အာထရာဆောင်း ပုံရိပ်ဖော် စစ်ဆေးခြင်း
အာထရာဆောင်း ပုံရိပ်ဖော် စစ်ဆေးခြင်းကို ဆိုနိုဂရပ်ဖီဟုလည်း ခေါ်သည်။ ၎င်းသည် ခန္ဓာကိုယ်အတွင်းပိုင်းကို ဖော်ပြပေးသည့် ပုံရိပ်များကို ဖန်တီးရန်အတွက် ကြိမ်နှုန်းမြင့် အသံလှိုင်းများကို အသုံးပြုသည်။ အဆိုပါ အသံလှိုင်းများကို လူ၏ သာမန်နားဖြင့် မကြားသိနိုင်ပါ။
အာထရာဆောင်း ပုံရိပ်များသည် ရိုက်ကူးသည့်အချိန်တွင် ခန္ဓာကိုယ်တွင်း ဖြစ်ပျက်နေသည့် အရာများကို ပြသပေးသည်။ ၎င်းတို့သည် ခန္ဓာကိုယ်၏ အတွင်းပိုင်း ကိုယ်အင်္ဂါ အစိတ်အပိုင်းများ၏ ဖွဲ့စည်းပုံနှင့် လှုပ်ရှားမှုကို ဖော်ပြပေးသည်။ ၎င်းတို့သည် သွေးကြောများမှတစ်ဆင့် သွေးစီးဆင်းပုံကိုလည်း ဖော်ပြပေးသည်။
အာထရာဆောင်း ပုံရိပ်ဖော် စစ်ဆေးခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ တစ်ရှူးများနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်သည့် စိတ်ချရသော နည်းလမ်း ဖြစ်သည်။
အာထရာဆောင်းသည် မည်ကဲ့သို့ လုပ်ဆောင်သနည်း။
အာထရာဆောင်း နည်းပညာရှင်သည် ခန္ဓာကိုယ်အတွင်းသို့ မြင်နိုင်ရန် စွမ်းအင်ပြောင်းစက်ခေါင်းကို အသုံးပြုသည်။ စွမ်းအင်ပြောင်းစက်ခေါင်းသည် ခန္ဓာကိုယ်ထဲသို့ အသံလှိုင်းများ ပေးပို့သည်။ ဤလှိုင်းများကို ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် တစ်ရှူးများက ထင်ဟပ်ပေါ်လွင်စေသည်။ ၎င်းသည် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ၏ ပုံရိပ်ကို ထုတ်ပေးသည်။
- အာထရာဆောင်း စစ်ဆေးမှုအတွက် သင့်ကလေးသည် စစ်ဆေးမှု ကုတင်တွင် လဲလျောင်းနေရပါမည်။ စကန်ပြုလုပ်မည့် နေရာကို ဖုံးကွယ်ထားခြင်းမရှိပါ။
- နည်းပညာရှင်သည် စကန်ဖတ်မည့် ကိုယ်ခန္ဓာ အပိုင်းပေါ်တွင် ကြည်လင်၍ ရေကို အခြေပြုထုတ်ထားသော ဂျယ်လ်ကို သုတ်လိမ်းပါသည်။ ၎င်းဂျယ်လ်သည် စွမ်းအင်ပြောင်းစက်ခေါင်းကို အရေပြားနှင့် ကောင်းမွန်စွာ ထိတွေ့စေရန် ကူညီပေးသည်။ ဂျယ်လ်သည် ပထမပိုင်းတွင် အေးစက်သကဲ့သို့ ခံစားရနိုင်သည်။
- ထို့နောက် နည်းပညာရှင်သည် စွမ်းအင်ပြောင်းစက်ခေါင်းကို ဆန်းစစ်မည့် နေရာရှိ အရေပြားပေါ်တွင် ဖိထားသည်။ အကောင်းဆုံးပုံရိပ် ရရှိရန် နည်းပညာရှင်သည် စွမ်းအင်ပြောင်းစက်ခေါင်းကို ထိုနေရာတစ်ဝိုက်အနှံ့ ရွေ့လျားပေးသည်။
