အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်းဆိုသည်မှာ ဘာလဲ။

ဝမ်းချုပ်ခြင်းဆိုသည်မှာ မစင် (ဝမ်း) သည် မာကျောခြင်း၊ သွားရန်ခက်ခဲခြင်း သို့မဟုတ် အစာခြေလမ်းကြောင်းအတွင်း အလွန်နှေးကွေးစွာ ရွေ့လျားခြင်းတို့ ဖြစ်ပေါ်သည့် အခြေအနေတစ်ခု ဖြစ်သည်။ ဝမ်းချုပ်ခြင်းသည် အချို့သော ရောဂါဝေဒနာများ၊ ဆေးဝါးများနှင့် ကုသမှုများ၏ အဖြစ်များသော ရောဂါလက္ခဏာ သို့မဟုတ် ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပါသည်။

စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ အရည်ပိုမိုသောက်သုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့သည် ဝမ်းချုပ်ခြင်းကို စီမံခန့်ခွဲရန် အထောက်အကူပြုနိုင်ပါသည်။ သင့်ကလေး၏ ပြုစုကုသရေးအဖွဲ့သည်လည်း အကူအညီပေးရန် ဆေးဝါးများကို အကြံပြုပေးနိုင်သည်။

ဝမ်းချုပ်ရသည့် အကြောင်းအရင်းရှာဖွေခြင်း

ဝမ်းသွားသည့် အလေ့အထသည် လူတစ်ဦးနှင့်တစ်ဦး မတူညီကြပါ။ သို့သော် ပုံမှန်အားဖြင့် သင့်ကလေးသည် တစ်ပတ်လျှင် 3 ကြိမ် သို့မဟုတ် ပို၍ ဝမ်းသွားသင့်ပါသည်။

ဝမ်းချုပ်ခြင်း၏ ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည် -

  • တစ်ပတ်လျှင် ဝမ်းသွားသည့်အကြိမ်ရေ 2 ကြိမ် သို့မဟုတ် နည်းခြင်း
  • ဝမစင်သည် မာကျောခြင်း၊ ခြောက်သွေ့ခြင်းနှင့် အစိမ်းလိုက်အဖတ်လိုက်ဖြစ်နေခြင်း
  • မစင်သည် ပုံမှန်ထက် ပိုမိုကြီးမားနေခြင်း သို့မဟုတ် အပိုင်းအစလေးများ ဖြစ်နေခြင်း
  • ဝမ်းသွားသည့်အခါ နာကျင်ခြင်း သို့မဟုတ် အလွန်အမင်း ညှစ်ရခြင်း
  • ဗိုက်ရစ်နာခြင်းနှင့် ဗိုက်အောင့်ခြင်း
  • လေပွခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနှင့် ဗိုက်ဖောင်းလာခြင်း
  • ဝမ်းသွားပြီးနောက်တွင်လည်း ထပ်မံသွားချင်စိတ် ဖြစ်ပေါ်နေခြင်း
  • မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်း

ဝမ်းချုပ်ခြင်း ရှိ၊ မရှိ အတည်ပြုရန်အတွက် သင့်ကလေးအနေဖြင့် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှု ခံယူရန် လိုအပ်နိုင်ပါသည်။ အဆိုပါစစ်ဆေးမှုတွင် ကျန်းမာရေးရာဇဝင် မေးမြန်းခြင်း၊ ဝမ်းဗိုက်ကို စမ်းသပ်ခြင်း၊ ဓာတ်ခွဲခန်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ သို့မဟုတ် ပုံရိပ်ဖော်စစ်ဆေးမှုများပြုလုပ်ခြင်းတို့ ပါဝင်နိုင်ပါသည်။

အစာခြေစနစ်၏ ဆေးဘက်ဆိုင်ရာ သရုပ်ဖော်ပုံ

ဝမ်းသွားသည့် အလေ့အထသည် လူတစ်ဦးနှင့်တစ်ဦး မတူညီကြပါ။ သို့သော် ပုံမှန်အားဖြင့် သင့်ကလေးသည် တစ်ပတ်လျှင် 3 ကြိမ် သို့မဟုတ် ပို၍ ဝမ်းသွားသင့်ပါသည်။

ဝမ်းချုပ်ခြင်း အကြောင်းအရင်းများ

ပြင်းထန်သော ရောဂါဝေဒနာ ခံစားနေရသည့် ကလေးများတွင် အောက်ပါတို့ကြောင့် ဝမ်းချုပ်ခြင်း ဖြစ်ပွားနိုင်ပါသည်။

