ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်း
ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်းဆိုသည်မှာ အဘယ်နည်း။
ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်း (GHD) ဆိုသည်မှာ ခန္ဓာကိုယ်မှ ကြီးထွားမှုဟော်မုန်းကို လုံလောက်စွာ မထုတ်လုပ်နိုင်သည့် အခြေအနေတစ်ခု ဖြစ်ပါသည်။ ဆိုမာတိုထရိုပင် (somatotropin) ဟုလည်းခေါ်သည့် ကြီးထွားမှုဟော်မုန်းသည် ဦးနှောက်အတွင်းရှိ သေးငယ်သောဂလင်းတစ်ခုဖြစ်သည့် ပစ်ကျူထရီ ဂလင်းမှ ထုတ်လုပ်သည့် ဟော်မုန်းတစ်မျိုး ဖြစ်ပါသည်။
ခန္ဓာကိုယ်သည် အရိုး၊ ကြွက်သားနှင့် တစ်ရှူးများကို တည်ဆောက်ရန်အတွက် ကြီးထွားမှုဟော်မုန်း လိုအပ်ပါသည်။ ကြီးထွားမှုဟော်မုန်းသည် စွမ်းအင်အတွက် ခန္ဓာကိုယ်မှ အစားအစာကို အသုံးပြုရာတွင်လည်း ကူညီပေးပါသည်။
ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်း၏ ရောဂါလက္ခဏာများ
ကလေးငယ်များ၌ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်း၏ ရောဂါသွင်ပြင်များနှင့် ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
- အသက်အရွယ်အလိုက် မျှော်မှန်းထားတာထက် နှေးကွေးစွာ ကြီးထွားဖွံ့ဖြိုး၍ အများအားဖြင့် တစ်နှစ်ကို 2 လက်မ လျော့နည်းလေ့ရှိပါသည်။
- အရပ်ပုခြင်း
- ရုပ်နုခြင်း
- မျက်နှာဝိုင်းလာခြင်း သို့မဟုတ် မေးရိုးသေးလာခြင်းကဲ့သို့သော မျက်နှာအသွင်အပြင်များတွင် ပြောင်းလဲမှုများ
- အပျိုဖော်ဝင်ချိန် နောက်ကျခြင်း
လူကြီးများတွင် ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်းသည် အောက်ပါတို့ကို ဖြစ်စေနိုင်ပါသည်-
- အရိုးပါးခြင်း သို့မဟုတ် အရိုးအားနည်းခြင်း (အရိုးပွရောဂါ)
- ကြွက်သားထုထည်များ ဆုံးရှုံးခြင်းနှင့် ကြွက်သားခွန်အား လျော့နည်းခြင်း
- အထူးသဖြင့် ဝမ်းဗိုက်တစ်ဝှိက်တွင် ခန္ဓာကိုယ် အဆီများ များပြားလာခြင်း
- "မကောင်းသည့်" LDL ကိုလက်စထရော ပမာဏာ မြင့်မားခြင်း
- နှလုံးဖောက်ခြင်း သို့မဟုတ် လေဖြတ်ခြင်းကဲ့သို့သော နှလုံး သို့မဟုတ် သွေးကြောဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေ မြင့်မားခြင်း
- မောပန်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ဝမ်းနည်းခြင်း သို့မဟုတ် စိတ်အားထက်သန်မှုမရှိမှုတို့ ခံစားရခြင်း
