အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


လူသားတို့၏ ကိုယ်ခံအားကျဆင်းစေသော ဗိုင်းရပ်စ်ပိုး (HIV)

HIV ဆိုတာ ဘာလဲ။

လူသားတို့၏ ကိုယ်ခံအားကျဆင်းစေသော ဗိုင်းရပ်စ်ပိုး (HIV) သည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို အားနည်းသွားစေသည့် ဗိုင်းရပ်စ်ပိုး ဖြစ်သည်။ HIV သည် ရောဂါကူးစက်မှုများကို တိုက်ဖျက်ပေးသည့် သွေးဖြူဥအမျိုးအစားတစ်ခုဖြစ်သော ခန္ဓာကိုယ်၏ CD4 ဆဲလ်များ (helper T cells) ကို တိုက်ခိုက်ဖျက်ဆီးပစ်သည်။ သင့်တွင် CD4 ဆဲလ်များ လုံလောက်စွာ မရှိပါက၊ သင့်ခန္ဓာကိုယ်သည် သင့်ကို ဖျားနာစေမည့် ပိုးမွှားများကို မကာကွယ်နိုင်တော့ပါ။

HIV ပိုး ကူးစက်ခံရပြီးပါက၊ ၎င်းသည် တစ်သက်တာလုံး ရှိနေမည့် အခြေအနေ ဖြစ်သည်။ လက်ရှိတွင် ၎င်းကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်သော ဆေးမရှိသေးပါ။ သို့သော် စနစ်တကျ ကုသမှုခံယူပါက၊ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ထားနိုင်ပြီး၊ HIV ပိုးနှင့်အတူ ကျန်းမာသောဘဝကို ဖြတ်သန်းနိုင်သည်။

အကယ်၍ HIV ကို မကုသဘဲထားပါက၊ ၎င်းသည် ခန္ဓာကိုယ်မှ ရောဂါများကို မကာကွယ်နိုင်တော့သည့် အခြေအနေဖြစ်သော နောက်ဆက်တွဲ ခုခံအားကျဆင်းမှု ကူးစက်ရောဂါစု (AIDS)သို့ ဦးတည်သွားနိုင်သည်။

HIV သည် သွေး သို့မဟုတ် အခြားသော ခန္ဓာကိုယ်အရည်များမှတစ်ဆင့် တစ်ဦးမှတစ်ဦးသို့ ကူးစက်ပျံ့နှံ့သည်။ HIV ပိုးရှိသော မိခင်တစ်ဦးသည် ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ် သို့မဟုတ် မိခင်နို့တိုက်ကျွေးစဉ်အတွင်း ၎င်း၏ ကလေးထံသို့ ဗိုင်းရပ်စ်ပိုး လက်ဆင့်ကမ်း ကူးစက်စေနိုင်သည်။ အကယ်၍ မိခင်ဖြစ်သူက စနစ်တကျ ဆေးဝါးကုသမှု ခံယူထားပါက HIV ပိုးရှိသော မိခင်များမှ မွေးဖွားလာသည့် ကလေးအများစုတွင် HIV ပိုး ကူးစက်ခြင်း မရှိပါ။

ကလေးများနှင့် ဆယ်ကျော်သက်များအတွက်၊ အချိန်မီ HIV ကုသမှုခံယူရန် အထူးပင် အရေးကြီးရသည့်အကြောင်းမှာ ၎င်းတို့၏ ကိုယ်ခံအားစနစ်သည် ဖွံ့ဖြိုးဆဲအဆင့်သာ ရှိသေးသောကြောင့် ဖြစ်သည်။ HIV ကို စောစီးစွာ ကုသခြင်းသည် ကျန်းမာစွာ နေထိုင်နိုင်ရန်နှင့် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန်အတွက် အဓိသော့ချက်ဖြစ်ပါသည်။

HIV ၏ ရောဂါလက္ခဏာများ 

HIV ၏ ရောဂါလက္ခဏာများသည် တစ်ဦးနှင့် တစ်ဦး မတူညီနိုင်ဘဲ အသက်အရွယ်၊ HIV ပိုးကူးစက်မှု အဆင့်နှင့် ယေဘုယျ ကျန်းမာရေးအခြေအနေတို့အပေါ် မူတည်နိုင်သည်။ HIV ၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည် -

  • ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
  • မှက္ခရုနာဖြစ်ခြင်း (မှိုပိုးကူးစက်မှုကြောင့် ပါးစောင်နှင့် လျှာပေါ်တွင် အဖြူကွက်များ ဖြစ်ပေါ်ခြင်း)
  • ခဏခဏ ပိုးဝင်ခြင်း သို့မဟုတ် မကြာခဏ ဖျားနာခြင်း
  • ကလေးငယ်များတွင် ကြီးထွားမှု နှေးကွေးခြင်း သို့မဟုတ် ဖွံ့ဖြိုးမှု နောက်ကျခြင်း
  • ဝမ်းလျှောခြင်း
  • ဖျားနာမှု ကြာရှည်ခြင်း
  • ကိုယ်အလေးချိန် ကျဆင်းခြင်း
  • ခေါင်းကိုက်ခြင်း
  • ကိုယ်လက်ကိုက်ခဲခြင်း
  • နေထိုင်မကောင်းဖြစ်ခြင်း
  • ညအချိန် ချွေးစေးထွက်ခြင်း

