အဓိကအကြောင်းအရာ skip

St. Jude ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ အဆင့်မြင့်ဆုံး သုတေသန၊ ကမ္ဘာ့-အဆင့်မှီ လူနာ ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် နောက်ထပ်အရာများကို ရှာဖွေစူးစမ်းပါ။

St. Jude Children’s Research Hospital ပင်မစာမျက်နှာ


သင့်ကလေးအား ကင်ဆာရောဂါ (Cancer)အကြောင်း မည်သို့ပြောပြရမည်နည်း

သင့်ကလေးတွင် ကင်ဆာရောဂါ (Cancer)ရှိနေကြောင်း သိရှိရခြင်းသည် စိတ်သောက အလွန်ရောက်ရစေနိုင်ပါသည်။ သင့်အနေဖြင့် မည်သို့လုပ်ဆောင်ရမည် သို့မဟုတ် ဤအခြေအနေကို မည်သို့ကျော်ဖြတ်ရမည်ကို မသိဘဲ ဖြစ်နေနိုင်ပါသည်။ သင်တစ်ဦးတည်း မဟုတ်ကြောင်း သတိရပါ။ သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် သင့်အား ကူညီပေးရန် ထိုနေရာတွင် ရှိနေမည် ဖြစ်ပါသည်။

မိမိကလေးအား ရောဂါရှာဖွေတွေ့ရှိမှုအကြောင်းကို ကိုယ်တိုင်ပဲ ပြောပြလိုခြင်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် ခက်ခဲသော စကားပြောဆိုမှုများအတွက် အကူအညီ ရယူလိုခြင်းလည်း ဖြစ်နိုင်ပါသည်။ သင့်ပြုစုစောင့်ရှောက်မှုအဖွဲ့ထံမှ အကူအညီတောင်းခံရန် သေချာစွာ ဆောင်ရွက်ပါ။ ၎င်းတို့သည် ဤနယ်ပယ်တွင် အတွေ့အကြုံ ရှိပြီးသားဖြစ်သဖြင့် အကြံပြုချက်များကို ပေးစွမ်းနိုင်ပါသည်။

သင့်ကလေးအား ကင်ဆာရောဂါ (Cancer)အကြောင်း ပြောပြသည့်အခါ အောက်ပါအချက် 3 ချက်ကို စိတ်ထဲတွင် မှတ်သားထားပါ-

  • ရိုးသားပြီး ပွင့်လင်းမှုရှိပါစေ
  • ကင်ဆာရောဂါ (Cancer)နှင့် ကုသမှုအကြောင်းကို သင့်ကလေး နားလည်နိုင်မည့် စကားလုံးများကို အသုံးပြု၍ ရှင်းပြပါ
  • သင့်ကလေး၏ အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအဆင့်အပေါ် မူတည်ပြီး အသေးစိတ်အချက်အလက်များကို မျှဝေပါ

ကင်ဆာဝေဒနာရှင် ကလေးများ အနေဖြင့် ၎င်းတို့သည် ချစ်ခင်ခြင်း၊ ပံ့ပိုးကူညီခြင်းခံရကြောင်းနှင့် မိမိတို့အပေါ် ဂရုစိုက် စောင့်ရှောက်ပေးမည့်သူများ ဝန်းရံလျက်ရှိကြောင်း သိရှိနားလည်ထားရန် လိုအပ်ပါသည်။

ဆေးရုံကုတင်ပေါ်တွင် ပြုံးနေပြီး ခွေးရုပ်ကလေးကို ပွေ့ဖက်ထားကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်၍ ကုတင်ကို မှီထားသော ဖခင်ဖြစ်သူနှင့် နဖူးချင်း တိုက်နေသည့် ကင်ဆာဝေဒနာရှင် ကလေးငယ်

ကင်ဆာဝေဒနာရှင် ကလေးများ အနေဖြင့် ၎င်းတို့သည် ချစ်ခင်ခြင်း၊ ပံ့ပိုးကူညီခြင်းခံရကြောင်းနှင့် မိမိတို့အပေါ် ဂရုစိုက် စောင့်ရှောက်ပေးမည့်သူများ ဝန်းရံလျက်ရှိကြောင်း သိရှိနားလည်ထားရန် လိုအပ်ပါသည်။

ရိုးသားမှုနှင့် ပွင့်လင်းမှုတို့၏ အရေးပါပုံ

သင့်ကလေးအပေါ် ရိုးသားပြီး ပွင့်လင်းခြင်းက ယုံကြည်မှုကို တည်ဆောက်ပေးပြီး ဆက်ဆံရေးကို ခိုင်မာစေပါလိမ့်မည်။ ၎င်းသည် သင့်ကလေးအား ၎င်းတို့တွင် ကင်ဆာရောဂါ (Cancer)ရှိနေကြောင်း ပြောပြရန် ရှောင်လွှဲလိုစိတ် ဖြစ်ပေါ်နိုင်ပါသည်။ ကလေးများကို ခက်ခဲသောအရာမှန်သမျှမှ ကာကွယ်ပေးလိုခြင်းသည် သဘာဝကျပါသည်။

