အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


အရိုးတွင်းခြင်ဆီ ရုတ်တရက်အလုပ်မလုပ်ခြင်းကြောင့် သွေးအားနည်းသည့် အခြေအနေ

ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်ဆိုတာဘာလဲ။

ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ် ဆိုသည်မှာ အရိုးတွင်းခြင်ဆီက သွေးနီဥများ ထုတ်လုပ်ခြင်းကို ရုတ်တရက် ရပ်တန့်လိုက်သည့်အခါ ဖြစ်ပွားတတ်သည်။ သွေးနီဥ ဆဲလ်များခန္ဓာကိုယ်က သွေးနီဥဆဲလ်အသစ်များကို မထုတ်လုပ်နိုင်သည့်အခါ သွေးဆဲလ်များ ပျက်စီးသွားသည်နှင့်အမျှ ၎င်းတို့နေရာတွင် ပြန်လည်အစားထိုး၍ မရနိုင်တော့ပါ။ သွေးနီဥဆဲလ်အရေအတွက်သည် အလွန်နိမ့်ကျသော အဆင့်ထိ ကျဆင်းသွားနိုင်သည်။ ၎င်းသည် ပြင်းထန်သော သွေးအားနည်းရောဂါ (Anemia)ဖြစ်ပေါ်စေနိုင်သည်။

သွေးအားနည်းရောဂါ (Anemia) ကို ပြသထားသည့် ဆေးဘက်ဆိုင်ရာ သရုပ်ဖော်ပုံ

အရိုးတွင်းခြင်ဆီ အလုပ်မလုပ်တော့သည့် သွေးအားနည်းရောဂါ (Aplastic Anemia) သည် ပြင်းထန်သော သွေးအားနည်းခြင်း သို့မဟုတ် သွေးနီဥဆဲလ်အရေအတွက် အလွန်အမင်း နည်းပါးခြင်းကို ဖြစ်စေနိုင်သည်။

ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်သည် အဓိကအားဖြင့် ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease)၊ မျိုးရိုးလိုက်သော သွေးနီဥလုံးခြင်းရောဂါ (Hereditary Spherocytosis) သို့မဟုတ် သွေးနီဥများ ပိုမိုမြန်ဆန်စွာ ပျက်စီးတတ်သော အလားတူ သွေးရောဂါအခြေအနေမျိုးရှိသူများ (သွေးနီဥပျက်စီးလွယ်သော သွေးအားနည်းရောဂါ (Hemolytic Anemia))) တွင် အဖြစ်များသည်။ ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) နှင့် အခြားသော သွေးနီဥပျက်စီးလွယ်သည့် သွေးအားနည်းရောဂါ (Hemolytic Anemia) ရှိသော ကလေးများတွင်မူ ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်သည် များသောအားဖြင့် ပါဗိုဗိုင်းရပ်စ် ကူးစက်ပိုးကြောင့် ဖြစ်ပွားတတ်သည်။

ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်သည် ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) နှင့် အခြားသော သွေးနီဥပျက်စီးလွယ်သည့် သွေးအားနည်းရောဂါ (Hemolytic Anemia) ရှိသော ကလေးများတွင် ပြင်းထန်သော သွေးအားနည်းခြင်းကို ဖြစ်စေနိုင်သည်။ အကယ်၍ ချက်ချင်း မကုသပါက အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။

ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်၏ ရောဂါလက္ခဏာများ

ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်-

  • အားနည်းခြင်း သို့မဟုတ် မောပန်းခြင်း
  • ဖျားခြင်း
  • ချောင်းဆိုးခြင်း
  • တုပ်ကွေးကဲ့သို့သော လက္ခဏာများ ခံစားရခြင်း
  • အသက်ရှူမဝခြင်း
  • နှလုံးခုန် စည်းချက်မမှန်ခြင်း သို့မဟုတ် မြန်ခြင်း
  • အရေပြား သို့မဟုတ် နှုတ်ခမ်းများ ဖြူဖျော့ခြင်း

ကုသမှု မခံယူပါက သင့်ကလေး၏ ရောဂါလက္ခဏာများသည် သက်သာလာမည့်အစား နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလာနိုင်ခြေ ရှိသည်။ 

ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းအရင်းများ

ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်သည် များသောအားဖြင့် ကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်ပွားတတ်သည်။ အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခုမှာ လူသားပါဗိုဗိုင်းရပ်စ် B19 ကူးစက်ခြင်း၊ သို့မဟုတ် "ပဉ္စမမြောက်ရောဂါ (Fifth Disease) ကြောင့် ဖြစ်သည်။" ဤဗိုင်းရပ်စ်ပိုးသည် အရိုးတွင်းခြင်ဆီမှ သွေးနီဥဆဲလ်အသစ်များ ထုတ်လုပ်မှုကို 7–10 ရက်အထိ ရပ်တန့်သွားစေသည်။ 

