အမေးများသည့် မေးခွန်းများနှင့် အဖြစ်များသော စိတ်ခံစားမှုများ
ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး သေဆုံးပြီးနောက် ကလေးများတွင် လွယ်ကူသောအဖြေများမရှိသည့် စိုးရိမ်ပူပန်မှုများ ရှိလာနိုင်ပါသည်။ မိဘများသည် ၎င်းတို့၏ကလေးများတွင် ရှိနိုင်သည့် မေးခွန်းများအတွက် ကြိုတင်စီစဉ်ရန် ကြိုးစားနိုင်ပါသည်။
အပြစ်ရှိသလိုခံစားရခြင်း
ကလေးများသည် ညီအစ်ကိုမောင်နှမတစ်ယောက် သေဆုံးသွားသည့်အခါ အပြစ်ရှိသည်ဟု ခံစားရလေ့ရှိပါသည်။ ကလေးများတွင် အပြစ်မရှိကြောင်းကို သိအောင်ပြောပြရန် အရေးကြီးပါသည်။ ၎င်းတို့သည် ဖြစ်ပျက်ခဲ့မှုများအတွက် အပြစ်ရှိသည်ဟု မခံစားရသင့်ပါ။ ၎င်းကို ဆွေးနွေးရန်အတွက် ချဉ်းကပ်မှုများတွင် အောက်ပါတို့ပါဝင်ပါသည်-
- “မင်း ဒါမှမဟုတ် အခြားတစ်ယောက်ယောက်ရဲ့ လုပ်ရပ်၊ အတွေး ဒါမှမဟုတ် ပြောစကားကြောင့် ဒီလိုဖြစ်လာတာမဟုတ်ဘူး။”
- “အခက်အခဲကြုံတွေ့ရတဲ့ အချိန်မှာတောင်မှ သား/ သမီးက လူကြီးပြောတဲ့အတိုင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။”
- “ဒါက ဘယ်သူ့အမှားမှ မဟုတ်ပါဘူး။”
၎င်းတို့၏ အစ်ကို/ ညီ သို့မဟုတ် အစ်မ/ ညီမ ဘာကြောင့် သေဆုံးသွားခဲ့သည်ကို သိလိုခြင်း
အများစုတွင် ကင်ဆာဖြစ်ရသည့် အကြောင်းရင်းကို မသိရှိရပါ။ သို့သော်လည်း ၎င်းသည် မိဘများမှ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဟု မေးမြန်းခြင်းကို မတားဆီးနိုင်ပါ။ ကလေးများအတွက်လည်း အလားတူပင် ဖြစ်ပါသည်။ တုံ့ပြန်ဖြေဆိုနိုင်သည့် နည်းလမ်းအချို့မှာ အောက်ပါတို့ ဖြစ်နိုင်ပါသည်-
- “အဖေတို့/ အမေတို့ သေချာမသိပါဘူး။ သား/ သမီးရော ဘယ်လိုထင်လဲ။” ၎င်းသည် ကလေးများတွေးနေသည့်အရာနှင့် ၎င်းတို့သိရှိထားသည့် အရာများကို မိဘများသိနိုင်အောင် ကူညီပေးနိုင်ပါသည်။
- “သား/ သမီးက ဖြစ်ခဲ့တဲ့အရာနဲ့ ပတ်သက်ပြီး ပြောချင်နေပုံပဲ။ ဟုတ်သလား။” စိတ်ဝင်စားမှုကို ဖော်ပြခြင်းသည် ကလေးများအား သူတို့၏ခံစားချက်များကို ဖော်ပြရာတွင် သက်သောင့်သက်သာရှိစေရန် ကူညီပေးနိုင်ပါသည်။
