ဗဟိုသွေးပြန်ကြောသွင်းပိုက် ဆိုင်ရာ ပြဿနာများကို နားလည်သဘောပေါက်ခြင်း
ဗဟိုသွေးပြန်ကြောသွင်းပိုက် (တပ်ဆင်ထားသည့် ကလေးများသည်) ဆိုသည်မှာ သွေးပြန်ကြောအတွင်းသို့ ရေရှည် ဆေးသွင်းနိုင်ရန် ထည့်သွင်းထားရသည့် ရှည်လျားပြီး သေးသွယ်သော ပိုက်ပျော့ (ပိုက်) တစ်မျိုး ဖြစ်သည်။ ၎င်းသည် နှလုံးအနီးတွင် အဆုံးသတ်သည့် ကြီးမားသော သွေးပြန်ကြောထဲသို့ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ ဗဟိုသွေးပြန်ကြောသွင်းပိုက် အမျိုးအစားများတွင် ပတ်ပတ်လည်မှတစ်ဆင့် ထည့်သွင်းသော ဗဟိုသွေးပြန်ကြောသွင်းပိုက် (PICC)၊ အရေပြားအောက် လမ်းကြောင်းဖောက်၍ ထည့်သွင်းသော ဗဟိုသွေးပြန်ကြောသွင်းပိုက်၊ နှင့် အရေပြားအောက်တွင် မြှုပ်နှံထားသော ဆေးသွင်းကိရိယာတို့ ပါဝင်သည်။ ဗဟိုသွေးပြန်ကြောသွင်းပိုက်ကို သင့်ကလေးအား ဆေးဝါးများ၊ အရည်များ သို့မဟုတ် အာဟာရများ ပေးရန် သို့မဟုတ် သွေးနမူနာများ ရယူရန်အတွက် အသုံးပြုနိုင်ပါသည်။
ဗဟိုသွေးပြန်ကြောသွင်းပိုက်များသည် ဆေးကုသမှုနှင့် လူနေမှုဘဝအတွက် အရေးကြီးသော်လည်း ပြဿနာများ ဖြစ်ပွားနိုင်ပါသည်။ ဖြစ်ပွားနိုင်ခြေရှိသော ဗဟိုသွေးပြန်ကြောသွင်းပိုက်ဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများတွင် အောက်ပါတို့ ပါဝင်သည်-
- ဗဟိုသွေးပြန်ကြောသွင်းပိုက် ထည့်သွင်းသည့် လုပ်ငန်းစဉ်အပြီးတွင် ဖြစ်ပွားတတ်သော ပြဿနာများ
- သွေးပြန်ကြော ရောင်ရမ်းခြင်းနှင့် စူးရှနာကျင်ခြင်း
- ပိုးဝင်ခြင်း (CLABSI)
- ဗဟိုသွေးပြန်ကြောသွင်းပိုက် ပိတ်ဆို့ခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ရွေ့လျားခြင်း
- သွေးခဲခြင်း
သင့်ပြုစုကုသရေးအဖွဲ့သည် ဤစိုးရိမ်ရသည့်အချက်များနှင့် ယင်းတို့ကို မည်သို့ကာကွယ်ရမည်နည်းဟူသော အချက်များအကြောင်း သင့်အား ပြောကြားပေးပါလိမ့်မည်။ ပြဿနာများ ဖြစ်ပွားလာပါက ၎င်းတို့က ကုသပေးပါလိမ့်မည်။
နောက်ဆက်တွဲဆိုးကျိုးများ ပိုမိုဆိုးရွားမလာစေရန်အတွက် ပြဿနာတစ်စုံတစ်ရာရှိပါက ချက်ချင်းအစီရင်ခံတင်ပြပါ။ အကယ်၍ သင့်တွင် မေးခွန်းများရှိပါက သင့်ပြုစုကုသရေးအဖွဲ့ကို မေးမြန်းပါ။
ဗဟိုသွေးပြန်ကြောသွင်းပိုက်များအကြောင်း နောက်ထပ်အချက်အလက်များကို ရှာဖွေပါ။
ဗဟိုသွေးပြန်ကြောသွင်းပိုက် ထည့်သွင်းခြင်း လုပ်ငန်းစဉ်၏ စိုးရိမ်ရသည့်အချက်များ