HIV ရောဂါရှာဖွေတွေ့ရှိမှု

သင့်ကျန်းမာရေး စောင့်ရှောက်မှုပေးသူက ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ပြီး ရောဂါလက္ခဏာများနှင့် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့မိနိုင်ခြေ ရှိ၊ မရှိတို့ကို မေးမြန်းပါမည်။

HIV ပိုး ရှိ၊ မရှိ စစ်ဆေးသည့် စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်သည် -

  • အန်တီဘော်ဒီပဋိပစ္စည်း စစ်ဆေးခြင်း- ခန္ဓာကိုယ်မှ HIV ပိုးကို တိုက်ဖျက်ရန် ထုတ်လုပ်လိုက်သော ပရိုတင်းများ ဖြစ်သည့် HIV ခုခံပစ္စည်း များ ရှိ၊ မရှိကို သွေး သို့မဟုတ် ခံတွင်းတို့မှတစ်ဆင့် တို့ဖတ်ယူ၍ စစ်ဆေးခြင်း ဖြစ်သည်။ ဤစစ်ဆေးမှုသည် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့မိပြီးနောက် HIV ပိုးရှိကြောင်း အဖြေထွက်လာစေရန် 3-12 ပတ်အထိ ကြာမြင့်နိုင်သည်။
  • အန်တီဂျင်/အန်တီဘော်ဒီ စစ်ဆေးခြင်း- HIV ခုခံပစ္စည်းများနှင့် HIV ဗိုင်းရပ်စ်ပိုး (အန်တီဂျင်) ၏ အစိတ်အပိုင်းတစ်ခုကို စစ်ဆေးသည့် သွေးစစ်ဆေးမှုတစ်ခု ဖြစ်သည်။ ဤစစ်ဆေးမှုသည် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့မိပြီးနောက် 2-6 ပတ်ဝန်းကျင်တွင် HIV ပိုးကို စစ်ဆေးတွေ့ရှိနိုင်သည်။
  • နျူကလစ်အက်ဆစ် စစ်ဆေးခြင်း (NAT)- သွေးထဲတွင် HIV ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇရုပ်ဝတ္ထု (RNA) ရှိ၊ မရှိကို စစ်ဆေးသည့် သွေးစစ်ဆေးမှုတစ်ခု ဖြစ်သည်။ ဤစစ်ဆေးမှုသည် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့မိပြီးနောက် 1-4 ပတ်ဝန်းကျင်တွင် HIV ပိုးကို စစ်ဆေးတွေ့ရှိနိုင်သည်။

HIV စစ်ဆေးမှုအဖြေသည် ပိုးရှိခြင်း သို့မဟုတ် ပိုးမရှိခြင်း ဟူ၍ ထွက်နိုင်သည်။

  • HIV ပိုးရှိသည် ဆိုသည်မှာ သင့်တွင် လူသားတို့၏ ကိုယ်ခံအားကျဆင်းစေသော ဗိုင်းရပ်စ်ပိုး (HIV) ကူးစက်ခံထားရသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
  • HIV ပိုးမရှိပါ ဆိုသည်မှာ သင့်တွင် လူသားတို့၏ ကိုယ်ခံအားကျဆင်းစေသော ဗိုင်းရပ်စ်ပိုး (HIV) ကူးစက်ခံထားရခြင်း မရှိဟု ဆိုလိုခြင်း ဖြစ်သည်။

HIV ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ရောဂါကို စောစီးစွာ သိရှိခြင်းသည် ကုသမှု စတင်ရန်နှင့် သင့်ကျန်းမာရေးနှင့် လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ရန်အတွက် အလွန်အရေးကြီးပါသည်။

HIV ပိုးကူးစက်မှု အဆင့်ဆင့်

HIV ပိုးကူးစက်မှုသည် အဆင့် 3 ဆင့်ဖြင့် တိုးမြင့်ဖြစ်ပွားတတ်သည်-

အဆင့် 1- လတ်တလော HIV ပိုးကူးစက်ခံရသည့် အဆင့်

ဤ HIV ၏ အစောပိုင်းအဆင့်သည် ပိုးကူးစက်ခံရပြီး 2-4 ပတ်အကြာတွင် ခန္ဓာကိုယ်က ဗိုင်းရပ်စ်ပိုးကို တုံ့ပြန်သည့်အနေဖြင့် ဖြစ်ပေါ်လာတတ်သည်။ ၎င်းသည် ရက်အနည်းငယ်မှ ရက်သတ္တပတ်အနည်းငယ်အထိ ကြာမြင့်နိုင်သော တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများကို ဖြစ်ပွားစေနိုင်သည်။ ဤလက္ခဏာများတွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းနှင့် အရေပြားတွင် အနီစက်များထွက်ခြင်းတို့ ပါဝင်နိုင်သည်။ ဤအဆင့်တွင်၊ သင့်၌ မည်သည့်လက္ခဏာမျှ မရှိနိုင်သလို ပိုးကူးစက်ခံထားရမှန်းလည်း မသိသာနိုင်ပါ။