ကျန်းမာသော သွေးနီဥဆဲလ်များသည် 90-120 ရက် အထိ ခံနိုင်ရည်ရှိသောကြောင့် လူအများစုအတွက်မူ ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်သည် ပြဿနာတစ်ခု မဟုတ်နိုင်ပါ။ ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease)သို့မဟုတ် အခြားသော သွေးနီဥပျက်စီးလွယ်သည့် သွေးအားနည်းရောဂါ (Hemolytic Anemia) ရှိသူများတွင်မူ သွေးနီဥဆဲလ်များသည် ပိုမိုလွယ်ကူစွာ ပျက်စီးသွားတတ်သည်။ ကောက်ချိတ်ပုံစံဖြစ်နေသော သွေးနီဥဆဲလ်များသည် 7-20 ရက် အထိသာ ခံနိုင်ရည်ရှိနိုင်သည်။ အကယ်၍ သင့်ကလေးသည် သွေးနီဥဆဲလ်အသစ်များ ထုတ်လုပ်ခြင်းကို ရုတ်တရက် ရပ်တန့်သွားပါက ပိုးဝင်ပြီး 1 မှ 2 ပတ်အကြာတွင် ပြင်းထန်သော သွေးအားနည်းရောဂါ (Anemia) ဖြစ်ပွားလာနိုင်သည်။   

ကလေးတစ်ဦးသည် ပါဗိုဗိုင်းရပ်စ်ပိုး တစ်ကြိမ် ကူးစက်ခံရဖူးပါက နောက်ထပ် ထပ်မံကူးစက်ခံရခဲသည်။ ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ် တစ်ကြိမ်ထက်မက ထပ်မံဖြစ်ပွားရန်မှာ ရှားပါးလှပါသည်။  

ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်ကို ရောဂါရှာဖွေခြင်း

ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်ကို သင့်ကလေး၏ ရောဂါရာဇဝင်၊ ကိုယ်ခန္ဓာစစ်ဆေးမှုနှင့် ဓာတ်ခွဲခန်းစစ်ဆေးမှုများအပေါ် အခြေခံ၍ ရောဂါရှာဖွေ သတ်မှတ်သည်။ ဓာတ်ခွဲခန်းစစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည်- 

သွေးဆဲလ်များကို စစ်ဆေးခြင်း (CBC) 

CBC စစ်ဆေးချက် က တိုင်းတာပေးသည့်အရာများ-

  • သွေးနီဥဆဲလ်များ၊ သွေးဖြူဥဆဲလ်များနှင့် သွေးဥမွှား အရေအတွက်များ  
  • သွေးနီဥဆဲလ်များ၏ အရွယ်အစား
  • သွေးနီဥဆဲလ်များက သွေးတစ်ခုလုံး၏ မည်မျှသော ပမာဏကို ဖွဲ့စည်းထားကြောင်း ပြသသည့် သွေးနီဥထုထည် ပမာဏ 
  • အောက်ဆီဂျင်ကို သယ်ဆောင်ပေးသော သင့်သွေးထဲရှိ ပရိုတင်းတစ်မျိုး ဖြစ်သော ဟီမိုဂလိုဘင် 

ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) သို့မဟုတ် အခြားသော သွေးနီဥပျက်စီးလွယ်သည့် သွေးအားနည်းရောဂါ (Hemolytic Anemia) ရှိသူများ၏ ခန္ဓာကိုယ်ထဲတွင် သွေးနီဥဆဲလ်များသည် ပုံမှန်သွေးနီဥဆဲလ်များလောက် ကြာရှည်မခံပါ။ ရလဒ်အနေဖြင့် ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ် ဖြစ်ပွားနေစဉ်အတွင်း ဟီမိုဂလိုဘင် ပမာဏသည် အန္တရာယ်ရှိလောက်အောင်အထိ အလွန်အမင်း နိမ့်ကျသွားနိုင်သည်။