ဗဟိုသွေးပြန်ကြောသွင်းပိုက်ကို အရေပြားပေါ်၌ အပေါက်တစ်ခုဖောက်၍ သွေးပြန်ကြောအတွင်းသို့ ထည့်သွင်းသည့် လုပ်ငန်းစဉ်တစ်ခုမှတစ်ဆင့် တပ်ဆင်ခြင်း ဖြစ်သည်။ ပိုက်ကို နှလုံးအနီးရှိ နေရာတစ်ခုသို့ ရောက်ရှိသည်အထိ သွေးပြန်ကြောတစ်လျှောက် လမ်းကြောင်းပြ၍ ထည့်သွင်းရပါသည်။
ဗဟိုသွေးပြန်ကြောသွင်းပိုက် ထည့်သွင်းခြင်း ခွဲစိတ်မှုအပြီးတွင် ကလေးငယ်များ၌ ပြဿနာများ ဖြစ်ပွားခဲပါသည်။ သို့သော် မေ့ဆေးပေးခြင်း နှင့် ခွဲစိတ်ကုသခြင်း တို့တွင် စိုးရိမ်ရသည့်အချက်များ ရှိသည်။ ယင်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
- သွေးကြော ထိခိုက်ဒဏ်ရာရခြင်း
- အဆုတ် ထိခိုက်ဒဏ်ရာရခြင်း
- သွေးခဲခြင်း
- နှလုံးခုန်နှုန်း မမှန်ခြင်း
- အာရုံကြော ထိခိုက်ဒဏ်ရာရခြင်း
- ပိုးဝင်ခြင်း
- သွေးထွက်ခြင်း
ဗဟိုသွေးပြန်ကြောသွင်းပိုက် ထည့်သွင်းပြီးနောက် ပြဿနာတစ်စုံတစ်ရာရှိသည့် လက္ခဏာများကို သတိပြုမိပါက သင့်ပြုစုကုသရေးအဖွဲ့ထံ ဆက်သွယ်ပါ။
ဗဟိုသွေးပြန်ကြောသွင်းပိုက်နှင့် ဆက်စပ်၍ သွေးကြောအတွင်း ပိုးဝင်ခြင်း (CLABSI)
ဗဟိုသွေးပြန်ကြောသွင်းပိုက် ထည့်ထားသော ကလေးများသည် ဗဟိုသွေးပြန်ကြောသွင်းပိုက်နှင့် ဆက်စပ်၍ သွေးကြောအတွင်း ပိုးဝင်ခြင်း (CLABSI) ဖြစ်ပွားနိုင်ခြေ ရှိသည်။ ဤရောဂါပိုးဝင်ခြင်းသည် သင့်ကလေး၏ သွေးထဲသို့ ရောဂါပိုးများ ဝင်ရောက်သွားတဲ့အခါတွင် ဖြစ်ပွားနိုင်ပါသည်။ ပြင်းထန်သောရောဂါရှိသည့် ကလေးများတွင် ဗဟိုသွေးပြန်ကြောပိုက်လိုင်း ပိုးဝင်ခြင်းသည် အများအားဖြင့် ဘက်တီးရီးယားပိုးများကြောင့် ဖြစ်ပွားလေ့ရှိပါသည်။ တွေ့ရနည်းသော်လည်း CLABSI သည် တဆေး သို့မဟုတ် မှိုပိုးများကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။
ပိုးဝင်ခြင်း၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများ
သင့်ကလေးတွင် အောက်ပါကဲ့သို့သော ပိုးဝင်သည့်လက္ခဏာများ ရှိ၊ မရှိ သေချာစွာ စောင့်ကြည့်ပါ-
- ဖျားခြင်း၊ ပါးစပ်အပူချိန် 100.4 °F (38 °C) သို့မဟုတ် ထို့ထက်ပိုများခြင်း သို့မဟုတ် သင့်စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားသည့်အတိုင်း ဖျားနာမှုဆိုင်ရာလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ပါ။
- ပိုက်ခေါင်း ခန္ဓာကိုယ်ပြင်ပသို့ ထွက်နေသည့်နေရာ၌ နာကျင်ခြင်း၊ နီမြန်းခြင်း၊ ရောင်ရမ်းခြင်း၊ စူးရှနာကျင်ခြင်း သို့မဟုတ် ပူနွေးနေခြင်း