GHD ၏ ရောဂါလက္ခဏာများသည် ကုသမှုဖြင့် သက်သာလေ့ရှိပါသည်။ GHD သည် လေ့လာသင်ယူမှု သို့မဟုတ် မှတ်ဉာဏ်ကို ထိခိုက်ခြင်း မရှိပါ ။
ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများ
ဖြစ်စေသည့် အကြောင်းရင်းပေါ်မူတည်၍ GHD အမျိုးအစား 3 မျိုး ရှိပါသည်-
- မွေးရာပါ GHD- ကလေးတစ်ဦးသည် ဤအမျိုးအစားဖြင့် မွေးဖွားလာပါသည်။ ၎င်းသည် မိဘများမှ သားသမီးများသို့ ဆင်းသက်လာသော မျိုးရိုးဗီဇပြောင်းလဲမှုများကြောင့် ဖြစ်ပွားနိုင်ပါသည်။
- အကြောင်းတစ်ခုခုကြောင့်ဖြစ်သည့် GHD- ဤအမျိုးအစားသည် ဘဝနောက်ပိုင်းတွင် ဖြစ်ပွားပါသည်။ ၎င်းသည် အောက်ပါတို့ကြောင့် ဖြစ်ပွားနိုင်ပါသည်-
- ပြင်းထန်စွာ ဦးခေါင်းဒဏ်ရာရရှိခြင်း
- ကြီးထွားမှုဟော်မုန်းထုတ်လုပ်သည့် ပစ်ကျူထရီဂလင်း ထိခိုက်ပျက်စီးခြင်း
- ကြီးထွားမှုဟော်မုန်း ထွက်ရှိမှုကို ထိန်းချုပ်သည့် ဟိုက်ပိုသဲလမတ် ဂလင်း ထိခိုက်ပျက်စီးခြင်း
- ဦးနှောက်ကို ထိခိုက်စေသည့် ရောဂါပိုးဝင်ခြင်း
- အကြောင်းရင်းမသိရဘဲဖြစ်သည့် GHD- အချို့အခြေအနေများတွင် GHD ဖြစ်ရသည့်အကြောင်းရင်းကို မသိရှိရပါ။
ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်းကို ရောဂါရှာဖွေဖော်ထုတ်ခြင်း
အကယ်၍ သင့်ကလေးတွင် ကြီးထွားဖွံ့ဖြိုးမှု အားနည်းသည့် လက္ခဏာများရှိပါက သင်၏စောင့်ရှောက်မှုအဖွဲ့သည် ကလေးဆိုင်ရာ ဟော်မုန်းအထူးကုဆရာဝန်တစ်ဦးနှင့် ပြသရန် အကြံပြုနိုင်ပါသည်။ ထိုဆရာဝန်သည် ဟော်မုန်းပြဿနာများကို ရောဂါရှာဖွေ၍ ကုသရန် အထူးလေ့ကျင့်မှုများ ရရှိထားပါသည်။
ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်းကို ရောဂါရှာဖွေဖော်ထုတ်ရန် စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
- ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုနှင့် ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ စစ်ဆေးမှုများ- သင့်ကလေး၏ အရပ်နှင့် ကိုယ်အလေးချိန်ကို အချိန်အလိုက် တိုင်းတာ၍ ပုံမှန်ကြီးထွားမှုစံပုံစံများနှင့် နှိုင်းယှဉ်မည် ဖြစ်ပါသည်။
- အရိုးအသက် ဓာတ်မှန်- အရိုးများသည် ၎င်းတို့၏ အသက်အရွယ်အလိုက် ဖြစ်ပေါ်ခြင်း ရှိ၊ မရှိကို ကြည့်ရှုရန်အတွက် သင့်ကလေး၏ လက်နှင့် လက်ကောက်ဝတ်ကို ဓာတ်မှန်ရိုက်နိုင်ပါသည်။
