ဆေးမျိုးစုံဒဏ်ခံနိုင်သော ပိုးမွှား (MDRO)
ဆေးမျိုးစုံဒဏ်ခံနိုင်သော ပိုးမွှား ဆိုသည်မှာ ဘာလဲ။
ဆေးမျိုးစုံဒဏ်ခံနိုင်သော ပိုးမွှား (MDRO) ဆိုသည်မှာ ပဋိဇီဝဆေး အများအပြားကို ယဉ်ပါးပြီး ဒဏ်ခံနိုင်စွမ်းရှိသော ရောဂါပိုးမွှားတစ်ခု ဖြစ်ပါသည်။ ပဋိဇီဝဆေးများဆိုသည်မှာ ရောဂါပိုးကူးစက်မှုကို ဖြစ်စေသော ဘက်တီးရီးယားများ၏ ကြီးထွားမှုကို တားဆီးရန် အသုံးပြုသည့် ဆေးဝါးများ ဖြစ်ကြပါသည်။
အချို့သော အသုံးများသည့် ပဋိဇီဝဆေးများသည် MDRO ပိုးကူးစက်မှုများကို ကုသရာတွင် အလုပ်ဖြစ်မည် မဟုတ်ပါ။ ၎င်းက ဤရောဂါပိုးကူးစက်မှုများကို ကုသရန်နှင့် ပျောက်ကင်းစေရန် ခက်ခဲစေပါသည်။
MDROs ဖြစ်ပွားရသည့် အကြောင်းရင်းများ
လူတစ်ဦးသည် ပဋိဇီဝဆေးများကို သောက်သုံးပြီးနောက် ရောဂါပိုးမွှားများသည် ဆေးယဉ်ပါးမှု ဖြစ်လာနိုင်ပါသည်။ ရောဂါပိုးမွှားများသည် ရှင်သန်နိုင်ရန်အတွက် ပဋိဇီဝဆေးများ၏ သက်ရောက်မှုကို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြီး တုံ့ပြန်ခုခံနိုင်မည့် နည်းလမ်းများကို ရှာဖွေကြပါသည်။
ပဋိဇီဝဆေးများကို အောက်ပါအတိုင်း ပြုလုပ်သည့်အခါ MDROs ဖြစ်ပေါ်လာတတ်ပါသည်-
- လိုအပ်သည်ထက် ပိုမိုကြာရှည်စွာ သောက်သုံးခြင်း
- မလိုအပ်ဘဲနှင့် သောက်သုံးခြင်း
MDROs ၏ ဥပမာများတွင် အောက်ပါတို့ ပါဝင်ပါသည်-
- ကာဘာပီနမ် ပဋိဇီဝဆေးကို ခံနိုင်ရည်ရှိသော အင်တီရိုဘက်တီးရီးယားမျိုးနွယ်စုများ (CRE)
- ကျယ်ပြန့်သော ပဋိဇီဝဆေးများကို ချေဖျက်နိုင်သည့် ဘီတာ-လက်တမ်မေ့စ် အင်ဇိုင်း (ESBL)
- မက်သီဆီလင် ပဋိဇီဝဆေးကို ခံနိုင်ရည်ရှိသော စတက်ဖလိုကော့ကို့စ် အော်ရီးယပ်စ် ဘက်တီးရီးယား (MRSA)
- ဗန်ကိုမိုင်စင် ပဋိဇီဝဆေးကို ခံနိုင်ရည်ရှိသော အင်တီရိုကော့ကို့စ် ဘက်တီးရီးယား (VRE)
MDROs သည် အောက်ပါပုဂ္ဂိုလ်များ၏ လက်များမှတစ်ဆင့် လူနာတစ်ဦးမှ တစ်ဦးသို့ ပြန့်ပွားတတ်ပါသည်-
- ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများ
- လာရောက်ကြည့်ရှုသူများ
- မိသားစုဝင်များ
၎င်းတို့သည် အောက်ပါတို့ကဲ့သို့သော ဝတ္ထုပစ္စည်းများ သို့မဟုတ် မျက်နှာပြင်များပေါ်သို့ ရောဂါပိုးမွှားများ ရောက်ရှိသွားသည့် အခါတွင်လည်း ပြန့်ပွားနိုင်ပါသည်-
- ကုတင်ဘေး အကာအရံများ
- ကုတင်ဘေး စားပွဲများ
- ဆေးရည်ချိတ်သည့် တိုင်များ
- ပိုက်များ
MDROs က ခန္ဓာကိုယ်တွင် မည်သို့သက်ရောက်မှုရှိပုံ