အဆင့် 2- နာတာရှည် HIV ပိုးကူးစက်မှုအဆင့်

ဤအဆင့်ကို ရောဂါလက္ခဏာမပြဘဲ ပိုးအောင်းနေသည့်အဆင့်ဟုလည်း ခေါ်ဆိုသည်။ ဤအဆင့်တွင်၊ HIV ဗိုင်းရပ်စ်သည် သိပ်ပြီးလှုပ်ရှားမှုမရှိသော်လည်း၊ ခန္ဓာကိုယ်ထဲ၌ ဆက်လက်၍ ပွားများနေနိုင်ဆဲ ဖြစ်သည်။ သင့်တွင် ပေါ့ပါးသော လက္ခဏာများသာ ရှိနိုင်သည် သို့မဟုတ် မည်သည့်လက္ခဏာမျှ မရှိဘဲ ဖြစ်နိုင်သည်။ သင့်တွင် ရောဂါလက္ခဏာ မရှိသော်လည်း၊ အခြားသူများထံသို့ HIV ပိုးကို ဆက်လက်ဖြန့်ဝေ ကူးစက်စေနိုင်သည်။ စနစ်တကျ ဂရုစိုက်ကုသမှုခံယူပါက၊ လူအများစုသည် နောက်ထပ်အဆင့်ဖြစ်သော အေအိုင်ဒီအက်စ် (AIDS) အဆင့်သို့ ကူးပြောင်းသွားခြင်း မရှိတော့ပါ။

HIV ပိုးမဝင်ခင် အခြေအနေမှသည် နာတာရှည် HIV ပိုးကူးစက်မှုနှင့် AIDS ရောဂါအဆင့်အထိ ဖြစ်ပွားမှုကို ပြသနေသည့် သွေးပြွန်ချောင်းများ

ကုသမှုမခံယူပါက HIV သည် တစ်ဆင့်ပြီးတစ်ဆင့် တိုးမြင့်လာပြီး နောက်ဆုံးတွင် AIDS (ရရှိလာသော ကိုယ်ခံအားကျဆင်းမှု ရောဂါလက္ခဏာစု) အဆင့်သို့ ရောက်ရှိသွားနိုင်သည်။

အဆင့် 3- ရရှိလာသော ကိုယ်ခံအားကျဆင်းမှု ရောဂါလက္ခဏာစု (AIDS)

ဤအဆင့်သည် HIV ကူးစက်မှုတွင် အပြင်းထန်ဆုံး အဆင့်ဖြစ်သည်။ AIDS အဆင့်တွင်၊ ကိုယ်ခံအားစနစ်သည် အလွန်အမင်း ပျက်စီးပြီး အားနည်းသွားသည်။ CD4 ပမာဏသည် 200 အောက်သို့ လျော့နည်းကျဆင်းသွားသည်။ ထို့ကြောင့် ခန္ဓာကိုယ်သည် ရောဂါပိုးဝင်ရန်နှင့် အချို့သော ကင်ဆာရောဂါများအပါအဝင် AIDS နှင့် ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပွားရန် အန္တရာယ်ကြီးမားလာစေသည်။

AIDS ရောဂါ၏ ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည် -

  • ကိုယ်အလေးချိန် ကျဆင်းခြင်း
  • ဖျားခြင်းနှင့် ချွေးထွက်ခြင်း
  • အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း
  • အားနည်းခြင်း
  • ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
  • အဆုတ်ပိုးဝင်ခြင်း သို့မဟုတ် အခြားသော ပိုးဝင်ရောက်မှုများ ဖြစ်ခြင်း
  • ဝမ်းလျှောခြင်း
  • အရေပြားဆိုင်ရာ ပြဿနာများ ဖြစ်ခြင်း
  • ခံတွင်း၊ စအိုဝ (သို့မဟုတ်) မျိုးပွားအင်္ဂါများတွင် အနာများဖြစ်ခြင်း
  • မှိုပိုးဝင်ခြင်း (ခံတွင်း သို့မဟုတ် မိန်းမကိုယ်)
  • တင်ပဆုံအတွင်းရှိ အင်္ဂါများ ရောင်ရမ်းခြင်း (PID)
  • မှတ်ဉာဏ်ချို့ယွင်းခြင်း

HIV ကို ကုသခြင်း

လက်ရှိတွင် HIV ပိုးကူးစက်မှုကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်သော ဆေးမရှိသေးပါ။ ပိုးကူးစက်ခံရပြီးပါက၊ သင့်တွင် HIV ပိုးသည် တစ်သက်တာလုံး ရှိနေမည်ဖြစ်သည်။ ကုသမှုများသည် သင့်အား ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန်နှင့် အခြားသူများထံသို့ ပျံ့နှံ့ကူးစက်မှုကို ကာကွယ်ရန် ကူညီပေးနိုင်သည်။

ART ဆေးမသောက်မီနှင့် ART ဆေးသောက်ပြီးနောက် သွေးပြွန်ချောင်း

HIV တားဆေး (ART) ၏ ရည်မှန်းချက်မှာ ခန္ဓာကိုယ်တွင်းရှိ HIV ပိုးပမာဏကို စစ်ဆေး၍မတွေ့နိုင်သော အဆင့်ထိ လျော့ကျသွားစေရန် ဖြစ်သည်။

HIV တားဆေး (ART)

HIV ကုသမှုတွင် ကိုယ်ခံအားစနစ်ကို ကျန်းမာအောင် ထိန်းသိမ်းပေးသည့် ဆေးဝါးများဖြစ်သော HIV တားဆေး (ART) ဆေးဝါးများကို သောက်သုံးခြင်း ပါဝင်သည်။ ဤဆေးဝါးများသည် ခန္ဓာကိုယ်အတွင်းရှိ HIV ဗိုင်းရပ်စ်ပိုး ပမာဏကို လျှော့ချပေးရန် ကူညီပေးသည်။ ၎င်းကို “ဗိုင်းရပ်စ်ပမာဏ လျှော့ချခြင်း” သို့မဟုတ် “ဗိုင်းရပ်စ်ပိုး နှိမ်နင်းခြင်း” ဟု ခေါ်ဆိုသည်။ 

