အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သင့်ကလေးကို ကိုရိုနာဗိုင်းရပ်စ်နှင့် COVID-19 အကြောင်း ပြောပြနည်း

ကိုရိုနာဗိုင်းရပ်စ်နှင့် COVID-19 သည် နေ့စဉ်ဘဝကို ပြောင်းလဲမှုများစွာ ဖြစ်စေသည်။ ကလေးများသည် စိတ်ရှုပ်ထွေးခြင်း၊ စိုးရိမ်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း ဖြစ်နိုင်သည်။ ကလေးများသို့ ပြောပြရမည့် အကြောင်းအရာ သို့မဟုတ် ပြောပြရမည့် ပမာဏကို မိဘနှင့် စောင့်ရှောက်သူများက သိရှိလေ့မရှိပါ။

သင့်ကလေးကို ကိုရိုနာဗိုင်းရပ်စ် (COVID-19) အကြောင်း ပြောပြရန် အထောက်အကူဖြစ်နိုင်သည့် အကြံပြုချက်အချို့မှာ-

သင့်ကလေး သိရှိထားသည့် အကြောင်းအရာကို ပြောပြပြီး နားလည်ခြင်းရှိ မရှိ စစ်ဆေးပါ။

သင့်ကလေး ကြားသိထားသည့်အရာနှင့် သူ မေးလိုသည့်မေးခွန်းများရှိ မရှိ မေးမြန်းပါ။ မီဒီယာများမှသည် သူငယ်ချင်းများအထိ သတင်းအရင်းအမြစ်များစွာ ရှိသောကြောင့် ကလေးများသိရှိသည့် သတင်းအချက်အလက်သည် မှန်ကန်တိကျရန် အရေးကြီးသည်။ 

ထိုဆွေးနွေးပြောဆိုမှုများကို စတင်ရန် အောက်ပါတို့ကို မေးမြန်းနိုင်သည်- 

“ကျောင်းကလူတွေ ဒါမှမဟုတ် သူငယ်ချင်းတွေက ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပြောကြတာ ကြားမိလား။ သူတို့ ဘာတွေပြောလဲ။” 

“ကိုရိုနာဗိုင်းရပ်စ်အကြောင်း မေးစရာရှိလား။” 

“ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာမျိုးကို ကြားတာလဲ။” 

ငယ်ရွယ်သောကလေးများအတွက် ရိုးရှင်းပြီး အသက်အရွယ်နှင့် ကိုက်ညီသော ဘာသာစကားကို သုံးပါ။ ဥပမာ

            “ကိုရိုနာဗိုင်းရပ်စ်လို့ခေါ်တဲ့ ဗိုင်းရပ်စ်အသစ်အကြောင်းကို လူကြီးတွေပြောတာ ကြားမိလား။” 

            “‘COVID-19’ ဆိုတဲ့ စကားလုံးကို ကြားမိလား။ အဲဒါ ဘာလဲဆိုတာ သိလား။”

သင့်ကလေးကို COVID-19 အကြောင်း ဘယ်လိုပြောပြမလဲ။ ဤဓာတ်ပုံသည် ဆေးရုံ၏ စောင့်ဆိုင်းသည့်နေရာတွင် ဆေးရောင်ခြယ်နေသော သားဖြစ်သူကို ကြည့်နေသည့် ဖခင်တစ်ဦးပုံဖြစ်သည်။

ကလေးများ၏ စိတ်ကူးဉာဏ်သည် အားကောင်းပြီး ၎င်းက စိတ်ဖိစီးသည့်ကာလတွင် မလိုလားအပ်သော စိုးရိမ်သောကကို ဖြစ်စေနိုင်သည်။ ထိုအချက်ကြောင့် အချက်အလက်များ အလွန်အကျွံပြောပြ၍ စိတ်လေးသွားခြင်းမဖြစ်စေဘဲ COVID-19 အကြောင်း မေးခွန်းများကို ပွင့်လင်းစွာဖြေကြားပြီး ကျန်းမာရေးနှင့်ကိုက်ညီသော မျှခြေကို ကြိုးစားရှာဖွေပါ။

