အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


နာကျင်မှုဖြစ်စဉ်များနှင့် တံစဉ်ပုံသွေးနီဆဲလ်ရောဂါ

နာကျင်မှုဖြစ်စဉ်ဆိုသည်မှာ ဘာလဲ။

တံစဉ်ပုံသွေးနီဆဲလ်ရောဂါတွင် ခန္ဓာကိုယ်၏ တစ်ရှူးများဆီသို့ အောက်ဆီဂျင် လုံလောက်စွာ မရရှိသည့်အခါ နာကျင်မှုဖြစ်စဉ် ဖြစ်ပွားပါသည်။ ယင်းကို ပြင်းထန်စွာ နာကျင်မှုကို ခံစားရခြင်း သို့မဟုတ် သွေးကြောပိတ်ဆို့မှုကြောင့် ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်းဟုလည်း ခေါ်ဆိုသည်။

ရုတ်တရက် ပြင်းထန်စွာ နာကျင်မှုဖြစ်စဉ်များသည် တံစဉ်ပုံသွေးနီဆဲလ်ရောဂါ၏ အဖြစ်အများဆုံး နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည်။ နာကျင်မှုဖြစ်စဉ်များသည် အခြားသော နာကျင်မှုအမျိုးအစားများနှင့် ကွဲပြားခြားနားသည်။ ၎င်းတို့သည် ရုတ်တရက် ဖြစ်ပွားလေ့ရှိပြီး နာရီပေါင်းများစွာ၊ ရက်အနည်းငယ် သို့မဟုတ် သီတင်းပတ်ပေါင်းများစွာအထိ ကြာမြင့်နိုင်သည်။

နာကျင်မှုဖြစ်စဉ်၏ ရောဂါလက္ခဏာများ

နာကျင်မှုဖြစ်စဉ်တစ်ခုတွင် နာကျင်မှုသည် တဒုတ်ဒုတ်တုန်ခြင်း၊ ထိုး၍နာခြင်း၊ ဖိထားသလိုနာခြင်း သို့မဟုတ် စူးရှစွာနာခြင်း စသည်ဖြင့် ခံစားရနိုင်ပြီး အနည်းငယ်နာခြင်းမှသည် အလွန်ပြင်းထန်စွာ နာကျင်ခြင်းအထိ ဖြစ်နိုင်သည်။

နာကျင်မှုသည် ခန္ဓာကိုယ်၏ မတူညီသော နေရာအနှံ့အပြားတွင် ဖြစ်ပွားနိုင်ပါသည်။ အဖြစ်များသော နေရာများတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • နောက်ကျောပြင်
  • ရင်ဘတ်
  • ဝမ်းဗိုက် (ဗိုက်)
  • လက်မောင်းနှင့် လက်ဝါးများ
  • ခြေထောက်နှင့် ခြေဖဝါးများ

နာကျင်မှုသည် ခန္ဓာကိုယ်၏ နေရာတစ်ခုမှ အခြားတစ်ခုသို့လည်း ရွှေ့လျားသွားနိုင်သည်။ 

ရုတ်တရက် ပြင်းထန်စွာ နာကျင်မှုဖြစ်စဉ်များ သို့မဟုတ် နာကျင်မှုအကျပ်အတည်းများအပြင် သင့်ကလေးတွင် တံစဉ်ပုံသွေးနီဆဲလ်ရောဂါနှင့် လုံးဝမသက်ဆိုင်သော နာကျင်မှုများလည်း ရှိနိုင်သည်။ သင့်ကလေးသည် ခေါင်းကိုက်ခြင်း၊ အကြောဆွဲခြင်း နှင့် အခြားသော ကိုက်ခဲနာကျင်မှုများကို ခံစားရနိုင်သည်။

တံစဉ်ပုံသွေးနီဆဲလ်ရောဂါရှိသူများသည် နာတာရှည် နာကျင်မှုကိုလည်း ခံစားရနိုင်သည်။ နာတာရှည် နာကျင်မှုဆိုသည်မှာ နေ့ရက်အများစုတွင် ဖြစ်ပွားပြီး 6 လ သို့မဟုတ် ထိုထက်ပို၍ ကြာမြင့်သော နာကျင်မှုမျိုး ဖြစ်သည်။ ၎င်းသည် ပုံမှန်အားဖြင့် အသက်ကြီးလာသည်နှင့်အမျှ ပိုမိုပြင်းထန်လာလေ့ရှိသည်။ တံစဉ်ပုံသွေးနီဆဲလ်ရောဂါရှိသော လူကြီးများ၏ ထက်ဝက်ကျော်တွင် နာတာရှည် နာကျင်မှု ဝေဒနာ ရှိကြသည်။