  • အမျှင်ဓာတ်နည်းသော အစားအစာများ စားသုံးခြင်း
  • အစားအစာ စားသုံးမှုပမာဏ လျော့နည်းသွားခြင်း
  • အရည်သောက်သုံးမှု နည်းပါးခြင်း သို့မဟုတ် ရေဓာတ်ခမ်းခြောက်ခြင်း
  • ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
  • အကျိတ်ကြောင့် အစာအိမ် သို့မဟုတ် အူလမ်းကြောင်းအပေါ်သို့ ဖိအားသက်ရောက်ခြင်း
  • အောက်ပါကဲ့သို့သော အခြားဆေးဘက်ဆိုင်ရာ အခြေအနေများ သွေးချိုရောဂါ, သိုင်းရွိုက်ဟော်မုန်းနည်းသောရောဂါ (Hypothyroidism)၊ သို့မဟုတ် ဂျုံစသည့် အစားအစာများနှင့် မတည့်သော အူလမ်းကြောင်းရောဂါ (Celiac Disease)

ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်သော ဆေးဝါးများ

ဝမ်းချုပ်ခြင်းသည် အချို့သော အသုံးများသည့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပါသည်။

  • အိုပီယွိုက် (Opioids) နှင့် အင်န်ဆိတ်ဒ် (NSAIDs) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ
  • အန်ပျောက်ဆေးများ
  • အစာအိမ်နာပျောက်ဆေးများ
  • ဆီးဆေးများ
  • အင်တီဟစ္စတမင်း (Antihistamines) အပါအဝင် ဓာတ်မတည့်ပျောက်ဆေးများ
  • စိတ်ကျရောဂါကုသဆေးများ
  • သံဓာတ်အားဖြည့်ဆေးများ
  •  ဗင်ခရစ္စတင်း (Vincristine) နှင့် ဗင်ဘလက်စတင်း (Vinblastine)ကဲ့သို့ အချို့သော ကင်ဆာဆေးသွင်းကုသမှုဆိုင်ရာ ဆေးဝါးများ

အချို့သော အသုံးများသည့် ဆေးဝါးများမှာ ကိုဒင်း (Codeine)၊ ဖင်တာနိုင်း (Fentanyl)၊ ဟိုက်ဒရိုကိုဒုန်း (Hydrocodone)၊ မီသဒုန်း (Methadone)၊ မော်ဖင်း (Morphine)၊ နှင့် အောက်ဆီကိုဒုန်း (Oxycodone)တို့ ဖြစ်ကြသည်။

အိုပီယွိုက် ဆေးဝါးများသည် အောက်ပါတို့ကို ဖြစ်စေနိုင်သည်-

  • အူလမ်းကြောင်း၏ လှုပ်ရှားမှုကို နှေးကွေးစေခြင်း
  • အူလမ်းကြောင်းအတွင်းရှိ အရည်ပမာဏကို လျော့နည်းစေခြင်း
  • ကြွက်သား တင်းအားကို လျော့ကျစေပြီး မစင်စွန့်ထုတ်မှုကို ထိန်းချုပ်သည့် တုံ့ပြန်မှုများကို အားနည်းစေခြင်း

အကယ်၍ သင့်ကလေးအား အိုပီယွိုက် (Opioids) ဆေးဝါးတစ်မျိုးမျိုး ညွှန်ကြားထားပါက သင့်ကလေး၏ ပြုစုကုသရေးအဖွဲ့က ဝမ်းနုတ်ဆေးတစ်မျိုးကို အကြံပြုပေးနိုင်ပါသည်။

ဝမ်းချုပ်ခြင်းအတွက် ကုသမှု

အနည်းငယ် ဝမ်းချုပ်ခြင်းကို ပုံမှန်အားဖြင့် ရေပိုမိုသောက်သုံးခြင်း၊ အမျှင်ဓာတ်ပိုမိုစားသုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုတိုးမြှင့်ခြင်း ကဲ့သို့သော စားသောက်မှုပုံစံနှင့် လူနေမှုဘဝပုံစံ ပြောင်းလဲခြင်းများဖြင့် ပထမဦးစွာ ကုသလေ့ရှိသည်။

ကုသမှု၏ နောက်ထပ်အဆင့်အနေဖြင့် အူလှုပ်ရှားမှုကို လှုံ့ဆော်ပေးသည့် ဆေးဝါးများ တိုက်ကျွေးခြင်း ဖြစ်နိုင်ပါသည်။

ဝမ်းချုပ်ခြင်းအတွက် ဆေးဝါးများ

ဝမ်းနုတ်ဆေးများသည် ဝမ်းချုပ်ခြင်းကို သက်သာစေသော ဆေးဝါးများဖြစ်သည်။ သင့်ကလေးအနေဖြင့် ၎င်းတို့ကို သောက်ဆေးအဖြစ် သောက်သုံးနိုင်ပါသည်။ သို့သော် သင့်ကလေး၏ ဆရာဝန်က အောက်ပါတို့ကိုလည်း ညွှန်ကြားနိုင်ပါသည်- စအိုတွင်းအရည်သွင်းဆေး သို့မဟုတ် စအိုတွင်းထည့်ဆေးခဲ.

