အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


ဆီးပိုက်များ (ဖိုးလီပိုက်) (Urinary (Foley) Catheters)

ဆီးပိုက်ဆိုသည်မှာ အဘယ်နည်း။

ဆီးပိုက်သည် ဆီးအိတ်ထဲသို့ထည့်သွင်းရသည့် ကျဉ်းမြောင်းသေးငယ်သောပြွန်တစ်ခု ဖြစ်ပါသည်။ ဆီးသည် ပိုက်မှတစ်ဆင့် စီးဆင်းသွားပြီး အိတ်အတွင်းသို့ စုဆောင်းသည်။ 

အောက်ပါ အခြေအနေများတွင် ဆီးပိုက် လိုအပ်နိုင်သည်။

  • သင့်ကလေးသည် ဆီးမသွားနိုင်ခြင်း သို့မဟုတ် ဆီးမထိန်းနိုင်ဘဲ ယိုစိမ့်ခြင်း ရှိပါက
  • ဆီးထွက်ရှိသည့် ပမာဏကို တိုင်းတာရန် လိုအပ်ပါက (ဥပမာအနေဖြင့် သင့်ကလေးသည် အထူးကြပ်မတ် ကုသဆောင်တွင် ရှိနေပါက)
  • အချို့သော ခွဲစိတ်ကုသမှုများ ပြုလုပ်နေစဉ်နှင့် ပြုလုပ်ပြီးနောက်
  • အချို့သော ကျောက်ကပ် သို့မဟုတ် ဆီးအိမ် စစ်ဆေးမှုများ ပြုလုပ်နေစဉ်
ဆီးအိမ်၊ ဆီးသွားလမ်းကြောင်း (Urethra)၊ ဆီးပိုက်နှင့် ဆီးစုဆောင်းအိတ်တို့ကို ပြသထားသော ဆီးပိုက် (Urinary Catheter) တပ်ဆင်ထားသည့် ဘီးတပ်ကုလားထိုင်ပေါ်မှ မိန်းကလေး၏ သရုပ်ဖော်ပုံ

ဆီးပိုက် (Urinary Catheter) သည် ဆီးကို စီးဆင်းထုတ်ပေးရန် ဆီးအိမ်အတွင်းသို့ ထည့်သွင်းထားသော ပိုက်တစ်ချောင်း ဖြစ်သည်။

ဆီးပိုက်များကို လိုအပ်သည့် အခြေအနေများတွင်သာ အသုံးပြုပါသည်။ ၎င်းတို့ကို လိုအပ်မှု မရှိတော့သည်နှင့် တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားသင့်သည်။ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ဝင်များသည် ရောဂါပိုးကူးစက်မှုဖြစ်နိုင်ခြေကို လျှော့ချနိုင်ရန် ဆီးပိုက် ထည့်သွင်းသည့် အကောင်းဆုံးနည်းလမ်းများကို လေ့ကျင့်သင်ကြားထားသူများ ဖြစ်သည်။

ဆီးပိုက် အမျိုးအစားများ

ဆီးပိုက်အများစုသည် ဆီးအိမ်အတွင်းတွင် အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေပြီး ဆီးကို အိတ်အတွင်း စုဆောင်းပေးသည်။ ၎င်းတို့ကို အမြဲတပ်ဆင်ထားသော ဆီးပိုက်များ (Indwelling Catheters) ဟု ခေါ်ပါသည်။ ဖိုးလီပိုက် (Foley Catheters) အပါအဝင် အမြဲတပ်ဆင်ထားသော ဆီးပိုက်များ (Indwelling Catheters) အများစုကို ဆီးသွားလမ်းကြောင်း (Urethra) မှတစ်ဆင့် ထည့်သွင်းပါသည်။ ဝမ်းဗိုက်မှတစ်ဆင့် ထည့်သွင်းသော ဆီးပိုက် (Suprapubic Catheter) သည် ဝမ်းဗိုက်ပေါ်ရှိ အပေါက်ငယ် (Stoma) မှတစ်ဆင့် ထည့်သွင်းသော ဆီးပိုက် (Urinary Catheter) ဖြစ်ပါသည်။ 