- သွေးစစ်ဆေးမှုများ- သွေးနမူနာများသည် ကြီးထွားမှု ဟော်မုန်း (GH) ပမာဏနှင့် IGF-1 (အင်ဆူလင်နှင့် ဆင်တူသည့် ကြီးထွားမှုအချက် 1) နှင့် IGFBP-3 (အင်ဆူလင်နှင့် ဆင်တူသည့် ကြီးထွားမှုအချက် ချိတ်ဆက်ပရိုတင်း 3) ကဲ့သို့သော ပစ်ကျူထရီမှ ထုတ်လွှတ်သော အခြားပစ္စည်းများ၏ ပမာဏကို ပြသနိုင်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် သိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်နည်းခြင်း၊ ဆီလီယက် အူလမ်းကြောင်းရောဂါ၊ သို့မဟုတ် အပျိုဖော်ဝင်ချိန်နောက်ကျခြင်းကဲ့သို့သော အခြားအခြေအနေများကို စစ်ဆေးရန်အတွက်လည်း သွေးစစ်ဆေးမှုများကို အသုံးပြုနိုင်ပါသည်။
- မျိုးရိုးဗီဇ စမ်းသပ်မှုများ- စစ်ဆေးမှုများသည် GHD သို့မဟုတ် ကြီးထွားမှုကို ထိခိုက်စေသည့် အခြားအခြေအနေများကို ဖြစ်စေသော မျိုးရိုးဗီဇပြောင်းလဲမှုများကို ရှာဖွေနိုင်ပါသည်။
- ပုံရိပ်ဖော်စစ်ဆေးမှုများ- ဦးနှောက်၏ MRIသို့မဟုတ် CT စကင်စစ်ဆေးမှုများသည် ပစ်ကျူထရီဂလင်း သို့မဟုတ် ဟိုက်ပိုသာလမတ်စ်တွင် ပြဿနာများ ရှိ၊မရှိကို ပြသနိုင်ပါသည်။
- ကြီးထွားမှုဟော်မုန်း (GH) လှုံ့ဆော်မှုကို စမ်းသပ်စစ်ဆေးခြင်း- ဤစစ်ဆေးမှုသည် ကြီးထွားမှုဟော်မုန်း မည်မျှထုတ်လွှတ်နိုင်သည်ကို ကြည့်ရှုရန်အတွက် ပစ်ကျူထရီဂလင်းကို လှုံ့ဆော်ရန် ဆေးဝါးများကို အသုံးပြုပါသည်။
ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်းကို ကုသခြင်း
GHD ကို အပြင်တွင်ပြုလုပ်ထားသည့် ကြီးထွားမှုဟော်မုန်းကို အသုံးပြု၍ ကြီးထွားမှုဟော်မုန်း အစားထိုးကုထုံးဖြင့် ကုသပါသည်။ ၎င်းကို လက်မောင်း၊ ဝမ်းဗိုက်၊ ပေါင် သို့မဟုတ် တင်ပါးတို့မှ အရေပြား၏ အဆီအပိုင်းတွင် နေ့စဉ် သို့မဟုတ် အပတ်စဉ် ထိုးဆေး (ဆေးထိုးခြင်းဖြင့်) အဖြစ် ထိုးပေးပါသည်။
သင့်ကလေးသည် ကုသမှုကို စတင်ပြီးနောက်တွင် ၎င်းတို့သည် အောက်ပါတို့ ဖြစ်နိုင်ပါသည်-
- အရပ်ရှည်လာပြီး အဝတ်အစားနှင့် ဖိနပ်အသစ်များ လိုအပ်လာနိုင်ပါသည်
- အစာစားချင်စိတ် ပိုများလာ၍ ပိန်သွယ်သည့်ပုံစံ ပေါက်လာနိုင်ပါသည်
- အလုံးစုံပို၍ ကောင်းလာသည်ဟု ခံစားရနိုင်ပါသည်
သင့်ကလေးသည် အရိုးကြီးထွားမှု နှေးကွေးသွားသည် သို့မဟုတ် ရပ်တန့်သွားသည်အထိ ကြီးထွားမှုဟော်မုန်းကုထုံးကို နှစ်များစွာ သောက်သုံးရနိုင်ပါသည်။ ၎င်းတို့ ကြီးထွားလာသည်နှင့်အမျှ ဆေးပမာဏသည်လည်း ပြောင်းလဲလာမည် ဖြစ်ပါသည်။