သို့သော် ကလေးများသည် အကဲခတ် ကောင်းကြသည်။ ၎င်းတို့သည် အာရုံမစိုက်သကဲ့သို့ ထင်ရသော်လည်း ဘာတွေဖြစ်ပျက်နေသည်ကို သိရှိနိုင်ရန် မိဘများ၊ ပြုစုကုသရေးအဖွဲ့ဝင်များနှင့် အခြားသော မိသားစုဝင်များ သို့မဟုတ် လူကြီးများကို စောင့်ကြည့်လေ့ရှိကြသည်။ တစ်ချိန်ချိန်တွင် သင့်ကလေးသည် ဝန်ထမ်းများ၊ အခြားဆေးရုံဖော်တစ်ဦး သို့မဟုတ် မိသားစုနှင့် သူငယ်ချင်းများထံမှ ကင်ဆာ (Cancer) ဟူသော စကားလုံးကို ကြားရန် အလားအလာ ရှိပါသည်။ လူ အများအပြားကို ထိုစကားလုံး မသုံးရန် သင်သတိပေးထားသည့်တိုင် သင့်ကလေးသည် ထိုစကားလုံးကို ကြားရန် အလားအလာ ရှိပါသည်။

လူအများနှင့် စကားမပြောမိအောင် တားဆီးရန် ကြိုးစားမည့်အစား ကင်ဆာရောဂါ (Cancer) အကြောင်း ရှင်းပြခြင်းက အင်အားကုန်ခမ်းမှု ပိုမိုနည်းပါးစေကြောင်း မိဘအများစုက ပြောဆိုကြသည်။ ထို့ပြင် ၎င်းသည် အမြဲတမ်း ခုခံကာကွယ်ရန် ကြိုးစားနေရသည့် ဖိစီးမှုကိုလည်း ဖယ်ရှားပေးနိုင်ပါသည်။

  • ဆက်သွယ်ပြောဆိုမှု လမ်းကြောင်းများကို ပွင့်လင်းစွာ ထားရှိရန် အရေးကြီးပါသည်။ ကလေးငယ်များပင်လျှင် တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံသိရှိနိုင်ကြသည်။ ဘာတွေဖြစ်ပျက်နေသည်ကို သင့်ကလေးအား မပြောပြပါက ၎င်းတို့သည် ကိုယ်တိုင်ယူဆချက်များ ပြုလုပ်ခြင်း သို့မဟုတ် စိတ်ကူးပုံဖော်ခြင်းတို့ ပြုလုပ်လာပါလိမ့်မည်။ ၎င်းတို့ စိတ်ကူးယဉ် တွေးတောမိသော အရာများသည် အမှန်တရားထက် ပိုမိုဆိုးရွားနေတတ်သည်။
  • ခက်ခဲသောအရာတစ်ခုခု ဖြစ်ပွားသည့်အခါ ကလေးများသည် မိမိကိုယ်ကိုယ် အပြစ်တင်တတ်ကြသည်။ ကင်ဆာရောဂါ (Cancer) သည် ၎င်းတို့၏ အပြစ်မဟုတ်ကြောင်း ၎င်းတို့ သိရှိရန် လိုအပ်ပါသည်။
  • သင့်ကလေး ပိုမိုနားလည်လေလေ၊ အရာရာက ကြောက်မက်ဖွယ်နည်းပါးလေလေ ဖြစ်သည်။ ကုသမှုသည် ၎င်းတို့အား ကူညီပေးနိုင်ကြောင်း သိရှိပါက ကလေးများသည် ကုသမှုကို ပူးပေါင်းဆောင်ရွက်တတ်ကြသည်။
  • ရိုးသားမှုသည် ကလေးတစ်ဦး၏ စိုးရိမ်ပူပန်မှု၊ ရှုပ်ထွေးမှုနှင့် မှားယွင်းသော အပြစ်ရှိသလို ခံစားရမှုများကို လျော့နည်းစေပါလိမ့်မည်။