အချို့လူနာများတွင် အမြဲတပ်ဆင်ထားသော ဆီးပိုက် (Indwelling Catheter) မရှိနိုင်ပါ။ ထိုအခြေအနေတွင် ဆီးအိမ်ကို ဆီးရှင်းစေရန် ဆီးသွားလမ်းကြောင်း (Urethra) အတွင်းသို့ ဆီးပိုက် (Catheter) ကို ထည့်သွင်းပြီးနောက် ပြန်လည်ဖယ်ရှားပါသည်။ ၎င်းကို တစ်ခါတစ်ရံ သန့်ရှင်းသော အချိန်ပိုင်း ဆီးပိုက်ထည့်ခြင်း (Clean Intermittent Catheterization) သို့မဟုတ် မိမိကိုယ်တိုင် ဆီးပိုက်ထည့်ခြင်း (Self-Catheterization) ဟု ခေါ်သည်။ 

ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သည် သင့်ကလေး၏ ဆေးကုသမှု လိုအပ်ချက်များအတွက် မည်သည့် ဆီးပိုက်အမျိုးအစားက အသင့်တော်ဆုံး ဖြစ်သည်ကို ရှင်းပြပေးမည်ဖြစ်ပြီး အိမ်တွင် ပြုစုစောင့်ရှောက်ရန် လိုအပ်သော ညွှန်ကြားချက်များကိုလည်း သင်ကြားပေးပါမည်။

ဆီးပိုက် (Urinary Catheter) ကို မည်သို့ ပြုစုစောင့်ရှောက်ရမည်နည်း

ဆီးပိုက်ကို ပြုစုစောင့်ရှောက်ရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာပါ။ ပြုစုစောင့်ရှောက်သူ အားလုံးသည် သင့်ကလေး၏ ဆီးပိုက်ကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးနောက် လက်ကို ဆပ်ပြာနှင့် ရေဖြင့် ဆေးကြောခြင်း သို့မဟုတ် အရက်ပြန်ဖြင့် ထုတ်ထား‌သော လက်သန့်ဆေး အသုံးပြုခြင်း ပြုလုပ်ရပါမည်။

ဝန်ထမ်းများ လက်သန့်ရှင်းရေး မလုပ်သည်ကို တွေ့ရှိပါက၊ ဆီးပိုက်ကို မကိုင်တွယ်မီ လက်သန့်ရှင်းရေး ပြုလုပ်ပေးရန် တောင်းဆိုပါ။

မိသားစုဝင်များအတွက် အကြံပြုချက်များ

  • ဆီးပိုက်နှင့် ဆီးစီးဆင်းရာ ပိုက်ကို မဖြုတ်ပါနှင့်။ 
  • ဆီးပိုက်ကို ခြေထောက်တွင် သေချာစွာ တပ်ဆင်ထားပါ။ ၎င်းသည် ဆွဲငင်ခံရခြင်းမှ ကာကွယ်ပေးသည်။
  • ဆီးပိုက်ကို လိမ်ခြင်း သို့မဟုတ် ခေါက်ချိုးခြင်း မဖြစ်စေပါနှင့်။
  • ဆီးစုဆောင်းအိတ်ကို ဆီးအိမ်ထက် နိမ့်သော အနေအထားတွင် ထားပါ။ ၎င်းသည် ဆီးပြန်လည်စီးဆင်း၍ ဆီးအိမ်အတွင်းသို့ မရောက်စေရန် ကာကွယ်ပေးသည်။
  • ဆီးစုဆောင်းအိတ်ကို အလွန်ပြည့်သွားသည်အထိ မထားပါနှင့်။ ပြည့်နေသော အိတ်၏ အလေးချိန်သည် ဆီးသွားလမ်းကြောင်း (Urethra) ကို ဆွဲထားပြီး နာကျင်စေနိုင်သည်။ 