သင့်ကလေး ခံစားနေရသည်များကို သိရှိအောင်လုပ်ပါ။ 

ကလေးများတွင် တုံ့ပြန်ချက်မျိုးစုံ ရှိနိုင်သည်။ အချို့ကလေးများသည် အလွန်စိုးရိမ်ခြင်း သို့မဟုတ် ပူပန်ခြင်း ခံစားရနိုင်သည်။ အခြားကလေးများမှာ အရေးမကြီးဟု ယူဆပြီး လေးလေးနက်နက် ဂရုမပြုဘဲ နေနိုင်သည်။ ကလေးများ၏ ယေဘုယျခံစားချက်များအပြင် နေ့စဉ်ဘဝတွင် ပြောင်းလဲမှုများကြောင့်ဖြစ်သည့် ခံစားချက်များကို မေးမြန်းခြင်းက အကူအညီဖြစ်နိုင်သည်။ 

“ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လောက် စိုးရိမ်ပူပန်လဲ။”

“စိုးရိမ်အပူပန်ဆုံး အရာတွေက ဘာလဲ။”

”ကိုရိုနာဗိုင်းရပ်စ်အကြောင်း ကြားတဲ့အခါ ဘယ်လိုခံစားရလဲ။”

“အခြားသူတွေ နှာခေါင်းစည်း ဝတ်ထားတာကို မြင်တဲ့အခါ ဘယ်လိုခံစားရလဲ။”

“ကျောင်းတွေပိတ်လိုက်တာကို ဘယ်လိုထင်လဲ။”

ပွင့်လင်း ရိုးသားပါ။ 

သင့်ကလေးနှင့် ပွင့်လင်း ရိုးသားစွာ ပြောဆိုပါ။ ပွင့်လင်းခြင်းနှင့် သတင်းအချက်အလက်များ မျှဝေခြင်းက စိုးရိမ်သောက၊ စိတ်ရှုပ်ထွေးမှုနှင့် အယူအဆအမှားများကို လျှော့ချနိုင်သည်။ ကလေးများ၏ စိတ်ကူးဉာဏ်သည် အားကောင်းပြီး ၎င်းက စိတ်ဖိစီးသည့်ကာလတွင် မလိုလားအပ်သော စိုးရိမ်သောကကို ဖြစ်စေနိုင်သည်။ ထိုအချက်ကြောင့် အချက်အလက်များ အလွန်အကျွံပြောပြ၍ စိတ်လေးသွားခြင်းမဖြစ်စေဘဲ မေးခွန်းများကို ပွင့်လင်းစွာဖြေကြားပြီး ကျန်းမာရေးနှင့်ကိုက်ညီသော မျှခြေကို ကြိုးစားရှာဖွေပါ။  မေးခွန်းအတွက် အဖြေကို သင် မသိရှိလျှင်လည်း အဆင်ပြေပါသည်။ အောက်ပါအတိုင်း ပြန်ဖြေနိုင်သည်-

“မေးခွန်းက သိပ်ကောင်းတယ်။ အဖြေကိုတော့ မသိဘူး၊ ဒါပေမဲ့ ဆရာ၀န်ကို မေးကြည့်လို့ရတယ်။” 

သင့်ကလေး လုံခြုံမှုခံစားရစေပြီး စိတ်သက်သာမှုရစေရန် ကူညီပါ။ 

ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခြင်းသည် လူတိုင်းအတွက် စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကကို တိုးစေသည်။ ကလေးများသည် မိဘများနှင့် စောင့်ရှောက်သူများ၏ စိတ်ခံစားမှုနှင့် စိုးရိမ်သောကကို ဝင်ရောက်ခံစားနိုင်ကြောင်း သတိပြုရန် အရေးကြီးသည်။ သင်၏ စိုးရိမ်သောက စီမံထိန်းချုပ်နေပုံအား သတိပြုပါ။ သင့်ကလေးကို ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပြောပြသောအခါ တည်တည်ငြိမ်ငြိမ်ဖြစ်စေရန် အကောင်းဆုံး လုပ်ဆောင်ပါ။ သင့်ကလေးသည် လူကြီးများ၏ ပြောဆိုမှုများကို မည်သည့်အချိန်တွင် နားစွန်နားဖျားကြားနိုင်သည် သို့မဟုတ် သောကဖြစ်နေကြောင်း ပြသသော သင်၏အပြုအမှုများကို မည်သည့်အချိန်တွင် တုပလုပ်ဆောင်နိုင်သည်ကိုလည်း သတိရှိပါ။ လက်ဆေးခြင်းကဲ့သို့ နာမကျန်းဖြစ်မှုကို တားဆီးရာတွင် အထောက်အကူဖြစ်နိုင်သော အရာများအကြောင်းကို ပြောပြပါ။ 

