ဆေးဝါးမပါဘဲ သင့်ကလေး၏ နာကျင်မှုကို စီမံခန့်ခွဲရန် နည်းလမ်းများစွာရှိပါသည်။ ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှင့် အတွေ့အကြုံများအားလုံးသည် သင့်ကလေး နာကျင်မှုအား မည်သို့ခံစားရသည်ဆိုသည်ကို သက်ရောက်မှုရှိပါသည်။ ဆေးဝါးမပါဝင်သည့် နာကျင်မှုစီမံခန့်ခွဲမှုဆိုင်ရာ နည်းဗျူဟာများသည် သင့်ကလေးအား နာကျင်မှုကို ပိုမိုထိရောက်စွာ ရင်ဆိုင်ဖြေရှင်းနိုင်စေရန် ကူညီပေးနိုင်ပါသည်။
သင်၏ စောင့်ရှောက်မှုအဖွဲ့သည် နာကျင်မှုစီမံခန့်ခွဲမှုဆိုင်ရာ နည်းစနစ်များကို လေ့လာရန်အတွက် ပေါင်းစပ်ဆေးပညာ၊ ကလေးဘဝ၊ ဂီတကုထုံး၊ ရုပ်ပိုင်းဆိုင်ရာ ကုသမှု၊ လုပ်ငန်းခွင်ဆိုင်ရာကုထုံး၊ စိတ်ပညာသို့မဟုတ် သူနာပြုစုစောင့်ရှောက်မှုဆိုင်ရာ အထူးကုများထံသို့ သင့်အား ရည်ညွှန်းပေးနိုင်ပါသည်။ ခရစ်ယာန်ဘုန်းတော်ကြီးများ နှင့် လူမှုဝန်ထမ်းများ သည် သက်ဝင်ယုံကြည်မှုဆိုင်ရာ သို့မဟုတ် မိသားစုထောက်ပံ့မှု လိုအပ်ချက်များကိုလည်း ကူညီပေးနိုင်ပါသည်။
နာကျင်မှုကို အကောင်းဆုံး သက်သာစေရန်အတွက် ဆေးဝါးမပါဘဲ နာကျင်မှုကို စီမံခန့်ခွဲဆိုင်ရာ နည်းဗျူဟာများကို အကိုက်အခဲပျောက်ဆေးများနှင့်အတူ မကြာခဏ အသုံးပြုလေ့ရှိပါသည်။ သင်ကိုယ်တိုင် နည်းလမ်းများကို စမ်းမသုံးမီ သင့်ကလေးအတွက် ဘေးကင်းလုံခြုံကြောင်း သေချာစေရန်အတွက် သင်၏စောင့်ရှောက်မှုအဖွဲ့ကို မေးမြန်းပါ။
ခန္ဓာကိုယ်ကိုအခြေခံသည့် နည်းဗျူဟာများသည် ခန္ဓာကိုယ်မှ နာကျင်မှုကို မည်သို့တုံ့ပြန်သည်ကို စူးစိုက်ပါသည်။ ၎င်းတို့သည် ကြွက်သားများကို ပြေလျော့စေရန်၊ သွေးစီးဆင်းမှုကို တိုးတက်ကောင်းမွန်စေရန်နှင့် နာကျင်မှုလက္ခဏာများကို လျှော့ချရန် ကူညီပေးနိုင်ပါသည်။
အအေးနှင့် အပူသည် အချို့သော နာကျင်မှုအမျိုးအစားများကို သက်သာစေနိုင်ပါသည်။
အအေး သို့မဟုတ် အပူကို အသုံးပြုသည့် အခါတွင်-
နှိပ်နယ်ခြင်းသည် သွေးနှင့် ခန္ဓာကိုယ်မှ အရည်များ စီးဆင်းမှုကို မြှင့်တင်ရန်၊ ကြွက်သားများကို ပြေလျောစေရန်နှင့် ခန္ဓာကိုယ်ကို အပန်းဖြေစေရန် ညင်သာစွာ ဖိအားပေးခြင်းဖြင့် ပြုလုပ်ပါသည်။ နှိပ်နယ်ခြင်းသည် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် နာကျင်မှုကို လျှော့ချရန် ကူညီပေးနိုင်ပြီး