ပုံမှန်သွေးနီဥဆဲလ်များနှင့် တံစဉ်ပုံပုံသဏ္ဍာန် သွေးနီဥဆဲလ်များ

တံစဉ်ပုံပုံသဏ္ဍာန် သွေးနီဥဆဲလ်များ စုပြုံသွားပြီး သွေးကြောငယ်လေးများကို ပိတ်ဆို့ကာ တစ်ရှူးများဆီသို့ သွေးစီးဆင်းမှုနှင့် အောက်ဆီဂျင် ပို့ဆောင်မှုကို လျော့နည်းစေသည့်အခါ နာကျင်မှုဖြစ်စဉ် သို့မဟုတ် နာကျင်မှုအကျပ်အတည်း ဖြစ်ပွားသည်။

နာကျင်မှုဖြစ်စဉ် ဖြစ်ပွားရခြင်း အကြောင်းရင်းများ

တံစဉ်ပုံပုံသဏ္ဍာန် သွေးနီဥဆဲလ်များ တစ်ခုနှင့်တစ်ခု ကပ်တွယ်မိပြီး သွေးကြောငယ်များကို ပိတ်ဆို့သောအခါ တံစဉ်ပုံသွေးနီဆဲလ်ရောဂါတွင် ရုတ်တရက် ပြင်းထန်စွာ နာကျင်မှု ဖြစ်ပွားနိုင်သည်။  

ပုံမှန်သွေးနီဥဆဲလ်များသည် ဝိုင်းဝန်းပြီး ပျော့ပျောင်းမှု ရှိကြသည်။ ၎င်းတို့သည် ခန္ဓာကိုယ်၏ သွေးကြောများအတွင်း လွယ်ကူစွာ စီးဆင်းနိုင်သည်။ တံစဉ်ပုံသွေးနီဆဲလ်ရောဂါရှိသူများ၏ သွေးနီဥဆဲလ်များသည် မာကြောခြင်း၊ စေးကပ်ခြင်းနှင့် ငှက်ပျောသီးပုံသဏ္ဍာန် (ဓားကွေးပုံသဏ္ဍာန်) ရှိကြသည်။ ထိုဆဲလ်များသည် စုပြုံသွားပြီး သွေးကြောများကို ပိတ်ဆို့စေတတ်ပါသည်။ ယင်းက ခန္ဓာကိုယ်သို့ သွေးနှင့် အောက်ဆီဂျင် ပို့ဆောင်မှုကို နှေးကွေးစေပြီး နာကျင်မှုကို ဖြစ်ပေါ်စေနိုင်သည်။

ရုတ်တရက် ပြင်းထန်သောနာကျင်မှုကို ဖြစ်ပွားစေနိုင်သည့် အကြောင်းရင်းများ

နာကျင်မှုဖြစ်စဉ်များသည် ကြိုတင်ခန့်မှန်းရန် ခက်ခဲနိုင်ပြီး ရှင်းလင်းသော အကြောင်းပြချက်မရှိဘဲ ဖြစ်ပွားတတ်သည်။ လူသိများသော အဖြစ်များသည့် အကြောင်းရင်းများမှာ-  

  • ရေဓာတ်ခန်းခြောက်ခြင်း
  • အောက်ဆီဂျင်ပမာဏ နည်းပါးခြင်း
  • ရောဂါပိုးဝင်ခြင်း
  • ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း  
  • မြင့်မားသော အရပ်ဒေသတွင် ရှိနေခြင်း
  • အေးစိမ့်သော ရာသီဥတု
  • ဆေးလိပ် သောက်ခြင်း သို့မဟုတ် E စီးကရက်သောက်ခြင်း
  • အရက်သေစာ သောက်စားခြင်း
  • စိတ်ဖိစီးမှု
  • လက်ရှိ ခံစားနေရသော နာကျင်မှု သို့မဟုတ် ဒဏ်ရာ