- ပိုက်ခေါင်း ခန္ဓာကိုယ်ပြင်ပသို့ ထွက်နေသည့်နေရာမှ ပြည် သို့မဟုတ် အရည်များထွက်ခြင်း၊ အရည်စိမ့်ခြင်း သို့မဟုတ် အနံ့ဆိုးထွက်ခြင်း
- ချမ်းတုန်ခြင်း သို့မဟုတ် ကိုယ်လက်ကိုက်ခဲခြင်း
- နှလုံးခုန်မြန်ခြင်း သို့မဟုတ် အသက်ရှူမြန်ခြင်း
- နုံးခွေခြင်း၊ ဂျီကျခြင်း သို့မဟုတ် စိတ်ဝေဝါးခြင်း
ဗဟိုသွေးပြန်ကြောသွင်းပိုက် ပိုးဝင်ခြင်းကို ကာကွယ်နိုင်မည့် နည်းလမ်းများ
ဗဟိုသွေးပြန်ကြောသွင်းပိုက် ပြုစုကုသမှုနှင့် ပိုးဝင်ခြင်း ကာကွယ်ရေးတို့အတွက် သင့်ပြုစုကုသရေးအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် အရေးကြီးပါသည်။
- ဗဟိုသွေးပြန်ကြောသွင်းပိုက်ကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပါ။ ပိုက်ထည့်ထားသည့်နေရာကို သန့်ရှင်းခြောက်သွေ့အောင် ထားရှိပါ။
- ဖြစ်နိုင်ပါက ဗဟိုသွေးပြန်ကြောသွင်းပိုက်ကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ၊ ထို့ပြင် လေ့ကျင့်ပေးထားခြင်း မရှိသည့် မည်သူ့ကိုမျှ ဗဟိုသွေးပြန်ကြောသွင်းပိုက်အား ကိုင်တွယ်ခွင့် မပြုပါနှင့်။
- ပိုက်နှင့်ပတ်သက်သော ပြုစုကုသမှုတစ်စုံတစ်ရာ မလုပ်ဆောင်မီနှင့် လုပ်ဆောင်ပြီးနောက်တွင် သင်၏လက်များကို သန့်ရှင်းအောင် ဆေးကြောပါ။ ရေ၊ ဆပ်ပြာ သို့မဟုတ် အရက်ပြန်ပါသော လက်သန့်ဆေးရည်သုံး၍ သင့်လက်များကို ဆေးကြောပါ ။
- သင့်ကလေးက ၎င်း၏ အရေပြားကို နေ့စဉ် သန့်ရှင်းရေးလုပ်နေကြောင်း သေချာပါစေ။ ပတ်တီးကို ခြောက်သွေ့အောင်ထားရန် သတိပြုပါ။ အကယ်၍ သင့်ကလေးသည် ရေချိုးခြင်း သို့မဟုတ် ရေစိမ်ခြင်းကို မပြုလုပ်နိုင်ပါက နေ့စဉ် သန့်ရှင်းရေး လုပ်ရိုးလုပ်စဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ညွှန်ကြားထားသည့်အတိုင်း ရေချိုးအဝတ်စများကို အသုံးပြုပါ။
- သင့်ကလေး၏ အဝတ်အစားများကို တစ်နေ့လျှင် နှစ်ကြိမ် လဲပေးပါ - မနက်တွင် တစ်ကြိမ်၊ ညနေတွင် တစ်ကြိမ် (အိပ်ယာထချိန်နှင့် အိပ်ရာဝင်ချိန်)။ အဝတ်အစားများ ညစ်ပေသွားပါက လဲလှယ်ပါ။
- အိပ်ယာခင်းများကို တစ်ပတ်တစ်ခါ လဲလှယ်ပါ၊ သို့မဟုတ် ညစ်ပတ်သွားပါက ချက်ချင်းလဲလှယ်ပါ။ မျက်နှာသုတ်ပဝါများနှင့် ရေချိုးတဘတ်များအား ပြန်လည်အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
- ပိုးမွှားများ ပြန့်ပွားမှုကို လျှော့ချရန် သင်၏နေအိမ်ကို သန့်ရှင်းအောင် ထားရှိပါ။
- ကောင်းမွန်သည့် ခံတွင်းစောင့်ရှောက်မှုအလေ့အကျင့်ကို ကျင့်သုံးပါ။
ဗဟိုသွေးပြန်ကြောသွင်းပိုက် ပိတ်ဆို့ခြင်း
