အရေပြားနှင့် အနာစောင့်ရှောက်မှုသည် သင့်ကလေး၏ ကျန်းမာရေးနှင့် သက်တောင့်သက်သာရှိမှုအတွက် အလွန်အရေးကြီးပါသည်။ အရေပြားသည် လူ့ခန္ဓာကိုယ်၏အကြီးဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်ပါသည်။ ၎င်းသည် ရောဂါပိုးမွှားများကို ကာကွယ်ရန် ပထမဆုံးအဆင့် ကာကွယ်မှု ဖြစ်ပါသည်။ အရေပြားသည် ထိခိုက်ဒဏ်ရာရခြင်းမှလည်း ကာကွယ်ပေး၍ ခန္ဓာကိုယ်၏ အပူချိန်ကိုလည်း ထိန်းညှိပေးကာ အထိအတွေ့၊ နာကျင်မှုနှင့် အပူချိန်ကိုလည်း သိရှိခံစားစေပါသည်။
ကျန်းမာသည့်အရေပြားသည် သူ့အလိုလို ပြန်လည်ကောင်းမွန်နိုင်သည့် စွမ်းရည်ရှိပါသည်။ သို့သော်လည်း ကိုယ်ခံအားစနစ် အားနည်းသည့် ကလေးများတွင် ဒဏ်ရာများသည် သက်သာပျောက်ကင်းရန် အချိန်ပိုကြာနိုင်သည် သို့မဟုတ် ပြင်းထန်သော ရောဂါပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အရေပြားပြောင်းလဲမှုများသည် အချို့သောကင်ဆာရောဂါ သို့မဟုတ် အခြားဆေးဘက်ဆိုင်ရာအခြေအနေများ၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ဆေးဝါးအချို့၏ ဘေးထွက်ဆိုးကျိုးအနေဖြင့်လည်း ဖြစ်ပေါ်နိုင်ပါသည်။
အရေပြားကို ပုံမှန်စစ်ဆေးပါ- အရေပြားတွင် အဖုအပိမ့်အင်ပြင်ထွက်ခြင်း၊ ယားယံခြင်း၊ အရောင်ပြောင်းလဲခြင်း၊ အဖုအပိမ့်များထွက်ခြင်း သို့မဟုတ် ကွဲအက်ခြင်းကဲ့သို့သော အရေပြားပြောင်းလဲမှုများကို သတိပြုစစ်ဆေးပါ။
အရေပြားနှင့် အနာစောင့်ရှောက်မှုသည် မည်သည့်အတွက်ကြောင့်အရေးကြီးကြောင်းအား သင့်ကလေးကို ပြောဆိုပါ- သင့်ကလေး၏ အရေပြားကို အာရုံစိုက်ရန်နှင့် သူတို့၏အရေပြားတွင် ပြောင်းလဲမှုများကို သတိပြုမိသည့်အခါ ထုတ်ဖော်ပြောဆိုရန် အားပေးပါ။ ကလေးများ—အထူးသဖြင့် ဆယ်ကျော်သက်အရွယ်များ—သည် ၎င်းတို့ အလွန်အမင်း မသက်မသာဖြစ်မှုကို မခံစားရသည့်အချိန်အထိ ထုတ်ဖော်ပြောဆိုခြင်း မပြုလုပ်ပါ။ ၎င်းမှာ သူတို့သည် ရှက်ကြောက်ခြင်းကြောင့် သို့မဟုတ် သူတို့၏အရေပြားပြဿနာသည် အရေးမကြီးဟု ထင်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။ သူတို့သည် ခန္ဓာကိုယ်၏ အချို့အစိတ်အပိုင်းများ စစ်ဆေးခံရခြင်းကို ရှောင်ရှားရန်ကိုလည်း ကြိုးစားနိုင်ပါသည်။
ကျန်းမာသည့် အသားအရေထိန်းသိမ်းမှု လုပ်ရိုးလုပ်စဉ်များကို ထိန်းသိမ်းဆောင်ရွက်ပါ- သင့်ကလေး၏ အရေပြားကို သန့်ရှင်းအောင်ထားပါ၊ နေရောင်ခြည်ကနေ အရေပြားကို ကာကွယ်ပါ၊ သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ အကြံပြုထားသည့် အစိုဓာတ်ထိန်းခရင်မ်ကို အသုံးပြုပါ၊ အရေပြားကို ယားယံစေသည့် ဓာတုပစ္စည်းများ သို့မဟုတ် ထုတ်ကုန်များကို ရှောင်ကြဉ်ပါ။
သင့်ကလေး၏ အရေပြားကို ကျန်းမာစေသည့်အကြောင်းကို သင်၏စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပြီး အရေပြားနှင့် အနာစောင့်ရှောက်မှုဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။
ဒဏ်ရာ သို့မဟုတ် အရေပြား ပေါက်ပြဲခြင်းများ ပုံမှန်ထက် အချိန်ပိုကြာမှ အနာကျက်သည့်အခါမျိုးကို ဒဏ်ရာအနာကျက်ရန် ကြန့်ကြာခြင်း ဟု ခေါ်ဆိုပါသည်။ ဒဏ်ရာအနာကျက်ရန် ကြန့်ကြာခြင်း ၏ အကြောင်းအရင်းများနှင့် ဒဏ်ရာဂရုစိုက်ခြင်းဆိုင်ရာ အကြံပြုချက်များကို လေ့လာဖတ်ရှုပါ။
ကလေးဘဝ ကင်ဆာရောဂါမှ သက်သာပျောက်ကင်းသူကလေးများတွင် အဖြစ်အများဆုံး ဆင့်ပွားကင်ဆာမှာ အရေပြားကင်ဆာ ဖြစ်ပါသည်။ အဖြစ်များသော အရေပြားကင်ဆာအမျိုးအစားများနှင့် ၎င်းတို့၏ ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များအကြောင်းကို လေ့လာပါ။