တံစဉ်ပုံသဏ္ဍာန်သွေးနီဥများကြောင့် ဖြစ်သည့်ရောဂါကြောင့် နာကျင်ခြင်းသည် အချိန်မရွေး ဖြစ်ပွားနိုင်သည်။ နာကျင်မှုဖြစ်စဉ်များကြောင့် သင့်ကလေး ကျောင်းတက်ခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ခြင်းတို့ကို အဟန့်အတား ဖြစ်စေနိုင်သည်။ နာကျင်မှုကို အမြဲတမ်း ကာကွယ်တားဆီးနိုင်ရန် မဖြစ်နိုင်ပါ။ သို့သော် သင့်ကလေး၏ နာကျင်မှုကို ဖြစ်ပွားစေသည့် မည်သည့်လှုပ်ရှားမှု သို့မဟုတ် အခြေအနေမျိုးကိုမဆို ကန့်သတ်ရန် သို့မဟုတ် ရှောင်ကြဉ်ရန် ကြိုးစားပါ။  

နာကျင်မှုဖြစ်စဉ်ကို ရှာဖွေခြင်း

နာကျင်မှုဖြစ်စဉ်ကို စောစီးစွာ ကုသမှုပေးရန်မှာ အလွန်အရေးကြီးသည်။ သင့်ကလေး၏ နာကျင်မှုကို အိမ်တွင် မစီမံခန့်ခွဲနိုင်ပါက ဆေးခန်း သို့မဟုတ် ဆေးရုံတွင် ကုသမှု ခံယူရန် လိုအပ်နိုင်သည်။ 

ကျန်းမာရေးစောင့်ရှောက်မှုပေးသူက နာကျင်မှု အကဲဖြတ်ခြင်းအပါအဝင် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စစ်ဆေးမှုကို ပြုလုပ်ပေးမည် ဖြစ်သည်။ နာကျင်ရခြင်းအကြောင်းရင်း သို့မဟုတ် အခြားလက္ခဏာများကို ပိုမိုသိရှိနိုင်ရန် သင့်ကလေးအား ဓာတ်ခွဲခန်းစစ်ဆေးမှုများ သို့မဟုတ် ပုံရိပ်ဖော် စစ်ဆေးမှုများလည်း ပြုလုပ်နိုင်ပါသည်။  

သင့်ကလေးကို နာကျင်မှုပျောက်စေသောဆေးတစ်ခုခု တိုက်ကျွေးထားပါက သင်၏ ကုသရေးအဖွဲ့အား သေချာပေါက် ပြောပြပါ။ ၎င်းတို့အနေဖြင့် သင်တိုက်ကျွေးခဲ့သော ဆေးအမျိုးအစား၊ ဆေးပမာဏနှင့် ဆေးတိုက်ခဲ့သည့် အချိန်တို့ကို သိရှိရန် လိုအပ်မည်ဖြစ်သည်။

သင့်ကလေး၏ နာကျင်မှုကို အကဲဖြတ်သည့်အခါ ကုသရေးအဖွဲ့သည် ၎င်းတို့၏ လက်ရှိနာကျင်မှုအပြင် နာကျင်မှုရာဇဝင်ဆိုင်ရာ အချက်အလက်များကိုပါ သိရှိလိုမည် ဖြစ်သည်။ သင့်ကလေး တတ်နိုင်ပါက နာကျင်မှု အတိုင်းအတာစကေးပေါ်တွင် နာကျင်မှုအဆင့်ကို သတ်မှတ်ခိုင်းမည် ဖြစ်သည်။ 

သင့်ကို အောက်ပါမေးခွန်းများ မေးမြန်းနိုင်ပါသည်-

  • နာကျင်မှုက ဘယ်အချိန်မှာ စတင်ခဲ့တာလဲ။
  • နာကျင်မှုက ဘယ်လိုပုံစံမျိုး ခံစားရလဲ။
  • နာကျင်မှုက ဘယ်လောက်အထိ ပြင်းထန်လဲ။
  • နာကျင်တဲ့နေရာက ဘယ်နားမှာလဲ။
  • နာကျင်မှုက အမြဲတမ်း နာနေတာလား ဒါမှမဟုတ် နာလိုက်ပျောက်လိုက် ဖြစ်နေတာလား။
  • နာကျင်မှုကို သက်သာစေတဲ့အရာ ဒါမှမဟုတ် ပိုဆိုးစေတဲ့အရာ ရှိပါသလား။
  • သင့်ကလေးမှာ နာကျင်တာအပြင် အခြားလက္ခဏာများ ရှိပါသေးသလား။