ဆေးဝါးများ၊ သွေးနှင့် သွေးပစ္စည်းများ သို့မဟုတ် ပိုက်ခေါက်သွားခြင်းတို့ကြောင့် ဗဟိုသွေးပြန်ကြောသွင်းပိုက် ပိတ်ဆို့သွားခြင်း ဖြစ်ပွားနိုင်ပါသည်။ ဆေးထိုးပြွန်ဖြင့် အရည်သွင်းဆေးကြောရန် ခက်ခဲနေပါက ပိုက်အတွင်း ပိတ်ဆို့မှုတစ်ခုခု ရှိနေနိုင်ပါသည်။ အရည်သွင်းဆေးကြောရန် ခက်ခဲနေသည်ဟု ခံစားရပါက အတင်းအဓမ္မ ဖိသွင်းခြင်း မပြုလုပ်ပါနှင့်။ လုပ်ဆောင်မှုကို ရပ်တန့်ပြီး သင့်ပြုစုကုသရေးအဖွဲ့ထံ ဆက်သွယ်ပါ။
- အရည်များ စီးဝင်မှုကို ဟန့်တားနိုင်သည့် ပိုက်ခေါက်နေမှုများ ရှိ၊ မရှိ စစ်ဆေးပါ။
- ပိုက်ညှပ်အား ဖွင့်ထားကြောင်း သေချာပါစေ။
- သင့်ကလေး၏ ပိုက်တွင် ဆေးသွင်းစက် တပ်ဆင်ထားပါက ၎င်းစက်သည် အလုပ်လုပ်နေကြောင်း သေချာပါစေ။
- အကယ်၍ သွေးခဲကြောင့် ပိတ်ဆို့ခြင်းဖြစ်ပါက သင့်ပြုစုကုသရေးအဖွဲ့သည် ပိတ်ဆို့မှုကို ဖယ်ရှားရန် သင့်ကလေးအား ဆေးဝါးများ ပေးနိုင်ပါသည်။
ပိုက်ပိတ်ဆို့သည့် လက္ခဏာရပ်များ သို့မဟုတ် ပိုက်အား အရည်သွင်းဆေးကြောရန် ခက်ခဲသည့် အခြေအနေတစ်စုံတစ်ရာကို သတိပြုမိပါက သင့်ပြုစုကုသရေးအဖွဲ့ထံ ဆက်သွယ်ပါ။
ဗဟိုသွေးပြန်ကြောသွင်းပိုက် ပျက်စီးခြင်းနှင့် ရွေ့လျားခြင်း
ဗဟိုသွေးပြန်ကြောသွင်းပိုက်ကို လုံခြုံအောင် ထားရှိပါ၊ ထို့ပြင် ၎င်းကို ဆွဲခြင်း သို့မဟုတ် ဆောင့်ဆွဲခြင်းမျိုး မပြုလုပ်ပါနှင့်။ အကယ်၍ သင့်ကလေးတွင် အရေပြားအောက်ခံ ဆေးသွင်းကိရိယာ (အရေပြားအောက်တွင် လုံးဝမြှုပ်ထားသော ဗဟိုသွေးပြန်ကြောသွင်းပိုက်တစ်မျိုး) ရှိနေပါက ၎င်းအပေါ်သို့ ဖိအားသက်ရောက်ခြင်း မရှိစေရန် သတိပြုပါ။
အောက်ပါအခြေအနေများ ရှိနေပါက ပိုက်ရွေ့သွားခြင်း ဖြစ်နိုင်ပါသည်-
- ပိုက်ပိတ်ဆို့နေသည်ဟု ထင်ရခြင်း။
- သူနာပြုသည် ၎င်းပိုက်မှတစ်ဆင့် သွေးနမူနာ ရယူနိုင်မှု မရှိခြင်း။
- ဆေးဝါးများ သို့မဟုတ် အရည်များ စီးဝင်သည့်အခါ သင့်ကလေး၏ လက်မောင်း၊ ပုခုံး၊ မေးရိုး၊ ရင်ဘတ် သို့မဟုတ် ဦးခေါင်းတို့တွင် နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေခြင်း။
- ခန္ဓာကိုယ်ပြင်ပသို့ ရောက်ရှိနေသော ပိုက်၏အစိတ်အပိုင်းသည် ပုံမှန်ထက် ပိုရှည်နေခြင်း သို့မဟုတ် ပိုတိုနေခြင်း။
သင့်ကလေး၏ ပိုက်ရွေ့သွားသည်ဟု ထင်မြင်မိပါက သင့်ပြုစုကုသရေးအဖွဲ့သို့ ဖုန်းခေါ်ဆိုပါ။