ဆီးစုဆောင်းအိတ် (Urinary Drainage Bag) ကို မည်သို့ ပြုစုစောင့်ရှောက်ရမည်နည်း

သင့်ကလေးတွင် အမြဲတပ်ဆင်ထားသော ဆီးပိုက် (Indwelling Catheter) ရှိပါက၊ ဆီး (Urine) ကို စုဆောင်းရန် ဆီးစုဆောင်းအိတ်ကို အသုံးပြုရပါမည်။ ဆီးအိတ်ကို ကုတင် သို့မဟုတ် ဘီးတပ်ကုလားထိုင်တွင် ချိတ်ထားနိုင်သည်။ အချို့လူနာများသည် ခြေထောက်တွင် ပတ်၍ တပ်ဆင်နိုင်သော ခြေထောက်တွင် တပ်ရသော ဆီးအိတ်ကို အသုံးပြုနိုင်သည်။ ဆီးအိတ်ကို ဆီးသွန်ခြင်းနှင့် လဲလှယ်ခြင်းအတွက် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာပါ။

  • ဆီးစီးဆင်းရာ ပိုက်ကျွတ်ထွက်မသွားစေရန် ဆီးစုဆောင်းအိတ်၏ လှုပ်ရှားမှုကို အနည်းဆုံးဖြစ်အောင် ထိန်းထားပါ။
  • ဆီးနောက်ပြန်စီးဆင်းမှု မဖြစ်စေရန် ဆီးအိတ်ကို သင့်ကလေး၏ ဆီးအိမ်ထက် နိမ့်သော အနေအထားတွင် ထားပါ။
  • ဆီးအိတ်ကို ကြမ်းပြင်ပေါ်တွင် မထားပါနှင့်။

ဆီးစုဆောင်းအိတ်ကို ဆီးသွန်နည်း

သင်သည် လေ့ကျင့်သင်ကြားထားပြီးမှသာ အိတ်ကို ဗလာလုပ်ပါ။ သင့်ကလေး ဆေးရုံတက်နေပါက၊ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ဝင်တစ်ဦးက ဆီးအိတ်ကို သွန်ပေးပါမည်။ ဆီးအိတ် 2/3 ပြည့်လာသောအခါ၊ သို့မဟုတ် မပြည့်သေးလျှင်တောင် အနည်းဆုံး 8 နာရီတစ်ကြိမ် ဆီးသွန်ပေးပါ။

လက်ကို ဆပ်ပြာနှင့် ရေဖြင့် သေချာစွာ ဆေးကြောပြီး ခြောက်အောင် သုတ်ပါ၊ သို့မဟုတ် အရက်ပြန်ဖြင့် ထုတ်ထား‌သော လက်သန့်ဆေးကို အသုံးပြုပါ။ လက်အိတ်ရှိပါက သို့မဟုတ် အသုံးပြုရန် ညွှန်ကြားထားပါက လက်အိတ်ဝတ်ပါ။

  • ဆီးအိတ် သွန်နေစဉ် ဆီးထွက်ပေါက်ကို မည်သည့်အရာနှင့်မျှ မထိစေပါနှင့်။
  • သန့်ရှင်းသော အလွတ်ခွက်တစ်ခုကို ဆီးထွက်ပေါက် (Drain Spout) အောက်တွင် ထားပြီး ဆီးထွက်ပေါက်ကို ဖွင့်ကာ ဆီးများကို စီးဆင်းစေပါ။
  • ဆီးထွက်ပေါက် (Drain Spout) ကို ခွက်နှင့် မထိစေပါနှင့် သို့မဟုတ် လက်ဖြင့် မထိပါနှင့်။ အကယ်၍ ထိုသို့ ထိမိခဲ့ပါက အရက်ပြန်ပါသော သန့်ရှင်းရေးအဝတ်ဖြင့် ဆီးထွက်ပေါက်ကို သန့်ရှင်းရေး ပြုလုပ်ပါ။
  • ဆီးအိတ် ဗလာဖြစ်သွားသောအခါ ဆီးထွက်ပေါက်ကို ပြန်ပိတ်ပါ။
  • ဆီးကို အိမ်သာထဲသို့ သွန်ပစ်ပါ။
ဆီးစုဆောင်းအိတ်ကို 2/3 ပြည့်လာသည်နှင့် သွန်ပေးပါ။