ပြောဆိုမည့်အရာနှင့် မည်သို့ပြောဆိုမည်ဆိုသည်ကို ကြိုတင်ပြင်ဆင်ပါ

မိမိပြောဆိုမည့်အရာကို ကြိုတင်လေ့ကျင့်ထားပါ။ ဤသည်မှာ ခက်ခဲသော စကားပြောဆိုမှုတစ်ခု ဖြစ်ပါသည်။ သင့်ကလေး၏ ပြုစုကုသရေးအဖွဲ့ သို့မဟုတ် အလားတူအခြေအနေမျိုး ကြုံတွေ့ဖူးသည့် အခြားမိဘတစ်ဦးထံမှ အကြံဉာဏ်တောင်းခံပါ။

သတင်းအချက်အလက်များကို သင် မည်သို့မျှဝေပြောဆိုသည် ဆိုသည့် နည်းလမ်းသည်လည်း အရေးကြီးပါသည်။

  • သင့်ကလေးသည် သင်၏ အသံနေအသံထားနှင့် မျက်နှာအမူအရာ တို့မှတစ်ဆင့် အများစုကို သိရှိနားလည်သွားမည် ဖြစ်ပါသည်။
  • သင့်ကလေးနှင့် စကားပြောဆိုသည့်အခါ တည်ငြိမ်စွာ နေပါ။
  • မျက်ရည်ကျခြင်းသည် အဆင်ပြေသော်လည်း အကယ်၍ မျက်ရည်ကျမိပါက မည်သည့်အတွက်ကြောင့် သင် ငိုရသည်ကို ရှင်းပြပေးပါ။ သင့်အနေဖြင့် ၎င်းတို့၏ကလေး ဖျားနာနေသည့်အခါ ဝမ်းနည်းရခြင်းမှာ သဘာဝပင်ဖြစ်ကြောင်း သို့မဟုတ် အပြောင်းအလဲများစွာ ကြုံတွေ့ရသည့်အခါ စိတ်မကောင်းဖြစ်ရခြင်းမှာ လူတိုင်းအတွက် ပုံမှန်သာဖြစ်ကြောင်း ကလေးများကို ပြောပြနိုင်ပါသည်။ မျက်ရည်ကျခြင်းသည် စိတ်ခံစားမှုများကို ထုတ်ဖော်ပြသသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။
  • ကင်ဆာရောဂါဖြစ်စေခဲ့တဲ့ ၎င်းတို့မဟုတ်ကြောင်း နှင့် လူများဝမ်းနည်းပါကလည်း ၎င်းတို့၏ အပြစ်မဟုတ်ကြောင်းကို သင့်ကလေးအား သိရှိစေရန် လုပ်ဆောင်ပေးဖို့ အရေးကြီးသည်။
သင့်ကလေးအား သူ သို့မဟုတ် သူမ၏ ကင်ဆာရောဂါ (Cancer) စစ်ဆေးတွေ့ရှိရမှုအား မည်သို့ပြောပြရမည်ဆိုသည်မှာ အရေးကြီးပါသည်။ သင်သည် သင့်ကလေးနှင့် စကားပြောသည့်အခါ တည်ငြိမ်စွာ နေပါ။ ဤပုံတွင် ကလေးသူငယ်ကင်ဆာ ဝေဒနာရှင်လေးသည် မိခင်ဖြစ်သူနှင့်အတူ ဂိမ်းကစားနေသည်။

သင့်ကလေးအား သူ သို့မဟုတ် သူမ၏ ကင်ဆာရောဂါ (Cancer) စစ်ဆေးတွေ့ရှိရမှုအား မည်သို့ပြောပြရမည်ဆိုသည်မှာ အရေးကြီးပါသည်။ သင်သည် သင့်ကလေးနှင့် စကားပြောသည့်အခါ တည်ငြိမ်စွာ နေပါ။

သင့်ကလေးအား မည်သူက မည်သည့်အချိန်တွင် ပြောပြမည်ဆိုသည်ကို ဆုံးဖြတ်ပါ

မိဘအများစုသည် ဆရာဝန်ထံမှ ၎င်းတို့ကလေး၏ရောဂါ အခြေအနေကို ကြားသိရသည့်အချိန်နှင့် ကလေးကိုယ်တိုင် သိရှိရသည့်အချိန်မှာ တစ်ချိန်တည်း ဖြစ်လေ့ရှိပါသည်။ သို့သော် သင့်ကလေးအား သင်ကိုယ်တိုင်ပဲ ပြောပြလိုပါက ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က မည်သို့ပြောရမည်နှင့် ကလေး၏မေးခွန်းများကို မည်သို့ ပြန်လည်ဖြေကြားရမည် ဆိုတာကို ကူညီပေးနိုင်ပါသည်။

ကလေးများကို တတ်နိုင်သမျှ စောစောစီးစီးပြောပြပါ။ ၎င်းသည် ယုံကြည်မှု တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေပါလိမ့်မည်။

