အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ဆေးဝါးများကို အစာပြွန်မှတစ်ဆင့် မည်သို့တိုက်ကျွေးရမည်နည်း

အချို့သောဆေးဝါးများကို သင့်ကလေး၏ အစာပြွန်မှတစ်ဆင့် တိုက်ကျွေးနိုင်ပါသည်။ ဆေးဝါးတစ်စုံတစ်ရာကိုမတိုက်ကျွေးမီ သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် စစ်ဆေးပါ။

သင် မစတင်မီ၊ သင်သည် အောက်ပါတို့ကို သိထားသင့်ပါသည်-

  • အစာပြွန်ကို အသုံးပြုနည်း
  • ဆေးဝါးကို မည်သို့ပြင်ဆင်ရမည်နည်း
  • ဆေးဝါးပမာဏနှင့် ဆေးဝါးကို တိုက်ကျွေးသင့်သည့်အချိန်
  • အစာကျွေးခြင်းနှင့် ပတ်သက်၍ ဆေးဝါးကို မည်သို့တိုက်ကျွေးသင့်သနည်း

အချို့ဆေးဝါးများကို အစာပြွန်မှတစ်ဆင့် မတိုက်ကျွေးသင့်ပါ။ ၎င်းတို့တွင် အောက်ပါဆေးဝါးများ ပါဝင်ပါသည်-

  • လျှာအောက်ထား၍ သောက်ရန် ရည်ရွယ်သည့် (လျှာအောက်)
  • အူလမ်းကြောင်းအတွက် အကာဖုံးအုပ်ထားသည့် (အစာအိမ်အက်ဆစ်ဒဏ်မှကာကွယ်ရန် အထူးအကာဖုံးအုပ်ထားသည့်)
  • အချိန်ကြာရှည်စွာ အာနိသင်ပြနိုင်သည့် သို့မဟုတ် အချိန်အလိုက် အာနိသင်ပြနိုင်သည့်
  • အားလုံးကို သောက်ရန် ရည်ရွယ်သည့်

လိုအပ်သော အထောက်အကူပစ္စည်းများ

  • ဆေးဝါး သို့မဟုတ် ဆေးဝါးများ
  • ရေ (ညွှန်ကြားထားပါက သန့်စင်ထားသည့် သို့မဟုတ် ပိုးသတ်ထားသည့် ရေကို အသုံးပြုပါ၊ တွင်းရေကို အသုံးမပြုပါနှင့်)
  • ဆေးပြား သို့မဟုတ် ဆေးလုံးပုံစံဖြင့် ဖြစ်ပါက ဆေးပြားကြိတ်စက်
  • ဆေးခွက်၊ လိုအပ်ပါက ဆေးတစ်မျိုးစီအတွက်  1  ခွက်စီ
  • လိုအပ်ပါက ဆေးရည်တစ်မျိုးစီအတွက် ENFit  ဆေး ပုလင်းချိတ်ဆက်ပစ္စည်းတစ်ခုစီ
  • ဆေးဝါးတစ်မျိုးစီအတွက် ENFit  ဆေး ထိုးပြွန်တစ်ခုစီ
  • ဆေးကြောရန် EnFit ဆေးထိုးပြွန်  (10-12 mL)
  • ခလုတ် တိုးချဲ့ချိတ်ဆက်ပစ္စည်း (လိုအပ်ပါက)

သင်၏  အလုပ်နေရာကို ပြင်ဆင်ပါ

  1. သင်၏ အထောက်အကူပစ္စည်းများကို စုစည်းပါ။
  2. သင်၏ အလုပ်နေရာကို သန့်ရှင်းပါ။
  3. ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် လက်ကို ဆပ်ပြာနှင့် ရေ ဖြင့်  ဆေးကြောပါ သို့မဟုတ် အရက်ပြန်ပါဝင်သည့် လက်သန့်ဆေးရည်ကို  အသုံးပြုပါ။

ဆေးဝါးကို ပြင်ဆင်ပါ

သင်၏ ဆေးဝါးပညာရှင် သို့မဟုတ် စောင့်ရှောက်မှုအဖွဲ့မှ ညွှန်ကြားချက်များကို အမြဲလိုက်နာဆောင်ရွက်ပါ-

