အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ကလေးဘဝတွင် ကင်ဆာရောဂါမှ လွတ်မြောက်လာသူများအတွက် HPV ကာကွယ်ဆေး

HPV ဆိုတာ ဘာလဲ။

နှာခေါင်းစည်းတပ်ဆင်ထားသောဆရာဝန်က မိန်းကလေးငယ်တစ်ဦးအား ပလာစတာကပ်ပေးနေသည်။

HPV ကာကွယ်ဆေးသည် ဘေးကင်းပြီး၊ ထိရောက်မှုရှိကာ၊ အာနိသင် ရေရှည်ခံကြောင်း သုတေသနပြုချက်များအရ သိရသည်။

လူပါပီလိုမာဗိုင်းရပ်စ် (HPV) သည် ကင်ဆာရောဂါ 6 မျိုးအထိ ဖြစ်ပွားစေနိုင်သော အတွေ့ရများသည့် ဗိုင်းရပ်စ်တစ်ခု ဖြစ်သည်။ HPV ကာကွယ်ဆေးထိုးခြင်းသည် HPV ကြောင့်ဖြစ်ပွားသော ကင်ဆာရောဂါများ၏ 90% ကျော်ကို ကာကွယ်ပေးနိုင်သည်။

ကင်ဆာရောဂါ ကာကွယ်ခြင်းသည် ကလေးဘဝတွင် ကင်ဆာရောဂါမှ လွတ်မြောက်လာသူများအတွက် အထူးပင် အရေးကြီးပါသည်။ လေ့လာမှုအများအပြားအရ ကလေးဘဝတွင် ကင်ဆာရောဂါမှ လွတ်မြောက်လာသူများသည် အသက်ကြီးလာသည်နှင့်အမျှ သာမန်လူထုအတွင်းရှိ ၎င်းတို့နှင့် အသက်တူသူများနှင့် နှိုင်းယှဉ်ပါက ဒုတိယအကြိမ် ကင်ဆာရောဂါ ထပ်မံဖြစ်ပွားနိုင်ခြေ အနည်းငယ် ပိုများကြောင်း သိရသည်။

လူဦးရေ၏ 80 ရာခိုင်နှုန်းသည် ၎င်းတို့၏ သက်တမ်းတစ်လျှောက်တွင် HPV ဗိုင်းရပ်စ်ဒဏ်ကို ခံရမည် ဖြစ်သည်။ လိင်မှုကိစ္စ တက်ကြွစွာရှိနေသော အမျိုးသားနှင့် အမျိုးသမီး အားလုံးနီးပါးသည် ၎င်းတို့၏ ဘဝတစ်ချိန်ချိန်တွင် HPV ပိုး ကူးစက်ခံရတတ်သည်။ အမေရိကန်နိုင်ငံတွင် နှစ်စဉ် လူဦးရေ 14 သန်းခန့် HPV ပိုး ကူးစက်ခံနေရသည်။ ဒုတိယ အဖြစ်အများဆုံး လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါမှာ ကလိုင်မီးဒီးယား (chlamydia) ဖြစ်ပြီး နှစ်စဉ် လူနာသစ် 3 သန်းခန့် ရှိသည်။

HPV ကူးစက်မှု၏ 90 ရာခိုင်နှုန်းခန့်သည် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း အလိုအလျောက် ပျောက်ကွယ်သွားတတ်ပြီး၊ မည်သည့်လက္ခဏာမျှ မပြတတ်သလို၊ ကင်ဆာရောဂါလည်း မဖြစ်ပွားစေပါ။ အားကောင်းသော ကိုယ်ခံအားသည် အများစုသော HPV ကူးစက်မှုကို ရှင်းရန်ကူညီပါလိမ့်မည်။

သို့ရာတွင်၊ အချို့ ကိုယ်ခံအားစနစ်များသည် HPV ကို မတိုက်ဖျက်နိုင်ကြပါ။ အကယ်၍ ပိုးကူးစက်မှုသည် နှစ်ပေါင်းများစွာ ကြာရှည်နေပါက၊ ကင်ဆာရောဂါဆီသို့ ဦးတည်သွားနိုင်ပါသည်။

HPV သည် ကင်ဆာရောဂါ 6 မျိုးကို ဖြစ်ပွားစေနိုင်သည်-

  • စအို
  • သားအိမ်ခေါင်း
  • အော်ရိုဖာရင်ဂျီယယ် (ပါးစပ်အနောက်ပိုင်းနှင့် လည်ချောင်း)
  • လိင်တံ
  • မိန်းမကိုယ်
  • မိန်းမကိုယ်အပြင်ဘက်နှုတ်ခမ်း