အိပ်စက်ခြင်းနှင့် အလုံးစုံကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါသည်။ နှိပ်နယ်ခြင်းကို လေ့ကျင့်သင်ကြားထားသည့် ဝန်ဆောင်မှုပေးသူတစ်ဦးမှ ပြုလုပ်သင့်ပါသည်။ နှိပ်နယ်ပေးခြင်းကုထုံးသည် သင့်ကလေးအား အထောက်အကူပြုပေးနိုင်ခြင်း ရှိ၊ မရှိကို သင့်စောင့်ရှောက်မှုအဖွဲ့အား မေးမြန်းပါ။ လိုအပ်သည့် ကြိုတင်ကာကွယ်မှုများကို တိုင်ပင်ဆွေးနွေးပါ။
အပ်စိုက်ကုသခြင်း နှင့် နှိပ်၍ဖိအားပေးခြင်းကုထုံးတို့သည် နာကျင်မှုလက္ခဏာများကို သက်သာစေရန် ကူညီပေးနိုင်သည့် အပ်စိုက်ကုထုံးအမျိုးအစားများ ဖြစ်ပါသည်။
အပ်စိုက်ကုထုံးအကြောင်းကို သင့်စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။ ၎င်းတို့သည် ကလေးများနှင့် ဆယ်ကျော်သက်များကို ဘေးကင်းလုံခြုံစွာကုသပေးနိုင်သည့် အတွေ့အကြုံရှိသော လိုင်စင်ရ ဝန်ဆောင်မှုပေးသူကို အကြံပြုပေးနိုင်ပါသည်။
TENS ယူနစ် သည် နာကျင်နေသည့်နေရာများအနီးရှိ အရေပြားပေါ်တွင် ဝါယာကြိုးများတပ်ဆင်၍ လျှပ်စစ်အချက်ပြမှုငယ်များကို ပေးပို့သည့် ကိရိယာငယ်တစ်ခု ဖြစ်ပါသည်။ ဤအချက်ပြမှုများသည် နာကျင်မှုကို လျှော့ချရန်အတွက် အာရုံကြောများဆီသို့ ရောက်ရှိပါသည်။ ၎င်းသည် တစစ်စစ် သို့မဟုတ် ညင်သာစွာ နှိပ်နယ်ခံရသကဲ့သို့ ခံစားရနိုင်ပါသည်။ TENS ယူနစ်တစ်ခုသည် သင့်ကလေးအား ကူညီပေးနိုင်ခြင်း ရှိ၊ မရှိကို သင့်စောင့်ရှောက်မှုအဖွဲ့အား မေးမြန်းပါ။
သက်တောင့်သက်သာရှိသော ကိုယ်ဟန်ပုံစံအနေအထားများသည် သင့်ကလေး နာကျင်နေသည့် သို့မဟုတ် စိတ်ဖိစီးမှုများသော အချိန်များတွင် သင့်ကလေးကို ချီထားရန် သို့မဟုတ် နေရာချထားရန် နည်းလမ်းများ ဖြစ်ပါသည်။ ပြုစုစောင့်ရှောက်သူတစ်ဦးမှ ချီထားခြင်းသည် သင့်ကလေးကို ပိုမိုလုံခြုံသည်ဟု ခံစားရစေပြီး လုပ်ထုံးလုပ်နည်းများပြုလုပ်နေစဉ်အတွင်း နာကျင်မှု သို့မဟုတ် ကြောက်ရွံ့မှုကို လျှော့ချပေးနိုင်ပါသည်။ ကလေးဘဝကျွမ်းကျင်ပညာရှင်များနှင့် အခြားစောင့်ရှောက်မှုအဖွဲ့ဝင်များသည် သင့်ကလေး၏ အသက်အရွယ်ပေါ် မူတည်၍ သက်တောင့်သက်သာရှိသော ကိုယ်ဟန်ပုံစံအနေအထားနည်းစနစ်များကို သင်ကြားပေးနိုင်ပါသည်။