  • ဖြစ်နိုင်ပါက ဆေးရည်ကို အသုံးပြုပါ။
  • အချို့သောဆေးဝါးများသည် အစာပြွန်မှတစ်ဆင့် ဘေးကင်းစွာတိုက်ကျွေးနိုင်ရန် အလွန်ပျစ်လွန်းပါသည်။ အကယ်၍ ဆေးရည်သည် ပျစ်ပုံရပါက ရေအနည်းငယ်ထည့်၍ ရေလို ကျဲသွားသည်အထိ ပြုလုပ်ပါ။
  • အကယ်၍ ဆေးသည် ဆေးပြားဖြစ်ပါက ဆေးပြားကြိတ်စက်ကို အသုံးပြု၍ အမှုန့်ဖြစ်သည်အထိ ကြိတ်ပါ။ သင်သောက်မည့် ဆေးပမာဏရရန် ဆေးပြားမည်မျှဖြင့်ပြုလုပ်သည်ကို သိရှိပါ။
  • အကယ်၍ ဆေးသည် ဆေးတောင့်ပုံစံဖြစ်ပါက မှန်ကန်သည့် ဆေးတောင့်အရေအတွက်ကို ဖွင့်ပါ။
  • ဆေးလုံး သို့မဟုတ် ဆေးတောင့်မှ အမှုန့်ကို ရေအနည်းငယ် (1-2 mL) ထည့်ထားသည့် ဆေးခွက်ထဲသို့ လောင်းထည့်ပြီး ပျော်အောင်ပြုလုပ်ပါ။
  • ဆေးဝါးတစ်ခုစီကို ဆေးဝါးတစ်ခုစီ၏ခွက် သို့မဟုတ် ENFit ဆေးထိုးပြွန်ထဲသို့ ထည့်ပါ။ ခွက်တစ်ခွက် သို့မဟုတ် ဆေးထိုးပြွန်တစ်ခုထဲသို့ ဆေးဝါး 1 မျိုးထက် ပို၍ မထည့်ပါနှင့်။ 
ဆေးဝါးကို ခွက်ထဲသို့ ထည့်ပါ။
ဆေးဝါးကို ဆေးထိုးပြွန်ဖြင့် ခွက်ထဲသို့ ထည့်ပါ။

သင်၏စောင့်ရှောက်မှုအဖွဲ့မှ ညွှန်ကြားထားသည့်အတိုင်း ဆေးပြား သို့မဟုတ် ဆေးတောင့်မှ ဆေးဝါးကို ရေထဲတွင် ပျော်အောင်ဖျော်ပါ။ ဆေးတစ်မျိုးစီကို သီးခြားစီ တိုက်ကျွေးပါ။

ဆေးဝါး တိုက်ကျွေေးပါ

သင့်ကလေးကို အစာကျွေးနေပါက အစာကျွေးခြင်းကို ရပ်လိုက်ပါ။

အကယ်၍ ဆေးကို အစာအိမ်တွင်အစာမရှိသည့်အချိန်တွင် သောက်ရမည်ဖြစ်ပါက ဆေးမသောက်ခင် အနည်းဆုံး မိနစ် 30 အလိုတွင် အစားကျွေးခြင်းကို ရပ်လိုက်ပါ။ ဆေးတိုက်ပြီးနောက် အစာပြန်ကျွေးရန် မိနစ် 30 စောင့်ပါ။

