အာဟာရဓာတ် ထောက်ပံ့ပေးရန်အတွက် အစာကျွေးပိုက်များ
အစာကျွေးပိုက်ဆိုသည်မှာ အစာမမျိုနိုင်သူများ သို့မဟုတ် သာမန်အစားအစာမှတစ်ဆင့် လိုအပ်သော အာဟာရဓာတ်များကို အပြည့်အဝမရရှိနိုင်သော လူနာများအတွက် အာဟာရဓာတ်ထောက်ပံ့မှု (အူလမ်းကြောင်းဆိုင်ရာ အာဟာရ) ပေးစွမ်းရန် ကူညီပေးသည့် ဆေးဘက်ဆိုင်ရာ ကိရိယာတစ်ခု ဖြစ်သည်။
အတွေ့ရအများဆုံး အစာကျွေးပိုက်များတွင် နှာခေါင်းသွင်း အစာကျွေးပိုက်များ (NG tubes) နှင့် အစာအိမ်ဖောက် အစာကျွေးပိုက်များ (G-tubes) တို့ ပါဝင်သည်။ သို့သော် ၎င်းတို့ကို အစာလမ်းကြောင်း၏ မည်သည့်နေရာတွင် မည်သို့ထည့်သွင်းသည်အပေါ် မူတည်၍ အစာကျွေးပိုက် အမျိုးအစားများစွာ ရှိပါသည်။
သင့်ကလေးတွင် အောက်ပါအခြေအနေများရှိပါက အစာကျွေးပိုက် လိုအပ်နိုင်ပါသည်-
- ပုံမှန်အတိုင်း စို့ရန် သို့မဟုတ် မျိုရန် ခက်ခဲခြင်း
- ကိုယ်အလေးချိန်တက်ရန် သို့မဟုတ် ထိန်းသိမ်းရန် ခက်ခဲခြင်း
- ပါးစပ်မှတစ်ဆင့် ဆေးသောက်ရန် ခက်ခဲခြင်း
- ခန္ဓာကိုယ်အတွင်း ရေဓာတ်ရရှိရန် အရည်များ လိုအပ်ခြင်း
ပိုက်ဖြင့် အစာကျွေးခြင်း သို့မဟုတ် အူလမ်းကြောင်းဆိုင်ရာ အာဟာရပေးခြင်းသည် အစာအိမ် သို့မဟုတ် အူထဲသို့ ထည့်သွင်းထားသော ပိုက်မှတစ်ဆင့် အာဟာရကို အရည် သို့မဟုတ် နို့မှုန့်ဖော်မြူလာ ပုံစံဖြင့် ထောက်ပံ့ပေးသည်။ အူ။ အချို့သော ဆေးဝါးများကိုလည်း အစာကျွေးပိုက်မှတစ်ဆင့် တိုက်ကျွေးနိုင်ပါသည်။
ယေဘုယျအားဖြင့် အစာကျွေးပိုက် ထည့်သွင်းနည်းနှစ်ခု ရှိပါသည်-
- နှာခေါင်းမှတစ်ဆင့် ထည့်သွင်းခြင်း (ခွဲစိတ်ရန်မလိုပါ)
- ဝမ်းဗိုက်တွင် အပေါက်အသေးလေး ဖောက်၍ ထည့်သွင်းခြင်း (ခွဲစိတ်မှု လိုအပ်သည်)
သင့်ကလေး အသုံးပြုရမည့် အစာကျွေးပိုက် အမျိုးအစားသည် ပိုက်ကို မည်သို့ထည့်သွင်းသည် (နှာခေါင်း သို့မဟုတ် ဝမ်းဗိုက်မှတစ်ဆင့်) နှင့် အစာခြေလမ်းကြောင်း၏ မည်သည့်နေရာတွင် ပိုက်အဆုံးသတ်သည် (အစာအိမ် သို့မဟုတ် အူလမ်းကြောင်း) အပေါ်တွင် မူတည်သည်။
နှာခေါင်းသွင်း အစာကျွေးပိုက်များ
နှာခေါင်းသွင်းပိုက်များတွင် အောက်ပါတို့ ပါဝင်သည်-
- နှာခေါင်းသွင်း အစာကျွေးပိုက် (NG tubes)
- နှာခေါင်းမှ အူသိမ်အစပိုင်းသွင်းပိုက် (ND tubes)
- နှာခေါင်းမှ အူသိမ်အလယ်ပိုင်းသွင်းပိုက် (NJ tubes)
