အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


လူပါပီလိုမာဗိုင်းရပ်စ် (Human papillomavirus၊ HPV)

လူပါပီလိုမာဗိုင်းရပ်စ် (HPV) ဆိုသည်မှာ အဘယ်နည်း။

လူပါပီလိုမာဗိုင်းရပ်စ် (HPV) ဆိုသည်မှာ အရေပြားချင်းထိတွေ့မှုမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်အုပ်စုတစ်စုဖြစ်ပါသည်။ HPV အမျိုးအစားအချို့သည် အရေပြားတွင် အဖြစ်များသည့် ကြွက်နို့များကို ဖြစ်စေပါသည်။ အခြား HPV အမျိုးအစားများသည် လိင်အင်္ဂါကြွက်နို့များ၊ ထပ်ခါတလဲလဲ အသက်ရှူလမ်းကြောင်းတွင် အဖုအကျိတ်ငယ်များစွာထွက်ခြင်း (အသံကြိုးများ တဝိုက်တွင် အကျိတ်များထွက်ခြင်း) ကို ဖြစ်စေနိုင်ပါသည် သို့မဟုတ် အချို့သော ကင်ဆာများကို ဖြစ်စေနိုင်ပါသည်။ 

HPV သည် အလွန်အဖြစ်များပြီး လူအများစုသည် ၎င်းတို့၏ ဘဝတွင် HPV အမျိုးအစား တစ်မျိုးမျိုး ကူးစက်ခံမည် ဖြစ်ပါသည်။ ကူးစက်မှုအများစုသည် ရောဂါလက္ခဏာများ မပြသဘဲ သူ့အလိုလို ပျောက်ကင်းသွားတတ်ပါသည်။ 

HPV ကာကွယ်ဆေးထိုးနှံခြင်းသည် ကင်ဆာနှင့် လိင်အင်္ဂါကြွက်နို့များကို ဖြစ်စေသော အဖြစ်များသည့် HPV အမျိုးအစားများကို ကာကွယ်ပေးနိုင်ပါသည်။

HPV ၏ ရောဂါလက္ခဏာများ

HPV ပိုးရှိသူအများစုသည် ရောဂါသွင်ပြင်များ သို့မဟုတ် ရောဂါလက္ခဏာများ မပြသဘဲ ၎င်းတို့တွင် ပိုးရှိနေကြောင်းကိုပင် မသိရှိကြပါ။ သို့သော်လည်း အချို့သော HPV အမျိုးအစားများသည် ကင်ဆာအချို့အပါအဝင် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါသည်။

အန္တရာယ်ဖြစ်နိုင်ခြေနည်းသည့် HPV

အန္တရာယ်ဖြစ်နိုင်ခြေနည်းသည့် HPV အမျိုးအစားအချို့သည် အရေပြား သို့မဟုတ် အမြှေးပါးများပေါ်တွင် ကြွက်နို့များကို ဖြစ်စေနိုင်သည်။ ၎င်းတို့သည် အရေပြားတွင် အသားပိုများ သို့မဟုတ် အဖုငယ်များအဖြစ် ပေါ်လာနိုင်ပါသည်။ အဖြစ်များသည့် ကြွက်နို့များသည် လက် သို့မဟုတ် ခြေထောက်များတွင် ဖြစ်တတ်ပါသည်။ လိင်အင်္ဂါကြွက်နို့များသည် လိင်အင်္ဂါနှင့် စအိုဝပေါ်တွင် သို့မဟုတ် အနီးတစ်ဝိုက်တွင် ဖြစ်တတ်ပါသည်။ ရှားပါးနေဖြင့် HPV သည် ပါးစပ် သို့မဟုတ် လည်ချောင်းတွင် ကြွက်နို့များ သို့မဟုတ် အသံကြိုးများတဝိုက်တွင် ကြွက်နို့ကဲ့သို့ အကျိတ်များကို ဖြစ်စေနိုင်ပါသည်။