အစာပြွန်မှတစ်ဆင့် ဆေးဝါးများကို တိုက်ကျွေးရန်-

  1. ပြွန်ကို ညှပ်ပါ။
  2. ဆေးကြောရန်အသုံးပြုသည့် ENFit ဆေးထိုးပြွန်ထဲသို့ ရေ 10mL ကို စုပ်ထည့်ပါ။
  3. ဆေးကြောရန်အသုံးပြုသည့်ဆေးထိုးပြွန်ကို အစာပြွန် သို့မဟုတ် တိုးချဲ့ချိတ်ဆက်ပစ္စည်း၏ အဆုံးနှင့် ဆက်ပါ။ သင့်ကလေးတွင် G-tube ရှိပါက ဆေးဝါးအများစုသည် ဆေးဝင်ပေါက် (M-port) ထဲမှ ဝင်သွားမည် ဖြစ်ပါသည်။ အကယ်၍ မသေချာပါက သင့်စောင့်ရှောက်မှုအဖွဲ့ကို မေးမြန်းဆွေးနွေးပါ။
  4. ပြွန်ညှပ်ထားခြင်းကို ဖြုတ်ပါ။
  5. ပြွန်ကို ရေဖြင့် ဆေးကြောပါ။ ပြွန်ကို ပြန်ညှပ်၍ ဆေးကြောရန်အသုံးပြုသည့်ဆေးထိုးပြွန်ကို ဖြုတ်ပါ။
  6. ဆေးဝါးကို သန့်ရှင်းသည့် ENFit ဆေးထိုးပြွန်ထဲသို့ စုပ်ထည့်ပါ။ ဆေးရည်အားလုံးကို ဆေးထိုးပြွန်ထဲသို့ စုပ်၍ထည့်ထားကြောင်း သေချာပါစေ။ ဆေးတစ်မျိုးချင်းစီအတွက် သီးခြားဆေးထိုးပြွန်တစ်ချောင်းစီကို အသုံးပြုပါ။
  7. ဆေးထိုးပြွန်ကို ဆေးထိုးပေါက်ထဲသို့ လှည့်၍ တပ်ပါ။
  8. တိုးချဲ့ချိတ်ဆက်ပြွန်အား ညှပ်ထားခြင်းကို ဖြုတ်ပါ။
  9. တပ်ထားသည့် ဆေးထိုးပြွန်ကို အသုံးပြု၍ ဆေးကို ထည့်ပေးပါ။ ညှပ်ကို ဖြုတ်၍ ညွှန်ကြားထားသည့်အတိုင်း ဆေးတိုက်ကျွေးပါ။
  10. ဆေးတစ်ကြိမ်ထည့်သွင်းပြီးတိုင်း ရေအနည်းငယ်ဖြင့် အစာပြွန်ကို ဆေးကြောပါ။

အကယ်၍ သင်သည် ဆေး 1 မျိုးထက် ပိုမို၍တိုက်ကျွေးပါက-

  • ဆေးတစ်မျိုးစီကို သီးခြားစီ တိုက်ကျွေးပြီးနောက် အဆင့် 5 မှ 11 အထိ ပြန်လည်လုပ်ဆောင်ပါ။
  • ဆေးတစ်မျိုးစီကိုတိုက်ကျွေးပြီးတိုင်း ကြားတွင် ဆေးပြွန်ကို ဆေးကြောပါ။ အကယ်၍ သင်သည် ဆေး 1 မျိုးထက် ပိုမို၍တိုက်ကျွေးပါက သင်သည် ဆေးကြောရန်အသုံးပြုသည့်ဆေးထိုးပြွန်ကို ရေပြန်ဖြည့်ရန် လိုအပ်နိုင်ပါသည်။
  • အကယ်၍ သင်သည် ဆေးဝါးအားလုံး တိုက်ပြီးပါက ယခင်ကအသုံးပြုခဲ့သည့် ဆေးကြောရန်အသုံးပြုသည့်ဆေးထိုးပြွန်ဖြင့် သတ်မှတ်ထားသောရေပမာဏကို အသုံးပြု၍ ဆေးပြွန်ကို ဆေးကြောပါ။

သင်သည် ဆေးဝါးအားလုံးကို တိုက်ကျွေးပြီးနောက်-

ပြွန်ကို ညှပ်ပါ သို့မဟုတ် သင့်ကလေးကို ဆက်၍အစာကျွေးမည်ဆိုပါက အစာကျွေးခြင်းကို ပြန်လည်ပြုလုပ်ပါ။ အကယ်၍ သင့်ကလေးတွင် ခလုတ်ပစ္စည်းရှိပါက တိုးချဲ့ချိတ်ဆက်ပိုက်ကို ဖြုတ်ပါ။