NG ပိုက်ကို နှာခေါင်းမှတစ်ဆင့် ထည့်သွင်းပြီး လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ ရောက်ရှိစေသည်။ ND နှင့် NJ ပိုက်များသည် အူသိမ်ထဲတွင် အဆုံးသတ်သည်။
နှာခေါင်းသွင်း အစာကျွေးပိုက်များကို ပုံမှန်အားဖြင့် အချိန်တိုကာလအတွင်းသာ ပိုက်ဖြင့် အစာကျွေးရန် လိုအပ်သည့်အခါမျိုးတွင် အသုံးပြုလေ့ရှိသည်။ ၎င်းပိုက်သည် နှာခေါင်းပေါက်တစ်ဖက်မှ အပြင်သို့ ထွက်နေပြီး ၎င်းကို ဆေးဘက်ဆိုင်ရာ တိပ်ဖြင့်အရေပြားတွင် ကပ်ကာထားရသည်။ ၎င်းတို့တွင် ပိုးဝင်နိုင်ခြေ နည်းပါးခြင်းနှင့် ထည့်သွင်းရ လွယ်ကူခြင်း အပါအဝင် အားသာချက်များစွာ ရှိသည်။
သို့သော် ပိုက်ကို မျက်နှာတွင် တိပ်ဖြင့် ကပ်ထားရမည် ဖြစ်သည်။ ဤအချက်သည် အချို့သော ကလေးများအတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။ အခြားကလေးများတွင်မူ ကင်ဆာဆေးသွင်းကုသခြင်း သို့မဟုတ် အခြားကုထုံးများကြောင့် အရေပြားနှင့် အချွဲမြှေးများ ယားယံခြင်းကြောင့် နှာခေါင်းသွင်းပိုက်များနှင့် ပတ်သက်၍ အခက်အခဲများ ရှိနိုင်ပါသည်။
ခွဲစိတ်၍ ထည့်သွင်းရသော အစာကျွေးပိုက်များ
အချို့သောအစာကျွေးပိုက်များကို ဝမ်းဗိုက်နံရံတွင် အပေါက်ငယ်လေးတစ်ခု ပြုလုပ်ရန် ခွဲစိတ်မှုမှတစ်ဆင့် ထည့်သွင်းရသည်။
ခွဲစိတ်၍ ထည့်သွင်းရသော အစာကျွေးပိုက်များတွင် အောက်ပါတို့ ပါဝင်သည်-
- အစာအိမ်ဖောက်ပိုက် (G-tubes)
- အစာအိမ်နှင့် အူသိမ်တွဲလျက်ဖောက်ပိုက် (GJ-tubes)
- အူသိမ်ဖောက်ပိုက် (J-tubes)
ခွဲစိတ်ထည့်သွင်းရသော ပိုက်များ (G-tubes၊ J-tubes၊ GJ-tubes) ကို အချိန်ကြာမြင့်စွာ အသုံးပြုရန် လိုအပ်သည့်အခါ သို့မဟုတ် ကလေးသည် နှာခေါင်းသွင်းပိုက် တပ်ဆင်ရန် အဆင်မပြေသည့်အခါမျိုးတွင် အသုံးပြုသည်။ ပိုက်ကိုထည့်ထားသော ဝမ်းဗိုက်ရှိအပေါက်ကို စတိုမာ (stoma) ဟုခေါ်သည်။ ခန္ဓာကိုယ်အပြင်ဘက်တွင်၊ လူနာ၌ ပိုက်အရှည် သို့မဟုတ် “ခလုတ်ပုံစံ” (သို့မဟုတ်) အသားနှင့် ကပ်နေသော ပိုက်ပြားငယ် တပ်ဆင်ထားရသည်။ အနာကျက်သွားပါက၊ ၎င်းအပေါက်သည် နာကျင်မှု မရှိသင့်တော့ပါ။ ကလေးများသည် ပုံမှန်လှုပ်ရှားမှု အများစုကို လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။
အစာကျွေးပိုက် အမျိုးအစားများ နှင့် အစာကျွေးပိုက် ထည့်သွင်းခြင်းအကြောင်းကို နောက်ထပ် ဖတ်ရှူပါ။