ကြွက်နို့များသည် မသက်မသာဖြစ်စေနိုင်သည် သို့မဟုတ် ရှက်စရာဖြစ်စေနိုင်ပြီး ကုသမှု လိုအပ်နိုင်ပါသည်။ အန္တရာယ်ဖြစ်နိုင်ခြေနည်းသည့် HPV အမျိုးအစားများသည် ကင်ဆာ မဖြစ်စေပါ။ 

အန္တရာယ်ဖြစ်နိုင်ခြေများသည့် HPV

အန္တရာယ်ဖြစ်နိုင်ခြေများသည့် HPV အများစုသည် မြင်သာထင်ရှားသော ရောဂါလက္ခဏာများကို မဖြစ်စေပါ။ ရောဂါပိုးဝင်ခြင်းသည် နှစ်ပေါင်းများစွာကြာလာပါက ၎င်းသည် ဆဲလ်များတွင် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေပြီး ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားစေနိုင်ပါသည်။ 

HPV သည် အောက်ပါတို့အပါအဝင် ကင်ဆာအမျိုးအစားများစွာကို ဖြစ်စေနိုင်ပါသည်-

  • လည်ချောင်းကင်ဆာ (လည်ချောင်း အနောက်ဘက်၊ လျှာအောက်ခြေ သို့မဟုတ် အာသီးတို့တွင် ကင်ဆာဖြစ်ခြင်း)
  • သားအိမ်ခေါင်းကင်ဆာ
  • စအိုကင်ဆာ
  • မိန်းမကိုယ်ကင်ဆာ
  • မိန်းမကိုယ်အင်္ဂါဇာတ်ကင်ဆာ
  • လိင်တံကင်ဆာ

HPV သည် အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် ကင်ဆာ 40,000 ကျော်ကို ဖြစ်စေပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးအနေဖြင့် HPV သည် ကင်ဆာဖြစ်ပွားမှုအားလုံး၏ 5% နီးပါးခန့်ကို ဖြစ်စေပါသည်။

HPV ရောဂါရှာဖွေဖော်ထုတ်ခြင်း

HPV အမျိုးအစားအားလုံးကို စစ်ဆေးနိုင်သည့် တစ်မျိုးတည်းစစ်ဆေးမှု မရှိပါ။   

ကျန်းမာရေးစောင့်ရှောက်မှုပေးသူတစ်ဦးသည် HPV ကြောင့်ဖြစ်သော ကျန်းမာရေးဆိုင်ရာပြဿနာများကို ရောဂါရှာဖွေနိုင်ပါသည်။ အရေပြား သို့မဟုတ် လိင်အင်္ဂါများတွင် ကြွက်နို့များပေါက်ခြင်းသည် HPV ကူးစက်မှု၏ လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။  

သားအိမ်ခေါင်း စစ်ဆေးမှုများ 

အမျိုးသမီးများတွင် HPV စစ်ဆေးမှုကို ပုံမှန်သားအိမ်ခေါင်း စစ်ဆေးမှုများ (သားအိမ်ခေါင်း ဆဲလ်ဗေဒစစ်ဆေးမှု) နှင့်အတူ သို့မဟုတ် တစ်ခုတည်းဖြင့် ပြုလုပ်နိုင်ပါသည်။ သားအိမ်ခေါင်း စစ်ဆေးမှု (သားအိမ်ခေါင်းချွဲစစ်ဆေးမှု ဟုလည်းခေါ်သည်) အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် မိန်းမကိုယ်နှင့် ဆက်ထားသော သားအိမ်အောက်ပိုင်းဖြစ်သည့် သားအိမ်ခေါင်းမှ ဆဲလ်နမူနာအနည်းငယ်ကို စုဆောင်းရန် နူးညံ့သောစုတ်တံတစ်ခုကို အသုံးပြုပါသည်။  ထို့နောက် ပုံမှန်မဟုတ်သော သို့မဟုတ် ကင်ဆာမဖြစ်ခင်ဆဲလ်များကို ရှာဖွေရန် နမူနာကို ဓာတ်ခွဲခန်းသို့ ပေးပို့ပါသည်။  