သင့်ကုသရေးအဖွဲ့က သင့်ကလေး၏ နာကျင်မှုရာဇဝင်နှင့် ပတ်သက်၍ အောက်ပါတို့ကို မေးမြန်းနိုင်ပါသည်-

  • သင့်ကလေးမှာ ဒီလိုမျိုး နာကျင်မှု အရင်က ဖြစ်ဖူးပါသလား။
  • နာကျင်မှုက ပုံမှန်အားဖြင့် ဘယ်လောက်ကြာတတ်လဲ။
  • အရင်တုန်းက နာကျင်မှုကို ဘယ်လို ကုသခဲ့ဖူးလဲ။
  • သင့်ကလေးက အကိုက်အခဲပျောက်ဆေးတွေ ဒါမှမဟုတ် အခြားကုသမှုတွေနှင့်ဘယ်လောက်အထိ အဆင်ပြေမှု ရှိလဲ။

နာကျင်မှုဖြစ်စဉ်ကို ကုသခြင်း

သင့်ကလေးတွင် နာကျင်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားပါက နာကျင်မှုကို တတ်နိုင်သမျှ အမြန်ဆုံး ကုသရန် အရေးကြီးသည်။ သင့်ကလေး၏ နာကျင်မှုသည် ပြင်းထန်ပါက ဆေးခန်း သို့မဟုတ် ဆေးရုံမှ ဆေးဘက်ဆိုင်ရာ ကုသမှုကို ခံယူပါ။ 

ဆစ်ကယ်ဆဲလ်ရောဂါကြောင့် ဖြစ်သော ရုတ်တရက် နာကျင်မှုဖြစ်စဉ်များအတွက် အကိုက်အခဲပျောက်ဆေးများသည် အဓိက ကုသမှုဖြစ်သည်။ ပြင်းထန်သော နာကျင်မှုအတွက် သင့်ကလေးသည် မော်ဖင်း (Morphine)၊ ဟိုက်ဒရိုမော်ဖုန်း (Hydromorphone)သို့မဟုတ် ဖင်တန်နေး (Fentanyl)ကဲ့သို့သော မှိန်းစေသည့် ဘိန်းပါဝင်သည့်အကိုက်အခဲပျောက်ဆေး (Opioid medicine)လိုအပ်နိုင်သည်။ 

နာကျင်မှုကို ထိန်းချုပ်ရန် သင့်ကလေးအား ဆေးရုံတင်ရန် လိုအပ်နိုင်သည်။ 

အကိုက်အခဲပျောက်ဆေးများအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ သတိပေးချက်များ

ဘိန်းပါဝင်သည့်အကိုက်အခဲပျောက်ဆေး (Opioid) များသည် စွဲလမ်းမှု အလွန်ဖြစ်စေနိုင်သည်။ သင့်ကုသရေးအဖွဲ့သည် ဆေးစွဲခြင်းကို ကာကွယ်ရန် အဆင့်ဆင့် ဆောင်ရွက်ပေးပါလိမ့်မည်။ ထိုသို့ဆောင်ရွက်ရာတွင် သင့်ကလေး ဆေးသောက်ရမည့် ပမာဏနှင့် အကြိမ်ရေကို ကန့်သတ်ရန်အတွက် ဘိန်းပါဝင်သည့်အကိုက်အခဲပျောက်ဆေးကို ကာလတိုအတွင်းသာ ညွှန်ကြားခြင်းမျိုး ပါဝင်နိုင်သည်။ သင့်ကုသရေးအဖွဲ့သည် ဆေးယဉ်ပါးမှုကိုလည်း စောင့်ကြည့်မည် ဖြစ်သည်။ ဆေးယဉ်ပါးမှုဆိုသည်မှာ ခန္ဓာကိုယ်က ဆေးနှင့် ကျင့်သားရသွားသဖြင့် ဆေးအာနိသင် ကောင်းစွာမပြတော့သည့် အခြေအနေမျိုး ဖြစ်သည်။ သင့်ကလေး၏ နာကျင်မှုကုသရေး အစီအစဉ်တွင် ဤအချက်များကို ထည့်သွင်းစဉ်းစားထားသည်။

သင့်ကလေး ညွှန်ကြားထားသော ဆေးဝါးများကို ဘေးကင်းစွာ သောက်သုံးနိုင်ရန် သင်ကိုယ်တိုင် အောက်ပါအဆင့်များကို ဆောင်ရွက်နိုင်ပါသည်-