သင့်ကလေးအတွက် အကောင်းဆုံးဖြစ်မည့် အစာကျွေးပိုက် အမျိုးအစားသည် အချက်အလက်များစွာအပေါ် မူတည်ပါသည်။ သင့်ဆရာဝန်အနေဖြင့် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပါလိမ့်မည်-
- သင့်ကလေး၏ အသက်၊ ခန္ဓာကိုယ်အရွယ်အစားနှင့် ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များ
- သင့်ကလေး၏ လှုပ်ရှားမှု ပမာဏ
- သင့်ကလေး၏ အစာခြေစနစ် မည်မျှကောင်းမွန်စွာ အလုပ်လုပ်သလဲဆိုသည့် အချက်
- သင့်ကလေးအနေဖြင့် အာဟာရပံ့ပိုးမှုကို မည်မျှကြာအောင် လိုအပ်မည်ဆိုသည့် အချက်
- အစာသွင်းပိုက်ကို မည်မျှအကြိမ်ရေ အသုံးပြုရမည်ဆိုသည့် အချက်
- အစာသွင်းပိုက်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ဂရုစိုက်မှု မည်မျှလိုအပ်သလဲဆိုသည့် အချက်
- ရောဂါပိုးဝင်နိုင်ခြေနှင့် အခြားသော ပြဿနာရပ်များ
အစာသွင်းပိုက်ကို ကာလတို သို့မဟုတ် ကာလရှည် အာဟာရပံ့ပိုးမှုအတွက် အသုံးပြုနိုင်ပါသည်။ ကလေးအများစုသည် အစာသွင်းပိုက် တပ်ဆင်ထားစဉ်မှာပင် ပါးစပ်ဖြင့် အစာစားနိုင်ကြပါသည်။ ရောဂါပိုးဝင်ခြင်း သို့မဟုတ် အခြားပြဿနာတစ်ခုခု ဖြစ်ပွားပါက ပိုက်ကို ဖယ်ရှားပြီး လိုအပ်သလို အသစ်လဲလှယ်နိုင်ပါသည်။
သင့်ကလေး အစာသွင်းပိုက် မတပ်ဆင်မီ၊ သင့်ကို စောင့်ရှောက်ပေးမည့်အဖွဲ့ က အစာသွင်းပိုက်၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ဆွေးနွေးပေးမည်ဖြစ်ပြီး မည်သည့်အရာများ ကြုံတွေ့ရနိုင်သည်ကို သိရှိနားလည်အောင် ကူညီပေးပါလိမ့်မည်။
အစာသွင်းပိုက်ကြောင့် ဖြစ်ပွားနိုင်သော ပြဿနာများ
အစာသွင်းပိုက် တပ်ဆင်ပြီးနောက် ဖြစ်ပွားနိုင်သော ပြဿနာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
- ပိုက်ရှိနေသည့်နေရာ၌ ပိုးဝင်ခြင်း သို့မဟုတ် အရေပြားယားယံခြင်း
- ပိုက်နေရာလွဲသွားခြင်း သို့မဟုတ် ကျွတ်ထွက်သွားခြင်း
- အာဟာရဖော်မြူလာနို့/ အစာများ အဆုတ်ထဲသို့ ရောက်ရှိသွားခြင်း
အချို့သော လူနာများသည် ပိုက်ဖြင့်အစာကျွေးခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်ပါသည်။ ၎င်းတို့တွင် ပျို့အန်ချင်လာခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်ရစ်နာခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းနှင့် လေပွခြင်းတို့ ပါဝင်သည်။