သားအိမ်ခေါင်း စစ်ဆေးမှုများကို ပုံမှန်စစ်ဆေးပြုလုပ်ခြင်းသည် ပြဿနာများကို စောစောစီးစီး သိရှိနိုင်ရန်အတွက် အရေးကြီးပါသည်။ သားအိမ်ခေါင်း စစ်ဆေးမှုနှင့် HPV စစ်ဆေးမှုအတွက် စမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ အကြံပြုချက်များသည် အသက်အရွယ်နှင့် အန္တရာယ်ဖြစ်နိုင်ခြေများအပေါ် အခြေခံပါသည်။ 

အကယ်၍ သားအိမ်ခေါင်း စစ်ဆေးမှု သို့မဟုတ် HPV စစ်ဆေးမှုရလဒ်များသည် ပုံမှန်မဟုတ်ပါက ပုံမှန်မဟုတ်သည့် ဆဲလ်များကို စစ်ဆေးရန်အတွက် သားမွေးလမ်းကြောင်းအတွင်း မှန်ပြောင်းကြည့်၍ စစ်ဆေးခြင်း သို့မဟုတ် အသားစယူ၍ စစ်ဆေးခြင်းကဲ့သို့သော နောက်ထပ်စစ်ဆေးမှုများ လိုအပ်နိုင်ပါသည်။   

ထပ်ခါတလဲလဲ အသက်ရှူလမ်းကြောင်းတွင် အဖုအကျိတ်ငယ်များစွာထွက်ခြင်း (RRP) 

ရှားပါးအခြေအနေများတွင် HPV သည် ကြွက်နို့ကဲ့သို့သော အကျိတ်အစုအဝေးများ အသံကြိုးများတွင် ကြီးထွားလာသည့် အခြေအနေတစ်ခုဖြစ်သည့် ထပ်ခါတလဲလဲ အသက်ရှူလမ်းကြောင်းတွင် အဖုအကျိတ်ငယ်များစွာထွက်ခြင်း (RRP) ကို ဖြစ်စေနိုင်ပါသည်။ RRP ကို ​​ရောဂါရှာဖွေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် လည်ချောင်းနောက်ဘက်ကို ကြည့်ရှုရန်အတွက် မှန်ပြောင်း (မီးနှင့် ကင်မရာပါသော ပါးလွှာသည့်ပြွန်) ကို အသုံးပြုနိုင်သည်။ ၎င်းသည် HPV သို့မဟုတ် ပုံမှန်မဟုတ်သောဆဲလ်များကို စစ်ဆေးရန်အတွက် တစ်ရှူးနမူနာအနည်းငယ်ကိုလည်း ယူနိုင်ပါသည်။ 

HPV ကို ကုသခြင်း

HPV ကူးစက်မှုကို ပျောက်ကင်းအောင် ကုသနိုင်သည့် ကုသမှု မရှိပါ။ သို့သော်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် HPV ကြောင့်ဖြစ်သည့် ပြဿနာအချို့ကို ကုသနိုင်ပါသည်။ 

ကြွက်နို့များ- အရေပြား သို့မဟုတ် လိင်အင်္ဂါရှိ ကြွက်နို့များအတွက် ကုသမှုများတွင် ဆေးဝါးများ၊ အေးခဲခြင်း (အေးခဲကုထုံး)၊ လေဆာကုသမှု သို့မဟုတ် ခွဲစိတ်ဖယ်ရှားခြင်းတို့ ပါဝင်ပါသည်။   