အချို့အခြေအနေများတွင် ကြီးထွားမှုဟော်မုန်းကုထုံးသည် အရွယ်ရောက်သည်အထိ ဆက်လက်၍ သောက်သုံးရနိုင်ပါသည်။ ၎င်းသည် အောက်ပါတို့ကို ပံ့ပိုးပေးနိုင်ပါသည်-
- အရိုးကျန်းမာရေး
- ကြွက်သားထုထည်ကျစ်လျစ်ခြင်း
- စွမ်းအင်အဆင့်များ
- ဘဝနေထိုင်မှု အရည်အသွေး
ကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူများတွင် တွေ့ရသည့် ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်း
ကလေးဘဝကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူအချို့သည် အောက်ပါတို့ပြီးနောက်တွင် GHD ဖြစ်ပွားလာနိုင်ပါသည်-
- ခေါင်း သို့မဟုတ် ဦးနှောက်ကို ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
- တစ်ကိုယ်လုံးအား ဓာတ်ရောင်ခြည်ကုထုံး ပြုလုပ်ခြင်း (TBI)
- ဦးနှောက်၊ အထူးသဖြင့် ပစ်ကျူထရီဂလင်းအနီးတွင် ခွဲစိတ်ကုသခြင်း
- ပစ်ကျူထရီဂလင်းကို ထိခိုက်စေသည့် ဦးနှောက်အကျိတ်
- ကင်ဆာဆေးဝါးအချို့ကဲ့သို့သော အချို့သော ကုသမှုများ
အကယ်၍ သင့်ကလေးသည် ကင်ဆာမှ သက်သာပျောက်ကင်းသူတစ်ဦးဖြစ်ပါက ၎င်းတို့၏အန္တရာယ်ဖြစ်နိုင်ခြေကို သိရှိပြီး ကြီးထွားမှုဆိုင်ရာ ပြဿနာများ၏ ရောဂါလက္ခဏာများကို စောင့်ကြည့်ပါ။ သင်သည် အောက်ပါတို့ကို ပြုလုပ်နိုင်ပါသည်-
- သင့်ကလေး၏ ကင်ဆာအထူးကုဆရာဝန်ကို ၎င်းတို့၏ နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများ ဖြစ်နိုင်ခြေအကြောင်းကို မေးမြန်းနိုင်ပါသည်
- သင့်ကလေး၏ မူလကျန်းမာရေးစောင့်ရှောက်ပေးသူအား ၎င်းတို့၏ ဖြစ်နိုင်ခြေ အခြေအနေများကို ပြောပြပါ။
- သင့်ကလေး၏ သက်သာပျောက်ကင်းသူစောင့်ရှောက်မှုအစီအစဉ်မိတ္တူတစ်စောင်ကို မျှဝေပါ။ ဤအစီအစဉ်တွင် ၎င်းတို့၏ ကုသမှုအကျဉ်းချုပ်နှင့် ဖြစ်နိုင်ချေရှိသော ရေရှည်ကျန်းမာရေးပြဿနာများ ပါဝင်ပါသည်။
သင့်ကလေး၏ ကြီးထွားမှု ရပ်တန့်သည့်အချိန်အထိ ပုံမှန်စစ်ဆေးမှုများကို 6 လတစ်ကြိမ် ပြုလုပ်သင့်ပါသည်။ ဤလာရောက်ပြသမှုများတွင် အောက်ပါတို့ကို စစ်ဆေးရန်အတွက် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှု ပါဝင်သင့်ပါသည်-
- အရပ်၊ ကိုယ်အလေးချိန်နှင့် ကြီးထွားမှု
- အပျိုဖော်ဝင်ချိန် အဆင့်
- အစာအာဟာရ
- စွမ်းအင်အဆင့်နှင့် အထွေထွေကျန်းမာရေး
ကြီးထွားမှုဟော်မုန်းချို့တဲ့ခြင်း အတွက် ရောဂါကြိုတင်ခန့်မှန်းချက်