- “တစ်ခါတစ်ရံ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် နေမကောင်းဖြစ်တဲ့အခါ လူတိုင်းဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့ကို သက်သာလာအောင် ပြုလုပ်မပေးနိုင်ဘူး။ ဒါက သား/ သမီး တွေးထားတဲ့အရာလား။” ဤတုံ့ပြန်မှုသည် နောက်ထပ်မေးခွန်းများ မေးစေရန်အတွက် ကလေးများကို လမ်းစဖွင့်ပေးပါသည်။
သေဆုံးပြီးနောက် ဘာဖြစ်သွားလဲဟု မေးမြန်းခြင်း
မိသားစုများသည် နောက်ဘဝကို ယုံကြည်ပါက မိဘများအနေဖြင့် နေရာအသစ်က မည်သို့မည်ပုံဖြစ်နိုင်သည်ဟု ပြောပြနိုင်ပါသည်။ အချို့ကလေးများသည် ထိုနေရာတွင် အခြားဘယ်သူတွေရှိသေးလဲ၊ သူတို့တွေဘာလုပ်နေသလဲဟု ဆွေးနွေးပြောဆိုခြင်းဖြင့် နှစ်သိမ့်မှုကို ရရှိကြပါသည်။
နောက်ဘဝကို မယုံကြည်သည့် မိသားစုများအနေဖြင့် “ငါတို့ခန္ဓာကိုယ်တွေ အလုပ်မလုပ်တော့တဲ့အခါမှာ ၎င်းတို့သည် ကမ္ဘာမြေသို့ ပြန်သွားပြီး အပင်များနှင့် တိရစ္ဆာန်များနှင့်အတူ ငါတို့မျှဝေသော ကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတယ်” ကဲ့သို့ ပြောဆိုနိုင်ပါသည်။
တစ်စုံတစ်ဦး သေဆုံးပြီးနောက် ဘာဖြစ်သလဲဆိုသည်ကို ကလေးများစဉ်းစားပုံအား လေ့လာခြင်းသည် မိဘများကိုလည်း နှစ်သိမ့်မှုပေးနိုင်ပါသည်။ ဤဆွေးနွေးမှုသည် မှားယွင်းနေသော အယူအဆများကို ရှင်းလင်းပေးနိုင်သည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်နိုင်ပါသည်။ မိသားစု၏ တန်ဖိုးထားမှုများနှင့် ယုံကြည်ချက်များနှင့် ကိုက်ညီသော ပုံပြင်စာအုပ်များသည် ကလေးများနှင့် သေခြင်းတရားအကြောင်း ပြောဆိုရာတွင် မိဘများအား ကူညီပေးနိုင်ပါသည်။ မိဘများသည် အောက်ပါတို့ကဲ့သို့ ပြောဆိုနိုင်ပါသည်-
- “အဖေတို့/ အမေတို့ မျှဝေထားတဲ့ ချစ်ခြင်းမေတ္တာက ဘယ်တော့မှ ပျောက်ကွယ်မသွားပါဘူး။ အဲဒီအရာက အဖေတို့/ အမေတို့နဲ့အတူ ရှိနေပြီး အဖေတို့/ အမေတို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲတမ်းရှိနေမှာပါ။”
- “အဖေတို့/ အမေတို့အတူရှိခဲ့တဲ့ အမှတ်တရတိုင်းမှာ ချစ်ခြင်းမေတ္တာတွေ ရှိတာကြောင့် အဖေတို့/ အမေတို့နဲ့အတူ ဒီနေရာမှာပဲ ဆက်ရှိနေပါလိမ့်မယ်။”
ဆုံးပါးသွားသည့် ကလေးငယ်နှင့် ပြန်လည်တွေ့ဆုံခြင်း
ညီအစ်ကိုမောင်နှမတစ်ဦးက “ကျွန်တော့် အစ်ကို ဒါမှမဟုတ် အစ်မကို ပြန်တွေ့ရဦးမှာလား” ဟု မေးခြင်းသည် အထူးအဆန်းမဟုတ်ပါ။ ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များအရ မိဘများအနေဖြင့် အောက်ပါတို့ကဲ့သို့ စကားမျိုးဖြင့် ဖြေကြားပေးနိုင်ပါသည်-
