အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ရေဓာတ်ခန်းခြောက်ခြင်း

ရေဓာတ်ခမ်းခြောက်ခြင်း ဆိုသည်မှာ ဘာလဲ။

ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်အလွန်အမင်း ဆုံးရှုံးသွားသည့်အခါ ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပွားတတ်သည်။ ၎င်းသည် လူတစ်ဦးအနေဖြင့် အရည်လုံလောက်စွာ သောက်သုံးမှုမရှိသည့်အခါ သို့မဟုတ် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဆီးသွားခြင်း၊ ချွေးထွက်ခြင်း သို့မဟုတ် အဖျားတက်ခြင်းတို့မှ တစ်ဆင့် အရည်ဓာတ်အလွန်အမင်း ဆုံးရှုံးသွားသည့်အခါတွင် ဖြစ်ပွားနိုင်သည်။

ရေဓာတ်ခမ်းခြောက်ခြင်းသည် အချို့သော ရောဂါဝေဒနာများနှင့် ဓာတုကုထုံးကဲ့သို့သော ကုသမှုများ၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်သည်။

ခန္ဓာကိုယ်၏ ဆဲလ်များသည် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် ရေဓာတ်လိုအပ်ပါသည်။ ရေဓာတ်သည် ခန္ဓာကိုယ်ကို အောက်ပါအတိုင်း အထောက်အကူပြုသည်-

  • ကျန်းမာသော ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း
  • ဆဲလ်များဆီသို့ အာဟာရဓာတ်များ ပို့ဆောင်ပေးခြင်း
  • အညစ်အကြေးများကို စွန့်ထုတ်ပေးခြင်း
လမ်းလျှောက်စ ကလေးငယ်လေးတစ်ဦး ရေသန့်ဗူးမှ ရေသောက်နေသည့်ပုံ

နို့စို့ကလေးများနှင့် ကလေးငယ်များသည် လူကြီးများနှင့်နှိုင်းယှဉ်ပါက ရေဓာတ်ခမ်းခြောက်နိုင်ခြေ ပိုမိုမြင့်မားသည်။

နို့စို့ကလေးများနှင့် ကလေးသူငယ်များသည် လူကြီးများနှင့်နှိုင်းယှဉ်ပါက ရေဓာတ်ခမ်းခြောက်နိုင်ခြေ ပိုမိုမြင့်မားပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူကြီးများထက် ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်ကို ပိုမိုမြန်ဆန်စွာ ဆုံးရှုံးရခြင်းကြောင့် ဖြစ်ပါသည်။

ရေဓာတ်ခမ်းခြောက်မှုကို ကုသမှုမပြုပါက အတက်ရောဂါဖြစ်ပွားခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းကဲ့သို့သော ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ကင်ဆာရောဂါနှင့် ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) ကဲ့သို့သော နာတာရှည်ကျန်းမာရေးအခြေအနေရှိသည့် ကလေးငယ်များသည် ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပွားတတ်သော နောက်ဆက်တွဲဆိုးကျိုးများ ကြုံတွေ့ရနိုင်ခြေ ပိုမိုမြင့်မားပါသည်။

အများအားဖြင့် ရေဓာတ်ခမ်းခြောက်ခြင်းကို နေအိမ်၌ပင် ကုသပေးနိုင်ပါသည်။ သို့သော် အချို့သော အခြေအနေများတွင် သင့်ကလေးအား ဆေးရုံသို့ ခေါ်ဆောင်သွားရန် လိုအပ်နိုင်ပါသည်။

အသက်အရွယ်အလိုက် ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်ပမာဏ သရုပ်ဖော်ပြချက်

နို့စို့ကလေး တစ်ဦး၏ ခန္ဓာကိုယ်တွင် ရေဓာတ်ပမာဏ 80% ခန့် ပါဝင်ဖွဲ့စည်းထားပါသည်။ အဆိုပါ ရေဓာတ်ပမာဏသည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ လျော့နည်းသွားပါသည်။