စိတ်-ခန္ဓာကိုယ် နည်းဗျူဟာများသည် အတွေးများ၊ စိတ်ခံစားချက်များနှင့် အာရုံစူးစိုက်မှုများသည် နာကျင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများကို မည်သို့အကျိုးသက်ရောက်မှုရှိသည်ကို စူးစိုက်ပါသည်။ ဤနည်းလမ်းများသည် သင့်ကလေးအား မိမိကိုယ်ကိုပိုမိုထိန်းချုပ်နိုင်စွမ်းရှိစေပြီး နာကျင်မှုအား ခံစားရပုံကို ပြောင်းလဲစေနိုင်ပါသည်။
သတိပဋ္ဌာန်ပြည့်စုံခြင်းဆိုင်ရာနည်းစနစ်များသည် သင့်ကလေးအား ၎င်းတို့၏ ခန္ဓာကိုယ်၊ ခံစားချက်များနှင့် နာကျင်မှုဆိုင်ရာ အတွေ့အကြုံကို အာရုံစိုက်ရန် ကူညီပေးနိုင်ပါသည်။ သင့်ကလေး၏ နာကျင်မှုသည် စိတ်ဖိစီးမှု၊ စိတ်ခံစားချက် သို့မဟုတ် လှုပ်ရှားမှုအဆင့်နှင့် အတူ ပြောင်းလဲသွားခြင်းကို သင်သတိပြုမိနိုင်ပါသည်။ သတိပဋ္ဌာန်ပြည့်စုံခြင်းသည် သင့်ကလေးအား နာကျင်မှု ပိုဆိုးလာသည့်အချိန်နှင့် ၎င်းပျောက်ကင်းသွားချိန်ကို သတိပြုမိစေရန် ကူညီပေးနိုင်ပါသည်။ နာကျင်မှုကို သိရှိခြင်းသည် ၎င်းကို စီမံခန့်ခွဲနိုင်ရန်အတွက် ပထမဆုံးအဆင့် ဖြစ်နိုင်ပါသည်။
အာရုံလွှဲခြင်းသည် သင့်ကလေး၏ အာရုံစူးစိုက်မှုကို နာကျင်မှုမှ ဝေးကွာသွားစေရန် ကူညီပေးပါသည်။ ရည်မှန်းချက်မှာ ၎င်းတို့၏ မသက်မသာဖြစ်မှုကို မေ့ပျောက်သွားစေရန်အတွက် တခြားအရာတစ်ခုကို အာရုံစူးစိုက်စေရန် ဖြစ်ပါသည်။
လှုပ်ရှားဆောင်ရွက်မှုအမျိုးမျိုးသည် ရေတိုနာကျင်မှုနှင့် ရေရှည်နာကျင်မှုတို့ကို အထောက်အကူဖြစ်စေနိုင်ပါသည်။
နာကျင်မှုဆိုင်ရာ အတွေ့အကြုံများအကြောင်းကို ရေးသားခြင်း သို့မဟုတ် ပုံဆွဲခြင်းသည် သင့်ကလေး၏ ခံစားချက်များကို ဖော်ပြရန်၊ နာကျင်မှုကို ခြေရာခံရန်နှင့် နာကျင်မှုကို သက်သာစေရန် မည်သည့်အရာမှ အထောက်အကူပြုသည် သို့မဟုတ် ပိုဆိုးစေသည်ကို သတိပြုမိရန် ကူညီပေးနိုင်ပါသည်။
နာကျင်မှုဆိုင်ရာ မှတ်တမ်းတွင် အောက်ပါတို့ ပါဝင်နိုင်သည်-
မှတ်တမ်းရေးသားခြင်း သည် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး သင့်ကလေးအား မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းကို ခံစားရစေရန် ကူညီပေးနိုင်ပါသည်။ ဤအချက်အလက်ကို သင်၏စောင့်ရှောက်မှုအဖွဲ့နှင့် မျှဝေခြင်းသည် နာကျင်မှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်များကို လမ်းညွှန်ပေးရန်အတွက် ကူညီပေးနိုင်ပါသည်။ နာကျင်မှုမှတ်တမ်းတစ်ခုသည် သင်၏စောင့်ရှောက်မှုအဖွဲ့အား သင့်ကလေး၏နာကျင်မှုနှင့် ၎င်းတို့အား မည်သို့ကုသနိုင်သည်ကို ပိုမိုသိရှိစေရန် ကူညီပေးနိုင်ပါသည်။