ဆီးအိတ် အလွန်ပြည့်သွားသည်အထိ မစောင့်ပါနှင့်။ ဆီးသွန်ရမည့် အချိန်အကြိမ်ရေသည် အသုံးပြုနေသော ဆီးအိတ် အမျိုးအစားပေါ် မူတည်၍ ကွာခြားနိုင်သည်။

ဆီးပိုက်နှင့် ဆက်စပ်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Catheter-Associated Urinary Tract Infection) (CAUTI)

ရောဂါပိုးများသည် ဆီးပိုက်တစ်လျှောက် သွားရောက်နိုင်ပြီး ဆီးအိမ် သို့မဟုတ် ကျောက်ကပ်တွင် ရောဂါပိုးကူးစက်မှုဖြစ်စေနိုင်သည်။ ၎င်းကို ဆီးပိုက်နှင့် ဆက်စပ်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Catheter-Associated Urinary Tract Infection) (CAUTI) ဟု ခေါ်သည်။ ဤရောဂါပိုးကူးစက်မှုသည် ပြင်းထန်နိုင်ပြီး အခြားရောဂါပိုးကူးစက်မှုများကိုလည်း ဖြစ်စေနိုင်သည်။

ဆီးပိုက် (Urinary Catheter) တပ်ဆင်ထားသူများသည် ဆီးပိုက်မရှိသူများနှင့် နှိုင်းယှဉ်လျှင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection) (UTI) ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။ ဆီးလမ်းကြောင်းစနစ်တွင် ဆီးအိမ်နှင့် ကျောက်ကပ်တို့ ပါဝင်သည်။ ပုံမှန်အားဖြင့် ဤအစိတ်အပိုင်းများတွင် ရောဂါပိုးများ မရှိပါ။ သို့သော်၊ ရောဂါပိုးများသည် ဆီးအိမ် သို့မဟုတ် ကျောက်ကပ်အတွင်းသို့ ဝင်ရောက်သွားပါက၊ ရောဂါပိုးကူးစက်မှုဖြစ်ပွားနိုင်ပါသည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection) ၏ လက္ခဏာများ

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ၏ ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည်-

  • ဆီးထဲ သွေးပါခြင်း
  • ဆီးအရောင် နောက်ကျိခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော အရောင်ဖြစ်ခြင်း
  • ဆီးသွားသည့်အခါ နာကျင်ခြင်း သို့မဟုတ် ပူစပ်ပူလောင် ဖြစ်ခြင်း
  • ခါးနောက်ပိုင်း သို့မဟုတ် ဝမ်းဗိုက်အောက်ပိုင်း (အစာအိမ်အောက်ဘက်) တွင် နာကျင်ခြင်း သို့မဟုတ် ဖိအားခံစားရခြင်း
  • ဆီးမကြာခဏ သွားလိုခြင်း သို့မဟုတ် ဆီးပိုက် ဖယ်ရှားပြီးနောက် ဆီးသွားသည့် အကြိမ်ရေ ပိုမိုများပြားလာခြင်း
  • ဆီး သို့မဟုတ် ဆီးပိုက်မှ အနံ့ဆိုးထွက်ခြင်း သို့မဟုတ် အနံ့ရှိခြင်း
  • ဖျားခြင်း

အချို့သူများတွင် အထက်ပါ လက္ခဏာများ မရှိဘဲ ရောဂါပိုးကူးစက်မှုဖြစ်နိုင်ပါသည်။ သင့်ကလေးတွင် ရောဂါပိုးကူးစက်မှုဖြစ်နေသည်ဟု သံသယရှိပါက ဆရာဝန်ကို ချက်ချင်း ဆက်သွယ်ပါ။