- အာထရာဆောင်းရိုက်ကူးမှု ပြီးဆုံးသည့်အခါ နည်းပညာရှင်သည် သင့်ကလေး၏ ခန္ဓာကိုယ်ပေါ်ရှိ ဂျယ်လ်ကို သန့်ရှင်းပေးသည်။
ခွဲခြားမြင်နိုင်သည့်ပစ္စည်းသုံးသည့် လေ့လာမှုများ
အချို့သော အာထရာဆောင်း စစ်ဆေးမှုများတွင် ခွဲခြားမြင်နိုင်သည့်ပစ္စည်းကို အသုံးပြုကြသည်။ ခွဲခြားမြင်နိုင်သည့်ပစ္စည်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွင်း သွေးစီးဆင်းမှုကို သင့်စောင့်ရှောက်မှုပံ့ပိုးသူမှ တွေ့မြင်နိုင်သည်။
ခွဲခြားမြင်နိုင်သည့်ပစ္စည်းကို သွေးအတွင်းသို့ ထိုးနှံသည်။ အကယ်၍ သင့်ကလေးတွင် IV သို့မဟုတ် ဆေးသွင်းပေါက် မရှိခဲ့လျှင် သူနာပြုမှ IV စတင်ရန် လိုအပ်မည်။ အကယ်၍ IV လိုအပ်ပါက ဝန်ထမ်းသည် IV ကို မစတင်မီ သင်နှင့် သင့်ကလေးနှင့်အတူ ဆွေးနွေးပြောဆိုပါလိမ့်မည်။
အသုံးပြုထားသော ခွဲခြားမြင်နိုင်သည့်ပစ္စည်းသည် မိုက်ကရိုပူဖောင်းအမျိုးအစားဖြစ်သည်။ ၎င်းတို့သည် သွေးနီဆဲလ်အရွယ်အစားခန့်ရှိသည့် အမှုန်ငယ်များဖြစ်ပါသည်။ မိုက်ကရိုပူဖောင်းများကို အာထရာဆောင်း ပုံရိပ်ဖော် စစ်ဆေးခြင်းတွင် ကောင်းစွာ မြင်တွေ့နိုင်ပါသည်။ ၎င်းသည် အာထရာဆောင်း ပုံရိပ်ကို ပိုကောင်းစေရန် ဘေးကင်း၍ ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်။
ခွဲခြားမြင်နိုင်သည့်ပစ္စည်းသည် နို့ရည်နှင့် ဆင်တူပါသည်။ ၎င်းသည် ဖန်ဗူးငယ်ဖြင့် လာသည်။ ဘေးထွက်ဆိုးကျိုးများဖြစ်ခဲပြီး ကြာရှည်ဖြစ်ပေါ်လေ့ မရှိပါ။ သင့်တွင် မိုက်ကရိုပူဖောင်းများ အသုံးပြုမှုနှင့်ပတ်သက်၍ မေးခွန်းများရှိပါက သင့်စောင့်ရှောက်မှုအဖွဲ့ဝင်ထံ မေးမြန်းပါ။
ဒေါ့ပလာ အာထရာဆောင်း လေ့လာမှုသည် အာထရာဆောင်း စစ်ဆေးခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်။ ဒေါ့ပလာ အာထရာဆောင်းသည် ခန္ဓာကိုယ်၏ အဓိကသွေးလွတ်ကြောများနှင့် သွေးပြန်ကြောများအပါအဝင် သွေးကြောများကို ဖြတ်သန်းစီးဆင်းနေသည့် သွေးကို ဖော်ပြပေးနိုင်သည်။ ဒေါ့ပလာ အာထရာဆောင်းသည် ဤသို့သော လုပ်ဆောင်ချက်အမျိုးအစားများကို ဖော်ပြရာတွင် အထောက်အကူပြုပေးသည်-
- သွေးခဲများ ကဲ့သို့သော သွေးစီးဆင်းမှုကို ပိတ်ဆို့သည့် အရာဝတ္တုများ။
- သွေးကြောများသည် ကျဉ်းမြောင်းလာကြသည်။
