ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း — ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (ပင်မဆဲလ် အစားထိုးကုသမှုဟုလည်း ခေါ်ဆိုသည်) သည် နာမကျန်းမှုအမျိုးမျိုးကို ကုသသည့်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းတွင် ကျန်းမာသော သွေးဆဲလ်အစ (ပင်မဆဲလ်ဟု ခေါ်ဆိုသည်) ကို လူတစ်ဦး၏ ရိုးတွင်းခြင်ဆီ သို့မဟုတ် သွေးကြောမှ ထုတ်ယူပြီး ကုသမှုပြုလုပ်ရန် လိုအပ်သူထံသို့ ပြောင်းထည့်ပေးပါသည်။ တစ်ခါတစ်ရံတွင် သင့်ခန္ဓာကိုယ်မှ ရရှိသည့် ကျန်းမာသော ပင်မဆဲလ်များကိုလည်း အစားထိုးကုသခြင်းအတွက် အသုံးပြုနိုင်ပါသည်။ အခြားအချိန်များတွင် ပင်မဆဲလ်များကို သတ်မှတ်ထားသော အလှူရှင်တစ်ဦးထံမှ ရယူပါသည်။ ဆဲလ်များသည် အလှူရှင်၏ သွေးကြော သို့မဟုတ် ရိုးတွင်းခြင်ဆီမှ ရရှိနိုင်ပါသည်။ ပင်မဆဲလ်များကို ရိုးတွင်းခြင်ဆီမှထုတ်ယူလျှင် အလှူရှင်သည် ရိုးတွင်းခြင်ဆီကို ရှည်လျားသော အပ်တစ်ချောင်းဖြင့် ထုတ်ယူရန်အတွက် ခွဲစိတ်မှု ပြုလုပ်ရပါသည်။ ကျန်းမာသော ပင်မဆဲလ်များကို ရိုးတွင်းခြင်ဆီမှ သီးခြားထုတ်ယူပြီး လိုအပ်နေသည့် လူနာထံသို့ ထိုးသွင်းပေးပါသည်။
ကင်ဆာ — ခန္ဓာကိုယ်အတွင်း၌ မကျန်းမာသော ဆဲလ်များ ပေါက်ဖွားသည့် နာမကျန်းမှု ဖြစ်ပါသည်။ မကျန်းမာသည့်ဆဲလ်များ ဆက်၍ပွားများမှုများ လျင်မြန်စွာ ဖြစ်ပေါ်လာသည့်အခါ ကင်ဆာရောဂါ ဖြစ်ပွားလာသည်။ ကင်ဆာဆဲလ်များသည် မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ၎င်းတို့တည်ရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်း၏ လိုအပ်သောလုပ်ငန်းကို လုပ်ဆောင်ရာတွင် အခက်အခဲ ဖြစ်ပေါ်စေပါသည်။ ကင်ဆာအမျိုးအစားများစွာရှိကာ ၎င်းတို့တွင် ကိုယ်ပိုင်နာမည်များရှိကြပြီး ၎င်းတို့အတွက် မတူညီသည့် ဆေးဝါး သို့မဟုတ် ကုသမှုများ ရှိပါသည်။ ကင်ဆာများသည် ၎င်းတို့အား တွေ့ရှိသည့်နေရာ၊ တွေ့မြင်ရသည့်ပုံစံနှင့် ပေါက်ဖွားကြီးထွားသည့်နည်းလမ်းတို့အပေါ် မူတည်၍ ကွဲပြားခြားနားကြပါသည်။
ပိုက်ပြွန် — သေးငယ်ပါးလွှာပြီး ပျော့ပြောင်းသော ပြွန်တစ်ခုဖြစ်ပြီး အရည်များကို ခန္ဓာကိုယ်အတွင်း သို့မဟုတ် ပြင်ပသို့ ပေးသွင်းမှု ထုတ်ယူမှုများပြုလုပ်ရာတွင် အထောက်အကူပြုသည်။