သင့်ကလေးနှင့် စတင် စကားပြောဆိုသည့်အခါ အခြားသူတစ်ဦးအား သင်နှင့်အတူ ရှိနေပေးရန် တောင်းဆိုဖို့ စဉ်းစားပါ။ ထိုသူသည် သင့်အား စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးနိုင်သည့် အခြားမိသားစုဝင်တစ်ဦး သို့မဟုတ် ယုံကြည်ရသော မိတ်ဆွေတစ်ဦး ဖြစ်နိုင်ပါသည်။ ၎င်းသည် ကင်ဆာရောဂါ (Cancer)အကြောင်းကို ပိုမိုအသေးစိတ် ကူညီ ရှင်းပြပေးနိုင်မည့် ဆရာဝန်၊ သူနာပြု၊ ကလေးဘဝဖွံ့ဖြိုးရေးပညာရှင် သို့မဟုတ် လူမှုဝန်ထမ်းတစ်ဦးလည်း ဖြစ်နိုင်ပါသည်။

ကလေးတစ်ဦးအား ကင်ဆာရောဂါ (Cancer)အကြောင်း မည်သို့ရှင်းပြရမည်နည်း

ကလေးများနှင့် လူငယ်အများစုတွင် အခြေခံကျသော အောက်ပါမေးခွန်းများ မေးတတ်ကြပါသည်-

  • ကင်ဆာရောဂါ (Cancer) ဆိုတာ ဘာလဲ။
  • ကျွန်ုပ်က ဘာကြောင့် ဒီရောဂါ ဖြစ်ရတာလဲ။
  • ကျွန်ုပ် ပြန်ကောင်းလာမှာလား။
  • ဘာတွေ ဆက်ဖြစ်မှာလဲ။
  • ကျွန်ုပ်တို့ ဘယ်တော့ အိမ်ပြန်ရမှာလဲ။
  • ကျောင်းပညာရေးကော ဘယ်လိုဖြစ်မလဲ။

ကလေးများသည် ဆေးကုသမှုများနှင့် လုပ်ငန်းစဉ်များကို ရင်ဆိုင်ကျော်လွှားရန်၊ စိတ်ခံစားမှုများကို ထိန်းချုပ်ရန်နှင့် အခြေအနေအပေါ် တစ်စုံတရာ ထိန်းချုပ်နိုင်စွမ်းရှိစေရန် သတင်းအချက်အလက်များကို သိရှိဖို့ လိုအပ်ပါသည်။ ထို့ထက်မက ၎င်းတို့အနေဖြင့် ချစ်ခင်ခြင်း၊ ပံ့ပိုးကူညီခြင်း ခံရပြီး မိမိတို့အပေါ် ဂရုစိုက်သူများ ဝန်းရံလျက်ရှိကြောင်း သိရှိရန် အထူးလိုအပ်ပါသည်။