- “သားရဲ့ အစ်ကို/ ညီက ဒီကမ္ဘာမြေပေါ်မှာ အဖေတို့/ အမေတို့နဲ့အတူ မရှိတော့လို့ သူ့ကို ပြန်တွေ့ရတော့မှာ မဟုတ်ဘူး။"
- “သားက သူ့ကို မမြင်နိုင်၊ မထိနိုင်ပေမဲ့ သားရဲ့ နှလုံးသားနဲ့ စိတ်ထဲမှာ သူ့ကို သတိရနေလို့ ရပါတယ်။”
သူတို့၏ ညီ/ အစ်ကို သို့မဟုတ် အစ်မ/ ညီမကို သတိရခြင်း
သူတို့၏ ညီ/ အစ်ကို သို့မဟုတ် အစ်မ/ ညီမကိုသည် မိသားစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲတမ်းဖြစ်နေပြီး ဘယ်တော့မှ မေ့ပျောက်သွားမည်မဟုတ်ကြောင်းကို ကလေးများ သိရှိစေရန်မှာ အရေးကြီးပါသည်။ ကလေးများသည် ထူးခြားသည့် ဇာတ်လမ်းများ သို့မဟုတ် အမှတ်တရများကို ကြားချင်ကြလိမ့်မည် ဖြစ်ပါသည်။ ညစာစားပွဲများ၊ အားလပ်ရက်များ၊ မွေးနေ့များ သို့မဟုတ် ကြိုက်နှစ်သက်သော လှုပ်ရှားမှုများအကြောင်း မျှဝေပြောပြပေးခြင်းသည် ကျန်ရစ်သူမွေးချင်းများကို သူတို့၏ ကွယ်လွန်သူ ညီ/ အစ်ကို သို့မဟုတ် အစ်မ/ ညီမနှင့် ဆက်သွယ်နိုင်နေဆဲဖြစ်ကြောင်းကို အားပေးနှစ်သိမ့်ပေးနိုင်သည်။
မိသားစုမှ သူတို့၏မောင်နှမတွေကို သတိရအောက်မေ့စေရန် ထူးခြားသည့်အချိန်များတွင် လုပ်ဆောင်နိုင်သည့် အရာများနှင့် ပတ်သက်ပြီး သူတို့၏အကြံဥာဏ်များကို မျှဝေရန် ကလေးများကို တိုက်တွန်းအားပေးပါ။ သင်သည် အောက်ပါတို့ကဲ့သို့ ပြောဆိုနိုင်ပါသည်-
- “နောက်နှစ် မင်းရဲ့ အစ်မ/ ညီမ မွေးနေ့မှာ မိုးပျံပူဖောင်းတစ်လုံးကို ရွေးမယ်၊ ထူးခြားတဲ့နေရာတစ်နေရာကို သွားပြီး အဖေတို့အမေတို့ သူ့မအကြောင်းတွေးရင်းနဲ့ အဲဒါကို အမြင့်ဆုံးရောက်အောင် လွှတ်ကြမယ်။”
- “လတိုင်းရဲ့ ပထမဆုံးနေ့မှာ မင်းအစ်ကို/ ညီလေးရဲ့ အကြိုက်ဆုံးအစားအစာတွေထဲက တစ်ခုခုကို စားကြရအောင်။”
- "သူမကို အမှတ်ရဖို့ မင်း ထူးခြားတဲ့ဘယ်အရာကို လုပ်ချင်လဲ။"
ရှေ့သို့ ဆက်၍လျှောက်လှမ်းသွားခြင်း