ဆဲလ်များ — ခန္ဓာကိုယ်၏ အသေးငယ်ဆုံးသော အစိတ်အပိုင်းများဖြစ်ကြပြီး အဏုကြည့်မှန်ဘီလူးအကူအညီဖြင့်သာ မြင်တွေ့နိုင်သည်။ ဆဲလ်များသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများအားလုံးကို တည်ဆောက်ရန်အတွက် ပုံစံတကျပြုလုပ်ထားသော ဘလောက်တုံးများသဖွယ် လုပ်ဆောင်ပါသည်။ ခန္ဓာကိုယ်ကို ဆဲလ်သန်းပေါင်းများစွာဖြင့် ပြုလုပ်ထားပါသည်။
ဦးနှောက်-ကျောရိုးရည် — ဦးနှောက်နှင့် ကျောရိုးတစ်ဝိုက်ရှိ အရည်။ ၎င်းကို အတိုကောက်အားဖြင့် CSF ဟု ခေါ်ဆိုကြသည်။ အဆိုပါအရည်သည် ဦးနှောက်နှင့် ကျောရိုးအား ကူရှင် သို့မဟုတ် အကာအကွယ်တစ်ခုသဖွယ် လုပ်ဆောင်ပေးပြီး ဘေးကင်းစိတ်ချရစေရန် ထိန်းသိမ်းပေးပါသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ ကြံ့ခိုင်မှုကို ထိန်းသိမ်းပေးရန်အတွက် ဤအရည်အတွင်းတွင် အာဟာရဓာတ်များ (ဗီတာမင်များသဖွယ်) ပါဝင်သည်။ ဆေးရုံတွင် ဆေးဘက်ဆိုင်ရာအဖွဲ့မှ တစ်စုံတစ်ဦးသည် CSF ပမာဏအနည်းငယ်ကို အဏုကြည့်မှန်ဘီလူးအောက်တွင် ကြည့်ရှုနိုင်ပြီး လူတစ်ဦး၏ ခန္ဓာကိုယ်သည် မည်သို့လုပ်ဆောင်နေကြောင်းနှင့် ဆေးဝါးသည် အထောက်အကူပြုနိုင်ခြင်းရှိ၊ မရှိနှင့် ပတ်သက်သည့် အရေးကြီးသော အချက်အလက်များကို ပြသပေးပါသည်။
ကင်ဆာဆေးသွင်းကုသခြင်း — တစ်ခါတစ်ရံတွင် ကီမိုဆေးသွင်းကုထုံးဟု ခေါ်ဆိုသည်။ ၎င်းသည် ကင်ဆာဆဲလ်များကို ရှင်းလင်းသုတ်သင်ရန် အသုံးပြုသည့် ဆေးဝါးအပြင်းစားတစ်မျိုးဖြစ်ပြီး ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အတွင်း ပေါက်ဖွားကြီးထွားမှုကို ရပ်တန့်စေပါသည်။ ကင်ဆာဆေးသွင်းကုသခြင်းအမျိုးမျိုးရှိပြီး မတူညီသော နာမည်များဖြင့် မှည့်ခေါ်ပါသည်။ အချို့သော ကင်ဆာဆေးသွင်းကုသခြင်းကို ဆေးလုံးပုံစံဖြင့် ထုတ်လုပ်ပြီး အချို့ကိုမူ အရည်ပုံစံဖြင့် ထုတ်လုပ်ထားသည်။
ပိုးမွေးမြူခြင်း — သင့်ခန္ဓာကိုယ်အတွင်းရှိ ပိုးမွှားများကို စစ်ဆေးသည့် စစ်ဆေးမှုတစ်မျိုး။ ဆရာ၀န် သို့မဟုတ် သူနာပြုဆရာမသည် ပိုးမွေးမြူခြင်းကို ပြုလုပ်ရန် သင့်သွေးအချို့ကို အသုံးပြုနိုင်သည်။ ၎င်းတို့သည် သင့်တင်ပါး၊ နှာခေါင်း သို့မဟုတ် လည်မျိုကို ထိတွေ့ရန် သို့မဟုတ် သုတ်ရန် တို့ဖတ်တစ်ခုကို အသုံးပြုနိုင်သည်။
ရောဂါရှာဖွေဖော်ထုတ်မှု — ဖျားနာမှုတစ်ခု၏ အမည်။ လူနာတစ်ဦးအား မည်သည့်အရာက နာမကျန်းဖြစ်စေကြောင်းကို သိရှိဖော်ထုတ်ရန်အတွက် ဆရာ၀န်များသည် အမျိုးမျိုးသော စစ်ဆေးမှုများကို စီစဉ်ပြုလုပ်နိုင်သည်။ လူနာ၏ ခန္ဓာကိုယ်အတွင်း နာမကျန်းဖြစ်သည့်အရာကို ဆေးဘက်ဆိုင်ရာအဖွဲ့မှ စဉ်းစားဆုံးဖြတ်ပြီးသည်နှင့် သူ သို့မဟုတ် သူမ၏ နာမကျန်းမှု၏အမည်ကို လူနာအား ပြောပြနိုင်ပါသည်။ ရောဂါအမည် သို့မဟုတ် ရောဂါရှာဖွေခြင်းကို သိရှိခြင်းသည် မည်သည့်ဆေးဝါးများကို လိုအပ်ကြောင်း ဆေးကုသရေးအဖွဲ့အား သိရှိစေရန် အထောက်အကူပြုပါသည်။