HIV ကုသမှုသည် ဗိုင်းရပ်စ်ပမာဏကို စစ်ဆေး၍မတွေ့နိုင်သော အဆင့်၊ သို့မဟုတ် သွေးတစ်မီလီလီတာတွင် ပိုးကောင်ရေ 20 ထက်နည်းသော အဆင့်ထိ လျှော့ချရန် ရည်ရွယ်သည်။

ART ၏ ရည်မှန်းချက်မှာ သင့်ခန္ဓာကိုယ်ရှိ HIV ပမာဏကို အလွန်နည်းပါးသွားအောင် ပြုလုပ်ပေးရန်ဖြစ်ပြီး သွေးစစ်သည့်အခါတွင်ပင် HIV ဗိုင်းရပ်စ်ပိုး မပေါ်လာတော့သည်အထိ ဖြစ်သည်။ အကယ်၍ HIV ပမာဏမှာ စစ်ဆေး၍မတွေ့နိုင်သော အဆင့်တွင် ရှိနေပါက၊ လိင်ဆက်ဆံမှုမှတစ်ဆင့် HIV ကူးစက်ပြန့်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။ ၎င်းကို စစ်ဆေး၍မတွေ့ = ကူးစက်မှုမရှိ (U=U)ဟု လူသိများသည်။ ဤအခြေအနေသို့ ရောက်ရှိရန် ART ဆေးကို 1-6 လအထိ သောက်သုံးရနိုင်ပါသည်။ 

HIV ဗိုင်းရပ်စ်ပိုး ပမာဏ လျော့နည်းသွားခြင်းနှင့်အတူ၊ CD4 ဆဲလ်အရေအတွက် တိုးလာနိုင်သဖြင့် ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်မည် ဖြစ်သည်။ 

မိမိဆေးဝါးများကို ညွှန်ကြားထားသည့်အတိုင်း သောက်သုံးရန်နှင့် 3-6 လတစ်ကြိမ် သွေးစစ်ရန် ချိန်းဆိုထားသော ရက်ချိန်းများအားလုံးသို့ သွားရောက်ရန် အရေးကြီးပါသည်။ 

CD4 အရေအတွက်- ကျွန်ုပ်၏ CD4 စစ်ဆေးမှုအဖြေက ဘာကို ဆိုလိုတာလဲ။

CD4 အရေအတွက်ဆိုသည်မှာ သင့်ကိုယ်ခံအားစနစ် မည်မျှကြံ့ခိုင်မှုရှိကြောင်း ပြသသည့် သွေးစစ်ဆေးမှုတစ်ခု ဖြစ်သည်။ HIV သည် CD4 ဆဲလ်များကို တိုက်ခိုက်သောကြောင့်၊ CD4 အရေအတွက် နည်းပါးခြင်းသည် သင့်ကိုယ်ခံအားစနစ် ပိုမိုအားနည်းနေခြင်းကို ဆိုလိုသည်။

  • CD4 အရေအတွက် နည်းခြင်း- 500 cells/mm3 အောက်
  • ပုံမှန် CD4 အရေအတွက် - 500mm3 မှ 1,200 cells/mm3 အထိ
  • CD4 အရေအတွက် များခြင်း- 1,200 cells/mm3 အထက်

ဤအရာများသည် ယေဘုယျ သတ်မှတ်ချက်အတိုင်းအတာများသာ ဖြစ်သည်။ ဤအဖြေများသည် သင့်အတွက် မည်သည့်အဓိပ္ပာယ်ရှိသည်ကို သိရှိနိုင်ရန် သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးပါ။

HIV အတွက် ဆေးဝါးများ

HIV ကို ကုသရန် မတူညီသော ဆေးဝါးအမျိုးအစားများ သို့မဟုတ် ဆေးအုပ်စုများကို အသုံးပြုကြသည်။ အချို့ဆေးဝါးများသည် HIV ပိုး မိမိဘာသာဆဲလ်ပွားခြင်းကို တားဆီးရန် အလုပ်လုပ်သည်။ အခြားဆေးဝါးများသည် ဗိုင်းရပ်စ်ပိုးက ကိုယ်ခံအားဆဲလ်များကို ကူးစက်ဖျက်ဆီးခြင်းမှ တားဆီးပေးသည်။ HIV ကုသမှုတွင် ဆေးဝါးများကို ပေါင်းစပ်၍ အသုံးပြုလေ့ရှိသည်။