အပန်းဖြေအနားယူခြင်းသည် ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး နာကျင်မှုဆိုင်ရာ အချက်ပြမှုများ၏ ပြင်းထန်မှုကို လျော့နည်းစေပါသည်။ ဤချဉ်းကပ်မှုတွင် အသက်ပြင်းပြင်းရှူခြင်း၊ ကြွက်သားများကို ဆက်တိုက်ပြေလျော့စေခြင်း၊ လမ်းညွှန်ချက်များအတိုင်း ပုံရိပ်ဖော်ခြင်း၊ တရားထိုင်ခြင်း သို့မဟုတ် သာယာသော တေးဂီတ သို့မဟုတ် အသံများနားထောင်ခြင်းတို့ ပါဝင်နိုင်ပါသည်။
အသက်ပြင်းပြင်းရှူခြင်း- အသက်ပြင်းပြင်းရှူခြင်းကို လေ့ကျင့်ရန်အတွက် သင့်ကလေးအား ဝမ်းဗိုက်ဖြင့် ဖြည်းဖြည်းချင်းနှင့် နက်ရှိုင်းစွာ အသက်ရှူရန် သတိထား အာရုံစူးစိုက်စေပါ။
သင်သည် နှာခေါင်းမှတစ်ဆင့် အသက်ရှူသွင်းပြီး ပါးစပ်မှတစ်ဆင့် အသက်ရှူထုတ်ခြင်း သို့မဟုတ် အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်စဉ် တစ်ကြိမ်လျှင် နှာခေါင်း 1 ဖက်စီကို ပိတ်ခြင်း ပြုလုပ်နိုင်ပါသည်။
အသေးစားအပန်းဖြေအနားယူခြင်း- သင့်ကလေးသည် နေ့ခင်းအချိန်တွင် အနားယူချိန်အနည်းငယ်ယူရန် အသေးစားအနားယူအပန်းဖြေခြင်းကို အသုံးပြုပါ။
ကြွက်သားများကို ဆက်တိုက်ပြေလျော့စေခြင်း (PMR)- ကြွက်သားများကို ဆက်တိုက်ပြေလျော့စေခြင်းတွင် သင့်ကလေးသည် ကြွက်သားအုပ်စုငယ်များကို တစ်ကြိမ်လျှင် အုပ်စု 1 ခုစီဖြင့် တင်းထားပြီး ဖြေလျော့ပေးပါသည်။ ၎င်းသည် သင့်ကလေးမှာ ၎င်းတို့၏ကြွက်သားများ တင်းမာနေချိန် သို့မဟုတ် တင်းကျပ်နေချိန်ကို သတိပြုမိရန်နှင့် ၎င်းတို့ကို ဖြေလျှော့ရန်အတွက် လေ့ကျင့်ပေးရန် ကူညီပေးနိုင်ပါသည်။
မြင်ယောင်ကြည့်ခြင်း သို့မဟုတ် လမ်းညွှန်ချက်များအတိုင်း ပုံရိပ်ဖော်ခြင်း- ဤနည်းလမ်းသည် သင့်ကလေးအား သူတို့၏ အာရုံများအားလုံး (အမြင်၊ အကြား၊ အနံ့၊ အရသာနှင့် အထိအတွေ့) ကို အသုံးပြုပြီး ငြိမ်သက်အေးချမ်းသည့် နေရာတစ်ခုအကြောင်းကို စဉ်းစားရန် သို့မဟုတ် မြင်ယောင်ကြည့်ရန် သင်ကြားပေးနိုင်ပါသည်။