ပုံမှန်မဟုတ်သည့် ဆဲလ်များ- အကယ်၍ သားအိမ်ခေါင်း သို့မဟုတ် ၎င်းအနီးအနားတွင် ပုံမှန်မဟုတ်သည့်ဆဲလ်များရှိပါက သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ထပ်ဆောင်းစစ်ဆေးမှုများကို အကြံပြုနိုင်ပါသည်။ ပုံမှန်မဟုတ်သည့် ဆဲလ်များကို ဖယ်ရှားရန် သို့မဟုတ် ဖျက်ဆီးရန်အတွက် အေးခဲကုထုံး (အေးခဲခြင်း)၊ လေဆာကုထုံး သို့မဟုတ် ခွဲစိတ်ကုသမှုများကဲ့သို့သော ကုသမှုများကို အသုံးပြုနိုင်ပါသည်။ ပုံမှန်မဟုတ်သည့် သို့မဟုတ် ကင်ဆာမဖြစ်ခင်ဆဲလ်များကို ကုသခြင်းသည် ၎င်းတို့ ကင်ဆာအဖြစ်သို့ မပြောင်းလဲစေရန် ကူညီပေးနိုင်ပါသည်။ 

သားအိမ်ခေါင်း၊ လည်ချောင်း သို့မဟုတ် အခြားကင်ဆာ- အကယ်၍ HPV သည် ကင်ဆာကို ဖြစ်စေပါက ကုသမှုများတွင် ခွဲစိတ်မှု၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာဆေးသွင်းကုသခြင်းတို့ ပါဝင်နိုင်ပါသည်။ ကုသမှုများသည် ကင်ဆာအမျိုးအစားနှင့် အဆင့်ပေါ်တွင် မူတည်ပါသည်။ 

ထပ်ခါတလဲလဲ အသက်ရှူလမ်းကြောင်းတွင် အဖုအကျိတ်ငယ်များစွာထွက်ခြင်း- RPP အကျိတ်များကို ဖယ်ရှားရန်အတွက် ခွဲစိတ်ကုသမှုကို အသုံးပြုပါသည်။ ၎င်းတွင် အကျိတ်များကို ဖယ်ရှားရန် လေဆာဖြင့် ခွဲစိတ်ခြင်း သို့မဟုတ် အေးခဲခြင်းတို့ ပါဝင်နိုင်ပါသည်။

ကုသမှုများသည် ကြွက်နို့များ သို့မဟုတ် ပုံမှန်မဟုတ်သည့်ဆဲလ်များကို ဖယ်ရှားပေးနိုင်သော်လည်း HPV ကို ပျောက်ကင်းအောင် ကုသနိုင်မည် မဟုတ်ပါ။ ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေနိုင်ပြီး ကြွက်နို့များ ပြန်ဖြစ်နိုင်ပါသည်။ HPV ပိုးကူးစက်မှုများသည် ကုသမှုမရှိဘဲ 1-2 နှစ် အတွင်းတွင် ပျောက်ကင်းသွားလေ့ရှိပါသည်။ သို့သော်လည်း အန္တရာယ်ဖြစ်နိုင်ခြေများသည့် အမျိုးအစားအချို့သည် ဆက်လက်တည်ရှိနေနိုင်ပြီး ကျန်းမာရေးဆိုင်ရာပြဿနာများကို ဖြစ်စေနိုင်ပါသည်။   

ကိုယ်ခံအားစနစ် အားနည်းသူများတွင် ဖြစ်ပွားသည့် HPV

ကိုယ်ခံအားစနစ် အားနည်းသူများသည် HPV ကူးစက်မှုမှ ပျောက်ကင်းရန်မှာ ပိုမိုခက်ခဲနိုင်ပြီး ကျန်းမာရေးဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အန္တရာယ်ဖြစ်နိုင်ခြေများသူများတွင် ကင်ဆာ၊ HIV သို့မဟုတ် အခြားပြင်းထန်ရောဂါများရှိသူများ သို့မဟုတ် ဓာတုကုထုံး၊ ပမာဏများသည့် စတီးရွိုက်ဆေး သောက်သုံးခြင်း သို့မဟုတ် ပင်မဆဲလ် (အရိုးတွင်းခြင်ဆီ) အစားထိုးကုသမှုကဲ့သို့သော ကိုယ်ခံအားစနစ်ကို အားနည်းစေသည့် ကုသမှုခံယူထားဖူးသူများ ပါဝင်ပါသည်။ 

