောက်သည် သို့မဟုတ် စိတ်လှုပ်ရှားသည်) ကို အသုံးပြုပါ။
- ယူဆမည့်အစား မေးမြန်းကြည့်ပါ။ သင့်ကလေး၏အမြင်ကိုလည်း နားလည်နိုင်ရန်အတွက် ပွင့်လင်းသည့်မေးခွန်းများကို အသုံးပြုပါ။
- သင်သည် သင့်ကလေး၏ စိုးရိမ်မှုများကို သဘောမတူသည့်တိုင် အသိအမှတ်ပြု၍ လေးစားပါ။
- တစ်ခါတစ်ရံ သင့်တွင်လည်း အလားတူ စိုးရိမ်ပူပန်မှုအတွေးများနှင့် ခံစားချက်များ ရှိတတ်ကြောင်းကို ဝန်ခံပြောဆိုပါ။ ၎င်းသည် သင့်ကလေးအား သူတို့တစ်ယောက်တည်း မဟုတ်ကြောင်းကို သိစေရန်အတွက် ကူညီပေးပါသည်။
- အတွေးနှင့် ခံစားမှုများကို မှတ်သားရန် မှတ်တမ်းပြုစုပါ။
စိုးရိမ်ပူပန်မှုကို စီမံခန့်ခွဲရန်အတွက် ရင်ဆိုင်ဖြေရှင်းခြင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အရင်းအမြစ်များကို အသုံးပြုပါ- အရာအားလုံးသည် အဆင်ပြေနေသည့် အချိန်တွင်ပင် ရင်ဆိုင်ဖြေရှင်းခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးပြုရန် အလေ့အကျင့်တစ်ခုဖြစ်အောင် ပြုလုပ်ပါ။ ၎င်းသည် လိုအပ်သည့်အချိန်တွင် နည်းဗျူဟာများကို အသုံးပြုရန် ပိုမိုလွယ်ကူစေသည်။ စိုးရိမ်ပူပန်မှုကို ဖြေရှင်းရန် နည်းလမ်း 1 ထက်ပို၍ ရှိခြင်းသည်လည်း အရေးကြီးပါသည်။ တစ်ခါတစ်ရံတွင် ပုံမှန်အသုံးပြုနေကျ ရင်ဆိုင်ဖြေရှင်းနည်းလမ်းကို အသုံးမပြုနိုင်ပါ သို့မဟုတ် အထောက်အကူပြုနိုင်ခြင်း မရှိပါ။
- အာရုံလွှဲခြင်း နည်းစနစ်များ- ကလေးများနှစ်သက်သည့် လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်းသည် ၎င်းတို့အား စိုးရိမ်ပူပန်မှုကိုဖြစ်စေသည့် အတွေးများမှ အာရုံလွှဲစေနိုင်ပါသည်။ ၎င်းတို့တွင် အနုပညာကုထုံး၊ ဂီတကုထုံးနှင့် ဆော့ကစားခြင်းကုထုံးတို့ ပါဝင်နိုင်ပါသည်။
- သတိပဋ္ဌာန်နှင့် အပန်းဖြေခြင်း နည်းဗျူဟာများ- သင့်ကလေးသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု၏ အကျိုးသက်ရောက်မှုကို လျှော့ချရန်အတွက် နည်းလမ်းများကို သင်ယူနိုင်ပါသည်။ အပန်းဖြေခြင်း နည်းဗျူဟာများ ၏ ဥပမာများတွင် အသက်ပြင်းပြင်းရှူခြင်း၊ လမ်းညွှန်ချက်များအတိုင်း ပုံရိပ်ဖော်ခြင်းနှင့် ကြွက်သားများကို ပြေလျော့စေခြင်းတို့ ပါဝင်နိုင်ပါသည်။
- စိတ်နှင့် ကိုယ်ခန္ဓာဆိုင်ရာ လေ့ကျင့်မှုများ- ကလေးအချို့သည် ဇီဝဆိုင်ရာတုံ့ပြန်မှု၊ နှိပ်နယ်ခြင်းကုထုံး၊ ယောဂကျင့်ခြင်းနှင့် ကိုယ်လက်လေ့ကျင့်ခန်းကဲ့သို့သော စိတ်နှင့် ခန္ဓာကိုယ်လေ့ကျင့်ခန်းများမှ အကူအညီရရှိနိုင်ပါသည်။ ထိုကုထုံးများက စိုးရိမ်စိတ်ကို ပိုမိုသက်သာစေရန် ဦးနှောက်အတွင်းရှိ အာရုံကြောအချက်ပြမှုများနှင့် ဓာတုသတင်းစကားများကို ပြောင်းလဲနိုင်ပြီး စိုးရိမ်ပူပန်မှုကို တိုးတက်ကောင်းမွန်စေရန် ကူညီပေးနိုင်ကြောင်း သုတေသနပြုချက်များက ဖော်ပြသည်။
မိတ်ဆွေများနှင့် မိသားစုထံသို့ ဆက်သွယ်ပါ- လူမှုရေးဆိုင်ရာပံ့ပိုးမှုသည် ပြင်းထန်သောရောဂါများနှင့် ရင်ဆိုင်နေရသည့် လူနာများနှင့် မိသားစုများအတွက် အရေးကြီးပါသည်။ ကလေးများနှင့် ဆယ်ကျော်သက်များကို ၎င်းတို့၏ သူငယ်ချင်းများနှင့် ဆက်သွယ်ပြောဆိုနေစေရန်နှင့် ၎င်းတို့နှစ်သက်သော ပုံမှန်လှုပ်ရှားမှုများကိုအတူ လုပ်ဆောင်ရန် ကူညီပေးပါ။