HPV သည် အမျိုးသမီးများတွက် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရန် အဓိက အကြောင်းရင်းဖြစ်သည်။ ဆေးရွက်ကြီးနှင့် အရက်ပြီးလျှင် HPV သည် အမျိုးသားများတွင် အော်ရိုဖာရင်ဂျီယယ် (လည်ချောင်း) ကင်ဆာ ဖြစ်ပွားမှုကို ပိုမို ဖြစ်စေနိုင်သော အကြောင်းရင်းတစ်ခု ဖြစ်သည်။

HPV ကာကွယ်ဆေးသည် ဘေးကင်းပြီး၊ ကင်ဆာ ၆ မျိုးကို ကာကွယ်ရာတွင် ထိရောက်မှုရှိကာ၊ အာနိသင် ရေရှည်ခံပါသည်

ကလေးဘဝတွင် ကင်ဆာရောဂါမှ လွတ်မြောက်လာသူများသည် HPV ကာကွယ်ဆေးကို ထိုးနှံသင့်သည်။ HPV ကာကွယ်ဆေး ထိုးနှံရန် အကောင်းဆုံးအချိန်မှာ အသက် 9-12 နှစ် ဖြစ်သည်။

HPV ကာကွယ်ဆေးဆိုတာ ဘာလဲ။

ကာကွယ်ဆေးသည် သင့်ကိုယ်ခံအားစနစ်က အချို့သော ကူးစက်ရောဂါများကို တိုက်ဖျက်နိုင်ရန် ကူညီပေးသည်။ HPV ကာကွယ်ဆေးသည် ခန္ဓာကိုယ်ကို HPV ကူးစက်မှုမှ ကာကွယ်ပေးမည့် ကိုယ်ခံအားစနစ်ကို ပဋိပစ္စည်းများ ထုတ်လုပ်စေပါသည်

အမေရိကန် ကင်ဆာအဖွဲ့အစည်း (American Cancer Society) က ကလေးဘဝတွင် ကင်ဆာရောဂါမှ လွတ်မြောက်လာသူများ အပါအဝင် အသက် 9-12 နှစ်ကြားရှိ ယောက်ျားလေးများနှင့် မိန်းကလေးများ အားလုံး HPV ကာကွယ်ဆေး ထိုးနှံကြရန် အကြံပြုထားသည်။

HPV ထိုးဆေးသည် လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် ကူးစက်တတ်သော HPV ဗိုင်းရပ်စ်နှင့် မထိတွေ့မီတွင် ထိုးနှံပါက အထိရောက်ဆုံးဖြစ်သည်။ HPV ကာကွယ်ဆေး ထိုးနှံရန် အကောင်းဆုံးအချိန်မှာ အသက် 9-12 နှစ် ဖြစ်သည်။ ဤအသက်အရွယ်များတွင် ကိုယ်ခံအား တုံ့ပြန်မှုသည် အကောင်းဆုံး ဖြစ်သည်။ ကလေးသူငယ် အားလုံးနီးပါးသည် HPV ဗိုင်းရပ်စ်နှင့် ထိတွေ့ဖူးခြင်း ရှိဦးမည် မဟုတ်ပါ။ ကလေးများသည် အသက် 16 နှစ်မပြည့်မီတွင် ကိုယ်ခံအား တုံ့ပြန်မှု အားအကောင်းဆုံး ရှိကြသည်။

ကျောင်းတက်ရန်အတွက် ဤကာကွယ်ဆေးထိုးရန် မဖြစ်မနေ မသတ်မှတ်ထားသော်လည်း ကလေးများကို HPV ကာကွယ်ဆေး ထိုးနှံပေးသင့်သည်။ အသက် 9-12 နှစ်အတွင်း HPV ကာကွယ်ဆေး ထိုးနှံခြင်းသည် HPV ကြောင့်ဖြစ်သော ကင်ဆာရောဂါများကို အကောင်းဆုံး ကာကွယ်မှု ရရှိစေရန် သေချာစေသည်။ HPV ကာကွယ်ဆေးထိုးခြင်းသည် ဘေးကင်းပြီး၊ ထိရောက်မှုရှိကာ၊ အာနိသင် ရေရှည်ခံပါသည်။

အကယ်၍ တစ်ဦးတစ်ယောက်သည် အသက် 9-12 နှစ်ကြားတွင် ကာကွယ်ဆေး မထိုးနှံခဲ့ရပါက၊ လူတိုင်းအတွက် အသက် 26 နှစ်အထိ ထိုးနှံရန် ခွင့်ပြုထားပြီး၊ အသက် 27-45 နှစ်အတွင်းရှိ အချို့သောသူများအတွက်လည်း ထိုးနှံရန် ခွင့်ပြုချက် ရှိပါသည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က အသက် 9-14 နှစ်အတွင်းရှိ ကလေးများနှင့် ဆယ်ကျော်သက်များအတွက် HPV ကာကွယ်ဆေး 2 ကြိမ်ထိုးရန် အကြံပြုထားသည်။ အသက် 15နှစ် ပြည့်ပြီးမှ HPV ကာကွယ်ဆေး စတင်ထိုးနှံသူများအတွက်၊ မူ 3 ကြိမ်ထိုးရန် အကြံပြုထားသည်။