သင့်ပြုစုကုသရေးအဖွဲ့သည် သင့်ထံသို့ အရေးပေါ်ကိရိယာစုံ တစ်ခု ပေးထားမည်ဖြစ်ပြီး၊ ဗဟိုသွေးပြန်ကြောသွင်းပိုက် ပျက်စီးခြင်း သို့မဟုတ် ကျွတ်ထွက်ခြင်းတို့ ဖြစ်ပွားပါက မည်သို့လုပ်ဆောင်ရမည်ကို သင်ကြားပြသပေးပါလိမ့်မည်။ အဆိုပါ အရေးပေါ်ကိရိယာစုံတွင် ပလာစတာ၊ ပိုက်ညှပ်၊ လက်အိတ်နှင့် ပတ်တီးဂွမ်းစ ကဲ့သို့သော အထောက်အကူပြုပစ္စည်းများ ပါဝင်မည် ဖြစ်သည်။ ဤအရေးပေါ်ကိရိယာစုံကို သင့်ထံတွင် အမြဲ ဆောင်ထားပါ။
-
- အပေါက် သို့မဟုတ် ပြတ်ရှရာ ဖြစ်နေသည့်နေရာ၏ အပေါ်ဘက်မှ ပိုက်ကို ညှပ်ထားပါ။
- ပျက်စီးသွားသော နေရာကို အယ်လ်ကိုဟောပါတ်ဖြင့် သန့်ရှင်းအောင် ပွတ်တိုက်ပေးပါ။
- ပျက်စီးသွားသော နေရာကို ပိုးသတ်ထားသော ပတ်တီးဂွမ်းစဖြင့် ပတ်ထားပေးပါ။
- ပတ်တီးဂွမ်းစ မြဲမြံစေရန် ပလာစတာဖြင့် ကပ်ထားပါ။
- သင့်ဆေးခန်းထံသို့ ဖုန်းခေါ်ဆိုပါ။
-
- ဖြစ်နိုင်ပါက သင့်ကလေးအား ပက်လက်အနေအထားဖြင့် အပြားလိုက် လှဲလျောင်းနေစေပါ။
- သင့်ကလေး၏ ခန္ဓာကိုယ် (လက်မောင်း၊ ခြေထောက်၊ ရင်ဘတ် သို့မဟုတ် အခြားခန္ဓာကိုယ်အစိတ်အပိုင်း) မှ ပိုက်ထွက်လာသည့် နေရာကို ရှာဖွေပါ။ ပတ်တီးဂွမ်းစကို အသုံးပြု၍ ၎င်းနေရာအပေါ်သို့ 5 မိနစ်ကြာ ဖိအားပေး၍ ဖိထားပါ။
- သင့်ကလေး၏ ခန္ဓာကိုယ်မှ ပိုက်ထွက်လာသည့်နေရာကို ပတ်တီးဂွမ်းစဖြင့် ဖုံးအုပ်ထားပါ။
- ပတ်တီးဂွမ်းစ မြဲမြံစေရန် ပလာစတာဖြင့် ကပ်ထားပါ။
- သင့်ဆေးခန်းထံသို့ ဖုန်းခေါ်ဆိုပါ။
- ကျွတ်ထွက်သွားသော ပိုက်ကို လွှင့်ပစ်ခြင်း မပြုပါနှင့်။ ၎င်းကို သိမ်းဆည်းထားပြီး ဆေးရုံသို့ လာရောက်သည့်အခါ သင့်နှင့်အတူ တစ်ပါတည်း ယူဆောင်လာပါ။
သွေးခဲခြင်းသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုခုထံသို့ သွေးစီးဆင်းမှုကို ဟန့်တားပိတ်ဆို့စေပါသည်။ သွေးခဲခြင်း၏ ရောဂါလက္ခဏာများသည် သွေးခဲတည်ရှိရာနေရာအပေါ် မူတည်၍ ကွဲပြားခြားနားနိုင်ပါသည်။
အကယ်၍ အောက်ပါတို့ကို သတိပြုမိပါက သင့်ကလေး၏ ပြုစုကုသရေးအဖွဲ့ထံသို့ ဆက်သွယ်ပါ-
- အသက်ရှူမဝခြင်း
- ပိုက်ထည့်ထားသည့် နေရာများဖြစ်သော လည်ပင်း၊ ပုခုံး၊ လက်မောင်း သို့မဟုတ် ရင်ဘတ်တို့အနီးတွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် နီရဲခြင်း ဖြစ်ပေါ်ခြင်း
- ခန္ဓာကိုယ်မှ ပိုက်ထွက်လာသည့်နေရာတွင် သွေးထွက်ခြင်း
သွေးခဲရခြင်း အကြောင်းအရင်းများနှင့် ကုသမှုများအကြောင်းကို နောက်ထပ်လေ့လာပါ။
ဗဟိုသွေးပြန်ကြောသွင်းပိုက်ဆိုင်ရာ ပြဿနာများကို မည်သို့ကာကွယ်မည်နည်း