သွေးနီဥနု (Reticulocyte) အရေအတွက် 

သွေးနီဥနု (Reticulocyte) အရေအတွက်သည် သင့်ကလေး၏ ခန္ဓာကိုယ်ထဲရှိ သွေးနီဥနု အရေအတွက်ကို တိုင်းတာပေးသည်။ သွေးနီဥနု ဆိုသည်မှာ အရိုးတွင်းခြင်ဆီတွင် ဖြစ်ပေါ်လာသည့် သွေးနီဥဆဲလ်အသစ် ဖြစ်သည်။ ပုံမှန်အားဖြင့် ဤဆဲလ်များသည် ရင့်မှည့်သော သွေးနီဥများ မဖြစ်လာမချင်း အရိုးတွင်းခြင်ဆီထဲတွင်ပဲ တည်ရှိနေတတ်သည်။ ထို့နောက်မှ ၎င်းတို့သည် အရိုးတွင်းခြင်ဆီမှ ထွက်ခွာပြီး သွေးကြောထဲသို့ ရောက်ရှိသွားကြသည်။ 

ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) သို့မဟုတ် သွေးနီဥပျက်စီးလွယ်သော သွေးအားနည်းရောဂါ (Hemolytic Anemia) ရှိသူတစ်ဦးတွင် ပုံမှန်အားဖြင့် သွေးနီဥနု (Reticulocyte) အရေအတွက် မြင့်မားနေလေ့ရှိသည်။ သို့သော် ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ် ဖြစ်ပွားနေစဉ်အတွင်း ၎င်းတို့၏ မရင်ကျက်သေးသည် သွေးနီဥဆဲလ် ပမာဏသည် သုညအထိပင် ကျဆင်းသွားနိုင်သည်။

သင့်ကလေး၏ CBC နှင့် မရင်ကျက်သေးသည် သွေးနီဥဆဲလ် ပမာဏကို သိရှိခြင်းသည် သွေးအားနည်းခြင်း မည်မျှအထိ ပြင်းထန်နေကြောင်း သင့်ပြုစုကုသရေးအဖွဲ့အား သိရှိစေပါသည်။ ဤအချက်အလက်များသည် ကုသမှုအတွက် အကူအညီပေးပါသည်။ သင့်ကလေး၏ အခြေအနေအား စောင့်ကြည့်စစ်ဆေးရန်အတွက် ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ် ဖြစ်ပွားနေစဉ်အတွင်း ယင်းအရေအတွက်များကို နေ့စဉ် စစ်ဆေးနိုင်ပါသည်။

ပါဗိုဗိုင်းရပ်စ် စစ်ဆေးခြင်း  

ပါဗိုဗိုင်းရပ်စ် ကူးစက်ခံနေရခြင်း ရှိ၊ မရှိ စစ်ဆေးရန်အတွက် သွေးစစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။

ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ် ဖြစ်ပွားမှုကို ကုသခြင်း

အကယ်၍ သင့်ကလေးတွင် ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ် ဖြစ်ပွားသည့် လက္ခဏာရပ်များ ရှိနေပါက ဆေးကုသမှု ချက်ချင်း ခံယူပါ။ ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ် ဖြစ်ပွားသည့် အခြေနေကို ကုသရန်နှင့် နောက်ဆက်တွဲ စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ဆေးရုံတက်ရန် လိုအပ်ပါသည်။

အကယ်၍ ကလေးတွင် ပြင်းထန်သော သွေးအားနည်းရောဂါ (Anemia) ရှိနေပါက သွေးသွင်းခြင်း ပြုလုပ်ရပါမည်။ သွေးသွင်းနေစဉ်အတွင်း ကလေးသည် အလှူရှင်ထံမှ သွေးနီဥဆဲလ်များ ရရှိမည်ဖြစ်သည်။ သွေးနီဥဆဲလ်များ သွင်းပေးခြင်းဖြင့် သွေးနီဥဆဲလ်များနှင့် ဟီမိုဂလိုဘင် အဆင့်များ တိုးမြင့်လာမည် ဖြစ်ပါသည်။ ၎င်းသည် အရိုးတွင်းခြင်ဆီက သွေးနီဥဆဲလ်အသစ်များကို ပြန်လည်ထုတ်လုပ်နိုင်လာသည်အထိ သွေး၏ အောက်ဆီဂျင် သယ်ဆောင်နိုင်စွမ်းကို တိုးမြင့်လာစေပါသည်။

