သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy)
သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) ဆိုသည်မှာ အဘယ်နည်း။
သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) သည် သရက်ရွက်ကို ဖယ်ရှားရန် ပြုလုပ်သော ခွဲစိတ်ကုသမှု ဖြစ်သည်။ သရက်ရွက် ထိခိုက်ပျက်စီးနေပါက၊ ရောဂါဖြစ်နေပါက သို့မဟုတ် ခန္ဓာကိုယ်အတွင်း ပြဿနာများ ဖြစ်စေပါက၊ သင့်ကလေးသည် သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) လိုအပ်နိုင်ပါသည်။
သရက်ရွက်သည် ခန္ဓာကိုယ်၏ ဘယ်ဘက်ခြမ်းရှိ နံရိုးအောက်တွင် တည်ရှိသော အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းမှာ လက်သီးဆုပ် အရွယ်ခန့်ရှိသည်။ သရက်ရွက်၏ လုပ်ဆောင်ချက်များမှာ-
- ရောဂါပိုးကူးစက်မှုများကို တိုက်ဖျက်ပေးခြင်း
- သွေးဖြူဥများကို ထုတ်လုပ်ပေးခြင်း
- သွေးကို သိုလှောင်ခြင်းနှင့် စစ်ထုတ်ပေးခြင်းတို့ ဖြစ်သည်
သရက်ရွက် မရှိဘဲလည်း လူသည် ပုံမှန်နှင့် တက်ကြွသော ဘဝကို ဆက်လက် နေထိုင်နိုင်ပါသည်။ သို့သော် သရက်ရွက်ကို ဖယ်ရှားပြီးနောက် ခန္ဓာကိုယ်သည် ရောဂါများနှင့် ရောဂါပိုးကူးစက်မှုများကို ကာကွယ်တိုက်ဖျက်နိုင်စွမ်း လျော့နည်းသွားသည်။ သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) ပြုလုပ်ပြီးနောက် ရောဂါပိုးကူးစက်မှုများကို ကာကွယ်ရန် သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ အကြံပြုချက်များကို လိုက်နာပါ။
သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) ပြုလုပ်ရသည့် အကြောင်းအရင်းများ
သင့်ကလေး၏ သရက်ရွက်သည် အချို့သော ရောဂါများ သို့မဟုတ် ကုသမှုများကြောင့် ထိခိုက်ပျက်စီးနေပါက သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) လိုအပ်နိုင်ပါသည်။ သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) ကို အချို့သော ကျန်းမာရေး အခြေအနေများကို ကုသရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။ သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) ပြုလုပ်ရသည့် အကြောင်းအရင်းများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
- ဆစ်ကယ်လ်-ဆဲလ် ရောဂါ (Sickle Cell Disease)- ဆစ်ကယ်လ်-ဆဲလ် ပုံသဏ္ဌာန်ရှိသော သွေးနီဥများ (Sickle-Shaped Red Blood Cells) သည် သရက်ရွက်အတွင်း ပိတ်မိနိုင်ပြီး သရက်ရွက်ကို ထိခိုက်ပျက်စီးစေနိုင်သည်။
- သရက်ရွက် ကြီးလာခြင်း- သရက်ရွက် အလွန်ကြီးလာပါက၊ ပေါက်ကွဲနိုင်ပြီး အသက်အန္တရာယ်ရှိသော သွေးထွက်ခြင်းကို ဖြစ်စေနိုင်သည်။
- ဓာတ်ရောင်ခြည်ကုထုံး (Radiation Therapy)- ဝမ်းဗိုက်ကို မြင့်မားသော ပမာဏဖြင့် ဓာတ်ရောင်ခြည်ပေးခြင်းသည် သရက်ရွက်ကို ထိခိုက်ပျက်စီးစေနိုင်သည်။