  • သင့်ကလေးသည် အမှန်တကယ် နာကျင်နေချိန်မှသာ ဘိန်းပါဝင်သည့်အကိုက်အခဲပျောက်ဆေးများကို သောက်သုံးသင့်သည်။
  • အကိုက်အခဲပျောက်ဆေးကို ညွှန်ကြားထားသည်ထက် ပို၍အကြိမ်ရေများများ သို့မဟုတ် ပမာဏပို၍ မတိုက်ပါနှင့်။
  • သင့်ကလေးအတွက် ညွှန်ကြားထားသော ဆေးကိုသာ လမ်းညွှန်ချက်အတိုင်း တိုက်ပါ။ 
  • သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်မှ ခွင့်ပြုမှသာ ဆေးတောင့်ကို ချေဖျက်ခြင်း၊ ဖြတ်တောက်ခြင်း သို့မဟုတ် သင့်ကလေးအား ဝါးစားခွင့်ပြုခြင်းတို့ကို လုပ်ဆောင်ပါ။ 
  • ကုသရေးအဖွဲ့နှင့် မတိုင်ပင်ဘဲ အခြားဆရာဝန်ညွှန်ကြားချက်ပါ ဆေးဝါးများ၊ ဆေးဆိုင်တွင် အလွယ်တကူဝယ်ရသော ဆေးဝါးများ၊ အားဆေးများ သို့မဟုတ် တိုင်းရင်းဆေးဝါးများကို မတိုက်ပါနှင့်။
  • ဆရာဝန်နှင့် မတိုင်ပင်ဘဲ အိမ်တွင် အကိုက်အခဲပျောက်ဆေးကို 24 နာရီထက်ပို၍ မတိုက်ပါနှင့်။
  • အကိုက်အခဲပျောက်ဆေးများသည် ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်သည်။ သင့်ကလေး အရည်များများသောက်ရန်နှင့် အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို စားသုံးရန် သေချာပါစေ။ ဝမ်းချုပ်ခြင်းအတွက် ကုသရေးအဖွဲ့မှ ညွှန်ကြားထားသည့်အတိုင်း ဆေးဝါးများကို တိုက်ကျွေးပါ။
  • ဆေးဝါးအားလုံးကို ကလေးများ လက်လှမ်းမမီသောနေရာတွင် ထားပါ။

နာကျင်မှုဖြစ်စဉ်များကို အိမ်တွင် မည်သို့စီမံခန့်ခွဲမလဲ

နာကျင်မှုကုသနည်းများသည် လူတစ်ဦးနှင့် တစ်ဦးအပေါ် မတူညီစွာ သက်ရောက်မှုရှိသည်။ သင့်ကလေးအတွက် နာကျင်မှုစီမံခန့်ခွဲရေး အစီအစဉ်တစ်ခု ရေးဆွဲရန် သင်၏ကုသရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပါ။ နာကျင်မှုကို မထိန်းချုပ်နိုင်ပါက သို့မဟုတ် ပြင်းထန်ပါက သင့်ကလေး၏ ကုသရေးအဖွဲ့ထံသို့ ဖုန်းဆက်ပါ။

သင့်ကလေး အိမ်တွင် အနည်းငယ်မှ အသင့်အတင့် နာကျင်မှုကို စီမံခန့်ခွဲနိုင်ရန် ကူညီပေးနိုင်ရန်- 

  • လမ်းညွှန်ထားသည့်အတိုင်း အကိုက်အခဲပျောက်ဆေးကို တိုက်ပါ။ အနည်းငယ်နာကျင်ခြင်းကို အိုင်ဗျူပရိုဖန် (Ibuprofen) ဖြင့် ကုသနိုင်သည်။ အသင့်အတင့် နာကျင်မှုအတွက် ကုသရေးအဖွဲ့မှ အကြံပြုထားသော ဆရာဝန်ညွှန်ကြားချက်ပါ ဆေးဝါးများကို တိုက်ကျွေးပါ။
  • သင့်ကလေး အနားယူရန်နှင့် အရည်များများသောက်ရန် သေချာပါစေ။ 
  • သွေးစီးဆင်းမှု ကောင်းမွန်စေရန် အပူပေးကုထုံးကို အသုံးပြုပါ။ နာကျင်နေသော နေရာကို နွေးထွေးသော စောင် သို့မဟုတ် တဘက်ဖြင့် ကပ်ပေးပါ။ အပူပေးပြားများမသုံးစွဲမီ သင်၏ကုသရေးအဖွဲ့နှင့် တိုင်ပင်ပါ။ ရေခဲ သို့မဟုတ် အအေးပေးကုထုံး နာကျင်မှုကို ပိုမိုဆိုးရွားစေနိုင်သောကြောင့် ၎င်းတို့ကို မသုံးပါနှင့်။
  • အကိုက်အခဲပျောက်ဆေးများနှင့်အတူ ဆေးဝါးမဟုတ်သော နည်းဗျူဟာများကိုပါ ပူးတွဲအသုံးပြုပါ။