HIV အတွက် ဆေးဝါးများတွင် အောက်ပါတို့ ပါဝင်သည်-

  • အေဘာကာဗီယာ (Abacavir) (Ziagen®)
  • အေဘာကာဗီယာ (Abacavir)၊ ဒိုလူတဲဂရက်ဗီယာ (dolutegravir)နှင့် လမီဗျူဒင်း (lamivudine) (Triumeq®)
  • အေဘာကာဗီယာ (Abacavir) နှင့် လမီဗျူဒင်း (lamivudine) (Epzicom®)
  • အာတာဇာနာဗီယာ (Atazanavir) (Reyataz®)
  • ဘစ်တက်ဂရာဗီယာ (Bictegravir )/ အမ်ထရီစီတာဘင်း (emtricitabine)/ တီနိုဖိုဗီယာ အာလာဖီနာမိုက် (tenofovir alafenamide) (Biktarvy®)
  • ကာဗိုတက်ဂရာဗီယာ (Cabotegravir) / ရီပီဗီရင်း (rilpivirine) (Cabenuva)
  • ဒါရူနာဗီယာ (Darunavir) / ကိုဘီစီစတက် (cobicistat)/ အမ်ထရီစီတာဘင်း (emtricitabine) / တီနိုဖိုဗီယာ အာလာဖီနာမိုက် (tenofovir alafenamide) (Symtuza®)
  • ဒိုလူတက်ဂရာဗီယာ (Dolutegravir) (Tivicay®)
  • အယ်လ်ဗီတက်ဂရာဗီယာ (Elvitegravir)/ ကိုဘီစီစတက် (cobicistat)/ အမ်ထရီစီတာဘင်း (emtricitabine)/ တီနိုဖိုဗီယာ အာလာဖီနာမိုက် (tenofovir alafenamide) (Genvoya®)
  • အမ်ထရီစီတာဘင်း (Emtricitabine) (Emtriva®)
  • အမ်ထရီစီတာဘင်း (Emtricitabine)/ ရီပီဗီရင်း (rilpivirine)/ တီနိုဖိုဗီယာ အာလာဖီနာမိုက် (tenofovir alafenamide) (Odefsey®)
  • အမ်ထရီစီတာဘင်း (Emtricitabine)/ တီနိုဖိုဗီယာ (tenofovir) (Truvada®)
  • အမ်ထရီစီတာဘင်း (Emtricitabine)/ တီနိုဖိုဗီယာ အာလာဖီနာမိုက် (tenofovir alafenamide) (Descovy®)
  • အီထရာဗီရင်း (Etravirine) (Intelence®)
  • လမီဗျူဒင်း (Lamivudine) (Epivir®)
  • လိုပီနာဗီယာ (Lopinavir)/ ရီတိုနာဗီယာ (Ritonavir) (Kaletra®)
  • နီဗီရာပင်း (Nevirapine) (Viramune®)
  • ရာလ်တက်ဂရာဗီယာ (Raltegravir) (Isentress®)
  • ရီပီဗီရင်း (Rilpivirine) (Edurant®)
  • ရီပီဗီရင်း (Rilpivirine)/ အမ်ထရီစီတာဘင်း (emtricitabine)/ တီနိုဖိုဗီယာ (tenofovir) (Complera®)
  • ရာလ်တက်ဂရာဗီယာ (Raltegravir) (Isentress®)
  • တီနိုဖိုဗီယာ (Tenofovir) (Viread®)
  • ဇီဒိုဗူဒင်း (Zidovudine) (Retrovir®)

ART ၏ ရည်မှန်းချက်မှာ သင့်ခန္ဓာကိုယ်ရှိ HIV ပမာဏကို အလွန်နည်းပါးသွားအောင် ပြုလုပ်ပေးရန်ဖြစ်ပြီး သွေးစစ်သည့်အခါတွင်ပင် HIV ဗိုင်းရပ်စ်ပိုး မပေါ်လာတော့သည်အထိ ဖြစ်သည်။ အကယ်၍ HIV ပမာဏမှာ စစ်ဆေး၍မတွေ့နိုင်သော အဆင့်တွင် ရှိနေပါက၊ လိင်ဆက်ဆံမှုမှတစ်ဆင့် HIV ကူးစက်ပြန့်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။ ဤအခြေအနေသို့ ရောက်ရှိရန် ART ဆေးကို 3-6 လအထိ သောက်သုံးရနိုင်ပါသည်။

HIV ဗိုင်းရပ်စ်ပိုး ပမာဏ လျော့နည်းသွားခြင်းနှင့်အတူ၊ CD4 ဆဲလ်အရေအတွက် တိုးလာနိုင်သဖြင့် ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်မည် ဖြစ်သည်။

မိမိဆေးဝါးများကို ညွှန်ကြားထားသည့်အတိုင်း သောက်သုံးရန်နှင့် 3-6 လတစ်ကြိမ် သွေးစစ်ရန် ချိန်းဆိုထားသော ရက်ချိန်းများအားလုံးသို့ သွားရောက်ရန် အရေးကြီးပါသည်။

HIV ပိုး မည်သို့ ကူးစက်ပျံ့နှံ့သလဲ

HIV သည် သွေး သို့မဟုတ် သုတ်ရည်၊ သုတ်ရည်ကြည် သို့မဟုတ် မိန်းမကိုယ်မှထွက်သော အရည်များ သို့မဟုတ် မိခင်နို့ရည်ကဲ့သို့သော ခန္ဓာကိုယ်ထွက်အရည်များမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည်။ HIV သည် အောက်ပါတို့မှတစ်ဆင့် ကူးစက်နိုင်သည်-

  • ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ် သို့မဟုတ် မိခင်နို့တိုက်ကျွေးစဉ်အတွင်း မိခင်မှ ကလေးသို့
  • ကျန်းမာရေးစောင့်ရှောက်မှုတွင်ဖြစ်စေ၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်ဖြစ်စေ၊ တက်တူးထိုးရာတွင်ဖြစ်စေ ဆေးထိုးအပ်များကို အတူတူ မျှဝေသုံးစွဲခြင်း
  • HIV ပိုးရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
  • သွေးသွင်းခြင်း၊ သို့သော် HIV စစ်ဆေးမှု စနစ်တကျပြုလုပ်သော နေရာများတွင် ဤသို့ဖြစ်ပွားရန် အလွန်ခဲယဉ်းပါသည်
  • ပိုးရှိသောသွေးနှင့် တိုက်ရိုက် ထိတွေ့မိခြင်း