HPV ပိုးကူးစက်မှု၏ 90% ခန့် (10 ယောက်တွင် 9 ယောက်) သည် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်းတွင် ပျောက်ကင်းသွားတတ်ပြီး မည်သည့်လက္ခဏာများကိုမျှ မပြသဘဲ ကင်ဆာကို ဖြစ်စေခြင်းလည်း မရှိပါ။ အားကောင်းသော ကိုယ်ခံအားတုံ့ပြန်မှုသည် HPV ကူးစက်မှု အများစုကို ဖယ်ရှားရန် ကူညီပါလိမ့်မည်။ သို့ရာတွင် အချို့ ကိုယ်ခံအားစနစ်များသည် HPV ကို ကောင်းစွာ မတိုက်ဖျက်နိုင်ပါ။ သင့်ကလေးသည် ကိုယ်ခံအားစနစ် အားနည်းနေပါက HPV အား မည်သို့ကာကွယ်ရမည်ဆိုသည်ကို သင့်စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။   

အရေပြား၊ လိင်အင်္ဂါ၊ ပါးစပ်၊ လျှာ သို့မဟုတ် လည်ချောင်းပေါ်တွင် ဖြစ်သည့် မည်သည့်အရေပြားအနာအသစ် သို့မဟုတ် ပိုဆိုးလာခြင်း၊ ယားယံခြင်း၊ နာကျင်ခြင်း၊ ကြွက်နို့ သို့မဟုတ် ပုံမှန်မဟုတ်သည့် အစက်အပြောက်များမဆိုကို သင်၏စောင့်ရှောက်မှုအဖွဲ့အား အသိပေးပါ။  

သင်၏စောင့်ရှောက်မှုအဖွဲ့မှ အကြံပြုထားသည့်အတိုင်း ကျန်းမာရေးစစ်ဆေးမှုအားလုံးကို ပြုလုပ်ပါ။ 

HPV ကာကွယ်ဆေး (ဂါဒါဆယ်လ် 9 (Gardasil 9))

HPV ကာကွယ်ဆေးသည် ဘေးကင်းပြီး ကင်ဆာအမျိုးအစား ခြောက်မျိုးကို ကာကွယ်ပေးကာ ကြာရှည်ခံပါသည်

HPV ကာကွယ်ဆေးသည် ဘေးကင်းပြီး ကင်ဆာအမျိုးအစား ခြောက်မျိုးကို ကာကွယ်ပေးကာ ကြာရှည်ခံပါသည်။

ဂါဒါဆယ်လ် 9 (Gardasil 9) ကဲ့သို့သော HPV ကာကွယ်ဆေးသည် ကင်ဆာအများစုနှင့် လိင်အင်္ဂါကြွက်နို့များကို ဖြစ်စေသော HPV အမျိုးအစားများကို ကာကွယ်ပေးပါသည်။ HPV ကာကွယ်ဆေးထိုးနှံခြင်းကို အသက် 9 နှစ်မှ 26 နှစ်အတွင်းရှိ လူတိုင်းနှင့် အသက် 27 နှစ်မှ 45 နှစ်အတွင်းရှိသူ လူအချို့အတွက် အကြံပြုထားပါသည်။

HPV ကာကွယ်ဆေးကို ဗိုင်းရပ်စ်ပိုး မကူးစက်မီ ထိုးနှံထားပါက အကောင်းဆုံး ဖြစ်ပါသည်။ ထို့ကြောင့် သင့်ကလေးသည် လိင်ဆက်ဆံခြင်းမပြုဘူးခင်တွင် ကာကွယ်ဆေးထိုးရန် လိုအပ်ခြင်း ဖြစ်ပါသည်။ 

ကာကွယ်ဆေးသည် HPV ကိုသာ ကာကွယ်ပေးပါသည်။ ၎င်းသည် အခြား လိင်မှတစ်ဆင့်ကူးစက်နိုင်သည့်ရောဂါများ (STIs) ကို မကာကွယ်ပေးနိုင်ပါ။

