ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သွေးတွင်းပါဝင်ပစ္စည်းများသွင်းခြင်း

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာဝေဒနာရှင်များအနေဖြင့် ၄င်းတို့၏ ခန္ဓာကိုယ်မှ သွေးဆဲလ်များအလုံအလောက် မထုတ်နိုင်သည့်အခါ သွေးသွင်းရန် လိုအပ်နိုင်ပါသည်။

သွေးကင်ဆာနှင့် ပြန်ရည်ဂလင်းကင်ဆာကဲ့သို့သော သွေးတွင်ဖြစ်တတ်သည့်ကင်ဆာများသည် ရိုးတွင်းခြင်ဆီကိုထိခိုက်စေနိုင်သည်။ ရိုးတွင်းခြင်ဆီဆိုသည်မှာ အရိုး၏ အတွင်းပိုင်းရှိ နူးညံ့သောအစိတ်အပိုင်းဖြစ်ပြီး သွေးဆဲလ်များကိုထုတ်လုပ်ပေသည်။ ကင်ဆာရောဂါကုထုံးအမျိုးမျိုးကလည်း သွေးနှင့် ရိုးတွင်းခြင်းဆီတို့ကို ထိခိုက်စေနိုင်သည်။

သွေး၏ အခန်းကဏ္ဍ

နှလုံးမှသွေးကို ညစ်ထုတ်လိုက်ပြီး သွေးလွှတ်ကြောများ နှင့် သွေးပြန်ကြောများ တို့ဖြင့်ဖွဲ့စည်းထားသည့် ကွန်ရက်မှတစ်ဆင့် ကိုယ်ခန္ဓာအနှံ့ရောက်ရှိသွားစေသည်။ သွေးက အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို ကိုယ်တွင်းအင်္ဂါများနှင့် တစ်ရှူးများဆီသို့ သယ်ယူပေးသည်။

သွေးကို မတူညီသည့် ပါဝင်ပစ္စည်းများ သို့မဟုတ် အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားပါသည် -

  • သွေးနီဥဆဲလ်များ - ယင်းဆဲလ်များက အဆုတ်များမှ အောက်ဆီဂျင်ကိုသယ်ယူပြီး ကိုယ်တွင်းအင်္ဂါများနှင့် တစ်ရှူးများဆီသို့ ပို့ဆောင်ပေးသည်။ ၄င်းတို့က ကိုယ်ခန္ဓာတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက် နှင့် အခြားအညစ်အကြေးပစ္စည်းများကို ဖယ်ရှားရာတွင်လည်း ကူညီပေးပါသည်။
  • သွေးဥမွှားများ – ယင်းဆဲလ်များက သွေးခဲစေရန် ကူညီခြင်းအားဖြင့် ကိုယ်န္ဓာအတွင်း သွေးယိုစီးမှုများကို ကာကွယ်ပေးပါသည်။
  • သွေးဖြူဥဆဲလ်များ – ယင်းဆဲလ်များက ကိုယ်ခန္ဓာမှ ရောဂါပိုးမွှားများကို တိုက်ထုတ်ရာတွင် ကူညီပေးသည်။
  • ပလာစမာ ခေါ် သွေးရည်ကြည် – ပလာစမာသည် သွေး၏ အရည်ကြည်အပိုင်းဖြစ်သည်။ ၄င်းတွင် အယ်လ်ဗျူမင်နှင့် ဂလိုဗျူလင်ကဲ့သို့သော ပရိုတိန်းများနှင့်အတူ သွေးခဲစေရန် ကူညီသည့် သွေးခဲစေသည့် ပစ္စည်းများ ပါဝင်ပါသည်။

သွေးတွင်းပါဝင်ပစ္စည်းများသွင်းခြင်းတို့၏ အမျိုးအစားများ

အများဆုံးသွင်းလေ့ရှိသည့် သွေးတွင်းပါဝင်ပစ္စည်းမှာ သွေးနီဥဆဲလ်နှင့် သွေးဥမွှားများဖြစ်သည်။ သွေးတွင်းပါဝင်ပစ္စည်းအားလုံးကို သွင်းခြင်းမျိုးမှာ အလွန်ရှားသည်။ သွေးလှူရှင်တစ်ဦးမှ လှူလိုက်သည့်သွေးကို သွေးတွင်းပါဝင်ပစ္စည်းအလိုက် ခွဲထုတ်လိုက်သည်။