HIV ကူးစက်ပုံကို သိရှိခြင်းသည် ၎င်းကို တားဆီးရန်အတွက် အရေးကြီးပြီး၊အထူးသဖြင့် လူငယ်များကြားတွင် ပို၍အရေးကြီးပါသည်။ HIV ကူးစက်ပျံ့နှံ့သည့် နည်းလမ်းများကို သတိပြုမိခြင်းသည် ကာကွယ်ခြင်း၏ သော့ချက်ဖြစ်သည်။ 

HIV သည် အောက်ပါနည်းလမ်းများဖြင့် ကူးစက်ခြင်း မရှိပါ-

HIV သည် အောက်ပါတို့မှတစ်ဆင့် ကူးစက်ခြင်း မရှိပါ-

  • နမ်းခြင်း၊ ဖက်ခြင်း သို့မဟုတ် လက်ဆွဲနှုတ်ဆက်ခြင်း။
  • ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်း
  • မျက်ရည်
  • ချွေး
  • တံတွေး
  • ရေကူးခြင်း
  • အိမ်သာထိုင်ခုံများနှင့် ထိတွေ့မိခြင်း
  • HIV ပိုးရှိသူ၏ ကစားစရာများနှင့် အတူဆော့ကစားခြင်း
  • HIV ပိုးရှိသူနှင့် အတူတူ ကျောင်းတက်ခြင်း သို့မဟုတ် ၎င်း၏အနီးနားတွင် ရှိနေခြင်း
  • HIV ပိုးရှိသူ ချက်ပြုတ်ပြင်ဆင်ထားသော အစားအစာများကို စားသုံးခြင်း
  • HIV ပိုးကူးစက်ခံထားရသူနှင့် သောက်ရေခွက်၊ အသုံးအဆောင်ပစ္စည်းများ သို့မဟုတ် အိပ်ရာများကို အတူတူ မျှဝေသုံးစွဲခြင်း

HIV ကို ဘယ်လိုကာကွယ်မလဲ 

HIV ကို ကာကွယ်ရန်အတွက်၊ မိမိတွင် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များနှင့် မည်သို့လျှော့ချရမည်ကို လေ့လာပါ။ HIV ကို ကာကွယ်နိုင်မည့် နည်းလမ်းအချို့မှာ-

  • HIV ပိုး ရှိ၊ မရှိ စစ်ဆေးပါ။ အသက် 13 နှစ်ထက်ကြီးသူတိုင်းသည် အနည်းဆုံး တစ်ကြိမ်ခန့် HIV ရှိ၊ မရှိ စစ်ဆေးသင့်သည်။ အကယ်၍ သင်သည် လိင်ဆက်ဆံမှုပြုလုပ်သူ သို့မဟုတ် ရောဂါကူးစက်နိုင်ခြေ မြင့်မားသောအခြေအနေတွင် ရှိနေပါက မကြာခဏ စစ်ဆေးမှု ခံယူသင့်သည်။
  • အကယ်၍ သင်သည် HIV ကူးစက်နိုင်ခြေ အလွန်မြင့်မားသောအခြေအနေတွင် ရှိနေပါက မထိတွေ့မီ ကြိုတင်ကာကွယ်သောဆေး (PrEP) သောက်သုံးရန် စဉ်းစားပါ။ PrEP ဆိုသည်မှာ HIV ပိုး ကူးစက်ခြင်းမှ ကာကွယ်ရန် ကြိုတင်သောက်သုံးရသော ဆေးဝါးတစ်ခု ဖြစ်သည်။ ၎င်းသည် HIV ရှိနေသူများအတွက် မဟုတ်ပါ။
  • မုတ်ဆိတ်ရိတ်ဓားများကို မျှဝေသုံးစွဲခြင်း မပြုပါနှင့်။
  • မူးယစ်ဆေးဝါးထိုးခြင်း သို့မဟုတ် အပ်များကို မျှဝေသုံးစွဲခြင်း မပြုပါနှင့်။
  • ကိုယ်ဝန်ဆောင် သို့မဟုတ် မိခင်နို့တိုက်ကျွေးနေသော အမျိုးသမီးများ-
    • သင့်ကလေးထံသို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် ညွှန်ကြားထားသည့်အတိုင်း ART ကို သောက်ပါ။
    • မွေးလမ်းကြောင်းမှတစ်ဆင့် ကလေးထံသို့ HIV ကူးစက်နိုင်ခြေကို လျှော့ချရန်အတွက် သင့်ဆရာဝန်က သဘာဝအတိုင်းမွေးဖွားခြင်းအစား ဗိုက်ခွဲမွေးဖွားခြင်း (C-section) ကို အကြံပြုနိုင်ပါသည်။
    • မိခင်နို့တိုက်ကျွေးခြင်းအကြောင်းကို သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။ မိခင်နို့တိုက်ရန် ရွေးချယ်သော HIV ပိုးရှိသည့် မိခင်များသည် စောင့်ရှောက်မှုများကို အနီးကပ်ခံယူသင့်ပြီး ၎င်းတို့၏ ART ဆေးသောက်ခြင်းကို တိကျစွာ လိုက်နာသင့်သည်။
  • သင်သည် လိင်မှုကိစ္စတွင် တက်ကြွစွာရှိနေသူဖြစ်ပါက-
    • လိင်ဆက်ဆံသည့် အကြိမ်တိုင်း ကွန်ဒုံးကို အသုံးပြုပါ။
    • သင့်အဖော်နှင့် ပွင့်လင်းစွာ စကားပြောပါ။ ကျန်းမာရေး၊ HIV အခြေအနေနှင့် ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရန် သင်လုပ်ဆောင်နိုင်သည့် အဆင့်များကို ဆွေးနွေးပါ။
    • လိင်ဆက်ဆံဖော် အရေအတွက်ကို ကန့်သတ်ထားပါ။
    • HIV နှင့် အခြား လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (STIs) ရှိ၊ မရှိ စစ်ဆေးမှု ခံယူပါ။