ရောဂါကို စောစီးစွာရှာဖွေတွေ့ရှိ၍ ကုသခြင်းဖြင့် သင့်ကလေးသည် ပုံမှန် သို့မဟုတ် ပုံမှန်နီးပါး အရွယ်ရောက်ပြီးသူ အရပ်အမြင့်သို့ ရရှိစေရန် အခွင့်အလမ်း ပိုမိုကောင်းမွန်ပါသည်။ စောစီးစွာကုသမှုသည် ရလဒ်များကို တိုးတက်ကောင်းမွန်စေပါသည်။
နောက်ဆက်တွဲစောင့်ရှောက်မှုအတွက် သင်၏စောင့်ရှောက်မှုအဖွဲ့၏ အကြံပြုချက်များကို သေချာလိုက်နာဆောင်ရွက်ပါ။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
- အတွင်းထုတ်ဂလင်းအထူးကုဆရာဝန်နှင့် ၆ လတစ်ကြိမ် ပြသခြင်း
- လိုအပ်ပါက ဟော်မုန်းပမာဏကို ချိန်ညှိနိုင်ရန်အတွက် 4–6 လတစ်ကြိမ် သွေးစစ်ဆေးမှုများ ပြုလုပ်ခြင်း
- အရပ်အမြင့်နှင့် ကိုယ်အလေးချိန်ကို ပုံမှန်စစ်ဆေးခြင်း
- နှစ်စဉ် အရိုးအသက် ဓာတ်မှန်ရိုက်ခြင်း
- ကုသမှုမှ ဘေးထွက်ဆိုးကျိုးများကို အစီရင်ခံတင်ပြခြင်း
မိသားစုများအတွက် အကြံပြုချက်များ
- သင့်ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုကို အနီးကပ်စောင့်ကြည့်၍ သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ အကြံပြုထားသည့်အတိုင်း ၎င်းတို့လိုအပ်သည့် စစ်ဆေးမှုများအားလုံးကို သေချာပြုလုပ်ပါ။
- ကြီးထွားမှုဟော်မုန်းအစားထိုးကုထုံး အပါအဝင် ကုသမှုအစီအစဉ်ကို ဂရုတစိုက်လိုက်နာဆောင်ရွက်ပါ။
- ကလေးအချို့သည် ၎င်းတို့၏ ရွယ်တူသူငယ်ချင်းများနှင့် ကြီးထွားမှုကွဲပြားခြင်း ရှိခဲ့ပါက ခန္ဓာကိုယ်ပုံရိပ်ဆိုင်ရာ သို့မဟုတ် လူမှုရေးဆိုင်ရာ စိုးရိမ်မှုများ ရှိနိုင်ပါသည်။ အကယ်၍ သင့်ကလေးတွင် စိတ်ခံစားမှုပြောင်းလဲမှုများ သို့မဟုတ် ရင်ဆိုင်ဖြေရှင်းခြင်းဆိုင်ရာ အခက်အခဲများရှိပါက သင်၏စောင့်ရှောက်မှုအဖွဲ့ကို အသိပေးပါ။
- အလားတူ အတွေ့အကြုံများကို ရင်ဆိုင်ကျော်ဖြတ်နေသည့် အခြားသူများနှင့် ချိတ်ဆက်နိုင်ရန် လူနာအုပ်စုအဖွဲ့များထံမှ အကူအညီရယူပါ။
- သင့်တွင် ဆေးထိုးပေးခြင်း၊ ဆေးဝါးများ ရယူခြင်း သို့မဟုတ် ကြီးထွားမှုဟော်မုန်းကုထုံးအတွက် ငွေပေးချေခြင်းကဲ့သို့သော သင့်ကလေး၏ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုနှင့် ပတ်သက်၍ ပြဿနာများများရှိပါက သင်၏စောင့်ရှောက်မှုအဖွဲ့အား အသိပေးပါ။
စောင့်ရှောက်မှုအဖွဲ့ကို မေးမြန်းရန် မေးခွန်းများ
- သင်သည် ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်းကို မည်သို့စစ်ဆေးမည်နည်း။
- ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်းကို မည်သည်တို့မှ ဖြစ်စေသနည်း။
- GHD အတွက် ကုသမှုဆိုင်ရာ ရွေးချယ်စရာများမှာ မည်သည်တို့ဖြစ်သနည်း။
- ကြီးထွားမှုဟော်မုန်းကုထုံး၏ ဖြစ်နိုင်ချေရှိသည့် ဘေးထွက်ဆိုးကျိုးများမှာ မည်သည်တို့ဖြစ်သနည်း။
- ကျွန်ုပ်၏ကလေးသည် ကျန်းမာရေးစမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို မည်မျှမကြာခဏ လိုအပ်ပါသနည်း။
- ကျွန်ုပ်တို့သည် ကုသမှုဖြင့် ကြီးထွားမှုဆိုင်ရာပြောင်းလဲမှုများကို ဘယ်လောက်မြန်မြန် မြင်တွေ့နိုင်သနည်း။
- ကျွန်ုပ်ကလေးသည် ကြီးထွားမှုဟော်မုန်းအစားထိုးကုထုံးကို မည်မျှကြာသည်အထိ လိုအပ်နိုင်သနည်း။
- ကျွန်ုပ်ကလေးသည် ပုံမှန်လူကြီးအရပ်အမြင့်ကို ရောက်နိုင်ပါသလား။
- ကျွန်ုပ်တို့သည် မည်သည့် ကုသမှု၏ ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် ကျန်းမာရေးပြဿနာများကို စောင့်ကြည့်သင့်ပါသနည်း။
ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်းနှင့် ပတ်သက်သည့် အဓိကအချက်များ
- ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်း (GHD) ဆိုသည်မှာ ပစ်ကျူထရီဂလင်းမှ ကြီးထွားမှုဟော်မုန်းကို လုံလောက်စွာ မထုတ်လုပ်နိုင်သည့် အခြေအနေတစ်ခု ဖြစ်ပါသည်။
- ကလေးများတွင် GHD ၏ အဓိကရောဂါလက္ခဏာမှာ ပုံမှန်ထက် ကြီးထွားဖွံ့ဖြိုးမှုနှုန်း နှေးကွေးခြင်း ဖြစ်ပါသည်။
- GHD သည် မျိုးရိုးဗီဇဆိုင်ရာအချက်များ၊ ဦးနှောက် ထိခိုက်ဒဏ်ရာများ သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ဦးနှောက်ခွဲစိတ်မှုကဲ့သို့သော ဆေးဘက်ဆိုင်ရာကုသမှုများကြောင့် ဖြစ်ပွားနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ဖြစ်ရသည့် အကြောင်းရင်းကို မသိရှိရပါ။
- ပုံမှန်အားဖြင့် ကုသမှုတွင် နေ့စဉ် သို့မဟုတ် အပတ်စဉ် ဆေးထိုးရသည့် ကြီးထွားမှုဟော်မုန်းအစားထိုးကုထုံး ပါဝင်ပါသည်။
- ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်းကို စောစီးစွာကုသခြင်းသည် ကလေးများအား ၎င်းတို့၏ ပုံမှန်အရပ်အမြင့်အပြည့်သို့ ရောက်ရှိစေရန်နှင့် အလုံးစုံ ကျန်းမာရေးနှင့် ကြီးထွားဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်ပါသည်။
နောက်ထပ်သတင်းအချက်အလက်များ ရှာဖွေပါ
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဖေဖော်ဝါရီလ 2026 ခုနှစ်