ကလေးဘဝတွင် ကင်ဆာရောဂါမှ လွတ်မြောက်လာသူများ သို့မဟုတ် ကိုယ်ခံအားကျဆင်းနေသူများအတွက်မူ၊ Children's Oncology Group (COG) က အသက်အရွယ်မရွေး HPV ကာကွယ်ဆေး 3 ကြိမ်ထိုးရန် အကြံပြုထားသည်။  

HPV က မည်သို့ ကူးစက်ပျံ့နှံ့သနည်း။

HPV ဗိုင်းရပ်စ် အမျိုးအစား ပေါင်း 200 ကျော် ရှိသည်။ ၎င်းတို့အနက် အမျိုးအစား 40 မှာ မိန်းမကိုယ်၊ စအို သို့မဟုတ် ပါးစပ်ဖြင့် လိင်ဆက်ဆံမှု သို့မဟုတ် လိင်အင်္ဂါနှင့် လက်ချောင်းထိတွေ့မှုများအပါအဝင် လိင်ပိုင်းဆိုင်ရာထိတွေ့မှုမှတစ်ဆင့် အလွယ်တကူ ပျံ့နှံ့နိုင်သည်။ အရေပြားနှင့် ကိုယ်တွင်းအင်္ဂါများကို ဖုံးပေးသော အမြှေးပါးတို့ တိုက်ရိုက် လိင်ပိုင်းဆိုင်ရာ ထိတွေ့မိခြင်းကြောင့် ဗိုင်းရပ်စ်သည် ပိုးရှိသူထံမှ ၎င်း၏အဖော်ထံသို့ ကူးစက်သွားစေသည်။

ပိုးကူးစက်ခံထားရသူ၏ ကိုယ်ခံအားစနစ်က နောက်ဆုံးတွင် ဗိုင်းရပ်စ်ပိုးကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့လျှင်ပင် ထိုပိုးရှိနေစဉ်အတွင်း အခြားသူများထံသို့ HPV ပိုးကို ကူးစက်စေနိုင်ပါသေးသည်။ အခြားသူတစ်ဦး၏ ကိုယ်ခံအားစနစ်သည် (ထိုဗိုင်းရပ်စ်ကို) မတိုက်ဖျက်နိုင်ခြင်းမျိုး ရှိနိုင်ပါသည်။ HPV လက္ခဏာ မပြသောသူများသည်လည်း အခြားသူတစ်ဦးထံသို့ HPV ပိုး ဖြန့်ဝေနိုင်ပြီး ကူးစက်ခံရသူတွင် လက္ခဏာများ ပေါ်လာနိုင်ပါသည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) ၏ ခန့်မှန်းချက်အရ လိင်မှုကိစ္စ တက်ကြွသော အမျိုးသမီး 80% နှင့် အမျိုးသား 90% ကျော်သည် ဘဝတွင် HPV ကူးစက်ခံရမည်ဖြစ်ပြီး၊ ယင်းတို့အနက် ထက်ဝက်ခန့်မှာ အန္တရာယ်ကြီးမားသော သို့မဟုတ် ကင်ဆာဖြစ်စေနိုင်သော HPV အမျိုးအစား ကူးစက်ခံရခြင်း ဖြစ်နိုင်သည်။ လက်ရှိတွင် လူဦးရေ၏ ထက်ဝက်ခန့် (အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံး) ၌ HPV ပိုး ကူးစက်ထားခြင်း ခံရသည် (အသက် 14-59 နှစ်အတွင်းရှိ အမျိုးသမီး 42.5% ၊ အသက် 20–24 နှစ်အတွင်းရှိ အမျိုးသမီး 53.8% ၊ အသက် 18–70 နှစ်အတွင်းရှိ အမျိုးသား 52–69%)။

HPV ကို မည်သို့ ကာကွယ်ရမည်နည်း

HPV ပိုးကို ကာကွယ်ရန် ကလေးဘဝနှင့် ဆယ်ကျော်သက်အရွယ် ကင်ဆာရောဂါမှ လွတ်မြောက်လာသူများသည် အောက်ပါတို့ကို လုပ်ဆောင်သင့်သည်-