- သွေးပုံမှန်မဖြစ်သည့် ရောဂါ (blood disorder)- သရက်ရွက်ကို ဖယ်ရှားခြင်းသည် သွေးနီဥ ပျက်စီးမှုကြောင့်ဖြစ်သော သွေးအားနည်းရောဂါ (Hemolytic Anemia)၊ မျိုးရိုးလိုက် စဖီးရိုဆိုက်တိုဆစ်ရောဂါ (Hereditary Spherocytosis) နှင့် အခြား သွေးပုံမှန်မဖြစ်သည့် ရောဂါ (blood disorder) တွင် သွေးဆဲလ်အရေအတွက်ကို ကောင်းမွန်လာစေနိုင်သည်။
- ကင်ဆာ- သရက်ရွက်ကို ထိခိုက်သော အကျိတ် သို့မဟုတ် ကင်ဆာကို ကုသရန် သရက်ရွက် ဖယ်ရှားခြင်း လိုအပ်နိုင်ပါသည်။
- အနာတရဖြစ်ခြင်း- သရက်ရွက်တွင် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အနာတရဖြစ်ခြင်းသည် သွေးထွက်ခြင်းကို ဖြစ်စေနိုင်သည်။
သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) မပြုလုပ်မီ
သင့်ကလေး၏ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) ၏ ကောင်းကျိုးများနှင့် အန္တရာယ်များကို သင်နှင့် ဆွေးနွေးပါလိမ့်မည်။ ထို့ပြင် သင်သည် ခွဲစိတ်ကုသမှုအဖွဲ့မှ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံရပါမည်။ ၎င်းတို့သည် ခွဲစိတ်ကုသမှု အကြောင်းကို ရှင်းပြပေးပြီး ခွဲစိတ်ကုသမှုအတွက် မည်သို့ ပြင်ဆင်ရမည်ကို ညွှန်ကြားချက်များ ပေးပါလိမ့်မည်။
- ကာကွယ်ဆေးများ- ခွဲစိတ်ကုသမှု မပြုလုပ်မီ အနည်းဆုံး 2 ပတ်အလိုတွင်၊ သင့်ကလေးသည် လိုအပ်သော ကာကွယ်ဆေးများကို ထိုးနှံရမည်။ သင့်ကလေးအတွက် လိုအပ်သော ကာကွယ်ဆေးများအကြောင်းကို သင့်ကလေး၏ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပါ။
- အစားအသောက်ရှောင်ရန် ညွှန်ကြားချက်များ- သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် လုပ်ထုံးလုပ်နည်း မပြုလုပ်မီ မည်သည့်အချိန်မှစ၍ အစာစားခြင်းနှင့် အရည်သောက်ခြင်းကို ရပ်တန့်ရမည်ကို ညွှန်ကြားပေးပါလိမ့်မည်။ ဤညွှန်ကြားချက်များကို NPO ညွှန်ကြားချက်များဟုလည်း ခေါ်ပါသည်။ သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် သင့်ကလေး သောက်သုံးနေသော ဆေးဝါးများတွင် လိုအပ်သော ပြောင်းလဲမှုများ ရှိပါကလည်း အသိပေးပါလိမ့်မည်။
သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) ပြုလုပ်နေစဉ်
သင့်ကလေးအား ခွဲစိတ်ကုသမှု မပြုလုပ်မီ အထွေထွေ မေ့ဆေး (anesthesia) ပေးပါမည်။ ၎င်းကြောင့် လူနာသည် နက်ရှိုင်းစွာ အိပ်ပျော်နေသကဲ့သို့ သတိလစ်သွားမည် ဖြစ်ပါသည်။ သင့်ကလေးသည် ခွဲစိတ်ကုသမှု ပြုလုပ်နေစဉ် နာကျင်မှုကို မသိရှိနိုင်ပါ။
သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) တွင် အဓိက လုပ်ထုံးလုပ်နည်း 2 မျိုး- မှန်ပြောင်းအသုံးပြု၍ (laparoscopic) သို့မဟုတ် ပွင့်လင်း ခွဲစိတ်နည်းဖြင့် (open) ရှိပါသည်။
မှန်ပြောင်းအသုံးပြု၍ သရက်ရွက်ဖြတ်ထုတ်ခြင်း (Laparoscopic Splenectomy)
