မေ့ဆေးပေးခြင်း၏ ရည်ရွယ်ချက်မှာ စစ်ဆေးမှုများနှင့် ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မပြုလုပ်မီ၊ ပြုလုပ်နေစဉ်နှင့် ပြုလုပ်ပြီးနောက်တွင် လူနာများ ဘေးကင်းလုံခြုံစေရန်နှင့် သက်တောင့်သက်သာရှိစေရန် ဖြစ်ပါသည်။
မေ့ဆေးပေးရန်နှင့် လူနာများကို စောင့်ကြည့်ရန်အတွက် လေ့ကျင့်သင်ကြားထားသော ဆရာဝန်ကို မေ့ဆေးအထူးကုဆရာဝန်ဟု ခေါ်ပါသည်။ မေ့ဆေးဆိုင်ရာ အဆင့်မြင့်လေ့ကျင့်မှုကို ရရှိထားသော သူနာပြုကို အသိအမှတ်ပြု မှတ်ပုံတင်ထားသော မေ့ဆေးသူနာပြု (CRNA) ဟု ခေါ်ပါသည်။
မေ့ဆေးအမျိုးအစားအနေဖြင့် အဓိက 3 မျိုး ရှိပါသည်- အထွေထွေ မေ့ဆေး၊ နေရာကွက်၍ ထုံစေသော ထုံဆေးနှင့် နေရာလေးတစ်ခုကိုသာ ထုံစေသော ထုံဆေး။
- အထွေထွေ မေ့ဆေး သည် အသိစိတ်ကို အပြည့်အဝပျောက်သွားစေပါသည်။ ၎င်းကို “နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း” ဟု ဖော်ပြလေ့ရှိပါသည်။ သို့သော်လည်း ပုံမှန်အိပ်စက်ခြင်းနှင့် မတူဘဲ သင့်ကလေးသည် နာကျင်မှုကဲ့သို့သော ခံစားချက်များကို ခံစားရမည် မဟုတ်ပါ။ သင့်ကလေးသည် ဆေးကို မျက်နှာဖုံး သို့မဟုတ် အသက်ရှူပိုက် မှတစ်ဆင့် ရှူသွင်းရနိုင်ပါသည်။ သို့မဟုတ် ၎င်းတို့သည် ဆေးဝါးကို သွေးပြန်ကြော (သွေးပြန်ကြောထဲသို့ ဆေးသွင်းခြင်း သို့မဟုတ် IV) မှတစ်ဆင့် ရရှိနိုင်ပါသည်။
- နေရာကွက်၍ ထုံစေသော ထုံဆေး သည် အာရုံကြောအုပ်စုတစ်ခုအပေါ် သက်ရောက်မှုရှိစေခြင်းဖြင့် ခန္ဓာကိုယ်၏ ပိုကျယ်ပြန့်သော ဧရိယာတွင် နာကျင်မှုကို ကာကွယ်ပေးပါသည် သို့မဟုတ် ခံစားချက်မရှိတော့ခြင်းကို ဖြစ်စေပါသည်။ နေရာကွက်၍ ထုံစေသော ထုံဆေးကို ဆေးထိုးခြင်း သို့မဟုတ် ကက်သီတာပိုက် (ပြွန်ငယ်တစ်ခု) မှတစ်ဆင့် ပေးပါသည်။ ဆေးကို ခန္ဓာကိုယ်၏ ထိုနေရာတစ်ခုကိုသာ သက်ရောက်မှုရှိသည့် အာရုံကြောများအနီးတွင် ထိုးပါသည်။ နေရာကွက်၍ ထုံစေသော ထုံဆေးဥပမာများတွင် အောက်ပါတို့ ပါဝင်ပါသည်-
- ခြေထောက်တွင် နာကျင်မှုကို ကာကွယ်ခြင်း
- ခါးရိုးမကြီးထဲသို့ ထိုးသွင်းသည့် သို့မဟုတ် ကျောရိုးထဲသို့ ထိုးသွင်းသည့် ထုံဆေး ဤမေ့ဆေးအမျိုးအစားသည် ခြေထောက်များကဲ့သို့ ခန္ဓာကိုယ်၏အစိတ်အပိုင်းတစ်ခုတွင် နာကျင်မှုကို ကာကွယ်ပေးပါသည်။
- နေရာလေးတစ်ခုကိုသာ ထုံစေသော ထုံဆေး သည် ခန္ဓာကိုယ်ရှိ သေးငယ်၍ သတ်မှတ်ထားသည့် နေရာလေးတစ်ခုကိုသာ ထုံကျင်ခြင်းကို ဖြစ်စေပါသည် သို့မဟုတ် နာကျင်မှုကို ကာကွယ်ပေးပါသည်။ သင့်ကလေးသည် ဆေးကို အရေပြားပေါ်တွင် ထိုးဆေးအဖြစ်၊ လိမ်းဆေးအဖြစ် သို့မဟုတ် ဖြန်းဆေးအဖြစ် ရရှိနိုင်ပါသည်။ နေရာလေးတစ်ခုကိုသာ ထုံစေသော ထုံဆေး၏ နမူနာတစ်ခုမှာ ပြတ်ရှဒဏ်ရာတစ်ခုကို ကုသမှုမပြုလုပ်မီ အရေပြားကို ထုံစေခြင်းဖြစ်ပါသည်။