  • ကာကွယ်ဆေးထိုးပါ- HPV ကာကွယ်ဆေးသည် ဘေးကင်းပြီး၊ ထိရောက်မှုရှိကာ၊ အာနိသင် ကြာရှည်ခံပါသည်။
  • လိင်ဆက်ဆံစဉ်အတွင်း ကွန်ဒုံးကို စနစ်တကျ မှန်ကန်စွာ အသုံးပြုပါ- ဤအရာက HPV ကူးစက်နိုင်ခြေကို လျှော့ချပေးမည် ဖြစ်သော်လည်း ကွန်ဒုံးသည် အရေပြားထိတွေ့သည့် နေရာအားလုံးကို ဖုံးအုပ်ပေးနိုင်ခြင်း မရှိပါ။
  • တစ်လင်တစ်မယားစနစ် ဆက်ဆံရေးရှိပါစေ - သို့မဟုတ် သင့်အပေါ်၌သာ သစ္စာရှိသော (သင့်တစ်ဦးတည်းနှင့်သာ လိင်ဆက်ဆံသော) သူနှင့်သာ လိင်ဆက်ဆံပါ။
  • သားအိမ်ခေါင်းကင်ဆာ ရှိ၊ မရှိ စစ်ဆေးရန်ပုံမှန် သားအိမ်ခေါင်းအချွဲမြှေး ယူ၍ စစ်ဆေးခြင်း ခံယူပါ-  အသက် 21-29 နှစ်ကြားရှိ အမျိုးသမီးများသည် 3 နှစ်လျှင် တစ်ကြိမ် စစ်ဆေးမှု ခံယူသင့်သည်။ အသက် 30-65 နှစ်အတွင်းရှိ အမျိုးသမီးများသည် သားအိမ်ခေါင်းအချွဲမြှေး ယူ၍ စစ်ဆေးခြင်းနှင့် HPV စစ်ဆေးမှု နှစ်ခုတွဲကို 5 နှစ်လျှင် တစ်ကြိမ် ခံယူနိုင်သည်၊ သို့မဟုတ် သားအိမ်ခေါင်းအချွဲမြှေး ယူ၍ စစ်ဆေးခြင်းတစ်ခုတည်းကို 3 နှစ်လျှင် တစ်ကြိမ် ခံယူနိုင်ပါသည်။

HPV ကာကွယ်ဆေးနှင့် ပတ်သက်သည့် အမှားနှင့် အမှန်များ

HPV သည် လိင်ကိစ္စဆက်နွှယ်နေသောကြောင့် ၎င်းကူးစက်မှု၊ ပျံ့နှံ့ပုံနှင့် ထိုးဆေး၏ သက်ရောက်မှုများနှင့် ပတ်သက်၍ လွဲမှားသော အယူအဆများစွာ ရှိနေကြသည်။

HPV ကာကွယ်ဆေး ရရှိနိုင်ပုံ

သင့်ကလေး၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ကာကွယ်ဆေးထိုးခြင်းအကြောင်း မေးမြန်းပါ သို့မဟုတ် ဒေသန္တရ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပါ။

ကာကွယ်ဆေးသည် ပုဂ္ဂလိက အာမခံ အစီအစဉ် အများစုတွင် အကျုံးဝင်သည်။

 ကလေးများအတွက် ကာကွယ်ဆေး (VFC) အစီအစဉ် သည် အာမခံမရှိသော၊ ဆေးဝါးအကူအညီအတွက် သတ်မှတ်ချက်ပြည့်မီသော၊ အမေရိကန် အင်ဒီယန်း သို့မဟုတ် အလက်စကာ တိုင်းရင်းသား၊ အသက် 18 နှစ်နှင့် အောက်ကလေးများအတွက်ဖြစ်သည်။ သတ်မှတ်ချက်ပြည့်မီသော ကလေးများအတွက် VFC ပံ့ပိုးသူမှ ပေးသော ကာကွယ်ဆေးများအတွက် ကျသင့်ငွေ မရှိပါ။

အသက် 19 နှစ်အောက် ဖြစ်ပြီး အောက်ပါ သတ်မှတ်ချက်တစ်ခုခုနှင့် ကိုက်ညီသော မည်သည့်ကလေးမဆို ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိသည် -

  • ဆေးဝါးအကူအညီအတွက် အကျုံးဝင်သူ
  • အာမခံမရှိသူ
  • အမေရိကန် အင်ဒီယန်း သို့မဟုတ် အလက်စကာ တိုင်းရင်းသား
  • အာမခံ အပြည့်အဝမရရှိသူ (ဆိုလိုသည်မှာ သင့်ကလေးတွင် ကျန်းမာရေးအာမခံ ရှိသော်လည်း၊ ၎င်းသည် ကာကွယ်ဆေးကို အကျုံးမဝင်ခြင်း ဖြစ်သည်။ VFC အစီအစဉ်တွင် စာရင်းသွင်းထားသော ကျန်းမာရေးစောင့်ရှောက်မှုပေးသူ 40,000 ကျော် ရှိသည်။)

အပိုဆောင်း အချက်အလက်များ


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဖေဖော်ဝါရီလ 2024

ဆက်စပ်အကြောင်းအရာများ