CBT သည် လူတို့၏ အတွေးများ၊ ခံစားချက်များနှင့် အပြုအမူများကြား ဆက်စပ်မှုကို နားလည်ရန် ကူညီပေးနိုင်သည့် ကုထုံးတစ်မျိုး ဖြစ်ပါသည်။ ၎င်းတွင် အပျက်သဘောဆောင်သည့် အတွေးများကို သတိပြုမိခြင်းနှင့် စိန်ခေါ်ခြင်း၊ အပြုသဘောဆောင်၍ မိမိကိုယ့်ကို စကားပြောဆိုခြင်းကို အသုံးပြုခြင်းများ၊ အနားယူအပန်းဖြေခြင်းကို ကျင့်သုံးခြင်းနှင့် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကို တည်ဆောက်ခြင်းကဲ့သို့သော နည်းဗျူဟာအမျိုးမျိုး ပါဝင်နိုင်ပါသည်။ CBT သည် သင့်ကလေးအား ၎င်းတို့၏နာကျင်မှုကို ပိုမိုထိန်းချုပ်နိုင်စေရန်နှင့် ၎င်းတို့အတွက် အသင့်တော်ဆုံးဖြစ်မည့် နာကျင်မှုဆိုင်ရာစီမံခန့်ခွဲမှု နည်းဗျူဟာများကို ရှာဖွေရာတွင် ကူညီပေးနိုင်ပါသည်။
ဇီဝဆိုင်ရာတုံ့ပြန်မှု (Biofeedback) သည် ခန္ဓာကိုယ်မှ စိတ်ဖိစီးမှုနှင့် နာကျင်မှုအား တုံ့ပြန်သည့်နည်းလမ်းကို ထိန်းချုပ်နိုင်ရန် စိတ်ကို လေ့ကျင့်ပေးပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် အသက်ရှူခြင်းနှင့် နှလုံးခုန်နှုန်းကဲ့သို့သော ခန္ဓာကိုယ်၏အချက်ပြမှုများကို ထောက်လှမ်းစောင့်ကြည့်ရန်အတွက် အထူးကိရိယာကို အသုံးပြုပါသည်။ သင့်ကလေးသည် စိတ်တည်ငြိမ်စေသည့်နည်းစနစ်အမျိုးမျိုးသည် ၎င်းတို့၏ခန္ဓာကိုယ်အပေါ် မည်သို့အကျိုးသက်ရောက်သည်ကို လေ့လာရန်အတွက် ၎င်းတို့၏ခန္ဓာကိုယ်၏ ပြောင်းလဲပုံကို ကြည့်ရှုရန် စခရင်ကို ကြည့်ရှုနေပါသည်။ အချိန်တန်သည့်အခါတွင် သင့်ကလေးသည် ဇီဝဆိုင်ရာတုံ့ပြန်မှုမပါဝင်ဘဲ ၎င်းတို့၏ခန္ဓာကိုယ်တုံ့ပြန်ပုံကို စီမံခန့်ခွဲနိုင်ပါသည်။
သင့်ကလေး၏ အာရုံစူးစိုက်မှုကို အာရုံစိုက်ရန်နှင့် နာကျင်မှုနှင့် စိတ်ဖိစီးမှုကို လျှော့ချရန်အတွက် လေ့ကျင့်သင်ကြားထားသည့် ဝန်ဆောင်မှုပေးသူတစ်ဦးမှ ဆေးဘက်ဆိုင်ရာ စိတ်ညှို့ခြင်းကို ပံ့ပိုးပေးပါသည်။ စိတ်ညှို့နေစဉ်အတွင်း သင့်ကလေးသည် နိုးနေမည်ဖြစ်ပြီး ၎င်းတို့၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။
ရနံ့ကုထုံးသည် ခန္ဓာကိုယ်ကို အနားယူပြေလျော့စေရန်နှင့် နာကျင်မှု၊ စိတ်ဖိစီးမှုနှင့် အခြားရောဂါလက္ခဏာများကို လျှော့ချရန်အတွက် ရနံ့အဆီများမှ ရနံ့များကို အသုံးပြုပါသည်။ သင့်ကလေးအတွက် ရရှိနိုင်သော ဘေးကင်းလုံခြုံသည့် ရွေးချယ်စရာများနှင့် ပတ်သက်၍ သင်၏စောင့်ရှောက်မှုအဖွဲ့ကို မေးမြန်းပါ။ သင့်ကလေးအား ရနံ့အဆီကို မမျိုချပါစေနှင့်၊ ညွှန်ကြားချက်မရှိပါက အရေပြားပေါ်တွင် မလိမ်းပါနှင့်။ ရနံ့အဆီများအား ဘေးကင်းလုံခြုံစွာ အသုံးပြုနည်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်၍ ကလေးများလက်လှမ်းမမီသည့် နေရာတွင် သိမ်းဆည်းပါ။