သင့်ပင်ကိုယ်သိစိတ်ကို ယုံကြည်ပါ။ သင်သည် သင့်ကလေးအကြောင်းကို အခြားသူများထက် ပိုမိုသိရှိနားလည်သူ ဖြစ်ပါသည်။ ၎င်းတို့အား ပြောပြရန် အကောင်းဆုံးနည်းလမ်းကို သင်ကိုယ်တိုင် အသိဆုံး ဖြစ်ပါသည်။ အထောက်အကူပြုမည့် အကြံပြုချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • အသက်အရွယ်နှင့် ကိုက်ညီသော သတင်းအချက်အလက်ကို ပေးပါ။ ကင်ဆာစင်တာရှိ ကလေးဘဝဖွံ့ဖြိုးရေးပညာရှင် တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရန် စဉ်းစားပါ။ ၎င်းတို့သည် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်ကြပါသည်။ ၎င်းတို့သည် ကလေး၏ ဖွံ့ဖြိုးမှုအဆင့်ဆင့်အပေါ် မူတည်၍ အသက်အရွယ်နှင့် ကိုက်ညီသော အသုံးအနှုန်းများဖြင့် ကင်ဆာရောဂါ (Cancer) အကြောင်း ရှင်းပြရာတွင် သင့်အား ကူညီပေးနိုင်ပါသည်။ ၎င်းတို့သည် ကုထုံးဆိုင်ရာ ဆေးဘက်ကစားနည်းများ နှင့် အမြင်အာရုံဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို အသုံးပြု၍ အယူအဆများကို ရှင်းပြပေးနိုင်ပါသည်။ လူမှုဝန်ထမ်းများ၊ စိတ်ပညာရှင်များ၊နှင့် ဘာသာရေးဆိုင်ရာ လမ်းညွှန်အကြံပေးများ သည်လည်း ပံ့ပိုးကူညီမှုများ ပေးနိုင်ပါသည်။
  • တစ်ကြိမ်တည်းတွင် သတင်းအချက်အလက် မည်မျှအထိ မျှဝေပြောဆိုမည်ကို ထည့်သွင်းစဉ်းစားပါ။ ယေဘုယျကျသော သတင်းအချက်အလက်များဖြင့် စတင်ခြင်းသည် အများအားဖြင့် ပညာရှိရာ ရောက်ပါသည်။ သင့်ကလေးအား အချက်အလက် အမြောက်အမြားဖြင့် တစ်ပြိုင်နက်တည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ကြိုးစားပါ။ တိုတောင်းသော စကားပြောဆိုမှုများကို အကြိမ်ကြိမ် ပြုလုပ်ပါ။ ကလေးငယ်တစ်ဦးသည် အသေးစိတ်အချက်အလက် အမြောက်အမြားကို တစ်ပြိုင်နက် နားလည်သဘောပေါက်ရန် အခက်အခဲ ရှိနိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ သတင်းအချက်အလက်များကို ပိုမို မျှဝေပေးနိုင်ပါသည်။
  •  သင့်ကလေး၏ အရိပ်အယောင်များကို ဂရုပြုကြည့်ရှုပါ။ အကယ်၍ ၎င်းတို့သည် စကားစမြည်ပြောဆိုခြင်း ခေါင်းစဉ်ကို ပြောင်းလဲလိုက်ပါက သို့မဟုတ် အာရုံလွှဲရန် ကြိုးစားလာပါက ၎င်းတို့အနေဖြင့် ထိုအချိန်တွင် သတင်းအချက်အလက် လုံလောက်စွာ ရရှိသွားပြီ ဖြစ်နိုင်ပါသည်။
  • ၎င်းတို့၏ မေးခွန်းများအတိုင်း ပြောဆိုမှုကို ခွင့်ပြုပေးပါ။ မေးခွန်းများ မေးမြန်းရန် ဘေးကင်းသည်ဟု ခံစားရခြင်းသည် ၎င်းတို့အတွက် သတင်းအချက်အလက် ပိုမိုလိုချင်ကြောင်း ဖော်ပြသည့် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သင့်အနေဖြင့်လည်း မည်သည့်အချက်အလက်ကို သိလိုသည်ဆိုသည်ကို သိရှိနိုင်မည့် နည်းလမ်းကောင်း ဖြစ်ပါသည်။
  • သင့်ကလေးအား ရောဂါဝေဒနာ၊ ကုသမှုနှင့် မည်သို့ဖြစ်လာမည်ဟူသော အခြေခံအမှန်တရားများကို နားလည်သဘောပေါက်အောင် ကူညီပေးပါ။
  • ကင်ဆာရောဂါ (Cancer)၊ အကျိတ်၊ ဓာတုကုထုံးနှင့် ဘေးထွက်ဆိုးကျိုးများကဲ့သို့သော ကလေး မကြာခဏ ကြားရမည့် အသုံးများသော ဝေါဟာရများကို ရှင်းပြပေးပါ။
  • သင့်ကလေးအား စိတ်ခံစားမှုများကို မျှဝေရန်နှင့် မေးခွန်းများမေးရန် တွန်းအားပေးပါ။ သင့်ကလေး၏ မေးခွန်းများကို ဖြေကြားပေးပြီး အမြဲမပြတ် စကားပြောဆိုမှုများကို ပြုလုပ်ပါ။ ဤအရာသည် သင့်ကလေးအား ရင်ဆိုင်ကျော်လွှားနိုင်ရန် ကူညီပေးပါလိမ့်မည်။
  • ကလေးများသည် တစ်ခါတစ်ရံတွင် မေးခွန်းများမေးရန် ကြောက်ရွံ့တတ်ကြကြောင်း သတိပြုပါ။ မတူညီသော အခြေအနေများအပေါ် ၎င်းတို့၏ တုံ့ပြန်မှုများကို ဂရုပြုကြည့်ရှုပါ။ ဥပမာအားဖြင့် ကလေးများသည် ဆံပင်မရှိသော ကလေးတစ်ဦးကို တွေ့ရသည့်အခါ စိတ်မကောင်းဖြစ်ပုံရပါက ယင်းအခြေအနေကို အသုံးပြု၍ ၎င်းတို့၏ စိတ်ခံစားမှုများကို မေးမြန်းခြင်း သို့မဟုတ် မေးခွန်းများရှိ၊မရှိ မေးမြန်းခြင်းတို့ကို ပြုလုပ်ပါ။
  • အမှန်တရားများကို အတည်ပြုပေးပြီး မှားယွင်းသော သတင်းအချက်အလက်များကို ပြုပြင်ပေးပါ။ သင့်ကလေးသည် ရောဂါရှာဖွေမတွေ့ရှိမီကတည်းက တီဗီအစီအစဉ်များ သို့မဟုတ် မိသားစုနှင့် သူငယ်ချင်းများထံမှ ကြားသိရသော သတင်းအချက်အလက်များအပေါ် မူတည်၍ ကင်ဆာနှင့်ပတ်သက်၍ အတွေးအမြင်များ ကြိုတင်ပုံဖော်ထားပြီး ဖြစ်နိုင်ပါသည်။ သင့်ကလေးအား ကင်ဆာနှင့်ပတ်သက်၍ ၎င်းတို့ ကြိုတင်သိရှိထားသည်များကို မေးမြန်းပါ။
  • မျှော်လင့်ချက် ပေးပါ။ ပြုစုစောင့်ရှောက်မှုအဖွဲ့သည် ၎င်းတို့အား ကင်ဆာရောဂါ (Cancer)ကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ကူညီပေးဖို့ အမြဲအသင့် ရှိနေပါသည်။ ကင်ဆာရောဂါ (Cancer) ပျောက်ကင်းအောင် ကူညီပေးနိုင်မည့် ကုသမှုနည်းလမ်းများစွာ ရှိပါသည်။
  • မောင်နှမသားချင်းများကိုလည်း မေ့မထားပါနှင့်။ ညီအစ်ကို မောင်နှမများလည်း ရှင်းပြချက်များကို သိရှိရန် လိုအပ်ကြောင်း သတိရပါ။