မှန်ပြောင်းအသုံးပြု၍ သရက်ရွက်ဖြတ်ထုတ်ခြင်း (Laparoscopic Splenectomy) သည် ထိခိုက်မှု နည်းသော ခွဲစိတ်ကုသမှုတစ်မျိုး ဖြစ်ပြီး သင့်ကလေး၏ ဝမ်းဗိုက်တွင် သေးငယ်သော အပေါက် 3 ခုမှ 4 ခုခန့် ပြုလုပ်ရပါသည်။ ဤလုပ်ထုံးလုပ်နည်းတွင် အဆုံး၌ ကင်မရာနှင့် မီးပါဝင်သော မှန်ပြောင်းကိရိယာ (Laparoscope) ကို အသုံးပြုပါသည်။ ဆရာဝန်များသည် ဝမ်းဗိုက်ကို အပေါက်ကြီး မဖွင့်ဘဲ အတွင်းရှိ တစ်ရှူးများနှင့် အင်္ဂါအစိတ်အပိုင်းများကို ကြည့်ရှုရန် ဤကိရိယာကို အသုံးပြုပါသည်။ ထို့ကြောင့် ခွဲစိတ်ရာ အပေါက်ကြီးဖြင့် ပြုလုပ်သော ခွဲစိတ်ကုသမှုများထက် ပြန်လည်သက်သာလာမှု ပိုမိုမြန်ဆန်ပြီး နာကျင်မှုလည်း ပိုနည်းပါသည်။ ဤလုပ်ထုံးလုပ်နည်းသည် ခန့်မှန်းခြေ 2–4 နာရီ ကြာမြင့်ပါသည်။
ဝမ်းဗိုက်ဖွင့်၍ သရက်ရွက် ဖြတ်ထုတ်ခြင်း (Open Splenectomy)
ဝမ်းဗိုက်ဖွင့်၍ ခွဲစိတ်ခြင်း (Open Surgery) သို့မဟုတ် ရိုးရာခွဲစိတ်နည်း (Traditional Surgery) တွင် ဆရာဝန်သည် ပိုမိုကြီးမားသော ခွဲစိတ်ရာအပေါက် (Incision) ကို များသောအားဖြင့် ဝမ်းဗိုက်အလယ်ပိုင်း သို့မဟုတ် ဘယ်ဘက်ခြမ်းတွင် ပြုလုပ်ပါသည်။ ထို့နောက် သရက်ရွက်ကို ဖယ်ရှားပြီး ခွဲစိတ်ရာအပေါက်ကို ချုပ်ရိုး သို့မဟုတ် သတ္တုချုပ်ကွင်းများဖြင့် ပိတ်ပေးသည်။ ဤလုပ်ထုံးလုပ်နည်းသည် ခန့်မှန်းခြေ 1–2 နာရီ ကြာမြင့်ပါသည်။
သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) ပြုလုပ်ပြီးနောက်
လုပ်ထုံးလုပ်နည်း ပြီးနောက် သင့်ကလေးသည် 1–2 ရက် သို့မဟုတ် ထို့ထက်ပို၍ ဆေးရုံတွင် နေရနိုင်ပါသည်။ ၎င်းသည် ခွဲစိတ်ကုသမှု အမျိုးအစားနှင့် အခြားဆေးဘက်ဆိုင်ရာ လိုအပ်ချက်များအပေါ် မူတည်သည်။
ဤကာလအတွင်း သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည်
- သွေးထွက်ခြင်းနှင့် ရောဂါပိုးကူးစက်မှုကဲ့သို့သော နောက်ဆက်တွဲ ပြဿနာများ ရှိ၊ မရှိ စောင့်ကြည့်ပါလိမ့်မည်
- နာကျင်မှုကို စီမံခန့်ခွဲခြင်း
- ခွဲစိတ်ရာအပေါက်ကို စောင့်ရှောက်ခြင်း
သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် သင့်ကလေးကို အိမ်တွင် မည်သို့ ပြုစုစောင့်ရှောက်ရမည်ကို ညွှန်ကြားချက်များ ပေးပါလိမ့်မည်။ ဤညွှန်ကြားချက်များကို သေချာစွာ လိုက်နာပါ။ မေးခွန်းများ ရှိပါက ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပါ။
ကလေးအများစုသည် မှန်ပြောင်းအသုံးပြု၍ သရက်ရွက်ဖြတ်ထုတ်ခြင်း (Laparoscopic Splenectomy) ပြုလုပ်ပြီးနောက် 2 ပတ်ခန့်အကြာတွင် ပုံမှန် လှုပ်ရှားမှုများကို ပြန်လည် လုပ်ဆောင်နိုင်ပါသည်။ ဝမ်းဗိုက်ဖွင့်၍ ခွဲစိတ်ခြင်း (Open Surgery) ပြုလုပ်ထားပါက ပြန်လည်သက်သာရန် အချိန်ပိုကြာနိုင်ပါသည်။
သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) ၏ ဖြစ်နိုင်သော အန္တရာယ်များ
