ဆေးရုံတက်ရခြင်းသည် ပုံမှန်စားသောက်မှု အလေ့အထကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ရန် ခက်ခဲစေနိုင်သည်။
ကင်ဆာ သို့မဟုတ် အခြားပြင်းထန်သော ရောဂါဝေဒနာ ခံစားနေရစဉ်အတွင်း၊ ကလေးအများစုမှာ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ရန်နှင့် အာဟာရပြည့်ဝမှုပန်းတိုင်သို့ ရောက်ရှိရန် အခက်အခဲရှိတတ်ကြသည်။ စားသောက်မှုနှင့် အာဟာရဆိုင်ရာ ပြဿနာများကြောင့် အောက်ပါရလဒ်များ ဖြစ်ပေါ်လာနိုင်သည်-
အစာအာဟာရ မပြည့်ဝခြင်းသည် အချက်အလက်များစွာကြောင့် ဖြစ်နိုင်ပါသည်။ ပါးစပ်၊ အစာအိမ် သို့မဟုတ် အူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသော ကလေးများသည် အစာစားရန် သို့မဟုတ် အစာခြေဖျက်ရန် အခက်အခဲရှိသောကြောင့် အာဟာရဓာတ် လုံလောက်စွာ မရရှိနိုင်သည့် အန္တရာယ် ပိုမိုမြင့်မားသည်။ ဆေးရုံတက်နေစဉ် သို့မဟုတ် ဆေးကုသမှုခံယူနေစဉ်အတွင်း နေ့စဉ်လုပ်ရိုးလုပ်စဉ်များ ပြောင်းလဲခြင်း သို့မဟုတ် အစားအစာ ကန့်သတ်ချက်များသည် ပုံမှန်စားသောက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ကလေးများသည် နာကျင်မှု၊ စိတ်ဖိစီးမှု၊ သောကရောက်မှုနှင့် ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းတို့ကြောင့်လည်း အစားအသောက်ပျက်နိုင်ပါသည်။
ကလေးအများစုအတွက်၊ ကုသမှု၏ ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် အခြားလက္ခဏာများသည် အာဟာရပြည့်ဝမှုပန်းတိုင်ကို ရောက်ရှိရန် ခက်ခဲစေသည်။ မိသားစုများအနေဖြင့် သီးခြား ဘေးထွက်ဆိုးကျိုးများ နှင့် အာဟာရဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန် ကူညီပေးမည့် နည်းဗျူဟာများ ရှိပါသည်။
ကလေးများ နေထိုင်ကောင်းသည်ဟု ခံစားရသော အချိန်များတွင် အစာစားရန်အတွက် ကူညီစီစဉ်ပေးပါ။
ပြင်းထန်သော ဖျားနာမှုကာလအတွင်း၊ အစားအသောက် အလေ့အထများသည် မမျှော်လင့်ဘဲ ပြောင်းလဲသွားနိုင်သည်။ မိသားစုများအတွက် အစာစားချိန်များသည် စိတ်ဖိစီးစရာ ဖြစ်လာရန် လွယ်ကူသည်။ ဤသတိပေးချက်များသည် မိသားစုများအနေဖြင့် အာဟာရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကူညီပေးနိုင်ပါသည်။
သင့်ကလေးသည် အစားအသောက်မှတစ်ဆင့် လိုအပ်သော အာဟာရဓာတ်များကို ပြည့်မီအောင် စားသုံးရန် အခက်အခဲရှိနေပါက အာဟာရဖြည့်စွက်စာများ သို့မဟုတ် အစားထိုး အာဟာရမှုန့်/ အရည်များ လိုအပ်နိုင်ပါသည်။ ၎င်းတို့သည် များသောအားဖြင့် အရည်ပုံစံ အစားထိုးအာဟာရစာများ ဖြစ်ကြပြီး အရသာအမျိုးမျိုးဖြင့် ရရှိနိုင်ပါသည်။ သင့်ကလေး ကိုယ်အလေးချိန် ကျဆင်းသွားပါက၊ သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ Pediasure® သို့မဟုတ် Ensure®ကဲ့သို့သော အာဟာရထုတ်ကုန်များကို သောက်သုံးရန် အကြံပြုနိုင်ပါသည်။ အချို့သော အခြေအနေများတွင်၊ သင့်ကလေး၏ အစားအသောက်အကြိုက် တိုးတက်ကောင်းမွန်လာစေရန် သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ အစာစားချင်စိတ်ဖြစ်စေသော ဆေးဝါးများကို ပေးနိုင်ပါသည်။
အစာ ကောင်းကောင်းမစားနိုင်ခြင်းသည် နှစ်ရက် သို့မဟုတ် သုံးရက်ထက်ပို၍ ကြာမြင့်လာပါက သင့်ကလေး၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။ ဖြည့်စွက်စာများ သို့မဟုတ် အစားထိုး အာဟာရစာများ မသုံးစွဲမီ သေချာစွာ ကြိုတင်မေးမြန်းပါ။ အချို့သော ထုတ်ကုန်များသည် စိတ်မချရခြင်း သို့မဟုတ် သင့်ကလေး၏ ကုသမှုများကို အနှောင့်အယှက်ဖြစ်စေနိုင်ခြင်းတို့ ရှိနိုင်ပါသည်။ သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ အာဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးထံမှ အကူအညီရယူရန် အကြံပြုနိုင်ပါသည်။ လက်တွေ့ကုသမှုဆိုင်ရာ အာဟာရဗေဒနှင့် အာဟာရဆိုင်ရာ ပံ့ပိုးကူညီမှုများအကြောင်း နောက်ထပ် ဖတ်ရှူပါ။
ကောင်းမွန်သော အာဟာရသည် ကလေးလူနာများ ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးရန်၊ နေ့စဉ်လူမှုကိစ္စများတွင် ဆက်လက်ပါဝင်လုပ်ဆောင်နိုင်ရန်နှင့် တစ်ကိုယ်ရည်ကျန်းမာရေး အလုံးစုံတိုးတက်ကောင်းမွန်လာစေရန် ကူညီပေးပါသည်။
မိသားစုများအတွက် အာဟာရဓာတ်နှင့် ကျန်းမာသော ကိုယ်အလေးချိန်ဆိုင်ရာ အချက်အလက်များကို ပိုမိုသိရှိလိုပါက We Can – Nutrition Tools and Resourcesတွင် ကြည့်ရှုပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- စက်တင်ဘာလ၊ 2022 ခုနှစ်
ရောဂါလက္ခဏာများနှင့် ဘေးထွက်ဆိုးကျိုးများကို စီမံခန့်ခွဲခြင်းသည် သင့်ကလေး၏ ပြန်လည်ကောင်းမွန်လာမှုနှင့် ကျန်းမာသက်သာမှုအတွက် အရေးကြီးပါသည်။ ရောဂါလက္ခဏာများနှင့် ကုသမှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ အကြောင်းကို နောက်ထပ်လေ့လာဖတ်ရှုပါ။