စောင့်ရှောက်မှုနှင့် အစာကျွေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့် ပြဿနာအများစုကို ကာကွယ်နိုင်ပါသည်။ သင့်ကလေးကို ပိုက်အား ကိုင်တွယ်ခြင်း သို့မဟုတ် ဆွဲနှုတ်ခြင်းမပြုရန် သေချာစွာ တားမြစ်ပါ။ အရေပြားယားယံခြင်း သို့မဟုတ် ပိုးဝင်ခြင်းမှ ကာကွယ်ရန် ပိုက်တပ်ထားသည့် ပတ်ဝန်းကျင်ရှိ အရေပြားကို သေချာစွာ ဂရုစိုက်ပါ။
သူနာပြု သို့မဟုတ် လူနာအားကျန်းမာရေးပညာပေးသူက အစာသွင်းပိုက် စောင့်ရှောက်မှုနှင့် လမ်းညွှန်ချက်များကို အသေးစိတ် ရှင်းလင်းပြောကြားပေးပါလိမ့်မည်။ မှတ်မိရလွယ်ကူစေရန် မေးခွန်းများကို စာရင်းပြုစုထားပြီး အချက်အလက်များကို ချရေးထားပါ။
အစာသွင်းပိုက်ဖြင့် နေထိုင်ခြင်း
ကလေးအများစုသည် အစာသွင်းပိုက်ရှိခြင်းနှင့် အသားကျ လိုက်လျောညီထွေဖြစ်သွားတတ်ကြသည်။ ပိုက်ဖြင့်အစာကျွေးခြင်းသည် ပြစ်ဒဏ်ပေးခြင်းမဟုတ်ကြောင်း သင့်ကလေး နားလည်အောင် ကူညီပေးရန် အရေးကြီးပါသည်။ တစ်ခါတရံတွင် လူနာတစ်ဦးသည် ပါးစပ်မှတစ်ဆင့် အာဟာရကို လုံလောက်စွာ မရရှိနိုင်ခြင်းမျိုး ဖြစ်တတ်ပါသည်။ ဒါဟာ ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး။ အစာသွင်းပိုက်များသည် ကလေးများကို ပိုမိုကျန်းမာစေပြီး နေထိုင်ကောင်းစေရန် ကူညီပေးနိုင်ပါသည်။
သင့်ကလေးကို ပံ့ပိုးကူညီပေးနိုင်မည့် နည်းလမ်းများ
- အစာသွင်းပိုက်သည် ကျန်းမာနေစေရန်အတွက် အာဟာရဓာတ်များ ပံ့ပိုးပေးသည်ကို သင့်ကလေး နားလည်ကြောင်း သေချာပါစေ။ လူတွေဟာ အာဟာရဓာတ်ကို မတူညီတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ရယူနိုင်ကြောင်း ရှင်းပြပါ။ အစာသွင်းပိုက်သည် ထိုနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါသည်။ အာဟာရဓာတ် လုံလောက်စွာရရှိသောအခါ၊ ခန္ဓာကိုယ် နေထိုင်ကောင်းစေပြီး အင်အားပိုမိုရှိစေရန် ကူညီပေးသည်။
- အချို့ကလေးများသည် မိမိကိုယ်ကိုယ် အပြစ်တင်တတ်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ကြိုးစားမှုမရှိ၍သော်လည်းကောင်း၊ တစ်ခုခု မှားယွင်းလုပ်မိ၍သော်လည်းကောင်း အစာသွင်းပိုက် တပ်ဆင်ရခြင်းဖြစ်သည်ဟု ထင်မြင်နေတတ်ကြသည်။ အစာသွင်းပိုက် တပ်ဆင်ရခြင်းသည် ပြစ်ဒဏ်ပေးခံရခြင်း မဟုတ်ကြောင်း သင့်ကလေးကို နားလည်အောင် ကူညီပေးပါ။ ဤသည် ၎င်းတို့၏ အပြစ်မဟုတ်ပါ။