စံပြပုံစံဆိုသည်မှာ အခြားသူများမှ ကြည့်ရှုခြင်းဖြင့် သင်ယူနိုင်သည့် နာကျင်မှုကို ကိုင်တွယ်ဖြေရှင်းရန် အထောက်အကူဖြစ်စေသော နည်းလမ်းများကို တစ်စုံတစ်ယောက်က ပြသပေးခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် သင့်ကလေးသည် အခြားလူနာတစ်ဦးအား အပ်ဖြင့် ထိုးသွင်းနေစဉ်အတွင်း ဖြည်းဖြည်းချင်း အသက်ပြင်းပြင်းရှူသည်ကို မြင်တွေ့၍ ကိုယ်တိုင်လည်း လိုက်၍စမ်းကြည့်နိုင်ပါသည်။
ဆေးဘက်ဆိုင်ရာ သရုပ်ဆောင်ကစားခြင်းဆိုသည်မှာ ကလေးများက အမှန်တကယ် သို့မဟုတ် အယောင်ဆောင်ထားသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို အသုံးပြုပြီး မိမိတို့ ဘာတွေ မျှော်လင့်ရမည်ကို သိရှိနိုင်ရန်နှင့် ရင်ဆိုင်ဖြေရှင်းခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ကြိုတင်လေ့ကျင့်ရန် ပြုလုပ်သည့် ကစားနည်းဖြစ်ပါသည်။ ၎င်းသည် ကလေးများကို နာကျင်သည့်အခြေအနေများအား ထိန်းချုပ်နိုင်စွမ်းကို ပေးစွမ်းနိုင်ပါသည်။ ဥပမာအားဖြင့်၊ ကလေးဘဝ အထူးကုပညာရှင်တစ်ဦးသည် အသက်ပြင်းပြင်းရှူခြင်း သို့မဟုတ် အာရုံလွှဲခြင်းကဲ့သို့သော နည်းဗျူဟာများကို အသုံးပြု၍ ဟန်ဆောင်သည့် လုပ်ထုံးလုပ်နည်းတစ်ခုမှတစ်ဆင့် သင့်ကလေးကို လမ်းညွှန်ပေးနိုင်ပါသည်။ ၎င်းသည် သင့်ကလေးကို အမှန်တကယ် အခြေအနေဖြစ်လာသည့်အခါတွင် ပိုမို၍ ပြင်ဆင်ထားနိုင်ပြီး ယုံကြည်မှုရှိစေရန် ကူညီပေးနိုင်ပါသည်။
အိပ်ရေးပျက်ခြင်းသည် နာကျင်မှုကို ပို၍ဆိုးစေနိုင်ပြီး နာကျင်မှုသည်လည်း အိပ်ပျော်ရန် ခက်ခဲစေနိုင်ပါသည်။ လုံလောက်စွာ အနားယူခြင်းသည် သင့်ကလေးကို နာကျင်မှုအား ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စေရန် ကူညီပေးနိုင်ပါသည်။ အောက်ပါတို့ကို ပြုလုပ်ကြည့်ပါ-
အကယ်၍ သင့်ကလေးသည် ကောင်းစွာအိပ်မပျော်ပါက သို့မဟုတ် နာကျင်မှုသည် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါက မည်သို့ကူညီပေးရမည်နှင့် ပတ်သက်သည့် အကြံဥာဏ်များ ပိုမိုရရှိနိုင်ရန် သင့်စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။