သင်သည် အစာကျွေးပန့်ကို ရပ်တန့်ထားပါက တိုးချဲ့ချိတ်ဆက်ပိုက်ညှပ်ကို ဖြုတ်ပြီး ပန့်ကို ပြန်လည်စတင်ပါ။ 

အစာပြွန်မှတစ်ဆင့်  ဆေးဝါးများတိုက်ကျွေးခြင်းဆိုင်ရာ  သတိပေးချက်များ

  • ဆေးတစ်မျိုးစီကို သီးခြားစီ တိုက်ကျွေးပါ။ မည်သည့်ဆေးဝါးများကိုမဆို ဖော်မြူလာနို့မှုန့် သို့မဟုတ် အခြားဆေးဝါးများနှင့် ရောနှောခြင်း မပြုရပါ။
  • ဆရာဝန်၊ ဆေးဝါးပညာရှင် သို့မဟုတ် သူနာပြုနှင့် တိုင်ပင်စစ်ဆေးမှုမပြီးမချင်း ဆေးတောင့်ကိုဖွင့်၍  ဖျော်ခြင်း  မပြုလုပ်ပါနှင့်။
  • အကာဖုံးအုပ်ထားသည့် ဆေးလုံးများ သို့မဟုတ် အချိန်ပိုအလိုက် အာနိသင်ပြနိုင်သည့် သို့မဟုတ် အချိန်ကြာရှည်စွာ အာနိသင်ပြနိုင်သည့် ဆေးဝါးများကို အစာပြွန်မှ တစ်ဆင့်   မတိုက် ပါနှင့်။
  • ဆေးမတိုက်ကျွေးမီနှင့် ပြီးနောက်တွင် အစာပြွန်ကို  ဆေးကြောပါ။
  • အဖုံးကိုမဖွင့်မီ သို့မဟုတ် ဆေးထိုးပြွန်ကို မဖြုတ်မီ ပြွန်ကို အမြဲ ပိတ်ပါ သို့မဟုတ် ညှပ်ပါ။
  • ပြွန်မှတစ်ဆင့် ရေ သို့မဟုတ် ဆေးဝါးကို အားဖြင့် အတင်းထိုးသွင်းခြင်း မပြုလုပ်ပါနှင့်။

စောင့်ရှောက်မှု အဖွဲ့ကို ဆက်သွယ်ရမည့် အချိန်

အောက်ပါအခြေအနေများဖြစ်ပါက သင့်စောင့်ရှောက်မှုအဖွဲ့ကို ဆက်သွယ်ပါ-

  • သင့်တွင် အစာပြွန်၊ ဆေးဝါးများအကြောင်း သို့မဟုတ် အစာကျွေးခြင်းနှင့် ဆက်စပ်၍ ဆေးဝါးများတိုက်ကျွေးရမည့် အချိန်နှင့် ပတ်သက်၍ မေးခွန်းများ ရှိနေပါက။
  • အစာပြွန် ဆေးကြော၍ မရခြင်း၊ ဆေး ယိုစိမ့်ခြင်း သို့မဟုတ် အစာပြွန် နောက်သို့ ပြန်ထွက်လာခြင်း ဖြစ်ပါက။
  • သင်သည် သင့်ကလေး ဆေးဝါးတစ်ခုကို သောက်ပြီးနောက်တွင် ရောဂါလက္ခဏာများ သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို သတိပြုမိပါက။
  • သင့်ကလေးတွင် အောက်ပါတို့ကဲ့သို့သော ဆေးဝါးတစ်ခုခုကြောင့် ပြင်းထန်သည့်ဓာတ်မတည့်မှုလက္ခဏာများရှိပါက 911 သို့ ဖုန်းခေါ်ဆိုပါ-
    • ခန္ဓာကိုယ်အနှံ့အပြားတွင် အဖုအပိမ့်အင်ပြင်များထွက်ခြင်း၊ အရည်ကြည်ဖုများထွက်ခြင်း သို့မဟုတ် အရေပြားကွာကျခြင်းကဲ့သို့သော ပြင်းထန်သည့် အရေပြားတုံ့ပြန်မှုများ
    • အရေပြားအရောင် ဖြူဖျော့ဖျော့ဖြစ်ခြင်း သို့မဟုတ် အပြာရောင်သို့ ပြောင်းခြင်း
    • ပါးစပ်၊ လျှာ၊ နှုတ်ခမ်း၊ လည်ချောင်း သို့မဟုတ် မျက်လုံးများ ရောင်ရမ်းခြင်း
    • ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်သည့် အသံထွက်ခြင်း၊ အသက်ရှူကြပ်ခြင်း သို့မဟုတ် အသက်ရှူရ ခက်ခဲခြင်း
    • အစာမျိုချရာတွင် ခက်ခဲခြင်း
    • သွေးပေါင်ချိန်ကျခြင်း (မူးမေ့ခြင်း သို့မဟုတ် မူးဝေခြင်း)
    • နှလုံးခုန်နှုန်း မြန်ခြင်း သို့မဟုတ် အားနည်းခြင်း
    • အာရုံရှုပ်ထွေးခြင်း၊ နိုးကြားတက်ကြွမှု ကျဆင်းခြင်း သို့မဟုတ် သတိလစ်ခြင်း  