သင့်ပြုစုကုသရေးအဖွဲ့သည် သင့်ကလေး၏ ဗဟိုသွေးပြန်ကြောသွင်းပိုက်အား မည်သို့ပြုစုကုသရမည်ကို ပြသပေးပါလိမ့်မည်။ သင့်ကလေး ဆေးရုံတက်နေစဉ်အတွင်း အဆိုပါအဖွဲ့နှင့်အတူ သင်ကိုယ်တိုင် လက်တွေ့လေ့ကျင့်ရမည် ဖြစ်သည်။ စိုးရိမ်ပူပန်မှုဖြစ်ခြင်းမှာ ပုံမှန်ပင် ဖြစ်ပါသည်။ လက်တွေ့လေ့ကျင့်မှုများပြားလာပါက ပိုက်ပြုစုကုသခြင်းလုပ်ငန်းသည် ပိုမိုအကျွမ်းတဝင်ရှိသော နေ့စဉ်လုပ်ငန်းစဉ်တစ်ခု ဖြစ်လာပါလိမ့်မည်။
လေ့ကျင့်ပညာပေးထားခြင်းရှိသူများသာ ပိုက်ပြုစုကုသမှုကို လုပ်ဆောင်သင့်သည်။ ပိုးမွှားများ ပြန့်ပွားခြင်းမရှိစေရန်အတွက် သင့်ပြုစုကုသရေးအဖွဲ့က သင့်အား သင်ကြားပြသခဲ့သည့်အတိုင်း ပြုစုကုသမှုအဆင့်ဆင့်ကို တိကျစွာ သေချာစွာ လိုက်နာဆောင်ရွက်ပါ။
- ပိုက်နှင့်ပတ်သက်သော ပြုစုကုသမှုတစ်စုံတစ်ရာ မလုပ်ဆောင်မီတွင် အမြဲတမ်း သင်၏လက်များကို ဆေးကြောပါ သို့မဟုတ် လက်သန့်ဆေးရည်ကို အသုံးပြုပါ။ သင့်ပြုစုကုသရေးအဖွဲ့က အကြံပြုထားပါက ပိုက်ပြုစုကုသမှုအတွက် တစ်ခါသုံးလက်အိတ်များကို ဝတ်ဆင်ပါ။
- သန့်ရှင်းသော အထောက်အကူပြုပစ္စည်းများကို အသုံးပြုပါ။ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသော အထောက်အကူပြုပစ္စည်းများကို အသုံးမပြုပါနှင့်။
- ဗဟိုသွေးပြန်ကြောသွင်းပိုက် ပတ်တီးကို သန့်ရှင်းခြောက်သွေ့ပြီး မြဲမြံအောင် ထားရှိပါ။ အကယ်၍ ပတ်တီးသည် လျော့ရဲခြင်း၊ စိုစွတ်ခြင်း သို့မဟုတ် ညစ်ပတ်ခြင်းများ ဖြစ်ပွားပါက ၎င်းအား ချက်ချင်းလဲလှယ်နိုင်ရန် သင့်ပြုစုကုသရေးအဖွဲ့ထံသို့ ဖုန်းခေါ်ဆိုပါ။
- ရေချိုးသည့်အခါ ပတ်တီးကို ခြောက်သွေ့နေစေရန် သင့်ပြုစုကုသရေးအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာပါ။
- ပိုက်ရွေ့လျားမှုမရှိစေရန် လုံခြုံအောင် ထားရှိပါ။ ပိုက်ကို ဆွဲခြင်း သို့မဟုတ် ဆောင့်ဆွဲခြင်းမျိုး မပြုလုပ်ပါနှင့်။ အဝတ်အစားများ ချွတ်သည့်အခါ သတိပြုပါ။
- ပတ်တီးနှင့် ပိုက်လိုင်းများကို ပိုးမွှားများရန်မှ ကာကွယ်ပါ။ ပိုက်မှထွက်နေသော ပြွန်ကို သေးခံဧရိယာအတွင်း တွဲလောင်းကျမနေပါစေနှင့်။ အကယ်၍ သင့်ကလေးသည် တံတွေးများယိုခြင်း သို့မဟုတ် အန်ခြင်းများ ရှိနိုင်ပါက ပတ်တီးကို ရင်ခံစ သို့မဟုတ် အခြားအကာအကွယ်တစ်ခုခုဖြင့် ဖုံးအုပ်ကာကွယ်ထားပါ။ ပတ်တီး စိုစွတ်ခြင်း သို့မဟုတ် ပေပွညစ်ပတ်ခြင်းများ ဖြစ်ပွားပါက ၎င်းအား ချက်ချင်းလဲလှယ်နိုင်ရန် သင့်ပြုစုကုသရေးအဖွဲ့ထံသို့ ဆက်သွယ်ပါ။