သင့်ကလေးကို ပြုစုစောင့်ရှောက်ပေးမည့် အခြားသူများကိုလည်း ကလေး၏အခြေအနေ၊ ၎င်းတို့၏ နာကျင်မှုစီမံခန့်ခွဲရေး အစီအစဉ်နှင့် အရေးပေါ်အခြေအနေတွင် ဘာလုပ်ရမည်ကို သိရှိထားစေရန် သေချာစွာ ပြောပြထားပါ။

နာကျင်မှုကို စီမံခန့်ခွဲရန် ဆေးဝါးမပါဝင်သော နည်းဗျူဟာများ

သင့်ကလေး၏ နာကျင်မှုကို စီမံခန့်ခွဲရာတွင် ကူညီရန် သင်စမ်းသပ်ကြည့်နိုင်သော ဆေးဝါးမပါဝင်သည့် နည်းဗျူဟာအချို့ကို ဖော်ပြပေးလိုက်ပါသည်။ ဤနည်းလမ်းများသည် အကိုက်အခဲပျောက်ဆေးများ၏ နေရာတွင် အစားထိုးရန် မဟုတ်ပါ။ သို့သော် ၎င်းတို့သည် အကိုက်အခဲပျောက်ဆေးများကို ပိုမိုအာနိသင် ထိရောက်စေရန် ကူညီပေးနိုင်ပြီး နာကျင်မှုကို ရင်ဆိုင်ဖြေရှင်းရန်အတွက် အပိုဆောင်းရွေးချယ်စရာများကို ပေးစွမ်းနိုင်ပါသည်။

နည်းဗျူဟာ အလုပ်လုပ်ပုံ ဥပမာများ
စိတ်အပန်းဖြေခြင်း
စိတ်ဖိစီးမှု၊ သောကနှင့် ကြွက်သားတင်းကျပ်မှုတို့ကို လျှော့ချရန် စိတ်တည်ငြိမ်စေမည့် နည်းလမ်းများကို သုံးပါ   
- အသက်ပြင်းပြင်းရှူခြင်း
- ကြွက်သားဖြေလျှော့ခြင်း
- တရားထိုင်ခြင်း
- စိတ်ငြိမ်စေသော ဂီတ သို့မဟုတ် သဘာဝအသံများ နားထောင်ခြင်း
- ရနံ့ကုထုံး
အာရုံပြောင်းခြင်း နာကျင်မှုမဟုတ်သော အခြားအရာတစ်ခုခုပေါ်သို့ အာရုံစိုက်မှုကို ပြောင်းလဲပါ - တီဗီ သို့မဟုတ် ရုပ်ရှင်ကြည့်ခြင်း
- မိသားစု သို့မဟုတ် သူငယ်ချင်းများနှင့် စကားပြောခြင်း
- သီချင်းနားထောင်ခြင်း
- စာဖတ်ခြင်း
- ဗီဒီယိုဂိမ်းကစားခြင်း
- ဂဏန်းရေတွက်ခြင်း၊ သီချင်းဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ဆုတောင်းခြင်း
အတွေးပုံစံပြောင်းခြင်း သို့မဟုတ် အတွေးရပ်တန့်ခြင်း အပျက်သဘောဆောင်သော အတွေးများကို ဖော်ထုတ်ရပ်တန့်ပြီး ၎င်းတို့ကို ပိုမိုကောင်းမွန်သော အပြုသဘောဆောင်သည့် အတွေးများနှင့် အစားထိုးပါ
- သင့်ကလေးအား နာကျင်မှုနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်နှင့် ခံစားချက်များကို ပြောပြခိုင်းပါ။
- "ငါ ဒီလိုမျိုး အရင်ကလည်း နာဖူးတာပဲ၊ ပြန်ကောင်းသွားမှာပါ။"
- "ငါ သန်မာပါတယ်၊ ငါ ဒါကို ကျော်ဖြတ်နိုင်တယ်။"
စိတ်ကူးခြင်း သို့မဟုတ် ပုံဖော်မြင်ယောင်ခြင်း ကောင်းမွန်သော အတွေ့အကြုံ သို့မဟုတ် နှစ်သက်သော နေရာ သို့မဟုတ် အမှတ်တရတစ်ခုခုအပေါ် အာရုံစိုက်ပါ -သင့်ကလေးအား ပျော်ရွှင်စရာနေရာ သို့မဟုတ် အမှတ်တရတစ်ခုကို စိတ်ကူးယဉ်ခိုင်းပါ။ ထိုစိတ်ကူးထဲက ပုံရိပ်၏ အရောင်များ၊ အသံများ၊ အနံ့များ၊ အရသာများနှင့် ခံစားချက်များကဲ့သို့သော အသေးစိတ်အချက်အလက်များကို ပြောပြခိုင်းပါ။
စံနမူနာယူခြင်း ယုံကြည်မှု တည်ဆောက်ရန်နှင့် ပံ့ပိုးမှုရယူရန် အခြားသူတစ်ဦး၏ အောင်မြင်မှုမှ သင်ယူပါ - အလားတူ အတွေ့အကြုံမျိုး ကြုံတွေ့ခဲ့ဖူးသူများထံမှ ၎င်းတို့အတွက် မည်သည့်အရာက အလုပ်ဖြစ်ခဲ့သည်ကို သင်ယူခြင်းက အထောက်အကူပြုနိုင်သည်။ အခြားကလေးတစ်ဦး ၎င်း၏ နာကျင်မှုနှင့် စိုးရိမ်သောကကို မည်သို့ စီမံခန့်ခွဲနေသည်ကို သင့်ကလေးအား စောင့်ကြည့်လေ့လာခိုင်းပါ။