ဝမ်းနည်းပူဆွေးနေသည့် ကလေးများသည် “သားတို့/ သမီးတို့ ဘာဆက်လုပ်ရမလဲ” ဟု မေးတတ်ကြပါသည်။ ရှေ့ဆက်ဖို့ ခက်ခဲတယ်ဆိုတာကို ဝန်ခံခြင်းသည် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ မိသားစုသည် အတူတကွရှိနေမည်ဖြစ်ကြောင်းကို ကလေးများအား အားပေးပြောဆိုပါ။ သင်သည် အောက်ပါတို့ကို ပြောခြင်းဖြင့် အချင်းချင်း အားပေးထောက်ပံ့နိုင်ပါသည်- “အားလုံးအတူတူ မရှိနိုင်တာကို မြင်ယောင်ကြည့်ရုံနဲ့တင် ခက်ခဲပါတယ်။ မင်းရဲ့ အစ်မ/ ညီမကို အမြဲအမှတ်ရနေဖို့ နည်းလမ်းတွေရှာပြီး သူ့ကို အဖေတို့အမေတို့ရဲ့ မိသားစုလေးထဲမှာ အမြဲထည့်ထားပေးမှာပါ။ သူက အမြဲတမ်း မင်းရဲ့ အစ်မ/ ညီမ ဖြစ်နေမှာပါ။”
ခံစားချက်များနှင့် ပတ်သက်၍ ရိုးသားပါ
မိဘများမှ ခံစားချက်များကို ထုတ်ဖော်ပြသည့်အခါ ကလေးများသည် သူတို့သည် တစ်ယောက်တည်း မဟုတ်ကြောင်းနှင့် သူတို့၏ ခံစားချက်များမှာ ပုံမှန်ဖြစ်ကြောင်းကို နားလည်ရန် ကူညီပေးနိုင်ပါသည်။ ကလေးများအနေဖြင့် သူတို့၏ စိတ်ခံစားမှုများကို အရှိကိုအရှိအတိုင်း ဖော်ပြခွင့်ရရန် အရေးကြီးပါသည်။
သင်သည်လည်း သင့်ကလေးများနှင့် ခံစားချက်တူညီကြောင်းနှင့် ၎င်းသည် ပုံမှန်ဖြစ်ကြောင်းကို သင့်ကလေးများအား ပြောပြချင်ပါလိမ့်မည်။ ၎င်းကို ဆွေးနွေးရန် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများတွင် အောက်ပါတို့ ပါဝင်ပါသည်-
- “ဆေးတွေက ကင်ဆာကြီးထွားမှုကို ရပ်တန့်အောင် မလုပ်ပေးနိုင်တာ အမေလည်း စိတ်မကောင်းပါဘူး။”
- “တစ်ခါတလေ အဖေ/ အမေ ဝမ်းနည်းတဲ့အခါ ငိုတာက စိတ်ခံစားချက်တွေကို ဖွင့်ဟဖော်ပြဖို့ နည်းလမ်းတစ်ခုပါပဲ။”
- “အခုအချိန်မှာ အဖေ အရမ်းစိတ်ညစ်နေပါတယ်။ သားလေး/ သမီးလေးကော ဘယ်လို ခံစားနေရလဲ။
တစ်ခါတစ်ရံတွင် မိဘများသည် ဘာပြောရမှန်းမသိ ဖြစ်တတ်ကြပါသည်။ မိဘများအနေဖြင့် မိမိကိုယ်ကို ပိုမိုကောင်မွန်းစွာ ပြင်ဆင်ထားပြီးဖြစ်သည်ဟု ခံစားရသည့်အချိန်အထိ မေးခွန်းတစ်ခုကို အဖြေပေးရန် အချိန်ဆွဲထားခြင်းသည် အဆင်ပြေပါသည်။ အရေးကြီးဆုံးမှာ ကလေးများအား မေးခွန်းများ မေးခြင်းသည် အဆင်ပြေကြောင်းကို အသိပေးရန်ဖြစ်ပါသည်။
မိဘများသည်လည်း အဖြေပေးနိုင်ရန် ခက်ခဲနေသည်ကို ကလေးများ သိရှိပါက ၎င်းတို့သည် သူတို့ကိုယ်တိုင် ကြုံနေရသည့် အခက်အခဲများကို ပို၍ရိုးရိုးသားသား ဖော်ပြလာနိုင်ပါသည်။ ရိုးရှင်းသော တုံ့ပြန်မှုမှာ-“ဒါက ခက်ခဲတဲ့မေးခွန်းတစ်ခုပဲ။ ဒီအကြောင်းကို အဖေ/ အမေလည်း စဉ်းစားနေတာပါ။” ဖြစ်နိုင်ပါသည်။