ရေဓာတ်ခမ်းခြောက်ခြင်း၏ လက္ခဏာများ

ရေဓာတ်ခမ်းခြောက်ခြင်း၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • ခံတွင်း၊ နှုတ်ခမ်း၊ နှာခေါင်းပေါက်များနှင့် အရေပြားများ ခြောက်သွေ့ခြင်း
  • ငိုသောအခါတွင် မျက်ရည်မထွက်ခြင်း
  • မူးဝေခြင်း၊ နုံးခွေခြင်း၊ သို့မဟုတ် အားအင်ချည့်နဲ့ခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • စိတ်တိုလွယ်ခြင်း
  • မျက်တွင်းဟောင်းလောင်းဖြစ်ခြင်း သို့မဟုတ် မွေးကင်းစကလေးငယ်၏ ဦးခေါင်းငယ်ထိပ်နေရာ ချိုင့်ဝင်နေခြင်း
  • ဆီးနည်းခြင်း သို့မဟုတ် ဆီး လုံးဝမထွက်ခြင်း၊ ဆီးအရောင် ရင့်နေခြင်း
  • အသက်ရှူမြန်ခြင်း
  • နှလုံးခုန်နှုန်း မြန်လာခြင်း
  • သွေးပေါင်ကျခြင်း
  • ခန္ဓာကိုယ်အပူချိန်သည် ပုံမှန်ထက် မြင့်မားနေခြင်း

သင့်ကလေးတွင် ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများရှိပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ရန်အတွက် သင့် ပြုစုကုသရေးအဖွဲ့ထံသို့ ချက်ချင်းဆက်သွယ်ပါ။

ရေဓာတ်ခမ်းခြောက်ခြင်း၏ အကြောင်းအရင်းများ

ရေဓာတ်ခမ်းခြောက်ခြင်း၏ အကြောင်းအရင်းများတွင် အောက်ပါတို့ ပါဝင်ပါသည်-

  • ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ဖျားခြင်း
  • အရည်လုံလောက်စွာ မသောက်သုံးခြင်း
  • အရည်ဓာတ်ပါဝင်သော အစားအစာများကို လုံလောက်စွာ မစားခြင်း

ရေဓာတ်ခမ်းခြောက်ခြင်းအား ရောဂါရှာဖွေခြင်း

ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ရေဓာတ်ခမ်းခြောက်မှုကို အောက်ပါနည်းလမ်းများဖြင့် ရောဂါရှာဖွေအတည်ပြုပါသည်-

  • ကိုယ်ခန္ဓာစစ်ဆေးခြင်းနှင့် ကျန်းမာရေးရာဇဝင်ကို မေးမြန်းခြင်း
  • ဆိုဒီယမ်နှင့် ပိုတက်စီယမ်ကဲ့သို့သော အချို့သော ဓာတ်ဆားဓာတ် ပမာဏများကို တိုင်းတာရန် သွေးစစ်ဆေးခြင်း။ ဓာတ်ဆားဓာတ် ဆိုသည်မှာ ခန္ဓာကိုယ် ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် လိုအပ်သော ဒြပ်ပစ္စည်းများ ဖြစ်ပါသည်။
  • ဆီးစစ်ဆေးခြင်း

ရေဓာတ်ခမ်းခြောက်ခြင်းအား စီမံခန့်ခွဲခြင်း

ရေဓာတ်ခမ်းခြောက်ခြင်းကို စီမံခန့်ခွဲရန် အကောင်းဆုံးနည်းလမ်းမှာ ကြိုတင်ကာကွယ်ခြင်း ဖြစ်ပါသည်။ ၎င်းသည် သင့်ကလေးတွင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါသည်။ ၎င်းသည် ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ကုသမှုများကို လွဲချော်ခြင်း သို့မဟုတ် ကြန့်ကြာခြင်းတို့ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးပါသည်။

ရေနှင့် အရည်များကို ပုံမှန်သောက်သုံးပါ

ရေသည် အကောင်းဆုံးဖြစ်ပါသည်။ သင့်ကလေးအတွက် ရေ သို့မဟုတ် အရည် မည်မျှလိုအပ်သည်ကို သင့်ပြုစုကုသရေးအဖွဲ့ထံ မေးမြန်းတိုင်ပင်ပါ။ သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် Pedialyte® သို့မဟုတ် Enfalyte® ကဲ့သို့သော ဓာတ်ဆားဓာတ် ပြန်လည်ဖြည့်တင်းပေးသည့် အရည်ကို သောက်သုံးရန် ညွှန်းဆိုနိုင်ပါသည်။