- ပိုက် သို့မဟုတ် ပြွန်လိုင်းများအနီးတွင် ကတ်ကြေး၊ သွေးကြောညှပ်ကလစ် သို့မဟုတ် အခြားချွန်ထက်သော ပစ္စည်းများကို အသုံးမပြုပါနှင့်။
- အကယ်၍ ပိုက်အား အရည်သွင်းဆေးကြောရန် ခက်ခဲနေပါက အတင်းအဓမ္မ ဖိသွင်းခြင်း မပြုလုပ်ပါနှင့်။ သင့်ပြုစုကုသရေးအဖွဲ့ထံသို့ ချက်ချင်း အကြောင်းကြားပါ။
သင်၏ စောင့်ရှောက်မှုအဖွဲ့ကို မည်သည့်အချိန်တွင် ခေါ်ဆိုရမည်နည်း
ဗဟိုသွေးပြန်ကြောသွင်းပိုက်ဆိုင်ရာ ပြဿနာများ၏ လက္ခဏာရပ်များ ရှိ၊ မရှိ သင့်ကလေးအား ဂရုတစိုက် စောင့်ကြည့်ပါ။ အကယ်၍ အောက်ပါအချက်များအနက် တစ်စုံတစ်ရာကို သတိပြုမိပါက သင့်ပြုစုကုသရေးအဖွဲ့ထံသို့ ချက်ချင်း ဆက်သွယ်ပါ-
- ဖျားခြင်း သို့မဟုတ် ချမ်းတုန်ခြင်း
- ဗဟိုသွေးပြန်ကြောသွင်းပိုက်ရှိရာ နေရာတစ်ဝိုက်တွင် နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ထိလျှင်နာခြင်း၊ ပူနွေးနေခြင်း သို့မဟုတ် အနံ့ဆိုးထွက်ခြင်း။
- ပိုက်မှ ပြည်တည်ခြင်း၊ သွေးထွက်ခြင်း၊ အရည်ထွက်ခြင်း သို့မဟုတ် အရည်စိမ့်ထွက်ခြင်း
- ဗဟိုသွေးပြန်ကြောသွင်းပိုက်အား အသုံးပြုရန် သို့မဟုတ် အရည်သွင်းဆေးကြောရန် အခက်အခဲရှိခြင်း
- ပိုက်ရွေ့သွားခြင်း သို့မဟုတ် ပြွန်လိုင်း ပျက်စီးသွားခြင်း
သင်၏ စောင့်ရှောက်မှုအဖွဲ့ကို မေးရန် မေးခွန်းများ
- ကျွန်ုပ်ကလေး၏ ဗဟိုသွေးပြန်ကြောသွင်းပိုက်တွင် မည်သည့်ပြဿနာများ ဖြစ်ပွားနိုင်ပါသနည်း။
- ကျွန်ုပ်အနေဖြင့် မည်သည့်လက္ခဏာရပ်များကို စောင့်ကြည့်ရမည်နည်း။
- ကျွန်ုပ်ကလေး၏ ဗဟိုသွေးပြန်ကြောသွင်းပိုက်ကို သန့်ရှင်းပြီး ဘေးကင်းအောင် မည်သို့ထားရှိနိုင်မည်နည်း။
- ပိုက်ပိတ်ဆို့ခြင်း၊ ပိုက်ပျက်စီးခြင်း သို့မဟုတ် ပိုက်ရွေ့သွားခြင်း သို့မဟုတ် ကျွတ်ထွက်ခြင်းတို့ ဖြစ်ပွားပါက ကျွန်ုပ်အနေဖြင့် ဘာလုပ်ရမည်နည်း။
- သင်တို့အနေဖြင့် ကျွန်ုပ်ကလေး၏ ဗဟိုသွေးပြန်ကြောသွင်းပိုက်တွင် ပြဿနာရှိ၊ မရှိ အချိန်မည်မျှကြာတစ်ကြိမ် စစ်ဆေးပေးမည်နည်း။
- ဗဟိုသွေးပြန်ကြောသွင်းပိုက် ထည့်ထားသည့် သင့်ကလေးအနေဖြင့် မည်သည့်လှုပ်ရှားမှုများကို ရှောင်ကြဉ်ရမည်နည်း။
- ဗဟိုသွေးပြန်ကြောသွင်းပိုက် ထည့်ထားသည့် သင့်ကလေးသည် ရေချိုးခြင်းကို မည်သို့ပြုလုပ်နိုင်မည်နည်း။
- ကျွန်ုပ်ကလေးအနေဖြင့် ဗဟိုသွေးပြန်ကြောသွင်းပိုက်ကို ဘယ်လောက်ကြာကြာ ထည့်ထားရန် လိုအပ်မည်နည်း။
- ကျွန်ုပ်သည် မည်သည့်အချိန်တွင် စောင့်ရှောက်မှုအဖွဲ့ကို ခေါ်ဆိုသင့်ပါသနည်း သို့မဟုတ် အရေးပေါ်ခန်းကို သွားသင့်ပါသနည်း။