ဆေးဝါးမပါဘဲ နာကျင်မှုကို စီမံခန့်ခွဲခြင်းဆိုင်ရာအချက်အလက်များကို ပိုမိုရှာဖွေပါ။

မည်သည့်အချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို ဆက်သွယ်ရမည်နည်း

သင့်ကလေးတွင် နာကျင်မှုရှိနေပါက ကုသမှုစတင်ရန် အချိန်မဆွဲပါနှင့်။ သင့်ကလေး၏ နာကျင်မှုကို ကုသရန်အတွက် သင်၏ ကုသရေးအဖွဲ့၏ အကြံပြုချက်များကို လိုက်နာဆောင်ရွက်ပါ။ 

သင့်ကလေးတွင် ဆေးသောက်သော်လည်း မသက်သာဘဲ ရုတ်တရက် ပြင်းထန်စွာ နာကျင်ပါက ဆေးရုံ သို့မဟုတ် အရေးပေါ်ဌာနသို့ သွားရောက်ပါ။ 

သင့်ကလေးတွင် အောက်ပါရောဂါသွင်ပြင်များနှင့် ရောဂါလက္ခဏာများ ရှိလာပါက ဆေးဘက်ဆိုင်ရာ ကုသမှုကို ခံယူပါ-

  • နာကျင်မှု ပိုမိုဆိုးရွားလာခြင်း သို့မဟုတ် လုံးဝမပျောက်ဘဲ ဖြစ်နေခြင်း
  • အသက်ရှူမဝခြင်း သို့မဟုတ် အသက်ရှူရ ခက်ခဲခြင်း
  • ကိုယ်အပူချိန် 101°F (38.3°C) သို့မဟုတ် ၎င်းထက်ပို၍ ဖျားခြင်း
  • အလွန်ပင်ပန်းနွမ်းနယ်နေပုံပြခြင်း သို့မဟုတ် နှိုးရခက်ခဲခြင်း
  • ရုတ်တရက် အားအင်ကုန်ခမ်းခြင်း၊ အာရုံခံစားမှု ပျောက်ဆုံးခြင်း သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို လှုပ်ရှားရ ခက်ခဲခြင်း