အရည်ထုတ်ပိုက် — ခွဲစိတ်မှုပြုလုပ်သည့်နေရာမှ အရည်ကို သင့်ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ယူသည့် ပြွန်ငယ်တစ်ခု။ အရည်သည် ခွဲစိတ်မှုပြုလုပ်သည့်နေရာအတွင်း စုဝေးနေပြီး ၎င်းနေရာတွင် ရှိမနေသင့်ပါ။ ၎င်းသည် ရေနှင့် သဏ္ဌာန်တူပြီး ၎င်းအတွင်း၌ သွေးလည်း ပါဝင်နိုင်ပါသည်။
အနာပတ်တီးကို အသစ်လဲခြင်း — သင်၏ ဗဟိုသွေးပြန်ကြောပိုက်၊ PICC ပိုက်များ သို့မဟုတ် ဝင်ထွက်ပေါက်တို့အပေါ်တွင် ပတ်တီးအထည်စကိုပတ်ခြင်း။
ဆိုးဆေးရည်/ မြင်သာစေသည့်အရည် — စကင်ဖတ်ရှုသည့်အခါ သင့်ခန္ဓာကိုယ် အတွင်းပိုင်းအား ဆရာ၀န်များမှ မြင်တွေ့နိုင်စေရန် အထောက်အကူပြုသည့် ဆေးဝါး။
ဖော်လီဆီးပိုက် — ခန္ဓာကိုယ်တွင်းမှ ဆီးများကို ပြင်ပသို့ ထုတ်ပေးသည့် ပြွန်ငယ်။ အဆိုပါပြွန်သည် ခန္ဓာကိုယ်မှ ဆီးများထွက်သည့်နေရာသို့ ဝင်သွားပါသည်။
IV — အပ်တစ်ချောင်းကို အသုံးပြု၍ သွေးပြန်ကြောအတွင်းသို့ တပ်ဆင်သော ပြွန်ငယ်။ ၎င်းသည် ခန္ဓာကိုယ်အတွင်းသို့ ဆေးဝါးများ ပေးသွင်းနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
ပိုက် သို့မဟုတ် ဗဟိုသွေးပြန်ကြောပိုက် — နှလုံးအနီးရှိ သွေးပြန်ကြောမကြီးအတွင်းသို့ ဝင်ရောက်သွားပြီး ရင်ဘတ်အလယ်ရှိ ခန္ဓာကိုယ်မှ ပြန်လည်ထွက်ပေါ်လာသော ပြွန်။
ခါးရိုးဖောက်ခြင်း — ဆရာ၀န်များနှင့် ဆေးကုသသူ သူနာပြုများသည် သင့်ကျောရိုးအတွင်းရှိ CSF အချို့ကို ရယူရန် အပ်ငယ်တစ်ချောင်းကို အသုံးပြုသည်။ CSF သည် လူတိုင်း၏ ဦးနှောက်နှင့် ကျောရိုးဝန်းကျင်ရှိ အရည်တစ်မျိုးဖြစ်သည်။
ပြန်ရည်ကျိတ်များ — ခန္ဓာကိုယ်၏ အစိတ်အပိုင်းများဖြစ်ပြီး ပဲစေ့ငယ်များ စုထားသည့်ပုံစံရှိ၍ ရောဂါဖြစ်စေနိုင်သော ပိုးမွှားများကို ရှာဖွေသုတ်သင်ရှင်းလင်းရာတွင် ဆန်ကာတစ်ခုသဖွယ် လုပ်ဆောင်ပါသည်။ ပြန်ရည်ကျိတ်များသည် ရောဂါပိုးကူးစက်မှုကို တိုက်ခိုက်ရာတွင် အကူအညီပေးရန်အတွက် သွေးဖြူဥဆဲလ်များကို စုဝေးစေပြီး ခန္ဓာကိုယ်၏ နာမကျန်းဖြစ်သော နေရာများသို့ ရွေ့လျားစေသည်။ ပြန်ရည်ကျိတ်များကို ခန္ဓာကိုယ်အတွင်းရှိ နေရာအမျိုးမျိုးတွင် တွေ့ရှိရပါသည်။ သင်သတိပြုမိနိုင်သည့် နေရာနှစ်ခုမှာ လည်ပင်းနှင့် ချိုင်းအောက်ရှိနေရာများ ဖြစ်ပါသည်။