HIV နှင့်အတူ နေထိုင်ခြင်း

စနစ်တကျ ဆေးဝါးကုသမှုနှင့် ပံ့ပိုးကူညီမှုများဖြင့်၊ HIV ရှိသူများသည် အသက်ရှည်ရှည်၊ ကျန်းမာစွာနှင့် တက်ကြွစွာ နေထိုင်နိုင်ပါသည်။ ကျန်းမာအောင် နေထိုင်ရန် သင်လုပ်ဆောင်နိုင်သည့် အချက်များစွာ ရှိပါသည်။

သင့်တွင် HIV သို့မဟုတ် AIDS ရှိနေပါက၊ အောက်ပါတို့ကို လုပ်ဆောင်ရန် အရေးကြီးပါသည်-

  • HIV လူနာများကို ပြုစုစောင့်ရှောက်ရာတွင်ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ရှာဖွေပါ။
  • ဆရာဝန်နှင့် ချိန်းဆိုမှုအားလုံးကို သွားရောက်ပြီး သင့်ကို စောင့်ရှောက်ပေးမည့်အဖွဲ့နှင့် ဆက်သွယ်မှု ရှိနေပါစေ။
  • သင်၏ဆေးဝါးများကို ညွှန်ကြားထားသည့်အတိုင်း သောက်ပါ။
  • အကြံပြုထားသည့်အတိုင်း ရက်ချိန်း သွေးစစ်ဆေးမှုများကို လုပ်ဆောင်ပါ။
  • HIV ဆိုသည်မှာ ဘာလဲ၊ ၎င်းက မည်သို့ကူးစက်ပျံ့နှံ့သလဲနှင့် ကျန်းမာနေစေရန် သင်ဘာလုပ်ဆောင်နိုင်သလဲ ဆိုတာကို သင်၏စောင့်ရှောက်ပေးမည့်အဖွဲ့နှင့် ဆွေးနွေးပါ။
  • အကြံပြုထားသော ကာကွယ်ဆေးများကို ထိုးနှံပြီး ကူးစက်ရောဂါများ နှင့် ဖျားနာမှုများကို ကာကွယ်ရန် လုပ်ဆောင်ပါ။
  • သင့်ရောဂါလက္ခဏာများနှင့် ကျန်းမာရေးကို ပိုမိုဆိုးရွားစေနိုင်သော ဆေးလိပ်သောက်ခြင်း၊ အီလက်ထရောနစ်ဆေးကရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးနှင့် အရက်တို့ကို ရှောင်ကြဉ်ပါ။
  • ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားပါ၊ အိပ်ရေးဝဝအိပ်ပါ၊နှင့် စိတ်ဖိစီးမှုကို စီမံခန့်ခွဲပါ။
  • သင့် စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။ သင့်တွင် စိုးရိမ်ပူပန်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ အထီးကျန်ခြင်း သို့မဟုတ် ဆုံးရှုံးရသလို ခံစားရခြင်းမျိုး ရှိနိုင်ပါသည်။ စိတ်ကျန်းမာရေး စောင့်ရှောက်မှုပေးသူတစ်ဦးက HIV နှင့်အတူ လိုက်လျောညီထွေ နေထိုင်သွားနိုင်ရန် သင့်ကို ကူညီပေးနိုင်ပါသည်။
  • လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ကူညီကျော်ဖြတ်နိုင်ရန် ပံ့ပိုးကူညီရေးအဖွဲ့တွင် ပါဝင်သည့်အပြင် သင်ကြုံတွေ့နေရသည်များကို နားလည်ပေးနိုင်မည့် အခြားသူများနှင့် ချိတ်ဆက်ပါ။

သင်၏ စောင့်ရှောက်မှုအဖွဲ့ကို မည်သည့်အချိန်တွင် ခေါ်ဆိုရမည်နည်း 

သင့်တွင် အောက်ပါအချက်များ ရှိပါက သင့်အား စောင့်ရှောက်ပေးမည့်အဖွဲ့ထံသို့ ဖုန်းခေါ်ဆိုပါ-

  • အဖျားတိုင်းကိရိယာကို ပါးစပ်တွင်ထည့်၍ တိုင်းတာရာတွင် အပူချိန် 100.9 ဒီဂရီဖာရင်ဟိုက် (38.3 ဒီဂရီဆဲလ်စီးယပ်စ်) ထက်ကျော်လွန်နေပါက သို့မဟုတ် ဂျိုင်းအောက်တွင် တိုင်းတာရာတွင် 99.9 ဒီဂရီဖာရင်ဟိုက် (37.7 ဒီဂရီဆဲလ်စီးယပ်စ်) ရှိနေပါက
  • ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း၊ ဝိတ်ကျခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဝမ်းလျှောခြင်း၊ အရေပြားပေါ်တွင် အနီကွက်များထွက်ခြင်း၊ ခံတွင်းအနာများဖြစ်ခြင်း၊ အရေပြားပေါ်တွင် အနာများဖြစ်ခြင်း၊ သို့မဟုတ် ပါးစပ်ထဲတွင် အဖြူကွက်များဖြစ်ခြင်း ကဲ့သို့သော လက္ခဏာအသစ်များ သို့မဟုတ် ပိုမိုဆိုးရွားလာသော လက္ခဏာများ ရှိလာပါက
  • HIV ဆေးသောက်ရန် မေ့သွားပါက သို့မဟုတ် ဆေးကုန်သွားပါက 
  • ခရီးသွားရန် အစီအစဉ်ရှိပါက၊ အထူးသဖြင့် နိုင်ငံရပ်ခြားသို့ ခရီးသွားမည်ဆိုပါက
  • ကိုယ်ဝန်ရှိနေပါက သို့မဟုတ် ကိုယ်ဝန်ယူရန် စဉ်းစားနေပါက 