သင့်ကလေးသည် အရည်သောက်ရန် အခက်အခဲရှိနေပါက ရေခဲတုံးငယ်များ သို့မဟုတ် ရေခဲချောင်းများကို စုပ်ယူနိုင်ပါသည်။

သင့်ကလေးသည် ရေသောက်ရန် အလွန်ဝန်လေးနေပါက သကြားဓာတ်နည်းပါးပြီး ကဖိန်းဓာတ် လုံးဝမပါဝင်သော သို့မဟုတ် နည်းပါးသော ဖျော်ရည်များကို ရွေးချယ်ပေးပါ။

မွေးကင်းစကလေးငယ်များအတွက် မိခင်နို့ သို့မဟုတ် မွေးကင်းစကလေးငယ်များအတွက် အထူးထုတ်နို့မှုန့်ကို ပုံမှန်အတိုင်း ဆက်လက်တိုက်ကျွေးပါ။ နို့တိုက်ကျွေးခြင်းအတွက် သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ ညွှန်ကြားချက်များကို လိုက်နာပါ။

ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်စေသော ဘေးထွက်ဆိုးကျိုးများကို စီမံခန့်ခွဲပါ

အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အဖျားတက်ခြင်းတို့ကို ကာကွယ်ရန် သို့မဟုတ် လျှော့ချနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ပြုစုကုသရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။ သင့်ကလေးတွင် အစားအစာနှင့် အရည်များ မှီဝဲရန်ခက်ခဲစေသည့် ခံတွင်း သို့မဟုတ် လည်ချောင်းအနာများကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနေနိုင်ပါသည်။ သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ဆေးဝါးများ သို့မဟုတ် အခြားကုသမှုများကို ညွှန်းဆိုပေးနိုင်ပါသည်။

ရေဓာတ်ခမ်းခြောက်ခြင်းကို ကုသခြင်း

အများအားဖြင့် ရေဓာတ်ခမ်းခြောက်ခြင်းကို နေအိမ်၌ပင် ကုသပေးနိုင်ပါသည်။ သင့်ပြုစုကုသရေးအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာပါ။ ရေဓာတ်ခမ်းခြောက်ခြင်းကို ကုသနိုင်သည့် နည်းလမ်းများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • အရည်နှင့် အစားအစာ ပမာဏကို ဖြည်းဖြည်းချင်း တိုးမြှင့်ကျွေးမွေးပါ
  • မွေးကင်းစကလေးငယ်များကို မိခင်နို့ သို့မဟုတ် မွေးကင်းစကလေးငယ်များအတွက် အထူးထုတ်နို့မှုန့်ကို ဆက်လက်တိုက်ကျွေးပါ
  • အစားအစာနှင့် အရည်ပမာဏကို မှတ်တမ်း ရေးမှတ်ထားပါ
  • သင့်ကလေး လုံလောက်စွာ အနားယူနိုင်အောင် စီစဉ်ပေးပါ
  • ခြောက်သွေ့သော အရေပြားနှင့် နှုတ်ခမ်းများကို ကုသရန် လိုးရှင်းနှင့် နှုတ်ခမ်းအစိုဓာတ်ထိန်းခရင်မ်တို့ကို အသုံးပြုပါ
  • သင့်ကလေးတွင် ရေဓာတ်ခမ်းခြောက်မှု လက္ခဏာများ ပိုမိုဆိုးရွားလာခြင်း ရှိ၊ မရှိကို စောင့်ကြည့်ပါ။ သင့်ကလေးသည် ဆေးရုံတွင် ကုသမှုခံယူရန် လိုအပ်နိုင်ပါသည်။

ဆေးရုံတွင် ကုသစောင့်ရှောက်ခြင်း၌ အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • အဖျားပျောက်ဆေး ပေးခြင်း
  • အနားယူစေခြင်း
  • ဓာတ်ဆားဓာတ်ပမာဏကို စောင့်ကြည့်စစ်ဆေးခြင်း
  • IV အရည်များ သွင်းခြင်း