သင်၏ စောင့်ရှောက်မှုအဖွဲ့ကို မေးရမည့် မေးခွန်းများ

  • ပြင်းထန်စွာ နာကျင်မှုအကျပ်အတည်းဖြစ်မည့် အစောပိုင်းလက္ခဏာတွေက ဘာတွေလဲ။ 
  • ကျွန်တော်တို့ လိုက်နာရမယ့် နာကျင်မှုအကျပ်အတည်းဆိုင်ရာ လုပ်ဆောင်ချက် အစီအစဉ် ရှိပါသလား။
  • ကျွန်တော့်ကလေးရဲ့ နာကျင်မှုကို ကာကွယ်ဖို့ ကူညီပေးနိုင်မယ့် နည်းလမ်းတွေ ရှိပါသလား။
  • အိမ်မှာ ကလေးရဲ့ နာကျင်မှုကို ဘယ်လို စီမံခန့်ခွဲပေးနိုင်မလဲ။
  • ကလေးရဲ့ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု ဒါမှမဟုတ် အရည်သောက်သုံးမှုပမာဏမှာ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါသလား။
  • ကလေး၏ ကျောင်း၊ ကလေးထိန်း သို့မဟုတ် အခြားပြုစုစောင့်ရှောက်သူတွေကို နာကျင်မှုဖြစ်စဉ်ကို ဘယ်လိုခွဲခြားသိမြင်ပြီး စီမံခန့်ခွဲရမလဲဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော် ဘာတွေ ပြောပြထားဖို့ လိုမလဲ။
  • ကျွန်တော်တို့ သတိထားစောင့်ကြည့်ရမယ့် အရေးပေါ် သတိပေးလက္ခဏာတွေက ဘာတွေလဲ။
  • ကျွန်တော်တို့ ဘယ်အချိန်မှာ အရေးပေါ်ဌာနကို သွားပြီး ကုသမှုခံယူသင့်သလဲ။

နာကျင်မှုဖြစ်စဉ်များနှင့် တံစဉ်ပုံသွေးနီဆဲလ်ရောဂါနှင့် ပတ်သက်သည့် အဓိကအချက်များ

  • တံစဉ်ပုံပုံသဏ္ဍာန် သွေးနီဥဆဲလ်များ စုပြုံသွားပြီး သွေးကြောငယ်လေးများကို ပိတ်ဆို့ကာ တစ်ရှူးများဆီသို့ သွေးစီးဆင်းမှုနှင့် အောက်ဆီဂျင် ပို့ဆောင်မှုကို လျော့နည်းစေသည့်အခါ နာကျင်မှုဖြစ်စဉ် သို့မဟုတ် နာကျင်မှုအကျပ်အတည်း ဖြစ်ပွားသည်။
  • တံစဉ်ပုံသဏ္ဍာန် သွေးနီဥများကြောင့် ဖြစ်သည့်နာကျင်ခြင်းသည် အလွန်ရုတ်တရက်နှင့် ပြင်းထန်လေ့ရှိပြီး နာကျင်မှုဖြစ်စဉ်တစ်ခုသည် နာရီအနည်းငယ်၊ ရက်အနည်းငယ် သို့မဟုတ် ထိုထက်ပို၍ ကြာမြင့်နိုင်သည်။
  • နာကျင်မှုဖြစ်စဉ်များသည် ရေဓာတ်ခမ်းခြောက်ခြင်း၊ စိတ်ဖိစီးမှု၊ ပိုးဝင်ခြင်း၊ အလွန်အမင်း ပူပြင်း/အေးစိမ့်သော အပူချိန်များ သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုအလွန်အကျွံလုပ်ခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည်။
  • နာကျင်မှုစီမံခန့်ခွဲရေး အစီအစဉ်တွင် ပုံမှန်အားဖြင့် အကိုက်အခဲပျောက်ဆေးများနှင့်အတူ အနားယူခြင်း၊ အပူပေးကုထုံး၊ ရေဓာတ်ဖြည့်တင်းခြင်းနှင့် အာရုံလွှဲခြင်း ကဲ့သို့သော ဆေးဝါးမဟုတ်သည့် နည်းဗျူဟာများ ပါဝင်သည်။
  • နာကျင်မှုကို တတ်နိုင်သမျှ အမြန်ဆုံး ကုသရန် အရေးကြီးသည်။ သင့်ကလေး၏ နာကျင်မှုသည် ပြင်းထန်ပါက သို့မဟုတ် သက်သာမလာပါက သင့်ကလေးအား အရေးပေါ်ဌာနသို့ ခေါ်ဆောင်သွားပါ။ 


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဒီဇင်ဘာလ 2024 ခုနှစ်

ဆက်စပ်သည့် အကြောင်းအရာ