အကယ်၍ ကလေးတွင် ပါဗိုဗိုင်းရပ်စ် B19 ကူးစက်ပိုးကြောင့် ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ် ဖြစ်ပွားပါက ကုသမှုခံယူနေစဉ်အတွင်း သီးသန့်ခွဲထားရပါမည်။ ၎င်းမှာ အခြားလူနာများနှင့် ဝေးရာအခန်းတစ်ခုတွင် သီးသန့်ခွဲ၍နေထိုင်ခြင်းကို ဆိုလိုပါသည်။ ကလေး၏ အခန်းထဲသို့ ဝင်ရောက်မည့်သူများသည် နှာခေါင်းစည်းနှင့် အကာအကွယ်ဝတ်စုံတို့ကို ဝတ်ဆင်ရပါမည်။ ပါဗိုဗိုင်းရပ်စ် B19 သည် တစ်ဦးမှတစ်ဦးထံသို့ ကူးစက်ပျံ့နှံ့နိုင်သောကြောင့် ဤသို့ ပြုလုပ်ရန် လိုအပ်ခြင်း ဖြစ်ပါသည်။ ၎င်းသည် လူအများစုအတွက် အန္တရာယ်မရှိသော်လည်း ပါဗိုဗိုင်းရပ်စ်သည် သွေးအားပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) ရှိသူများ၊ အခြားသော သွေးနီဥဆဲလ် ပျက်စီးလွယ်သည့် သွေးအားနည်းရောဂါ (Hemolytic Anemias) ရှိသူများ၊ နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် သန္ဓေသားအတွက် အန္တရာယ် ဖြစ်စေနိုင်ပါသည်။ 

သင့်ပြုစုကုသရေးအဖွဲ့ထံ မည်သည့်အချိန်တွင် ဆက်သွယ်ရမည်နည်း

ကလေးတွင် ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ် ဖြစ်ပွားနေသည်ဟု ယူဆပါက သင့်ပြုစုကုသရေးအဖွဲ့ထံသို့ ဖုန်းဆက်ပါ။ အသက်သေဆုံးခြင်း အပါအဝင် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ကာကွယ်နိုင်ရန် သင့်ကလေးသည် ကုသမှုခံယူရန် လိုအပ်ပါသည်။

မည်သည့်အချိန်တွင် အရေးပေါ်ကုသမှု ခံယူရမည်နည်း

အကယ်၍ သင့်ကလေးတွင် ဤလက္ခဏာရပ်များအနက် တစ်ခုခုရှိနေပါက အရေးပေါ်လူနာဆောင်သို့ ချက်ချင်း ခေါ်ဆောင်သွားပါ-

  • အသက်ရှူရခက်ခြင်း
  • နှိုးရခက်ခဲခြင်း
  • အလွန်ဖြူဖျော့နေခြင်း
  • အလွန်ပင်ပန်းနွမ်းနယ်နေသကဲ့သို့ ပြုမူခြင်း

ဤလက္ခဏာများကို တွေ့ရှိပါက သင့်ပြုစုကုသရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ရန် တုံ့ဆိုင်းမနေပါနှင့်။ အရေးပေါ်လူနာဆောင်သို့ ချက်ချင်းသွားပါ သို့မဟုတ် အရေးပေါ်ကယ်ဆယ်ရေးဝန်ဆောင်မှုများထံ ချက်ချင်းဖုန်းဆက်ပါ။

သင့်ကလေး၏ အရိုးတွင်းခြင်ဆီ အလုပ်မလုပ်တော့သည့် သွေးအားနည်းရောဂါ (Aplastic Anemia) ဖြစ်ပွားနိုင်ခြေကို မည်သို့လျှော့ချမည်နည်း

အရိုးတွင်းခြင်ဆီ အလုပ်မလုပ်တော့သည့် သွေးအားနည်းရောဂါ (Aplastic Anemia) သည် ပါဗိုဗိုင်းရပ်စ် B19 ကူးစက်ပိုးကြောင့် ဖြစ်ပွားလေ့ရှိပါသည်။ ဤဗိုင်းရပ်စ်ပိုးသည် အလွန်အဖြစ်များပြီး လွယ်ကူစွာ ကူးစက်ပျံ့နှံ့နိုင်ပါသည်။ 

အကယ်၍ သင့်ကလေးတွင် ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) သို့မဟုတ် အလားတူ သွေးရောဂါတစ်မျိုးမျိုး ရှိနေပါက ကူးစက်ပိုးမဝင်အောင် ကာကွယ်ရန် အစီအမံများ ပြုလုပ်ပါ။ မိသားစုဝင်တစ်ဦးဦးသည် ပါဗိုဗိုင်းရပ်စ် သို့မဟုတ် ပဉ္စမမြောက်ရောဂါ (Fifth Disease) ရှိသူ တစ်ဦးဦးနှင့် ထိတွေ့မိခြင်း ရှိခဲ့ပါက ပြုစုကုသရေးအဖွဲ့ထံသို့ အသိပေးပါ။ 