 

ဆိုဖာပေါ်တွင် ဖခင်ဖြစ်သူမှ သားဖြစ်သူ၏လက်ကို ဆုပ်ကိုင်လျက် အရေးကြီးသော ကိစ္စရပ်တစ်ခုအား ရင်ဖွင့်တိုင်ပင်ဆွေးနွေးနေပုံ။

ကလေးများသည် အခြေအနေကို နားလည်သဘောပေါက်ပြီး ရင်ဆိုင်ကျော်လွှားနိုင်ရန် သတင်းအချက်အလက်များကို သိရှိဖို့ လိုအပ်ပါသည်။ ၎င်းတို့အနေဖြင့် မိမိတို့သည် ပံ့ပိုးကူညီမှုနှင့် ချစ်ခင်မှုကို ရရှိထားကြောင်းလည်း သိရှိရန် လိုအပ်ပါသည်။

ကင်ဆာရောဂါ (Cancer) ဖြစ်ပွားသော ကလေးများတွင် အများအားဖြင့် တွေ့ရှိရတတ်သော တုံ့ပြန်မှုများ

ကလေးတစ်ဦးစီသည် တစ်ဦးနှင့်တစ်ဦး မတူညီကြပါ။ ကင်ဆာရောဂါ (Cancer) ရှာဖွေတွေ့ရှိမှုအပေါ် ၎င်းတို့၏ တုံ့ပြန်ပုံနှင့် ရင်ဆိုင်ဖြေရှင်းပုံများသည် အသက်အရွယ်၊ ဖွံ့ဖြိုးမှုအဆင့်နှင့် စိတ်နေသဘောထား တို့အပေါ် မူတည်၍ ကွဲပြားခြားနားလိမ့်မည် ဖြစ်သည်။

  • အချို့သည် ငိုကြွေးခြင်း သို့မဟုတ် ဒေါသတကြီး ပေါက်ကွဲခြင်းဖြင့် တုံ့ပြန်နိုင်ပါသည်။
  • အချို့ကမူ တိတ်ဆိတ် ငြိမ်သက်သွားနိုင်ပါသည်။
  • အချို့က ၎င်းတို့၏ ခံစားချက်များကို စကားလုံးများဖြင့် ဖော်ပြကြပြီး အချို့ကမူ အပြုအမူများဖြင့် ဖော်ပြကြသည်။
  • အချို့ကလေးများသည် ၎င်းတို့ငယ်စဉ်က ပြုလုပ်ခဲ့သော အပြုအမူများအတိုင်း ပြန်လည်လုပ်ဆောင်တတ်ကြသည်။
  • နေ့ရက်တိုင်းသည် တစ်ရက်နှင့်တစ်ရက် မတူညီနိုင်ပါ။ ကလေးငယ်များ၏ နေ့စဉ်လုပ်ငန်းဆောင်တာ ဇယားများ၊ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနှင့် စိတ်ခံစားမှုများအပြင် သူငယ်ချင်းအပေါင်းအသင်း ဆက်ဆံရေးများသည်လည်း အားလုံး ပြောင်းလဲမှုများကို ကြုံတွေ့ရနိုင်ပါသည်။
  • အချို့နေ့ရက်များသည် ခက်ခဲကြမ်းတမ်းပါလိမ့်မည်။ အချို့နေ့ရက်များမှာမူ ပိုမိုအဆင်ပြေပါလိမ့်မည်။