သင့်ကလေးသည် ရေဓာတ်ပြင်းထန်စွာ ခမ်းခြောက်သွားပါက သက်သာရာရစေရန် IV အရည် သွင်းပေးရန် လိုအပ်နိုင်ပါသည်။

ပြုစုကုသရေးအဖွဲ့အား မေးမြန်းရမည့် မေးခွန်းများ

  • ရေဓာတ်ခမ်းခြောက်ခြင်း၏ မည်သည့်လက္ခဏာများကြောင့် ပြုစုကုသရေးအဖွဲ့ထံသို့ ဖုန်းဆက်သင့်ပါသလဲ။
  • ကျွန်ုပ်ကလေးသည် ကျောင်း သို့မဟုတ် ကလေးထိန်းကျောင်းသို့ သွားနိုင်ပါသလား။
  • ကျွန်ုပ်ကလေးအနေဖြင့် အချို့သော လှုပ်ရှားမှုများကို ရှောင်ကြဉ်သင့်ပါသလား။ လိုအပ်ပါက မည်သည့်အထူးကုများနှင့် ပြသရမည်နည်း။
  • ကျွန်ုပ်ကလေး ကျွေးသင့်သည့် သို့မဟုတ် မကျွေးသင့်သည့် သီးခြားအစားအစာများ သို့မဟုတ် အရည်များ ရှိပါသလား။
  • ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူဝယ်ယူနိုင်သော မည်သည့်ထုတ်ကုန်များကိုမဆို အကြံပြုလိုပါသလား။
  • ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူဝယ်ယူနိုင်သော ထုတ်ကုန်များအနက် အကြံ မပြုလိုသည့် ထုတ်ကုန်များ ရှိပါသလား။

ရေဓာတ်ခမ်းခြောက်ခြင်း နှင့်ပတ်သက်သော အဓိကအချက်များ

  • ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်အလွန်အမင်း ဆုံးရှုံးသွားသည့်အခါ ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပွားတတ်သည်။
  • သင့်ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန်အတွက် ရေဓာတ် လိုအပ်ပါသည်။ ရေဓာတ်သည် ခန္ဓာကိုယ်အပူချိန်ကို မျှတအောင် ထိန်းညှိပေးခြင်း၊ ဆဲလ်များထံသို့ အာဟာရဓာတ်များ ပို့ဆောင်ပေးခြင်းနှင့် စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားပေးခြင်းတို့တွင် ကူညီပေးပါသည်။
  • ရေဓာတ်ခမ်းခြောက်ခြင်းသည် အချို့သော ရောဂါဝေဒနာများနှင့် ဓာတုကုထုံးကဲ့သို့သော ဆေးဘက်ဆိုင်ရာ ကုသမှုများ၏ အဖြစ်များသည့် ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပါသည်။ သင့်ကလေးသည် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း သို့မဟုတ် အဖျားတက်ခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ အရည်များ ဆုံးရှုံးသွားသောအခါ ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပွားနိုင်ပါသည်။
  • သင့်ကလေးတွင် ကင်ဆာ သို့မဟုတ် အခြားပြင်းထန်သော ရောဂါများ ရှိနေပါက အရည်ဓာတ် လုံလောက်စွာ ရရှိခြင်းက ကုသမှုများ သို့မဟုတ် ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်များကို လွဲချော်ခြင်း သို့မဟုတ် ကြန့်ကြာခြင်းတို့ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါသည်။
  • ကုသမှုမပြုဘဲ ထားရှိပါက ရေဓာတ်ခမ်းခြောက်မှုသည် ပြင်းထန်သော ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ကလေးသူငယ်များနှင့် သတ်မှတ်ထားသော ကျန်းမာရေးအခြေအနေရှိသူများသည် ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပွားသည့် ကျန်းမာရေးပြဿနာများ ကြုံတွေ့ရနိုင်ခြေ ပိုမိုမြင့်မားပါသည်။


St. Jude မှ အတူတကွ အွန်လိုင်းသတင်းအချက်အလက်သည် ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည်သည့်ထုတ်ကုန်အမှတ်တံဆိပ် သို့မဟုတ် အဖွဲ့အစည်းကိုမဆို ထောက်ခံညွှန်းဆိုထားခြင်း မရှိပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇန်နဝါရီ 2024

ဆက်စပ်အကြောင်းအရာများ