ကစားခြင်းနှင့် ပုံမှန်လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ပါ။ 

ဆော့ကစားခြင်းသည် ကလေးများ၏ ဘာသာစကားဖြစ်ကြောင်း သတိရပါ။ ဆော့ကစားခြင်းသည် စိတ်ခံစားမှုများကို ဖော်ပြခွင့်ပြုပြီး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေသည်။ ဘာသာစကားစွမ်းရည်များ နည်းပါးသည့် ငယ်ရွယ်သောကလေးများအတွက် ဆက်သွယ်ခြင်း၊ ခံစားချက်ဖော်ပြခြင်းနှင့် ခြုံငုံ၍ ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ဆော့ကစားခြင်းသည် မရှိမဖြစ် လိုအပ်သည်။ ဆော့ကစားခြင်းနှင့် ပုံမှန်လုပ်ငန်းဆောင်တာများကို တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းပါသည်။ ဆရာဝန်က အကြံပြုထားသည့်အတိုင်း မှန်ကန်သော ကျန်းမာရေးဆိုင်ရာ သတိပြုစရာများကို လိုက်နာကြောင်း သေချာပါစေ။ ပုံမှန်လုပ်ငန်းဆောင်တာကို ပြောင်းလဲရမည်ဖြစ်ပါက အချက်အလက်များသုံး၍ အကြောင်းအရင်းကို ရှင်းပြပြီး စိတ်သက်သက်မှုပြန်ရအောင်လုပ်ပါ။

ဤဓာတ်ပုံသည် ဆေးရုံခုတင်ပေါ်တွင် သူတို့၏ကလေးနှင့်အတူကစားနေသော အမေနှင့်အဖေ၏ပုံဖြစ်သည်။

ကလေးများအတွက် ဆော့ကစားခြင်းသည် ခံစားချက်ဖော်ပြသည့် ဘာသာစကားဖြစ်သည်။ ဆော့ကစားခြင်းနှင့် ပုံမှန်လုပ်ငန်းဆောင်တာများကို တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်ပါ။ ပြုစုစောင့်ရှောက်ရေးအဖွဲ့က ညွှန်ကြားထားသည့်အတိုင်း ကျန်းမာရေးဆိုင်ရာ သတိပြုစရာများကို လိုက်နာပါ။

ဆေးရုံပြောင်းလဲမှုများနှင့် သတိပြုစရာများကို ရှင်းပြပါ။

သင်၏ဆေးရုံ သို့မဟုတ် ဆေးပေးခန်းရှိ အရာများသည် အနည်းငယ်ပြောင်းလဲသွားကြောင်း သင်က သတိထားမိနိုင်သည်။ ထိုပြောင်းလဲမှုအချို့နှင့် ပတ်သက်၍ သင်၏ကလေးက အကြောင်းအရင်းကို သိလိုစိတ်ရှိနိုင်သည်။ ထိုပြောင်းလဲမှုများသည် လူတိုင်းကို ကာကွယ်ရန်အတွက်နှင့် ရောဂါပိုးမွှားပျံ့နှံ့ခြင်းကို တားဆီးရာတွင် ကူညီရန်ဖြစ်သည်။ COVID-19 ဖြစ်နိုင်ခြေကို လျှော့ချရန် ဆေးရုံများစွာသည် လူများကို စောင့်ကြည့်စစ်ဆေးနေပြီး ပွဲအခမ်းအနားများကို ကန့်သတ်နေသည်။ ၎င်းတွင် မောင်နှမများနှင့် အခြား မိသားစုဝင်များကို ကန့်သတ်ခြင်းတို့ ပါဝင်နိုင်သည်။

သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသော အဆောက်အအုံရှိ ပြောင်းလဲမှုများနှင့် ပတ်သက်၍ သင့်ကလေးက မေးနိုင်သော အမေးများသည့် မေးခွန်းများအတွက် အဖြေအချို့မှာ-

သင့်ကလေးက မေးနိုင်သော အမေးများသည့် ကိုရိုနာဗိုင်းရပ်စ်နှင့် COVID-19 အကြောင်း မေးခွန်းများအတွက် အဖြေများ

မိဘတစ်ယောက်အနေဖြင့် သင်သည် သင်၏ကလေးအကြောင်းကို အသိဆုံးဖြစ်သည်။ အချို့ကလေးများက အနည်းငယ်သာ သိလိုသည်။ အချို့ကလေးများက များစွာ သိရှိလိုသည်။ ကိုရိုနာဗိုင်းရပ်စ်နှင့် COVID-19 အကြောင်း မေးခွန်းများကို ဖြေကြားရန် ကလေးနားလည်လွယ်သော နည်းလမ်းများအတွက် အကြံပြုချက်အချို့ရှိပါသည်။ သင့်ကလေးပေါ် မူတည်၍ အချက်အလက်များစွာ သို့မဟုတ် အချက်အလက်အနည်းငယ် ပြောပြနိုင်သည်။

ABCs၊ Happy Birthday သီချင်းများဆိုခြင်းအပါအဝင် လက်ဆေးခြင်းကို ပျော်စရာကောင်းစေရန် ကလေးနှင့်သင့်တော်သည့် နည်းလမ်းများကို အသုံးပြုပါ သို့မဟုတ် သင့်ကလေး၏ အကြိုက်ဆုံးသီချင်းကို စက္ကန့် ၂၀ ကြာဆိုပါ။

ကိုရိုနာဗိုင်းရပ်စ် (COVID-19) အကြောင်းကို ဆယ်ကျော်သက်များနှင့် ပြောဆိုဆွေးနွေးခြင်း

တစ်ခါတစ်ရံတွင် ဆယ်ကျော်သက်များသည် ၎င်းတို့က မထိခိုက်နိုင်ကြောင်း သို့မဟုတ် ထိုအန္တရာယ်များသည် ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ခံစားရသည်။ သင်၏ ဆယ်ကျော်သက်များ သို့မဟုတ် ဆယ်ကျော်သက်အရွယ် မောင်နှမများသည် ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို လေးလေးနက်နက် မပြောဆိုကြကြောင်း သင်သတိထားမိနိုင်သည်။ သို့မဟုတ် လူတိုင်းသည် ထိုကိစ္စကို အလွန်အကျူး ချဲ့ကားပြောဆိုနေကြသည်ဟု ၎င်းတို့က တွေးနိုင်သည်။ ဆယ်ကျော်သက်များသည် အခြားသူများထံမှ အထူးသဖြင့် သူငယ်ချင်းများနှင့် လူမှုမီဒီယာများထံမှ သတင်းအမှားများကို ကြားသိထားနိုင်သည်။ သင်၏ဆယ်ကျော်သက်ကို ပွင့်လင်းစွာပြောပြပြီး ၎င်းတွင်ရှိနိုင်သော အယူအဆအမှားများကို ဖြေရှင်းပါ။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို တားဆီးရန် လက်ဆေးခြင်းကဲ့သို့ အကြံပြုထားသည့် နည်းစနစ်များ အသုံးပြုခြင်း၏ အရေးကြီးပုံကို အာရုံစိုက်ပါ။

ကိုရိုနာဗိုင်းရပ်စ်နှင့် COVID-19 အကြောင်း

COVID-19 သည် ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ဆယ်ကျော်သက်နှင့် အရွယ်ရောက်စ လူငယ်များသည် COVID-19 အကြောင်းကို လေ့လာနိုင်သည်။ နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ဖတ်ရှုပြီး ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ထပ်တိုးလာသော စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းရန် အရင်းအမြစ်များကို ရှာဖွေပါ။

ကိုရိုနာဗိုင်းရပ်စ်၏ အကြောင်းကို လေ့လာပါ

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့်ဖြစ်သော စိုးရိမ်သောကကို စီမံဖြေရှင်းခြင်း