ဝမ်းနုတ်ဆေး အများအပြားကို ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ သင့်ကလေးအား မည်သည့်ဆေးဝါးမဆို မတိုက်ကျွေးမီ ပြုစုကုသရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။

ဝမ်းချုပ်ခြင်းကို သက်သာစေရန် စားသောက်မှုပုံစံ ပြောင်းလဲခြင်းများ

ပျို့အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်းနှင့် နုံးခွေခြင်း တို့ကြောင့် ကင်ဆာကုသမှုခံယူနေစဉ်အတွင်း လူနာများအနေဖြင့် လုံလောက်သော ကယ်လိုရီပမာဏနှင့် အမျှင်ဓာတ်မြင့်မားသော အစားအစာများကို ပြည့်ပြည့်ဝဝစားသုံးရန် ခက်ခဲစေနိုင်ပါသည်။ ဝမ်းချုပ်ခြင်းကို သက်သာစေရန် အချို့သော စားသောက်မှုပုံစံ ပြောင်းလဲခြင်းများတွင် အောက်ပါတို့ ပါဝင်သည်-

  • အမျှင်ဓာတ်မြင့်မားသော အစားအစာများကို စားသုံးပါ။ ၎င်းတို့တွင် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ပြုပြင်မွမ်းမံမထားသော နှံစားသီးနှံများ၊ ပဲအမျိုးမျိုးနှင့် အစေ့အဆန်များ ပါဝင်သည်။
  • အရည်များများ သောက်ပေးပါ။
  • အစာကို အချိန်မှန် စားပါ။
  • နံနက်စာအဖြစ် နွေးထွေးသော သောက်စရာတစ်ခုခု သို့မဟုတ် နွေးထွေးသော အုတ်ဂျုံပူပူလေးကို ကျွေးမွေးပါ။

ဘေးထွက်ဆိုးကျိုးများ လျော့ပါးသက်သာစေရန် နောက်ထပ် အာဟာရဆိုင်ရာ အကြံပြုချက်များကို ရှာဖွေဖတ်ရှုပါ

ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် မသန်စွမ်းဆယ်ကျော်သက်လူငယ်လေးတစ်ဦးသည် အိမ်တွင် နံနက်စာအဖြစ် စီရီရယ်လ် စားသုံးရင်း စာအုပ်ဖတ်နေသည့် သရုပ်ဖော်ပုံ။

အမျှင်ဓာတ်မြင့်မားသော အစားအစာများကို စားသုံးပေးခြင်းသည် ဝမ်းချုပ်ခြင်းကို တိုက်ဖျက်ရန် အထောက်အကူပြုနိုင်သည်။

ဝမ်းချုပ်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ

ဝမ်းချုပ်ခြင်း နှင့်ပတ်သက်သော အဓိကအချက်များ

  • ဝမ်းချုပ်ခြင်းသည် ကင်ဆာနှင့် သွေးရောဂါများကဲ့သို့သော ကလေးသူငယ် ပြင်းထန်ရောဂါဝေဒနာများကို ကုသရာတွင် အဖြစ်များသော ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်ပါသည်။
  • မိဘများအနေဖြင့် ပြုစုကုသရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ မိမိတို့ကလေးအား အမျှင်ဓာတ်မြင့်မားသော အစားအစာများကို ကျွေးမွေးခြင်းနှင့် ကုသမှုအစီအစဉ်များကို လိုက်နာခြင်းဖြင့် ကူညီပေးနိုင်ပါသည်။
  • မိဘများသည် ဝမ်းချုပ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက ပြုစုကုသရေးအဖွဲ့ထံသို့ အကြောင်းကြားသင့်ပါသည်။
  • မကုသဘဲထားသော ဝမ်းချုပ်ခြင်းသည် မစင်ပိတ်ဆို့ခြင်း ကဲ့သို့သော ပိုမိုပြင်းထန်သည့် ပြဿနာများကို ဖြစ်ပွားစေနိုင်ပါသည်။


အတူတကွ
သည် ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ ထောက်ခံချက် မပေးပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဧပြီလ 2022 ခုနှစ်

ဆက်စပ်အကြောင်းအရာများ