- သွေးကြောများနှင့် သွေးကြောဆိုင်ရာ စနစ်ရှိ အကျိတ်များနှင့် ပြဿနာများ။
အာထရာဆောင်း ပုံရိပ်များကို ၎င်းတို့ ဖြစ်ပျက်နေမှုအတိုင်း တွေ့ရသည်။
အာထရာဆောင်း အသုံးပြုမှုများ
ရောဂါရှာဖွေစစ်ဆေးရေး အာထရာဆောင်း
အာထရာဆောင်းသည် ကလေးကင်ဆာရောဂါ ရှာဖွေရာတွင် အထောက်အကူပြု နိုင်ပြီး ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-
အပ်ဖြင့် တစ်ရှူးစယူ၍ ရောဂါ ရှာဖွေစစ်ဆေးခြင်းကို လမ်းညွှန်ရန်အတွက်လည်း အာထရာဆောင်းကို အသုံးပြုနိုင်ပါသည်။ ဤအသားစထုတ်ယူစစ်ဆေးမှုများသည် အကျိတ်များကို ရှာဖွေစစ်ဆေးမှု ပြုလုပ်ရာတွင် အကူအညီ ဖြစ်ပါသည်။ အာထရာဆောင်းက အကျိတ်သည် အနီးဝန်းကျင်ရှိ သွေးကြောများနှင့်အတူ မည်သို့ ပါဝင်ရောယှက်နေသည်ကို တွေ့မြင်နိုင်စေသည်။
အာထရာဆောင်း ပုံရိပ်ဖော် စစ်ဆေးခြင်းကို အောက်ပါတို့အား ကြည့်ရှုရန် အသုံးပြုသည်-
- အူအတက်
- အစာအိမ်/ အစာအိမ်၏ အောက်ဆုံးပိုင်း
- အသည်း
- သည်းခြေအိတ်
- သရက်ရွက်
- ပန်ကရိယ
- အူများ/အူမကြီး
- ကျောက်ကပ်များ
- ဆီးအိမ်
- ဝှေးစေ့များ
- မမျိုးဥအိမ်များ
- သားအိမ်
- သိုင်းရွိုက်
- သွေးလွှတ်ကြောများနှင့် သွေးပြန်ကြောများ
အာလ်ထွာဆောင်းဖြင့် စစ်ဆေးမှုပြုလုပ်ခြင်း
အချို့သော ကလေးလူနာစောင့်ရှောက်ကုသမှုဌာနများတွင် အာထရာဆောင်းကို မျိုးရိုးလိုက်သော ကျန်းမာရေးအခြေအနေရှိသည့် လူနာအား စစ်ဆေးရာတွင် အသုံးပြုသည်။ မျိုးရိုးလိုက်သော ကျန်းမာရေးအခြေအနေသည် အကျိတ်များ ဖြစ်ပေါ်နိုင်ခြေကို ပိုမိုဖြစ်ထွန်းစေနိုင်သည်။ ဥပမာအားဖြင့် Beckwith-Wiedemann၊ Denys-Drash၊ Frasier နှင့် WAGR ရောဂါလက္ခဏာစုများတွင် Wilms အကျိတ်ဖြစ်ပေါ်နိုင်သည့်အခြေအနေတိုးလာနိုင်သည်။
စွမ်းအင်ပြောင်းစက်ခေါင်းသည် ခန္ဓာကိုယ်ထဲသို့ အသံလှိုင်းများ ပေးပို့သည်။ ကိုယ်အင်္ဂါ အစိတ်အပိုင်းများနှင့် တစ်ရှူးများသည် အဆိုပါ လှိုင်းများကို ထင်ဟပ်ဖော်ပြပေးသည်။ ဤထင်ဟပ်ဖော်ပြမှုသည် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ပါဝင်သည့် ရုပ်ပုံကို ရရှိစေသည်။
သင့်ကလေး၏ အာထရာဆောင်းအတွက် ပြင်ဆင်ရန် နည်းလမ်း