ဆီးပိုက်နှင့် ဆက်စပ်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်း (catheter-associated urinary tract infection) ကို ကာကွယ်ရန် အဆင့်များ

  • ဆီးပိုက်ကို ပြုစုစောင့်ရှောက်ခြင်း မပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက် လက်ကို အမြဲသန့်ရှင်းပါ။
  • ဆီးပိုက်စနစ်၏ မည်သည့်အစိတ်အပိုင်းကိုမဆို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးနောက် လက်ကို အမြဲသန့်ရှင်းပါ။
  • သင့်ကလေးကို အထူးသန့်ရှင်းရေးအဝတ်များ၊ သန့်ရှင်းရေးအဝတ်များ သို့မဟုတ် ဆပ်ပြာနှင့် ရေကို အသုံးပြု၍ နေ့စဉ် ရေချိုးပေးပါ။
  • လိင်အင်္ဂါတစ်ဝိုက်နှင့် ဆီးပိုက်ပိုက်လိုင်းကို 12 နာရီတစ်ကြိမ်နှင့် ဝမ်းသွားပြီးတိုင်း အထူးသန့်ရှင်းရေးအဝတ်များ၊ သန့်ရှင်းရေးအဝတ်များ သို့မဟုတ် ဆပ်ပြာနှင့် ရေဖြင့် သန့်ရှင်းပေးပါ။ ဤလုပ်ငန်းစဉ်ကို လေ့ကျင့်သင်ကြားထားသော ပြုစုစောင့်ရှောက်သူများကသာ ပြုလုပ်သင့်သည်။
  • ဆီးစုဆောင်းအိတ်ကို ဆီးအိမ်ထက် နိမ့်သော အနေအထားတွင် ထားပါ။
  • ပိုက်လိုင်းကို ဆွဲခြင်း သို့မဟုတ် ရုတ်တရက် ဆွဲငင်ခြင်း မပြုလုပ်ပါနှင့်။
  • ဆီးပိုက်ပိုက်လိုင်းကို လိမ်ခြင်း သို့မဟုတ် ခေါက်ချိုးခြင်း မဖြစ်စေပါနှင့်။
  • ဆီးပိုက်ကို ဆက်လက်လိုအပ်ခြင်း ရှိ၊ မရှိကို သင့်ကလေး၏ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့အား နေ့စဉ် မေးမြန်းပါ။

အဓိကအချက်များ

  • ဆီးပိုက်သည် ဆီးအိမ်အတွင်းရှိ ဆီးကို စီးဆင်းထုတ်ပေးသည်။ ဖိုးလီပိုက် (Foley Catheter) သည် အမြဲတပ်ဆင်ထားသော ဆီးပိုက် (Indwelling Catheter) အမျိုးအစားတစ်ခု ဖြစ်သည်။
  • ရောဂါပိုးကူးစက်မှုကို ကာကွယ်ရန် ဆီးပိုက်ကို သန့်ရှင်းစွာ ထားရှိပြီး ပြုစုစောင့်ရှောက်မှု ညွှန်ကြားချက်များအားလုံးကို လိုက်နာပါ။
  • ဆီးပိုက်နှင့် ဆက်စပ်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Catheter-Associated Urinary Tract Infection) (CAUTI) ၏ ရောဂါလက္ခဏာများတွင် အဖျားရှိခြင်းနှင့် ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်းတို့ ပါဝင်နိုင်သည်။ သို့သော် အချို့အခြေအနေများတွင် မည်သည့်လက္ခဏာမျှ မပြဘဲလည်း ရောဂါပိုးကူးစက်မှုဖြစ်နိုင်ပါသည်။
  • ရောဂါပိုးကူးစက်မှုကို ကာကွယ်ရန် သို့မဟုတ် ကုသရန်အတွက် သင့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ အကြံပြုချက်များကို အမြဲလိုက်နာပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇန်နဝါရီလ 2023 ခုနှစ်