အချို့သော အချိန်များတွင် MDRO က သင့်ကလေးကို ဖျားနာစေနိုင်ပါသည်။ အချို့သော ကိစ္စရပ်များတွင် MDRO သည် သင့်ကလေး၏ ခန္ဓာကိုယ်ပေါ်တွင် သို့မဟုတ် ခန္ဓာကိုယ်တွင်း၌ ရှိနေနိုင်သော်လည်း ဖျားနာမှုကို မဖြစ်စေနိုင်ပါ။ သို့သော်လည်း ၎င်းသည် ကိုယ်ခံအားစနစ် အားနည်းသော အခြားကလေးငယ်များထံသို့ ပြန့်ပွားသွားနိုင်ပြီး ၎င်းတို့ကို ဖျားနာစေနိုင်ပါသည်။
MDRO ပိုးကူးစက်မှုများအတွက် အန္တရာယ်ရှိစေသော အချက်များ
ကျန်းမာသော လူများသည် များသောအားဖြင့် MDRO ပိုးကူးစက်မှုများ မဖြစ်ပွားတတ်ကြပါ။ အန္တရာယ်ရှိစေသော အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်-
- နာတာရှည် ရောဂါဝေဒနာ ခံစားနေရခြင်း
- ကိုယ်ခံအားစနစ်အားနည်းခြင်း
- ပဋိဇီဝဆေးများကို ရေရှည်အသုံးပြုခြင်း
- ဗဟိုသွေးကြောသွင်းပိုက်များ (ဗဟိုလိုင်းများ) ကို အသုံးပြုခြင်း
- ဆီးပိုက်များကို အသုံးပြုခြင်း
- MDRO ဖြစ်ပွားဖူးသည့် ရာဇဝင်ရှိခြင်း
ကင်ဆာဝေဒနာရှင်များသည် MDRO ကူးစက်ခံရနိုင်ခြေ ပိုမိုများပြားပါသည်။ ရောဂါပိုးကူးစက်မှုသည် အောက်ပါတို့နှင့် ဆက်စပ်မှု ရှိနိုင်ပါသည်-
- သွေးဖြူဥနည်းခြင်း (ရောဂါပိုးကူးစက်မှုကို တိုက်ဖျက်ပေးသည့် သွေးဖြူဥဆဲလ်အမျိုးအစား ဖြစ်သော သွေးဖြူဥ ပမာဏ နည်းပါးနေခြင်း)
- မြှေးပါးရောင်ရမ်းခြင်း (ပါးစပ်အတွင်း အနာများ ဖြစ်ခြင်း)
- ရောဂါပိုးကူးစက်မှုကို တိုက်ဖျက်ရန် ကူညီပေးသည့် သွေးဖြူဥဆဲလ်အမျိုးအစား ဖြစ်သော လင်ဖိုဆိုက် (lymphocytes) ပမာဏမှာ ပုံမှန်ထက် မြင့်မားနေခြင်း
- ဆီးပိုက်များနှင့် ဆေးသွင်းကိရိယာများ ကဲ့သို့သော ခန္ဓာကိုယ်အတွင်းသို့ အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ထည့်သွင်းထားသည့် ဆေးဘက်ဆိုင်ရာ ကိရိယာများကို အသုံးပြုခြင်း
MDROs သည် အသုံးများသော ပဋိဇီဝဆေး အများအပြားကို ယဉ်ပါးပြီး ဒဏ်ခံနိုင်သောကြောင့် ကုသရန် ခက်ခဲပါသည်။ သို့သော်လည်း အနည်းငယ်သော ပဋိဇီဝဆေးအချို့ကိုမူ အသုံးပြုနိုင်ပါသည်။ သင့်ကလေး၏ ဆရာဝန်က ရောဂါပိုးမွှားအမျိုးအစားနှင့် ပိုးကူးစက်မှု ဖြစ်ပွားသည့် နေရာအပေါ် မူတည်၍ မည်သည့်ဆေးကို အသုံးပြုရမည်ဆိုခြင်းကို ဆုံးဖြတ်ပါလိမ့်မည်။
MDROs ကို မည်သို့ကာကွယ်ရမည်နည်း
MDROs ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် အောက်ပါအချက်များကို လုပ်ဆောင်ပါ-