အခြားသော ခွဲစိတ်ကုသမှုများကဲ့သို့ပင် သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) တွင်လည်း အန္တရာယ်အချို့ ရှိပါသည်။ လုပ်ထုံးလုပ်နည်း ပြုလုပ်နေစဉ် အဓိက အန္တရာယ်များမှာ မေ့ဆေး (Anesthesia) နှင့် ပတ်သက်သော ပြဿနာများ သို့မဟုတ် အနီးအနားရှိ အင်္ဂါအစိတ်အပိုင်းများ ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်း ပြီးနောက်၊ အဖြစ်အများဆုံး ပြဿနာများမှာ-
- သွေးထွက်ခြင်း
- သွေးခဲခြင်း
- ရောဂါပိုးကူးစက်မှုတို့ ဖြစ်ပါသည်
မည်သည့်အချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို ဆက်သွယ်ရမည်နည်း
သင့်ကလေးတွင် ရောဂါပိုးကူးစက်မှု၏ လက္ခဏာများပေါ်လာပါက ဆေးကုသမှုကို ချက်ချင်း ရယူသင့်ပါသည်။ ရောဂါပိုးကူးစက်မှုကို ချက်ချင်း မကုသပါက အသက်အန္တရာယ် ရှိနိုင်ပါသည်။
သင့်ကလေးတွင် အောက်ပါ လက္ခဏာများ တစ်ခုခု တွေ့ရှိပါက ဆရာဝန်ကို ဆက်သွယ်ပါ-
- ဖျားခြင်း
- နီရဲခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် နာကျင်ခြင်း
- အလွန်ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားနည်းခြင်း
- အသက်ရှူရခက်ခဲခြင်း
- ပုံမှန်မဟုတ်သော သွေးထွက်ခြင်း
သရက်ရွက် မရှိဘဲ နေထိုင်ခြင်း
ခန္ဓာကိုယ်အတွင်းရှိ အခြားသော အင်္ဂါအစိတ်အပိုင်းများသည် သရက်ရွက်၏ လုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်ပေးနိုင်ပါသည်။ လူတစ်ဦးသည် သရက်ရွက် မရှိဘဲ ကျန်းမာသော ဘဝကို နေထိုင်နိုင်ပါသည်။ သို့သော် သင့်ကလေး၏ သရက်ရွက်ကို ဖယ်ရှားထားပါက ပြင်းထန်သော ရောဂါပိုးကူးစက်မှု ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာပါသည်။ ရောဂါပိုးကူးစက်မှုဖြစ်နိုင်ခြေကို လျှော့ချရန် သင့်ကလေးသည် နေ့စဉ်သောက်ဆေးကို တစ်သက်တာ သောက်သုံးရန် လိုအပ်နိုင်သည်။
သင့်ကလေးသည် ကျန်းမာနေစေရန် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။
- ဆေးဝါးအားလုံးကို ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း သောက်သုံးစေပါ။
- ဆေးပြသချိန်းများ အားလုံးကို မပျက်မကွက် သွားရောက်ပြီး သွေးဆဲလ်အရေအတွက် အပြည့်အစုံ စစ်ဆေးမှု (Complete Blood Count၊ CBC) အပါအဝင် လိုအပ်သော သွေးစစ်ဆေးမှုများကို ပြုလုပ်ပါ။
- ရောဂါပိုးများ ပျံ့နှံ့ကူးစက်မှုကို လျှော့ချရန် လိုအပ်သော အစီအမံများကို ဆောင်ရွက်ပါ။
- ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့က အကြံပြုသော ကာကွယ်ဆေးများကို ထိုးနှံပါ။
- သင့်ကလေးအား ဆေးဘက်ဆိုင်ရာ အရေးပေါ်အချက်အလက် လက်ကောက် (Medical Alert Bracelet) သို့မဟုတ် လည်ဆွဲ (Medical Alert Necklace) ကို ဝတ်ဆင်စေပါ။
- သင့်ကလေးတွင် သရက်ရွက် မရှိတော့ကြောင်း ကျန်းမာရေး စောင့်ရှောက်မှုပေးသူ အားလုံးကို အသိပေးပါ။
သင်၏ စောင့်ရှောက်မှုအဖွဲ့ကို မေးရမည့် မေးခွန်းများ
- ကျွန်ုပ်၏ ကလေးသည် အဘယ်ကြောင့် သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) လိုအပ်ပါသနည်း။
- သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) ၏ အကျိုးကျေးဇူးများနှင့် အန္တရာယ်များမှာ အဘယ်နည်း။
- မည်သည့် ခွဲစိတ်နည်းကို အသုံးပြု၍ ခွဲစိတ်မည်နည်း။
- ခွဲစိတ်ကုသမှု မပြုလုပ်မီ မည်သည့်အချိန်မှစ၍ ကျွန်ုပ်၏ ကလေးသည် အစာစားခြင်းနှင့် အရည်သောက်ခြင်းကို ရပ်တန့်ရမည်နည်း။
- သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) ပြုလုပ်ပြီးနောက် ကျွန်ုပ်၏ ကလေးသည် ဆေးရုံတွင် မည်မျှကြာ နေရမည်နည်း။
- ကျွန်ုပ်၏ ကလေးသည် မည်သည့်အချိန်တွင် ပုံမှန် နေ့စဉ်လှုပ်ရှားမှုများကို ပြန်လည်လုပ်ဆောင်နိုင်မည်နည်း။
- သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) ပြုလုပ်ပြီးနောက် ရေရှည်ကျန်းမာရေးဆိုင်ရာ စိုးရိမ်စရာ အခြေအနေများ ရှိပါသလား။
- ကျွန်ုပ်၏ ကလေးသည် မည်သည့် နောက်ဆက်တွဲ စောင့်ရှောက်မှုများ လိုအပ်မည်နည်း။
သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) နှင့် ပတ်သက်သော အဓိကအချက်များ
- သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) သည် သရက်ရွက်ကို ဖယ်ရှားသည့် ခွဲစိတ်ကုသမှုတစ်ခု ဖြစ်သည်။
- သင့်ကလေးတွင် သရက်ရွက် ထိခိုက်ပျက်စီးနေခြင်း သို့မဟုတ် သွေးပုံမှန်မဖြစ်သည့် ရောဂါ (blood disorder)၊ ကင်ဆာကဲ့သို့သော ကျန်းမာရေးအခြေအနေများ ရှိပါက သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) လိုအပ်နိုင်သည်။
- သင့်ကလေးသည် သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) ပြုလုပ်ပြီးနောက် ပုံမှန်ဘဝတွင် နေထိုင်နိုင်ပါသည်။
- ခွဲစိတ်ကုသမှု ပြီးနောက် သင့်ကလေးတွင် ပြင်းထန်သော ရောဂါပိုးကူးစက်မှုများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာပါမည်။
- သရက်ရွက် ဖြတ်ထုတ်ခြင်း (Splenectomy) ပြုလုပ်ပြီးနောက် စောင့်ရှောက်မှုအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို အမြဲလိုက်နာပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ 2025 ခုနှစ်
-
ရောဂါပိုးကူးစက်မှုကို မည်သို့ကာကွယ်ရမည်နည်း
ပြင်းထန်သော ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ်များသည် ရောဂါပိုးကူးစက်မှုများကို ပိုမိုခံနိုင်ရည်နည်းပါး နိုင်ပါသည်။ သင့်ကလေးကို ကာကွယ်ပေးနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ပိုမိုပြည့်စုံစွာ လေ့လာပါ။
-
ပြင်းထန်သောရောဂါခံစားနေရသည့် ကလေးများတွင် ကာကွယ်ဆေးများ
ကာကွယ်ဆေးများသည် ရောဂါအချို့ကို ကာကွယ်ရန်အတွက် အရေးကြီးသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ကင်ဆာနှင့် အခြားရောဂါများခံစားနေရသည့် ကလေးများအတွက် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်အချိန်ဇယားများနှင့် ကာကွယ်ဆေးများအကြောင်းကို လေ့လာပါ။