သင်၏ ကုသရေးအဖွဲ့ကို မေးရန် မေးခွန်းများ

  •  ၎င်းတို့၏  အစာပြွန်မှတစ်ဆင့် မည်သည့်ဆေးဝါးများကို တိုက်ကျွေးနိုင်ပါသနည်း။
  •  ပြွန်မှတစ်ဆင့် ဆေးမတိုက်ကျွေးမီ ဆေးတစ်မျိုးစီကို မည်သို့ပြင်ဆင်ရမည်နည်း။
  •  ဆေးတိုက်ကျွေးသည့်အချိန်တွင် အစာကျွေးခြင်းကို ရပ်တန့်ရန် သို့မဟုတ် ချိန်ညှိရန် လိုအပ်ပါသလား။
  • ဆေး တစ်မျိုး စီ၏ ဆေးပမာဏနှင့် တိုက်ရမည့်အချိန်မှာ အဘယ်နည်း။
  •  ပြွန်သည် ပိတ်နေပါက သို့မဟုတ်  ဆေးတိုက်ကျွေးရာတွင် အခက်အခဲများရှိပါက ဘာလုပ်သင့်သနည်း။
  • မည်သည့် ပြဿနာများကို  စောင့်ကြည့်သင့်ပါသနည်း။
  • ကျွန်ုပ်ကလေး ၏ ဆရာဝန် သို့မဟုတ် စောင့်ရှောက်မှုအဖွဲ့ကို မည်သည့်အချိန်တွင် ဆက်သွယ်သင့်ပါသနည်း။

အစာပြွန်မှတစ်ဆင့် ဆေးဝါးတိုက်ကျွေးခြင်းနှင့် ပတ်သက်သည့် အဓိကအချက်များ

  • အစာပြွန်အမျိုးအစား  အမျိုးမျိုးရှိပါသည် ။  ဆေးမတိုက်ကျွေးမီ  သင့်ကလေးတွင် မည်သည့်ပြွန်အမျိုးအစားရှိကြောင်း နှင့် မည်သို့အသုံးပြုရမည်  ဆိုသည်ကို  သိရှိပါ။
  • ဆေးဝါးများ တိုက်ကျွေးခြင်းနှင့် ပတ်သက်၍ သင့်စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို အမြဲလိုက်နာဆောင်ရွက်ပါ။
  • နောက်ဆက်တွဲ  ဘေးထွက်ဆိုးကျိုးများကို  စောင့်ကြည့်ပြီး  ပြဿနာတစ်စုံတစ်ရာရှိပါက  သင့်စောင့်ရှောက်မှုအဖွဲ့သို့  ပြောဆိုပါ။
  • သင့်ကလေး၏ အစာပြွန်မှတစ်ဆင့် ဆေးဝါးများ မည်သို့တိုက်ကျွေးရမည့်အကြောင်းနှင့် ပတ်သက်၍ မေးခွန်းများရှိပါက  သင့်စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။


ပြန်လည်သုံးသပ်သည့် ရက်စွဲ- ဇန်နဝါရီ 2026

ဆက်စပ် အကြောင်းအရာများ