ကလေးများသည် သင်ဦးဆောင်ပြသသည့်အတိုင်း လိုက်နာကြပါလိမ့်မည်။ တည်ငြိမ်မှုရှိပြီး စိတ်သက်သာရာရစေရန် လုပ်ဆောင်ပေးဖို့ ကြိုးစားပါ။ သင့်ကလေးများ (မောင်နှမသားချင်းများ အပါအဝင်) အား သင့်အနေဖြင့် ၎င်းတို့အနားတွင် အမြဲတစေ ရှိနေပေးမည်ဖြစ်ကြောင်း စကားဖြင့်လည်းကောင်း၊ အပြုအမူဖြင့်လည်းကောင်း ဖော်ပြပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေပါ။

ကင်ဆာရောဂါ (Cancer) နှင့်ပတ်သက်၍ အများအားဖြင့် ဖြစ်လေ့ရှိသော ကြောက်ရွံ့မှုများနှင့် မှားယွင်းသော အတွေးအမြင်များ

ကလေးအများစုသည် ကင်ဆာရောဂါ (Cancer)အကြောင်း ကြားသိရသည့်အခါ ဖြစ်ပေါ်လေ့ရှိသည့် အများအားဖြင့် တူညီသော ကြောက်ရွံ့မှုအချို့ ရှိကြပါသည်။ သင့်ကလေးသည် ဤစိုးရိမ်ပူပန်မှုများအကြောင်း ပြောဆိုရန် ကြောက်ရွံ့နေနိုင်ပါသည်။ သင့်အနေဖြင့် ၎င်းအကြောင်းအရာများကို ကိုယ်တိုင် စတင်စကားပျိုးနိုင်ပါသည်။ စကားစတင်ရာတွင် ကလေးတချို့က ထင်ကြတာက...၊ သင် ကြားဖူးလား... ကဲ့သို့သော စာကြောင်းအစ ပြုမှုများကို အသုံးပြုပါ။

  • မှားယွင်းသော အတွေးအမြင် — ကင်ဆာသည် ၎င်းတို့၏အပြစ်ဖြစ်သည်။ ငယ်ရွယ်သော ကလေးငယ်များသည် ၎င်းတို့ “မကောင်းသောအရာ” ကို ပြုလုပ်ခဲ့ခြင်း၊ ပြောဆိုခဲ့ခြင်း သို့မဟုတ် တွေးခဲ့မိခြင်းတို့ကြောင့် မိမိတို့ကိုယ်တိုင် ကင်ဆာရောဂါ (Cancer) ဖြစ်အောင် လုပ်မိသကဲ့သို့ တွေးတောတတ်ကြခြင်းမှာ သဘာဝပင် ဖြစ်သည်။ သင့်ကလေး ပြုလုပ်ခဲ့ခြင်း၊ ပြောဆိုခဲ့ခြင်း သို့မဟုတ် တွေးတောခဲ့ခြင်းကြောင့် ကင်ဆာဖြစ်ပွားရခြင်းမျိုး မဟုတ်ကြောင်း ၎င်းတို့အား သိပါစေ။ ကင်ဆာရောဂါ (Cancer) သည် ပြစ်ဒဏ်ပေးခံရခြင်းမဟုတ်ပါ။
  • မှားယွင်းသော အတွေးအမြင် — ကင်ဆာရောဂါ (Cancer) သည် ကူးစက်တတ်သော ရောဂါဖြစ်သည်။ ကင်ဆာရောဂါ (Cancer)သည် အခြားသူတစ်ဦးထံမှ "ကူးစက်နိုင်သောအရာ" မဟုတ်ကြောင်း သင့်ကလေးအား ရှင်းပြပေးပါ။ ကင်ဆာနှင့်ပတ်သက်၍ အသက်အရွယ်နှင့် ကိုက်ညီသော အမှန်တရားများကို ပြောပြပေးပါ။
  • မှားယွင်းသော အတွေးအမြင် — ကင်ဆာရောဂါ (Cancer) ဖြစ်လျှင် လူတိုင်းသေဆုံးကြသည်။ ကင်ဆာရောဂါ (Cancer)သည် ပြင်းထန်သော ရောဂါဝေဒနာတစ်ခု ဖြစ်သော်လည်း သန်းပေါင်းများစွာသော လူများသည် ထိုရောဂါကို ကျော်လွှားလွတ်မြောက်နိုင်ခဲ့ကြောင်း ရှင်းပြနိုင်ပါသည်။ အကယ်၍ ကလေးများသည် ကင်ဆာဖြင့် သေဆုံးသွားသော လူတစ်ဦးဦးကို သိရှိထားပါက ကင်ဆာအမျိုးအစား အများအပြား ရှိကြောင်းကို ၎င်းတို့အား သိရှိပါစေ။ လူတိုင်း၏ ကင်ဆာရောဂါ (Cancer)သည် တစ်ဦးနှင့်တစ်ဦး မတူညီကြဘဲ အမည်နာမများလည်း ကွဲပြားကာ မတူညီသော ဆေးဝါးအမျိုးအစားများ လိုအပ်ပါသည်။ သင့်ကလေး၏ ကုသမှုကာလအတွင်း ဤအချက်များကို အကြိမ်ကြိမ် ပြန်လည်ပြောပြရန် လိုအပ်ပါသည်။