- ရုံးပိတ်ချိန်များတွင်ဖြစ်စေ သို့မဟုတ် အရေးပေါ်အခြေအနေတွင်ဖြစ်စေ ကျွန်ုပ်အနေဖြင့် မည်သူ့ထံသို့ ဖုန်းခေါ်ဆိုရမည်နည်း။
ဗဟိုသွေးပြန်ကြောသွင်းပိုက်ဆိုင်ရာ ပြဿနာများ နှင့်ပတ်သက်သော အဓိကအချက်များ
- ကုသမှုခံယူရန်အတွက် သင့်ကလေးတွင် ဗဟိုသွေးပြန်ကြောသွင်းပိုက်တစ်ခု ထည့်သွင်းရန် လိုအပ်နိုင်ပါသည်။ ၎င်းသည် ဆေးဝါးများ၊ အရည်များ ပေးသွင်းရန် သို့မဟုတ် သွေးနမူနာ ရယူရန်အတွက် ရေရှည်အသုံးပြုနိုင်သော IV ဖြစ်သည်။
- ပိုးဝင်ခြင်းသည် အဖြစ်အများဆုံးသော ဘေးထွက်ဆိုးကျိုးဖြစ်ပြီး၊ ၎င်းသည် အသက်အန္တရာယ်စိုးရိမ်ရသည့် ဗဟိုသွေးပြန်ကြောသွင်းပိုက်ကြောင့် သွေးစီးကြောင်းအတွင်း ပိုးဝင်ခြင်း၊ သို့မဟုတ် CLABSI ဟုခေါ်သော အခြေအနေကို ဖြစ်ပွားစေနိုင်ပါသည်။
- ဗဟိုသွေးပြန်ကြောသွင်းပိုက် ပိုးဝင်ခြင်း၊ ပိတ်ဆို့ခြင်း၊ ပျက်စီးခြင်း၊ ရွေ့လျားခြင်း သို့မဟုတ် သွေးခဲခြင်းဆိုင်ရာ လက္ခဏာများကို စောင့်ကြည့်ပါ။
- ဗဟိုသွေးပြန်ကြောသွင်းပိုက် ပြုစုကုသမှုအတွက် သင့်ပြုစုကုသရေးအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာပြီး ပိုးဝင်ခြင်းကို ကာကွယ်ရန် အဆင့်ဆင့်သော လုပ်ဆောင်ချက်များကို လုပ်ဆောင်ပါ။
- သင့်ကလေး၏ ဗဟိုသွေးပြန်ကြောသွင်းပိုက်နှင့် ပတ်သက်သော မည်သည့်ပြဿနာကိုမဆို သင့်ပြုစုကုသရေးအဖွဲ့ထံသို့ ချက်ချင်း အစီရင်ခံ အကြောင်းကြားပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဖေဖော်ဝါရီလ 2026
-
ဖျားခြင်းနှင့် ရောဂါပိုးကူးစက်မှု၏ လက္ခဏာများ
ဖျားခြင်းသည် ခန္ဓာကိုယ်အပူချိန် မြင့်တက်လာခြင်း ဖြစ်ပြီး အများအားဖြင့် ရောဂါပိုးကူးစက်မှုကြောင့် ဖြစ်ပွားသည်။ သင့်ကလေးတွင် ဖျားခြင်း သို့မဟုတ် အခြားရောဂါပိုးကူးစက်မှု၏ လက္ခဏာများ ရှိပါက မည်သို့ ဆောင်ရွက်ရမည်ကို လေ့လာပါ။
-
ဗဟိုသွေးပြန်ကြောပိုက်မှတစ်ဆင့် သွေးထဲသို့ ရောဂါပိုးများဝင်ရောက်ခြင်း
ဗဟိုသွေးပြန်ကြောပိုက်လိုင်းရှိသည့် ကလေးများသည် ဗဟိုသွေးပြန်ကြောပိုက်မှတစ်ဆင့် သွေးထဲသို့ ရောဂါပိုးများဝင်ရောက်ခြင်း (CLABSI) ဖြစ်နိုင်ခြေရှိပါသည်။ CLABSI အကြောင်းနှင့် ရောဂါပိုးဝင်ခြင်းကို မည်သို့ကာကွယ်ရမည်အကြောင်းကို လေ့လာပါ။
-
လက်ဆေးခြင်း
ရောဂါပိုးဝင်ခြင်းကို ကာကွယ်ရန်အတွက် သင်ပြုလုပ်နိုင်သည့် အလွယ်ကူဆုံးနှင့် အရေးကြီးဆုံးအရာသည် သင့်လက်ကိုဆေးခြင်းဖြစ်ပါသည်။