- သင့်ကလေးကို သက်တောင့်သက်သာရှိသော ချောင်ချောင်ချိချိ အဝတ်အစားကို ဝတ်ဆင်ထားကြောင်း သေချာပါစေ။ ၎င်းတို့သည် စစ်ဆေးမှုပြုလုပ်မည့် ခန္ဓာကိုယ်နေရာအတွင်းတွင် တချို့သော အဝတ်အစား သို့မဟုတ် လက်ဝတ်လက်စားများကို ဖယ်ရှားရန် လိုအပ်နိုင်သည်။ သို့မဟုတ် ၎င်းတို့သည် စစ်ဆေးမှုပြုလုပ်စဉ်တွင် ဆေးရုံသုံးဝတ်ရုံကို ဝတ်ဆင်ရန် လိုအပ်နိုင်သည်။
- အသည်း၊ သည်းခြေအိတ်၊ သရက်ရွက်နှင့် ပန်ကရိယာတို့ကို အာထရာဆောင်းရိုက်ရန် သင့်ကလေးသည် စစ်ဆေးမှုမပြုမီ 6 နာရီမှ 8 နာရီကြာ အစာစားခြင်း သို့မဟုတ် ရေသောက်ခြင်း မပြုသင့်ပါ။
- ကျောက်ကပ်များ၊ ဆီးအိတ် နှင့် တင်ပါးဆုံရိုးတို့၏ အာထရာဆောင်းအတွက် သင့်ကလေးအား စစ်ဆေးမှု မပြုလုပ်ခင် ဆီးအိမ် တင်းစေရန် (ဆီးမသွားစေပဲ) 2 နာရီမှ 3 နာရီကြာ အရည် 64 အောင်စ အထိသောက်ခိုင်းပါ။ အကောင်းဆုံးသော သောက်ရန် အရည်မှာ ရေဖြစ်သည်။ ၎င်းသည် ကလေးငယ်အတွက် 64 အောင်စ သောက်ရန် ခက်ခဲနိုင်သော်လည်း ရည်ရွယ်ချက်မှာ ဆီးမသွားစေပဲ ဆီးတင်းအောင် တတ်နိုင်သမျှ သောက်ရန် ဖြစ်သည်။
သင့်ကလေးသည် အာထရာဆောင်း ရိုက်ကူးခြင်းအတွက် အဆင့်သင့်ဖြစ်နေစေရန် သင့်စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာပါ။
ဓါတ်မှန်ဆိုင်ရာ စစ်ဆေးခြင်းများကို ဖတ်ရှုနိုင်ရန် လေ့ကျင့်ပေးသော ဆရာဝန်၊ ဓါတ်မှန်ကျွမ်းကျင်သူသည် ပုံရိပ်များကို သေချာစွာ ကြည့်ရှုပါသည်။ ထို့နောက် ထိုဆရာဝန်သည် စစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုထားသည့် စောင့်ရှောက်မှု အဖွဲ့ဝင်ထံသို့ အစီရင်ခံစာကို ပေးပို့ပါသည်။ ပင်မဆရာဝန်သည် သင်နှင့် သင့်ကလေးတို့ကို ရလာဒ်များ ဝေမျှပေးပါမည်။ ရှားပါးဖြစ်ရပ်များတွင် ဓါတ်မှန်ကျွမ်းကျင်ဆရာဝန်သည် သင့်ကလေး၏ စစ်ဆေးမှုပြီးနောက်တွင် ရလဒ်များကို ပြောပြနိုင်သည်။
ဆရာဝန်များအနေဖြင့် အချိန်ကြာလာသည့်နှင့်အမျှ ပြဿနာများကို ကြည့်ရန် သို့မဟုတ် ပြောင်းလဲနေမှုများကို စောင့်ကြည့်ရန် နောက်ဆက်တွဲ စစ်ဆေးမှုကို လိုအပ်နိုင်သည်။ နောက်ဆက်တွဲ စစ်ဆေးမှုများသည် တစ်ခါတစ်ရံ အချိန်တစ်ခုကြာအထိ တည်ငြိမ်မှု ရှိသလား သို့မဟုတ် ကုသမှုသည် ထိရောက်သလားဆိုသည်ကို သိရှိရန် အကောင်းဆုံးသောနည်းလမ်းဖြစ်သည်။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- စက်တင်ဘာလ၊ 2022 ခုနှစ်