- ပဋိဇီဝဆေး အသုံးပြုမှုကို ကန့်သတ်ပါ- ပဋိဇီဝဆေးများကို လိုအပ်သည့်အချိန်တွင်သာ အသုံးပြုပြီး ဖြစ်နိုင်သမျှ အတိုဆုံးသော အချိန်ကာလအတွက်သာ အသုံးပြုပါ။
- သင့်လက်ကို ဆေးကြောပါ- ရောဂါပိုးမွှားများ ပြန့်ပွားမှုကို ထိန်းချုပ်ရန် အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုမှာ သင့်လက်ကို ဆပ်ပြာနှင့် ရေဖြင့် ဆေးကြောခြင်း သို့မဟုတ် အယ်လ်ကိုဟောအခြေခံ လက်သန့်စင်ဆေးရည်ကို အသုံးပြုခြင်း ဖြစ်ပါသည်။ အကယ်၍ ဆပ်ပြာနှင့် ရေကို အသုံးပြုပါက သင့်လက်များကို စက္ကန့် 20 ကြာအောင် အချင်းချင်း ပွတ်တိုက်ပါ၊ ရေဖြင့် စင်ကြယ်အောင် ဆေးကြောပါ၊ ထို့နောက် ခြောက်သွေ့အောင် သေချာသုတ်ပါ။ အိမ်သာတက်ပြီးနောက်၊ ကလေးအနှီးလဲပြီးနောက်နှင့် အိမ်သာအသုံးပြုထားသော ကလေးငယ်ကို သန့်စင်ပေးပြီးနောက်တွင် ဆပ်ပြာနှင့် ရေကို အသုံးပြုခြင်းက အကောင်းဆုံး ဖြစ်ပါသည်။
- သီးခြားခွဲခြားခြင်းဆိုင်ရာ ကြိုတင်ကာကွယ်မှုများကို အသုံးပြုပါ- အကယ်၍ သင့်ကလေးတွင် MDRO ရှိနေပါက ၎င်းတို့အား “ထိတွေ့မှုဆိုင်ရာ ကြိုတင်ကာကွယ်မှု” တွင် ထားရှိပါလိမ့်မည်။ ဤအသုံးအနှုန်း၏ အဓိပ္ပာယ်မှာ ဆေးရုံဝန်ထမ်းများနှင့် လာရောက်ကြည့်ရှုသူများသည် သင့်ကလေး၏ အခန်းထဲသို့ မဝင်ရောက်မီ နှာခေါင်းစည်း၊ ဝတ်စုံရှည် နှင့် လက်အိတ်များကို ဝတ်ဆင်ရမည်ဖြစ်ပြီး၊ လူနာ၏ အခန်းမှ မထွက်ခွာမီ ၎င်းတို့ကို ပြန်လည်ချွတ်ခဲ့ရမည် ဖြစ်ကာ လက်ကိုလည်း မကြာခဏ ဆေးကြောရမည် ဖြစ်ပါသည်။
- မျက်နှာပြင်များကို ပိုးသတ်ပါ- ဆေးရုံဝန်ထမ်းများသည် သင့်ကလေး၏ ဆေးရုံခန်းနှင့် သင့်ကလေး၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သန့်ရှင်းရေး ပြုလုပ်ပေးပါလိမ့်မည်။
- နေ့စဉ် ရေချိုးပေးခြင်းနှင့် အိပ်ရာခင်းလဲလှယ်ပေးခြင်း- ရောဂါပိုးမွှားများ ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် သန့်ရှင်းသော ခန္ဓာကိုယ်နှင့် ကုတင်ရှိနေရန် အရေးကြီးပါသည်။
အဓိကအချက်များ
- ဆေးမျိုးစုံဒဏ်ခံနိုင်သော ပိုးမွှား (MDRO) ဆိုသည်မှာ ပဋိဇီဝဆေး အများအပြားကို ယဉ်ပါးပြီး ဒဏ်ခံနိုင်သော ရောဂါပိုးမွှားတစ်ခု ဖြစ်ပါသည်။
- အချို့သော အသုံးများသည့် ပဋိဇီဝဆေးများသည် MDRO ပိုးကူးစက်မှုများကို ကုသရာတွင် အလုပ်ဖြစ်မည် မဟုတ်ပါ။
- MDRO ပိုးကူးစက်မှုများကို ကာကွယ်ရန်အတွက် သင့်လက်ကို ဆေးကြောပါ၊ ပဋိဇီဝဆေးများကို လိုအပ်သည့်အချိန်တွင်သာ အသုံးပြုပါ။
–
ပြန်လည်စစ်ဆေးထားသည်- ဇူလိုင်လ 2022 ခုနှစ်