အရည်လုံလောက်စွာ မသောက်သုံးခြင်းသည် နာကျင်မှုကို ပို၍ဆိုးစေနိုင်ပါသည်။ ရေဓာတ်ခန်းခြောက်ခြင်း သည် ကြွက်တက်ခြင်း၊ အဆစ်နာကျင်ခြင်း၊ ကျောနာခြင်း၊ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် သက်သာပျောက်ကင်းမှုနှောင့်နှေးခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ သင့်ကလေးသည် တစ်ရက်လျှင် ရေမည်မျှသောက်သင့်သည်ကို သင်၏စောင့်ရှောက်မှုအဖွဲ့အား မေးမြန်းပါ။ အကယ်၍ သင့်ကလေးသည် ရေသောက်ရန် အခက်အခဲရှိပါက ရေခဲပြားများ သို့မဟုတ် ရေခဲချောင်းများကိုလည်း စုပ်ယူနိုင်ပါသည်။ အကယ်၍ သင့်ကလေးသည် ရေသောက်ခြင်းကို မနှစ်သက်ပါက ရေထဲသို့ ကျန်းမာရေးနှင့် ညီညွတ်သည့် အရသာကို ထည့်ပါ သို့မဟုတ် သကြားနည်းပြီး ကဖိန်းဓာတ်နည်းသည့် သို့မဟုတ် မပါဝင်သည့် အဖျော်ယမကာများကို ရွေးချယ်ပါ။
ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကို စားသုံးခြင်းနှင့် ကောင်းမွန်သည့် အာဟာရဓာတ် တွေ ရရှိခြင်းသည် သင့်ကလေး၏ခန္ဓာကိုယ်ကို သန်မာစေပြီး ပျောက်ကင်းသက်သာခြင်းနှင့် ပြန်လည်ကောင်းမွန်လာစေရန် လိုအပ်သည့် စွမ်းအင်ကို ပေးစွမ်းနိုင်ပါသည်။ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၊ ကောက်နှံစေ့များနှင့် ပရိုတင်းဓာတ်များ အပါအဝင် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုအစီအစဉ်သည် သင့်ကလေးလိုအပ်သော အာဟာရဓာတ်များကို ရရှိစေပြီး ရောင်ရမ်းခြင်းကို လျှော့ချရာတွင် ကူညီပေးနိုင်ပါသည်။ သင့်ကလေး၏ အခြေအနေ သို့မဟုတ် ကုသမှုအပေါ် အခြေခံ၍ သင်၏စောင့်ရှောက်မှုအဖွဲ့သည် စားသုံးရန် သို့မဟုတ် ရှောင်ကြဉ်ရန် သီးခြားအစားအစာများကို အကြံပြုပေးနိုင်ပါသည်။
လှုပ်ရှားမှုသည် ကြွက်သားများကို သန်မာစေရန်၊ တောင့်တင်းနေသည့်အဆစ်များကို ပြေလျော့စေရန်နှင့် သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေရန် ကူညီပေးနိုင်ပါသည်။ ကိုယ်လက်လှုပ်ရှားမှုသည် စိတ်ခံစားချက်ကို တိုးတက်ကောင်းမွန်စေခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချခြင်းနှင့် အိပ်စက်ခြင်းကို