- အစာသွင်းပိုက်သည် အမြဲတမ်းတပ်ထားရမည် မဟုတ်ကြောင်း ရှင်းပြပေးပါ။ သင့်ကလေးသည် အာဟာရရရှိရန် လိုအပ်သရွေ့ ကာလပတ်လုံးသာ ၎င်းကို တပ်ဆင်ထားရမည် ဖြစ်သည်။ အချို့လူနာများသည် အစာသွင်းပိုက် တပ်ဆင်ထားသော်လည်း အစာကို ပုံမှန်အတိုင်း စားသုံးနိုင်ဆဲ ဖြစ်နိုင်သည်။ ၎င်းက သင့်ကလေးကို ပိုမိုပုံမှန်ဖြစ်သည်ဟု ခံစားရစေရန် ကူညီပေးနိုင်သည်။
- အကယ်၍ သင့်ကလေးသည် အသက်အရွယ် အတန်အသင့်ရလာပြီဆိုလျှင် အစာသွင်းပိုက်ကို ပြုစုစောင့်ရှောက်ရာတွင် ကိုယ်တိုင် ပါဝင်ခိုင်းပါ။ ဥပမာအားဖြင့်၊ အစာသွင်းပိုက်ကို အဘယ်ကြောင့် သန့်ရှင်းအောင် ထားရမည်ကို ရှင်းပြပြီး ပိုက်သန့်ရှင်းရေးလုပ်ရာတွင် သင့်ကလေးကို ကူညီခွင့်ပေးပါ။ ၎င်းက ကလေးများကို အစာသွင်းပိုက်နှင့်ပတ်သက်၍ ပိုမိုသက်တောင့်သက်သာရှိစေပြီး ၎င်းကို အဘယ်ကြောင့် လိုအပ်ရသနည်းဆိုသည်ကို နားလည်စေရန် ကူညီပေးနိုင်သည်။
အာဟာရနှင့် ပိုက်ဖြင့်အစာကျွေးခြင်းအကြောင်းကို နောက်ထပ် ဖတ်ရှူပါ။
အဓိကအချက်များ
- အစာသွင်းပိုက်ဆိုသည်မှာ အာဟာရပံ့ပိုးမှု (အူလမ်းကြောင်းဆိုင်ရာ အာဟာရကျွေးခြင်း) အတွက် အသုံးပြုသော ဆေးဘက်ဆိုင်ရာ ကိရိယာတစ်ခု ဖြစ်သည်။
- အချို့သော ဆေးဝါးများကို အစာသွင်းပိုက်မှတစ်ဆင့် ပေးနိုင်ပါသည်။
- အစာသွင်းပိုက်ကို နှာခေါင်းမှတစ်ဆင့် (ခွဲစိတ်ရန်မလိုဘဲ) သို့မဟုတ် ဝမ်းဗိုက် တွင် သေးငယ်သော ခွဲကြောင်းရာမှတစ်ဆင့် (ခွဲစိတ်မှုဖြင့်) ထည့်သွင်းနိုင်သည်။
- နှာခေါင်းမှတစ်ဆင့် ထည့်သောပိုက်များတွင် NG-tubes၊ ND-tubes နှင့် NJ-tubes တို့ ပါဝင်သည်။
- ခွဲစိတ်မှုဖြင့် ထည့်သွင်းရသော အစာသွင်းပိုက်များတွင် G-tubes၊ GJ-tubes နှင့် J-tubes တို့ ပါဝင်သည်။
- ကလေးအများစုသည် အစာသွင်းပိုက် တပ်ဆင်ထားစဉ်မှာပင် ပါးစပ်ဖြင့် အစာစားနိုင်ကြပါသည်။
- အစာသွင်းပိုက်ကို မည်သို့ပြုစုစောင့်ရှောက်ရမည်၊ အာဟာရနို့/အစာနှင့် ဆေးဝါးများကို မည်သို့တိုက်ကျွေးရမည်ဆိုသည့် လမ်းညွှန်ချက်များကို လိုက်နာပါ။
- အစာသွင်းပိုက်သည် ကျန်းမာစေရန်၊ နေထိုင်ကောင်းစေရန်နှင့် အင်အားပိုမိုရှိစေရန် အာဟာရဓာတ်များ ပံ့ပိုးပေးကြောင်း သင့်ကလေး နားလည်အောင် ကူညီပေးပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ 2022 ခုနှစ်