ကိုရိုနာဗိုင်းရပ်စ်နှင့် COVID-19 အကြောင်း ဆွေးနွေးရာတွင် သို့မဟုတ် ၎င်းကြောင့်ဖြစ်သော စိုးရိမ်သောကကို ကိုင်တွယ်ဖြေရှင်းရာတွင် နောက်ထပ်အကူအညီများ လိုအပ်ပါက သင့်ကလေး၏ စောင့်ရှောက်ရေးအဖွဲ့ရှိ အဖွဲ့ဝင်များစွာသည် သင်နှင့် သင့်ကလေးကို အကူအညီပေးနိုင်သည်။ ပူပန်မှုများကို သင်၏ဆေးဘက်ဆိုင်ရာအဖွဲ့ထံ အသိပေးပါ။  

မိဘများအတွက် ကိုရိုနာဗိုင်းရပ်စ်အကြောင်း ထပ်ဆောင်း အရင်းအမြစ်များ

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉ အကြောင်းကို ကလေးများနှင့် ဆွေးနွေးပြောဆိုခြင်း (CDC)

ကိုရိုနာဗိုင်းရပ်စ် (COVID-19)- သင်၏ကလေးကို ပြောပြနည်း (KidsHealth)

မိသားစုများအတွက် အကြံပြုချက်များ- ကိုရိုနာဗိုင်းရပ်စ်အကြောင်း ဆွေးနွေးပြောဆိုခြင်း (ZERO TO THREE)

COVID-19 (ကိုရိုနာဗိုင်းရပ်စ်) အကြောင်း ကလေးများကို ပြောပြခြင်း- မိဘအတွက် အရင်းအမြစ် (နိုင်ငံလုံးဆိုင်ရာ ကျောင်း စိတ်ကျန်းမာရေးဆရာဝန်များ အသင်း)

COVID-19 အကြောင်း မိဘများ၏ ထိပ်တန်းမေးခွန်းများ (ကော်လိုရာဒို ကလေးဆေးရုံ)

သင့်ကလေးကို ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပြောပြနည်း (PBS KIDS)

"ကိုရိုနာဗိုင်းရပ်စ်အကြောင်း လေ့လာခြင်း" ဆေးရောင်ခြယ်စာအုပ်

ဤဆေးရောင်ခြယ်စာအုပ်ကို ကလေးများအတွက် ဒေါင်းလုဒ်လုပ်ပြီး ပရင့်ထုတ်ပါ။ ကလေးများသည် ကိုရိုနာဗိုင်းရပ်စ်နှင့် COVID-19 အကြောင်းကို ဖတ်ရှုနိုင်ပြီး စာမျက်နှာများကို ဆေးရောင်ခြယ်နိုင်သည်။

"ကိုရိုနာဗိုင်းရပ်စ်အကြောင်း လေ့လာခြင်း" ဆေးရောင်ခြယ်စာအုပ်
ကိုရိုနာဗိုင်းရပ်စ် ဆေးရောင်ခြယ်စာအုပ်ကို ဒေါင်းလုဒ်လုပ်ပါ

"ကိုရိုနာဗိုင်းရပ်စ်အကြောင်း လေ့လာခြင်း" လှုပ်ရှားမှု စာအုပ်

ဤဆေးရောင်ခြယ်စာအုပ်ကို အသက်ပိုကြီးသော ကလေးများအတွက် ဒေါင်းလုဒ်လုပ်ပြီး ပရင့်ထုတ်ပါ။ ကလေးများသည် ကိုရိုနာဗိုင်းရပ်စ်နှင့် COVID-19 အကြောင်းကို ဖတ်ရှု၍ စာမျက်နှာများကို ဆေးရောင်ခြယ်နိုင်ပြီး စကားလုံး ပဟေဠိများ ကစားနိုင်သည်။

"ကိုရိုနာဗိုင်းရပ်စ်အကြောင်း လေ့လာခြင်း" လှုပ်ရှားမှု စာအုပ်
ကိုရိုနာဗိုင်းရပ်စ် လှုပ်ရှားမှု စာအုပ်ကို ဒေါင်းလုဒ်လုပ်ပါ

---
ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်- ၂၀၂၀ ခုနှစ် မတ်လ