မေ့ဆေးပေးစဉ် အသုံးပြုသော ဆေးဝါးများသည် အောက်ပါအချက်အလက်များစွာအပေါ်တွင် မူတည်ပါသည်-
- ခွဲစိတ်မှု အမျိုးအစား
- လုပ်ထုံးလုပ်နည်းကြာမည့်အချိန်
- ကလေး၏ အသက်နှင့် ကိုယ်အရွယ်အစား
- ကျန်းမာရေးအခြေအနေများနှင့် အခြားဆေးဘက်ဆိုင်ရာ လိုအပ်ချက်များ
- မေ့ဆေးဆိုင်ရာ ဆေးကုသမှုမှတ်တမ်း
- အချို့ဆေးဝါးများနှင့် ဓာတ်မတည့်ခြင်းများ သို့မဟုတ် တုံ့ပြန်မှုများ
အထွေထွေ မေ့ဆေးအတွက် အသင့်ပြင်ဆင်ခြင်း
သင့်ကလေးကို အထွေထွေမေ့ဆေးမပေးမီ၊ စောင့်ရှောက်မှုအဖွဲ့သည်-
- သင်နှင့် သင့်ကလေးကို တွေ့ဆုံပါမည် (ခွဲစိတ်မှုမတိုင်မီ ပြသခြင်း)
- ဆေးမှတ်တမ်းအလုံးစုံနှင့် ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှုအားလုံးကို လုပ်ဆောင်ပါမည်
- လုပ်ထုံးလုပ်နည်းအမျိုးအစားအတွက် မှန်ကန်သည့် ပစ္စည်းကိရိယာများရှိကြောင်း သေချာစေရန် ပြုလုပ်ပါမည်
မေ့ဆေးပေးမည့် အစီအစဉ်နှင့် မျှော်လင့်ထားရမည့်အရာအကြောင်းကို မေ့ဆေးပေးသူများနှင့် ပြောဆိုဆွေးနွေးသင့်ပါသည်။ သင့်ကလေးအား မေ့ဆေးပေးရန်ပြင်ဆင်ရာတွင် ကူညီရန်အတွက် ကလေးဘဝ အထူးကုပညာရှင်တစ်ဦးသည် ဆေးအဖွဲ့နှင့် ပူးတွဲလုပ်ကိုင်နိုင်သည်။ အရာအားလုံး အဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်ရန်အတွက် စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို သေချာလိုက်နာဆောင်ရွက်ပါ။
NPO ညွှန်ကြားချက်များ
လူနာများကို အထွေထွေ မေ့ဆေးမပေးမီ အချိန်အတိုင်းအတာတစ်ခုအထိ အစာမစားရန် သို့မဟုတ် ရေမသောက်ရန် ပြောလေ့ရှိပါသည်။ ၎င်းကို အစာမစားရန်လမ်းညွှန်ချက်များ သို့မဟုတ် “NPO” ဟု သိကြပါသည်။ NPO သည် “ပါးစပ်ဖြင့် ဘာမှမစားရ” ဟု အဓိပ္ပာယ်ရသည့် လက်တင်ဘာသာစကား၏ အတိုကောက်ဖြစ်ပါသည်။
မေ့ဆေးပေးထားစဉ် အစာအိမ်ထဲ၌ တစ်ခုခုရှိနေခြင်းသည် လူနာများ၏ အဆုတ်များထဲသို့ အစာနှင့် အရည်များ ဝင်သွားစေနိုင်ပါသည်။ ပီကေဝါးခြင်း သို့မဟုတ် သကြားလုံးစုပ်ခြင်းသည်ပင် အန္တရာယ်ဖြစ်စေနိုင်ပြီး လုပ်ထုံးလုပ်နည်းကို နှောင့်နှေးစေနိုင်ပါသည်။
သင့်ကလေးသောက်သုံးနေသည့် အခြားဆေးဝါးများအကြောင်းအား စောင့်ရှောက်မှုအဖွဲ့ကို ပြောပြပါ။ စောင့်ရှောက်မှုအဖွဲ့သည် မေ့ဆေးမပေးမီ သို့မဟုတ် မေ့ဆေးပေးပြီးနောက်တွင် ဆေးဝါးများ ပြောင်းလဲရန် အကြံပြုနိုင်သည်။
စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို အမြဲတမ်း လိုက်နာဆောင်ရွက်ပါ။ လူနာများ ဘေးကင်းစေရန် ၎င်းသည် အရေးကြီးပါသည်။
မေ့ဆေးပေးခြင်း၏ ဖြစ်နိုင်ချေရှိသည့် အန္တရာယ်များ
မေ့ဆေးပေးခြင်း၏ အန္တရာယ်များသည် မေ့ဆေးအမျိုးအစားနှင့် လုပ်ထုံးလုပ်နည်းပေါ်တွင် မူတည်ပါသည်။
ပုံမှန်အားဖြင့် မေ့ဆေးပေးခြင်း၏ ဘေးထွက်ဆိုးကျိုးများသည် ပြင်းထန်မှု မရှိဘဲ သူ့လိုလို ပျောက်သွားတတ်ပါသည်။
အထွေထွေမေ့ဆေးပေးပြီးနောက် သင့်ကလေးသည် အောက်ပါတို့ ဖြစ်နိုင်ပါသည်-
- အိပ်ငိုက်သလို ခံစားရခြင်း
- ခေါင်းကိုက်ခြင်း
- ဗိုက်အောင့်ခြင်း သို့မဟုတ် ပျို့အန်ခြင်း
- ချမ်းခြင်း သို့မဟုတ် ချမ်းတုန်ခြင်း
- စဉ်းစားရာတွင် အခက်အခဲရှိခြင်း
- ညှိနှိုင်းနိုင်မှု သို့မဟုတ် ဟန်ချက်ညီမှု ဆုံးရှုံးခြင်း
အခြားနောက်ဆက်တွဲ ပြဿနာများသည် ပိုမိုပြင်းထန်နိုင်ပါသည်။ အချို့သောဆေးဝါးများသည် လူနာအချို့တွင် နှလုံး၊ သွေးပေါင်ချိန်နှင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်သည်။ အကယ်၍ သင့်တွင် ရှားပါးမျိုးရိုးဗီဇပြောင်းလဲမှုရှိပါက ဖြစ်ပွားနိုင်သည့် ပြင်းထန်သောတုံ့ပြန်မှုတစ်ခုမှာ မယ်လစ်နန့် ဟိုက်ပါသဲမီးယား (malignant hyperthermia) ဖြစ်ပါသည်။
ပြင်းထန်သည့် ဆေးဘက်ဆိုင်ရာအခြေအနေများရှိသော လူနာများသည် အထွေထွေ မေ့ဆေးနှင့် ဆက်စပ်ည့် ပြဿနာများ ဖြစ်နိုင်ခြေ ပိုများပါသည်။ မေ့ဆေးအဖွဲ့သည် မေ့ဆေးမပေးမီ၊ ပေးနေစဉ်နှင့် ပေးပြီးနောက်တွင် လူနာများကို အနီးကပ် စောင့်ကြည့်မည် ဖြစ်ပါသည်။
မေ့ဆေးသည် လူနာအများစုအတွက် ဘေးကင်းပါသည်။ သို့သော်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ကလေးများတွင် အထွေထွေမေ့ဆေးအသုံးပြုမှုကို ကန့်သတ်နိုင်ရန် ကြိုးစားကြပါသည်။ အဘယ်ကြောင့်ဆိုသော် အထွေထွေမေ့ဆေး အလွန်အကျွံပေးခြင်းသည် အထူးသဖြင့် အသက် 3 နှစ်အောက် ကလေးများတွင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်ပါသည်။
မေ့ဆေးဆိုင်ရာ ရွေးချယ်စရာများအကြောင်းကို သင့်စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။ ပုံရိပ်ဖော်စစ်ဆေးမှုများကဲ့သို့သော လုပ်ထုံးလုပ်နည်းအချို့အတွင်း သင့်ကလေးကို ငြိမ်နေစေရန်နှင့် စိုးရိမ်ပူပန်မှုများကို ထိန်းချုပ်ရန်အတွက် အခြားနည်းလမ်းများလည်း ရှိနိုင်ပါသည်။
သင်၏ စောင့်ရှောက်မှုအဖွဲ့ကို မေးရန် မေးခွန်းများ
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇူလိုင်လ 2023 ခုနှစ်