သင့်ကလေးအား ၎င်းတို့၏ စိတ်ခံစားမှုများနှင့် မေးခွန်းများကို မျှဝေရန် တွန်းအားပေးခြင်းအပြင်၊ မိမိ၏ ခံစားချက်များနှင့် သိလိုသော မေးခွန်းများကိုလည်း ပွင့်ပွင့်လင်းလင်းနှင့် ရိုးသားစွာ ဖော်ထုတ်ပြသပါ။

သင်သည် သင့်ကလေးအတွက် အရေးအကြီးဆုံးသော သတင်းအချက်အလက် အရင်းအမြစ်နှင့် ပံ့ပိုးကူညီသူ ဖြစ်လာနိုင်ပါသည်။ 

သင့်ပြုစုစောင့်ရှောက်မှုအဖွဲ့က မည်သို့ပါဝင်ကူညီမည်နည်း

သင့်ကလေးအား ၎င်းတို့၏ ရောဂါနှင့် ကုသမှုလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်အောင် ကူညီပေးရာတွင် ဝန်ထမ်းအဖွဲ့ဝင် အများအပြား ပါဝင်ပါလိမ့်မည်။ အသိအမှတ်ပြု လက်မှတ်ရ ကလေးဘဝဖွံ့ဖြိုးရေးပညာရှင် တစ်ဦးသည်လည်း သင့်ပြုစုစောင့်ရှောက်မှုအဖွဲ့တွင် ပါဝင်လာနိုင်ခြေ ရှိပါသည်။ ၎င်းတို့သည် သင့်မိသားစုနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပါလိမ့်မည်။ ၎င်းတို့သည် သင့်ကလေးနှင့် မောင်နှမသားချင်းများအား ကုသမှုအကြောင်း နားလည်စေရန်နှင့် ကုသမှုလုပ်ငန်းစဉ်များအပြင် ဆေးရုံသို့ သွားရောက်ပြသရခြင်းများအပေါ် အသားကျစေရန် ကူညီပေးနိုင်ပါသည်။

အဓိကအချက်များ

  • သင့်ကလေးအား ကင်ဆာရောဂါ (Cancer) စစ်ဆေးတွေ့ရှိမှုအကြောင်း ပြောပြသည့်အခါ ရိုးသားမှုရှိပြီး အသက်အရွယ်နှင့် ကိုက်ညီသော စကားလုံးများကို အသုံးပြုပါ။
  • ဤခက်ခဲသော အခြေအနေမျိုးမှ သင့်ကလေးအား အကာအကွယ်ပေးလိုစိတ် ရှိနေနိုင်သော်လည်း၊ ကလေးငယ်များအနေဖြင့် အမှန်တရားထက် ပိုမိုဆိုးရွားသောအရာများကို စိတ်ကူးယဉ်တွေးတောမိခြင်း သို့မဟုတ် မိမိတို့၏ အပြစ်ကြောင့် ဖြစ်ရခြင်းဟု တွေးတောကာ စိုးရိမ်ပူပန်ခြင်းမျိုး မရှိစေရန်အတွက် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် မည်သို့သောအရာများ ဖြစ်ပျက်နေသည်ဆိုသည်ကို သိရှိထားစေရန် လုပ်ဆောင်ပေးဖို့ အရေးကြီးပါသည်။
  • သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် သင့်အား ပံ့ပိုးကူညီရန် အတွက် အသင့်ရှိနေမည် ဖြစ်ပါသည်။ သင့်ကလေးနှင့် ရောဂါရှာဖွေတွေ့ရှိမှုအကြောင်း ဆွေးနွေးပြောဆိုရာတွင် ၎င်းတို့ထံ အကူအညီ တောင်းခံပါ။


ပြန်လည်စစ်ဆေးထားသည်- ဖေဖော်ဝါရီလ 2023 ခုနှစ်

ဆက်စပ်အကြောင်းအရာများ