ကိုယ်ဝန်ဆောင်မိခင်များသည်လည်း ပဉ္စမမြောက်ရောဂါ (Fifth Disease) သို့မဟုတ် ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ် ခံစားနေရသော ကလေးငယ်များနှင့် ဝေးဝေးတွင် နေထိုင်သင့်ပါသည်။ အကယ်၍ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် ပါဗိုဗိုင်းရပ်စ် ကူးစက်ပိုးရှိသူတစ်ဦးဦးနှင့် နီးကပ်စွာ ထိတွေ့မိခဲ့ပါက ဆရာဝန်ထံသို့ ချက်ချင်း အသိပေးရမည်။ ဤဗိုင်းရပ်စ်ပိုးသည် ဝမ်းဗိုက်အတွင်းရှိ သန္ဓေသားကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။

ပိုးမွှားများနှင့် ကူးစက်ရောဂါများ ပြန့်ပွားမှုကို ကာကွယ်ရန် အထွေထွေအစီအမံများတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • လက်ကို မကြာခဏ စင်ကြယ်အောင် ဆေးကြောပါ။ သင့်လက်များကို ရေ၊ ဆပ်ပြာဖြင့် သို့မဟုတ် အရက်ပြန်ပါသော လက်သန့်ဆေးရည်သုံး၍ ဆေးကြောပါ။ 
  • ချောင်းဆိုးခြင်းနှင့် နှာချေခြင်းများကို ဖုံးအုပ်ထားပါ။  
  • နေမကောင်းဖြစ်နေသည့် လူများနှင့် ဝေးဝေးနေပါ။
  • သင့်မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်တို့အား ထိကိုင်ခြင်းကို ရှောင်ကြဉ်ပါ။
  • ပြုစုကုသရေးအဖွဲ့က အကြံပြုထားသော ကာကွယ်ဆေးများကို ထိုးနှံပါ။  

ပြုစုကုသရေးအဖွဲ့အား မေးမြန်းရမည့် မေးခွန်းများ

  • ကျွန်ုပ်ကလေးတွင် ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်သည်မည်သို့ကြောင့် ဖြစ်စေခဲ့သနည်း။
  • ကျွန်ုပ်ကလေးသည် မည်သည့်စစ်ဆေးမှုများ ခံယူရန် လိုအပ်ပြီး မည်မျှ စစ်ဆေးမှု ခံယူသင့်သနည်း။
  • ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်အတွက် မည်သည့်ကုသမှုများ ရရှိနိုင်သလဲ။
  • ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်၏ ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြဿနာများမှာ မည်သည်တို့ ဖြစ်ပါသလဲ။
  • မည်သည့် အရေးပေါ် သတိပေးချက်များကို စောင့်ကြည့်ရမည်နည်း။ 

ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ် နှင့်ပတ်သတ်သော အဓိကအချက်များ

  • ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ် ဆိုသည်မှာ သွေးဆဲလ်များ ပျက်စီးသွားသည့်အခါ ၎င်းတို့နေရာတွင် အစားထိုးရန်အတွက် အရိုးတွင်းခြင်ဆီက သွေးနီဥဆဲလ်အသစ်များကို လုံလောက်အောင် မထုတ်လုပ်နိုင်သည့်အချိန်မျိုးတွင် ဖြစ်ပွားခြင်း ဖြစ်သည်။
  • ၎င်းသည် ပြင်းထန်သော သွေးအားနည်းရောဂါ (Anemia) သို့မဟုတ် သွေးနီဥဆဲလ်အရေအတွက် အလွန်အမင်း နည်းပါးသွားခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
  • ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) ရှိသော ကလေးငယ်များတွင် ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်သည် ပြင်းထန်သော ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာနိုင်ပါသည်။
  • ရုတ်တရက် အရိုးတွင်းခြင်ဆီ၏ သွေးနီဥဆဲလ်ထုတ်လုပ်ခြင်း ယာယီရပ်တန့်မှု ဖြစ်စဉ်သည် ပုံမှန်အားဖြင့် လူသားပါဗိုဗိုင်းရပ်စ် B19 ဟုခေါ်သော ဗိုင်းရပ်စ်ပိုး၊ သို့မဟုတ် "ပဉ္စမမြောက်ရောဂါ (Fifth Disease) ကြောင့် ဖြစ်ပွားလေ့ရှိပါသည်။" 
  • အကယ်၍ သင့်ကလေးတွင် ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) ရှိနေပြီး aplastic crisis (အပလတ်စတစ် ကရိုင်စစ်) ၏ လက္ခဏာရပ်များ ရှိလာပါက ဆေးကုသမှုကို ချက်ချင်း ခံယူပါ။ 


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ 2024 ခုနှစ်

ဆက်စပ်အကြောင်းအရာများ