သင့်ကလေးအား ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) အကြောင်း နားလည်အောင် ကူညီပေးခြင်းက ၎င်းတို့အား ဝေဒနာကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်စေရန်နှင့် ကျန်းမာရေးကို ဂရုစိုက်တတ်စေရန် အထောက်အကူပြုပါသည်။ ၎င်းတို့ နားလည်နိုင်မည့် စကားလုံးများနှင့် အယူအဆများကို အသုံးပြုရန် အရေးကြီးပါသည်။ ကလေးငယ်အား မေးခွန်းများမေးရန် တွန်းအားပေးပါ၊ ရိုးသားပြီး ရိုးရှင်းသော စကားလုံးများဖြင့် ပြန်လည်ဖြေကြားပေးပါ။
အောက်ပါအကြံပြုချက်များသည် သင့်ကလေးနှင့် ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) အကြောင်း ပြောဆိုရာတွင် အထောက်အကူဖြစ်စေနိုင်ပါသည်။
ကလေးငယ်အား ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) နှင့်ပတ်သက်၍ မေးခွန်းများမေးရန် တွန်းအားပေးပြီး ၎င်းတို့ နားလည်နိုင်သော စကားလုံးများကို အသုံးပြု၍ ရှင်းလင်းရိုးသားစွာ ဖြေကြားပေးပါ။
လမ်းလျှောက်တတ်စ ကလေးများသည် ၎င်းတို့၏ ခန္ဓာကိုယ်အကြောင်းကို စတင်လေ့လာနေဆဲ ဖြစ်ပါသည်။ ၎င်းတို့သည် ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) အကြောင်းကို မသိရှိသေးပါ။ မိမိတို့အနေဖြင့် ဆရာဝန်ထံသို့ ကျန်းမာရေးစစ်ဆေးရန် သွားရောက်ခြင်းဖြစ်ကြောင်း ကလေးငယ်အား ပြောပြနိုင်ပါသည်။ ကလေးငယ်အနေဖြင့် မည်သို့ဖြစ်လာမည်ကို ကြိုတင်သိရှိနိုင်ရန် ဆရာဝန်ထံ သွားရောက်ခြင်းနှင့် ပတ်သက်သည့် ရုပ်ပြစာအုပ်များကို ဖတ်ပြပေးပါ။ ဆရာဝန် သို့မဟုတ် သူနာပြုက မည်သို့လုပ်ဆောင်မည်ကို ရှင်းပြပေးပါ။
သင့်အနေဖြင့် “ဆရာဝန်က သင့်ဗိုက်လေးကို စမ်းကြည့်မလို့။ သင့်ဗိုက်လေးက ဘယ်နားမှာလဲ” ဟု ပြောဆိုနိုင်ပါသည်။
မူကြိုနှင့် ကျောင်းနေစအရွယ် ကလေးများသည် ၎င်းတို့၏ ခန္ဓာကိုယ်အကြောင်းကို ပိုမိုနားလည်စပြုလာပြီ ဖြစ်ပါသည်။ ၎င်းတို့၏ ခန္ဓာကိုယ် မည်သို့အလုပ်လုပ်သည်ကို ကြည့်ရှုရန် ကျန်းမာရေးစစ်ဆေးမှုများ ခံယူရန်လိုအပ်ကြောင်း ပြောပြနိုင်ပါသည်။ ဤကျန်းမာရေးစစ်ဆေးမှုများသည် ၎င်းတို့ကို ကျန်းမာသန်စွမ်းစေရန် ကူညီပေးကြောင်းကိုလည်း ပြောပြနိုင်ပါသည်။
သင့်အနေဖြင့် “သင့်ခန္ဓာကိုယ် ဘယ်လိုအလုပ်လုပ်လဲဆိုတာ သိရအောင် ဆေးရုံမှာ ကျန်းမာရေးသွားစစ်တာပါ” ဟု ပြောဆိုနိုင်ပါသည်။
ကျောင်းနေအရွယ် ကလေးအများစုသည် ဆဲလ်များအကြောင်းနှင့် ခန္ဓာကိုယ်၏ မတူညီသော အစိတ်အပိုင်းများက မည်သို့အလုပ်လုပ်သည်ကို သင်ယူနေကြပြီ ဖြစ်ပါသည်။ သင့်ကလေးအား ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) အကြောင်း နားလည်စေရန် ဤအချက်ကို အသုံးပြုနိုင်ပါသည်။