ယေဘုယျအားဖြင့် ဆရာဝန်များသည် ကလေးများ၏ အသက် 11 နှစ် သို့မဟုတ် 12 နှစ်တွင် HPV ကာကွယ်ဆေးထိုးနှံရန် အကြံပြုထားသော်လည်း အသက် 9 နှစ်မှစတင်၍ ထိုးနှံနိုင်ပါသည်။  

  • အသက် 9 နှစ်မှ 14 နှစ်ကြား ကလေးများသည် HPV ကာကွယ်ဆေးကို 2 ကြိမ် (ဆေးထိုးခြင်းများ) ထိုးနှံရန် လိုအပ်ပါသည်။ 
  • အသက် 15 နှစ်နှင့် အထက်ရှိသူများသည် HPV ကာကွယ်ဆေးကို 3 ကြိမ်ထိုးနှံရန် လိုအပ်ပါသည်။ 
  • ကလေးကင်ဆာရောဂါမှ သက်သာကောင်းမွန်လာသူများ သို့မဟုတ် ကိုယ်ခံအားစနစ် အားနည်းနေသူများသည် HPV ကာကွယ်ဆေးကို 3 ကြိမ်ထိုးနှံရန် လိုအပ်ပါသည်။

HPV ကာကွယ်ဆေးထိုးနှံခြင်းကို ယောက်ျားလေးနှင့် မိန်းကလေး နှစ်ဦးစလုံးအတွက် အကြံပြုထားပါသည်။

HPV သည် မည်သို့ကူးစက်ပျံ့နှံ့သနည်း

HPV သည် လိင်ဆက်ဆံနေစဉ်အတွင်း အရေပြားချင်းထိတွေ့မှုမှတစ်ဆင့် အများဆုံးကူးစက်ပါသည်။ ၎င်းတွင် မိန်းမကိုယ်၊ စအိုနှင့် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းတို့ ပါဝင်ပါသည်။ HPV သည် အဝတ်အစား သို့မဟုတ် အိမ်သာခွက်များကဲ့သို့သော အရာဝတ္ထုများမှတစ်ဆင့် ကူးစက်ခြင်း မရှိပါ။ HPV ပိုးသည် သွေးသွင်းခြင်းမှတစ်ဆင့် ပျံ့နှံ့နိုင်ခြေရှိသော်လည်း ရောဂါပိုးကူးစက်မှု ဖြစ်နိုင်ခြေမှာ နည်းပါသည်။  

HPV ရှိသူအများစုတွင် ရောဂါလက္ခဏာများ မရှိကြဘဲ ၎င်းတို့ကိုယ်တိုင် ပိုးကူးစက်ခံနေရမှန်း မသိကြပါ။ သို့သော်လည်း ‌၎င်းတို့သည် HPV ပိုးကို တခြားသူများထံသို့ ကူးစက်စေနိုင်ပါသေးသည်။ အန္တရာယ်ဖြစ်နိုင်ခြေများသည့် HPV အမျိုးအစားများသည် ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်းများစွာ ရှိနေနိုင်ပါသည်။ လူတစ်ဦးသည် တစ်ပြိုင်တည်းတွင် ပိုးအမျိုးအစားတစ်ခုထက်ပို၍ ရှိနိုင်ပါသည်။ 

HPV ကို မည်သို့ကာကွယ်ရမည်နည်း

လိင်အင်္ဂါ HPV သို့မဟုတ် အန္တရာယ်မြင့် HPV ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန်-

  • အကြံပြုထားသည့်အတိုင်း HPV ကာကွယ်ဆေး ထိုးနှံပါ။
  • လိင်ဆက်ဆံနေစဉ်အတွင်း ကွန်ဒုံး အသုံးပြုပါ။
  • လိင်ဆက်ဆံဖော်အရေအတွက်ကို ကန့်သတ်ပါ။  
  • သားအိမ်ခေါင်း စစ်ဆေးမှုများနှင့် HPV စစ်ဆေးမှုများကဲ့သို့သော ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ပါ။