သင်၏ ကုသရေးအဖွဲ့ကို မေးရန် မေးခွန်းများ 

  • မည်သည့် HIV ဆေးဝါးများကို သောက်ရမည်နည်း၊နှင့် တစ်ရက်ဘယ်နှကြိမ် သောက်ရမည်နည်း။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဘယ်လောက်ကြာတစ်ကြိမ် ပြသရမည်နည်း။
  • ကျွန်ုပ်၏ CD4 အရေအတွက်နှင့် ဗိုင်းရပ်စ်ပမာဏက ဘယ်လောက်လဲ။
  • ကျွန်ုပ်သာ HIV ဆေးများကို မသောက်ပါက ဘာဖြစ်လာနိုင်သလဲ။
  • ကျွန်ုပ်တွင် HIV ရှိနေရင်၊ AIDS ရောဂါအဆင့်သို့ ရောက်သွားမလား။
  • မည်သည့် နေထိုင်မှုပုံစံပြောင်းလဲမှုများက ကျွန်ုပ်ကို ကျန်းမာနေစေရန် ကူညီပေးနိုင်သလဲ။
  • အခြားသူများထံသို့ HIV ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် ကျွန်ုပ် မည်သည့်အဆင့်များကို လုပ်ဆောင်သင့်သနည်း။ 
  • HIV အတွက် ကုသမှုအသစ်များ သို့မဟုတ် လက်တွေ့စမ်းသပ်မှုများ ရှိပါသလား။
  • ကျွန်ုပ်တွင် HIV ပိုးရှိကြောင်း တွေ့ရှိရသည့်အဖြေကို သူငယ်ချင်းများနှင့် မိသားစုထံသို့ မည်သို့ပြောပြသင့်သလဲ။
  • တစ်နေ့နေ့တွင် ကျန်းမာသောကလေးတစ်ဦး မွေးဖွားခြင်းအပေါ် HIV က မည်သို့သက်ရောက်မှု ရှိနိုင်သလဲ။
  • ကျွန်ုပ်၏ စိတ်ကျန်းမာရေးကို မည်သို့ဂရုစိုက်ရမည်နည်း။

HIV နှင့် ပတ်သက်သော အဓိကအချက်များ

  • HIV ဆိုသည်မှာ ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး ခန္ဓာကိုယ်မှ ရောဂါပိုးမွှားများကို တိုက်ဖျက်ရန် ခက်ခဲအောင်လုပ်သည့် ဗိုင်းရပ်စ်ပိုးတစ်ခု ဖြစ်သည်။
  • HIV ဗိုင်းရပ်စ်သည် ပိုးကူးစက်ခံထားရသော သွေးနှင့် ခန္ဓာကိုယ်မှထွက်သော အရည်များမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည်။
  • AIDS ဆိုသည်မှာ ကိုယ်ခံအားစနစ် အလွန်အမင်း အားနည်းသွားပြီး ပြင်းထန်သော ကူးစက်ရောဂါများနှင့် အချို့သော ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေရှိသည့် HIV ၏ နောက်ဆုံးအဆင့် ဖြစ်သည်။ 
  • HIV အတွက် အမြစ်ပြတ်ကုသဆေး မရှိသေးသော်လည်း HIV တားဆေး (ART) ဆေးနှင့် ကုသမှုသည် HIV ပိုးကို ထိန်းချုပ်ပေးနိုင်ပြီး၊ အခြားသူများထံ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ကာ၊ အသက်ရှည်ရှည်နှင့် ကျန်းမာစွာ နေထိုင်နိုင်ရန် ကူညီပေးနိုင်သည်။
  • လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုခြင်းနှင့် မူးယစ်ဆေးဝါးမထိုးခြင်း သို့မဟုတ် အပ်များကို မျှဝေမသုံးစွဲခြင်းတို့သည် HIV ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးနိုင်သည်။
  • သင့်တွင် HIV ရောဂါလက္ခဏာများ မပြသော်လည်း၊ အခြားသူများထံသို့ ဗိုင်းရပ်စ်ကို ကူးစက်ပျံ့နှံ့စေနိုင်ပါသေးသည်။
  • သင့်အား စောင့်ရှောက်ပေးမည့်အဖွဲ့သည် သင့်အတွက် အကောင်းဆုံး HIV ကုသမှုများကို အကြံပြုပေးနိုင်ပြီး သင့်ကျန်းမာရေးနှင့်ပတ်သက်၍ မှန်ကန်သော ဆုံးဖြတ်ချက်များချနိုင်ရန် ကူညီပေးနိုင်ပါသည်။

နောက်ထပ်အချက်အလက်များကို ရှာဖွေပါ


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဧပြီလ 2026 ခုနှစ်

ဆက်စပ်အကြောင်းအရာများ