အထောက်အကူပြုခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပြီး ၎င်းတို့အားလုံးသည် နာကျင်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင် သို့မဟုတ် အလုပ်အကိုင်ဆိုင်ရာ ကုထုံးပညာရှင် တစ်ဦးသည် လေ့ကျင့်ခန်းအစီအစဉ်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ လမ်းလျှောက်ခြင်း၊ အကြောလျှော့ဆန့်ထုတ်ခြင်း သို့မဟုတ် ပေါ့ပါးသောအားကစားနည်းကဲ့သို့သော လှုပ်ရှားမှုများဖြင့် ဖြည်းဖြည်းချင်းစတင်၍ တဖြည်းဖြည်း လှုပ်ရှားမှုကို တိုးမြှင့်ဆောင်ရွက်ပါ။ နာကျင်မှုသည် ရုတ်တရက် ပြင်းထန်လာပါက ရပ်လိုက်ပါ။
သင့်ကလေးသည့် နာကျင်နေသည့် အချိန်၌ပင် လှုပ်ရှားမှုအချို့ကို ပြုလုပ်ရန် အားပေးပါ။ သို့သော်လည်း ၎င်းတို့သည် တစ်ချိန်တည်းတွင် လှုပ်ရှားမှုများကို အများကြီးမလုပ်မိစေရန် သေချာအောင် ပြုလုပ်ပါ။ အနည်းငယ်သာ သို့မဟုတ် အလွန်အကျွံ လုပ်ဆောင်ခြင်းသည် နာကျင်မှုကို ပိုမို၍ ဆိုးရွားစေနိုင်ပါသည်။
ထိန်းညှိချိန်ကိုက်ခြင်းဆိုသည်မှာ လှုပ်ရှားမှုနှင့် အနားယူခြင်းကို ဟန်ချက်ညီစေရန် ဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။ ၎င်းသည် သင့်ကလေးအား နာကျင်မှုကို ပို၍မဆိုးစေဘဲ တက်ကြွစွာနေထိုင်နိုင်စေရန် ကူညီပေးပါသည်။ ထိန်းညှိချိန်ကိုက်ခြင်းအစီအစဉ်တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
သင့်ကလေးအတွက် အလုပ်ဖြစ်သည့် ထိန်းညှိချိန်ကိုက်ခြင်းအစီအစဉ်တစ်ခု ရေးဆွဲရန်အတွက် သင်၏စောင့်ရှောက်မှုအဖွဲ့နှင့်အတူ လက်တွဲလုပ်ဆောင်နိုင်ပါသည်။
နာကျင်မှုဆိုင်ရာ စီမံခန့်ခွဲမှုသည် ကလေးတိုင်းအတွက် တူညီခြင်းမရှိဘဲ သင့်ကလေး၏ လိုအပ်ချက်များသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။ သင့်ကလေးအတွက် အကောင်းဆုံးဖြစ်မည့် နည်းဗျူဟာများအကြောင်းကို သင်၏စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဧပြီလ၊ 2026 ခုနှစ်
ပုံသဏ္ဍာန်မမှန်သော သွေးနီဥများက သွေးကြောများကို ပိတ်ဆို့ပြီး ခန္ဓာကိုယ်သို့ သွေးနှင့် အောက်ဆီဂျင် ရောက်ရှိမှုကို လျော့နည်းစေသည့်အခါ နာကျင်မှုဖြစ်စဉ် (ပြင်းထန်စွာ နာကျင်မှုကို ခံစားရခြင်း) ဖြစ်ပွားတတ်သည်။ နာကျင်မှုဖြစ်စဉ်များကို စီမံခန့်ခွဲကုသနိုင်မည့် နည်းလမ်းများကို လေ့လာပါ။