သင်၏ ကုသရေးအဖွဲ့ကို မေးရန် မေးခွန်းများ

  • HPV ဆိုသည်မှာ အဘယ်နည်း၊ ၎င်းသည် မည်သို့ ကူးစက်ပျံ့နှံ့သနည်း။
  • ကျွန်ုပ်ကလေးသည် လိင်ဆက်ဆံမှုမရှိရင် HPV ကူးစက်ခံရနိုင်ပါသလား။
  • HPV ကြောင့် မည်သည့်ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်နိုင်သနည်း။
  • ကျွန်ုပ်ကလေးသည် မည်သည့်အချိန်တွင် HPV ကာကွယ်ဆေး ထိုးနှံသင့်သနည်း။
  • ကျွန်ုပ်ကလေးသည် HPV ကာကွယ်ဆေး အကြိမ်မည်မျှထိုးရန် လိုအပ်ပါသနည်း။
  • HPV ကာကွယ်ဆေးထိုးနှံခြင်းကို ယောက်ျားလေးနှင့် မိန်းကလေးနှစ်ဦးစလုံးအတွက် အကြံပြုထားပါသလား။
  • ကျွန်ုပ်ကလေးတွင် HPV ကြောင့်ဖြစ်သည့် ကြွက်နို့များ သို့မဟုတ် တခြားပြဿနာများရှိပါက ဘာလုပ်သင့်သနည်း။

HPV နှင့် ပတ်သက်သည့် အဓိကအချက်များ

  • HPV (လူပါပီလိုမာဗိုင်းရပ်စ်) သည် အရေပြားနှင့် အမြှေးပါးများကို ထိခိုက်စေသည့် အဖြစ်များသော ဗိုင်းရပ်စ်အုပ်စုတစ်ခု ဖြစ်ပါသည်။
  • HPV အမျိုးအစားအချို့သည် အရေပြား၊ ပါးစပ် သို့မဟုတ် လိင်အင်္ဂါများတွင် ရောဂါများကို ဖြစ်စေနိုင်ပါသည်။ အခြား အန္တရာယ်မြင့် အမျိုးအစားများသည် အချို့သောကင်ဆာများ ဖြစ်နိုင်ခြေကို မြင့်မားစေပါသည်။
  • HPV သည် အထူးသဖြင့် လိင်ဆက်ဆံနေစဉ်အတွင်း အရေပြားချင်းထိတွေ့မှုမှတစ်ဆင့် ကူးစက်ပျံ့နှံ့ပါသည်။
  • လူအများစုသည် ဘဝတွင် HPV ပိုးတစ်မျိုးမျိုး ကူးစက်မှုရှိနိုင်သော်လည်း ရောဂါလက္ခဏာများမပြသဘဲ သူ့အလိုလို ပျောက်ကင်းသွားပါသည်။
  • ဆရာဝန်များသည် အမျိုးသမီးများတွင် Pap စမ်းသပ်မှုများနှင့် သားအိမ်ခေါင်း စစ်ဆေးမှုများ အပါအဝင် စမ်းသပ်မှုများနှင့် စစ်ဆေးမှုများမှ HPV နှင့် ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာပြဿနာများကို ရှာဖွေနိုင်ပါသည်။
  • ဂါဒါဆယ်လ် 9 (Gardasil 9) သည် ကင်ဆာနှင့် လိင်အင်္ဂါကြွက်နို့အများစုကို ဖြစ်စေသော HPV အမျိုးအစားများကို ကာကွယ်ပေးပါသည်။
  • ကလေးများနှင့် ဆယ်ကျော်သက်များအတွက် HPV ကာကွယ်ဆေးထိုးနှံခြင်းအကြောင်းကို သင့်စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါ။

နောက်ထပ် သတင်းအချက်အလက်များ ရှာဖွေရန်


ပြန်လည်သုံးသပ်သည့် ရက်စွဲ- အောက်တိုဘာလ 2025 ခုနှစ်

ဆက်စပ် အကြောင်းအရာများ