အထောက်အပံ့အဖွဲ့များကို ထည့်သွင်းစဉ်းစားပါ- လူနာများနှင့် မိသားစုများသည် ၎င်းတို့၏အတွေ့အကြုံများကို ထိုသို့ဖြစ်ခဲ့ဖူးသူတစ်ဦးဦးနှင့် မျှဝေရန် ပိုမိုလွယ်ကူကြောင်းကို မကြာခဏ တွေ့ရှိကြပါသည်။ အထောက်အပံ့အဖွဲ့တစ်ခုတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အဖွဲ့လိုက်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် ဆေးရုံတွင် မိတ်ဆွေသစ်များဖွဲ့ခြင်းသည် စိုးရိမ်ပူပန်မှုအကြောင်းပြောရန် လုံခြုံသည့်နေရာဟု လူနာများအား ခံစားရစေပြီး ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေစေနိုင်သည်။
သင်၏ ကိုယ်ပိုင်စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုကို စီမံခန့်ခွဲပါ- သင့်ကလေး စိုးရိမ်ပူပန်နေသည့်အချိန်တွင် သင်သည် စိတ်ငြိမ်အောင်နေပါ။ ကလေးများသည် ၎င်းတို့အနားရှိ ထိုစိတ်ခံစားမှုများကို အာရုံခံမိသည်။ ၎င်းတို့သည် အခြားသူများကို စောင့်ကြည့်ခြင်းဖြင့်လည်း ကိုင်တွယ်ဖြေရှင်းခြင်း နည်းလမ်းများကို သင်ယူနိုင်သည်။ မိဘနှင့် ပြုစုစောင့်ရှောက်မှု ပေးသူများသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကျန်းမာရေးကို ဂရုစိုက်ရန် လိုအပ်သည်။ သင့်ကိုယ်ပိုင် စိုးရိမ်ပူပန်မှုကို စီမံခန့်ခွဲရန် နည်းလမ်းများရှာပါ၊ ဤသို့ဖြင့် ကလေးသည်လည်း ၎င်းတို့ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းကို သိရှိပါမည်။
သင့်ကလေးအား သူတို့၏ကြောက်ရွံ့မှုများကို ရင်ဆိုင်ဖြေရှင်းဖို့ အားပေးပါ- စိုးရိမ်ပူပန်မှုရှိသည့် ကလေးများနှင့် ဆယ်ကျော်သက်များသည် ၎င်းတို့ကြောက်ရွံ့သည့် အခြေအနေများကို ရှောင်ရှားလေ့ရှိပါသည်။ အစပိုင်းတွင် ၎င်းသည် သူတို့၏ စိုးရိမ်ပူပန်မှုကို လျော့ကျစေနိုင်ပါသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့် အမျှ ရှောင်ရှားခြင်းသည် စိုးရိမ်ပူပန်မှုကို ဆက်လက်ဖြစ်ပေါ်နေစေပါသည် သို့မဟုတ် ပို၍ဆိုးလာစေနိုင်ပါသည်။ ခက်ခဲသည် အခြေအနေတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် သင့်ကလေးကို ချီးကျူးပေးပါ။
အလွန်အကျွံ ကာကွယ်ပေးခြင်း မပြုလုပ်ဘဲ လုံခြုံမှုကိုပေးပါ- မိဘများသည် ၎င်းတို့၏ကလေးများကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု နှစ်မျိုးလုံးမှ ကာကွယ်ပေးလိုကြပါသည်။ သင့်ကလေးကို အသက်အရွယ်နှင့် ကိုက်ညီသည့် တစ်ဦးတည်းလွတ်လပ်မှုနည်းလမ်းများကို ပံ့ပိုးပေးပါ။ ၎င်းသည် ကလေးများအား ပြဿနာများကို ၎င်းတို့၏ကိုယ်တိုင် ဖြေရှင်းနိုင်စွမ်းအပေါ်တွင် ယုံကြည်မှုတည်ဆောက်နိုင်ရန် ကူညီပေးပါသည်။
စိုးရိမ်ပူပန်မှု ရောဂါလက္ခဏာများ ပိုဆိုးလာပါက သင့်ကလေးအတွက် သို့မဟုတ် သင့်အတွက် အကူအညီကို ရယူပါ- ကလေးတစ်ဦး ပြင်းထန်စွာ ဖျားနာနေသည့်အခါတွင် ဆေးဘက်ဆိုင်ရာလိုအပ်ချက်များသည် အရေးကြီးဆုံးစိုးရိမ်ပူပန်မှု ဖြစ်လေ့ရှိပါသည်။ သို့သော်လည်း စိုးရိမ်ပူပန်မှုသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ဆေးကုသမှုရလဒ်များအပေါ်တွင် မကောင်းသည့် သက်ရောက်မှု ရှိနိုင်ပါသည်။ အကူအညီတောင်းခံခြင်းသည် အားနည်းခြင်း၏လက္ခဏာ မဟုတ်ပါ။ သင်၏ပြုစုစောင့်ရှောက်မှုအဖွဲ့ သို့မဟုတ် စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးသူကို ပြောဆိုတိုင်ပင်ပါ။