သင့်အနေဖြင့် “သွေးနီဥတွေဆိုတာ သွေးရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်တယ်။ ၎င်းတို့က ပုံမှန်အားဖြင့် ဝိုင်းဝိုင်းလေးတွေမလို့ ခန္ဓာကိုယ်ထဲမှာ လွယ်လွယ်ကူကူ ရွေ့လျားနိုင်ကြတယ်။ သင့်မှာ ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) ရှိနေတဲ့အခါ အဲဒီဝိုင်းဝိုင်းလေးတွေဖြစ်တဲ့ သွေးနီဥဆဲလ် အချို့က ငှက်ပျောသီးပုံစံ ပြောင်းသွားတတ်တယ်။ အဲဒီငှက်ပျောသီးပုံစံ ဆဲလ်တွေက အလွယ်တကူ မရွေ့လျားနိုင်ကြဘူး၊ ဒါ့ကြောင့် တစ်ခါတစ်ရံမှာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့အပြားမှာ ပိတ်မိသွားတတ်တယ်။ ဒါက နာကျင်မှုကို ဖြစ်စေနိုင်တယ်” ဟု ပြောပြနိုင်ပါသည်။
သင်ပြောဆိုနေသောအရာကို ကလေးအား ပြသရန် ရုပ်ပုံများနှင့် ပုံကြမ်းများကိုလည်း အသုံးပြုနိုင်ပါသည်။
သင့်ဆယ်ကျော်သက်များ ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) အကြောင်းကို ပွင့်ပွင့်လင်းလင်းနှင့် ရိုးသားစွာ ဆွေးနွေးပါ။ ၎င်းတို့သည် မိမိတို့၏ ရောဂါဝေဒနာနှင့် ကုသမှုအတွက် မှန်ကန်သော ဆေးဘက်ဆိုင်ရာ ဝေါဟာရများကိုလည်း သင်ယူနိုင်ပါသည်။ ဆယ်ကျော်သက်များသည် ဆေးဘက်ဆိုင်ရာအဖွဲ့ကို နားလည်လေ့ရှိကြပြီး ၎င်းတို့၏ စောင့်ရှောက်မှုဆိုင်ရာ ဆွေးနွေးမှုများတွင် ပါဝင်ခွင့်ရရှိလိုကြသည်။ ၎င်းတို့ အသက်ကြီးလာသည်နှင့်အမျှ သင့်ဆယ်ကျော်သက်များသည် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်မည့် စွမ်းရည်များ ရရှိစေရန် ကူညီပေးနိုင်ပါသည်။ လူကြီးပိုင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်သို့ ကူးပြောင်းခြင်း သည် ပုံမှန်အားဖြင့် အသက် 18 နှစ်တွင် ဖြစ်ပေါ်လေ့ရှိသည်။
သင့်ကလေးအား ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) အကြောင်းနှင့် ဆေးရုံ၊ ဆေးခန်းပြသသည့်အခါ ဘာတွေကြုံတွေ့ရနိုင်သလဲဆိုသည်ကို ကြိုတင်ပြောဆိုဆွေးနွေးထားခြင်းက ၎င်းတို့အား အခြေအနေအပေါ် ပိုမိုလိုက်လျောညီထွေဖြစ်စေပြီး စိုးရိမ်ပူပန်မှုများကိုလည်း လျော့နည်းစေနိုင်ပါသည်။
သင့်ပြုစုစောင့်ရှောက်မှုအဖွဲ့သည် သင့်ကလေးနှင့် စကားပြောဆိုရလွယ်ကူစေရန် ကူညီပေးနိုင်ပါသည်။ ၎င်းတို့သည် သင့်ကလေးအား ကုသမှုကို နားလည်စေရန်နှင့် ဆေးရုံတက်ရခြင်းအပေါ် အသားကျစေရန် ကူညီပေးနိုင်ပါသည်။ ထို့ပြင် သင့်ကလေးအား ပုံစံမမှန်သော သွေးဆဲလ်ရောဂါ (Sickle Cell Disease) အကြောင်း ပြောပြရာတွင် သုံးနှုန်းရမည့် သင့်လျော်သော စကားလုံးများကို ရှာဖွေရာ၌လည်း ကူညီပေးနိုင်ပါသည်။
—
ပြန်လည်စစ်ဆေးထားသည်- စက်တင်ဘာလ 2024 ခုနှစ်
ပုံသဏ္ဍာန်မမှန်သော သွေးနီဥများက သွေးကြောများကို ပိတ်ဆို့ပြီး ခန္ဓာကိုယ်သို့ သွေးနှင့် အောက်ဆီဂျင် ရောက်ရှိမှုကို လျော့နည်းစေသည့်အခါ နာကျင်မှုဖြစ်စဉ် (ပြင်းထန်စွာ နာကျင်မှုကို ခံစားရခြင်း) ဖြစ်ပွားတတ်သည်။ နာကျင်မှုဖြစ်စဉ်များကို စီမံခန့်ခွဲကုသနိုင်မည့် နည်းလမ်းများကို လေ့လာပါ။