သွေးနီဥဆဲလ်သွင်းခြင်းများ

ပြင်းထန်သည့် သွေးအားနည်းရောဂါ ရှိသည့် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာဝေဒနာရှင်များကို သွေးနီဥဆဲလ်များသွင်းပေးရန် လိုအပ်နိုင်ပါသည်။ ခန္ဓာကိုယ်တွင်းရှိရမည့် ပုံမှန်အရေအတွက်ထက် သွေးနီဥဆဲလ်နည်းသောအခါ သွေးအားနည်းရောဂါ ဖြစ်ပေါ်လာသည်။ အကယ်၍ သွေးနီဥဆဲလ်များအတွင်းရှိ သံဓာတ်ကြွယ်ဝပြီး အောက်ဆီဂျင်သယ်ဆောင်ပေးသည့် ဟေမိုဂလိုဘင်အလုံအလောက်မရှိပါကလည်း သွေးအားနည်းရောဂါဖြစ်ပွားနိုင်ပါသည်။

သွေးနီဥဆဲလ်များသွင်းသည့် လုပ်ငန်းစဥ်သည် ၂ နာရီမှ ၂ နာရီခွဲအထိ ကြာမြင့်နိုင်ပါသည်။ ယင်းသို့သွင်းရာတွင် လိုအပ်သောအချိန်သည် လူနာ၏ ကိုယ်အလေးချိန်နှင့် လူနာလိုအပ်သော သွေးတွင်းပါဝင်ပစ္စည်းတို့၏ ပမာဏအပေါ်တွင် မူတည်ပါသည်။

သွေးကြောမှတစ်ဆင့် သွေးဥမွှားများ ထည့်သွင်းပေးခြင်း

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါဝေဒနာရှင်များတွင် သွေးဥမွှားနည်းခြင်းဟုခေါ်သည့် သွေးဥမွှားအရေအတွက်နည်းနေသည့် အခြေအနေမျိုးတွင် တစ်ခါတစ်ရံ သွေးဥမွှားသွင်းရန် လိုအပ်ပါသည်။

သွေးဥမွှားသွင်းသည့် လုပ်ငန်းစဥ်သည် ၁ နာရီမှ ၁ နာရီခွဲအထိကြာမြင့်နိုင်ပါသည်။ ထိုသို့သွင်းခြင်းမှာ လူနာ၏ ကိုယ်အလေးချိန်နှင့် သွင်းရသည့် သွေးဥမွှားပမာဏအပေါ် မူတည်ပါသည်။

သွေးဖြူဥဆဲလ်များ (ဂရန်နျူလိုဆိုက်များ)

သွေးဖြူဥဆဲလ်သွင်းခြင်းက ရှားပါသည်။ ပဋိဇီဝဆေးများကို တုံ့ပြန်မှုမရှိတော့ဘဲ ကူးစက်ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်နေသော ဝေဒနာရှင်များတွင်သာ သွေးဖြူဥဆဲလ်သွင်းသည်။ ဂရန်နျူလိုဆိုက်များ ဆိုသည်မှာ သွေးသွင်းရာတွင်သုံးသည့် သွေးဖြူဥဆဲလ် အမျိုးအစားဖြစ်သည်။

သွေးရည်ကြည်သွင်းခြင်း

သွေးအလွန်အမင်းယိုစီးမှု ပြဿနာများရှိနေနိုင်သည့် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာဝေဒနာရှင် ကလေးငယ်များကို သွေးရည်ကြည်သွင်းပေးပါသည်။ သွေးရည်ကြည်တွင် သွေးခဲစေရန် ကူညီပေးသည့်ပစ္စည်းများ ပါဝင်ပါသည်။

လက်အိတ်ဝတ်ထားသည့် လက်တစ်ဖက်ဖြင့် သွေးသွင်းရန်ပြင်ဆင်နေပုံ

သွေးသွင်းမှု ခံယူခြင်း

သွေးသွင်းခြင်းကို ယေဘုယျအားဖြင့် ဆေးရုံအတွင်းရှိ ကီမိုဆေးသွင်းသည့် အခန်းတွင်ဖြစ်စေ၊ ခွဲစိတ်ကုသမှုတစ်ခုပြုလုပ်စဉ်ဖြစ်စေ၊ လူနာ၏အိပ်ရာဘေးတွင်ဖြစ်စေ ပြုလုပ်လေ့ရှိပါသည်။

သွေးသွင်းမည့် လူနာများသည် သွေးသွင်းမှုမစတင်မီ နာရီအနည်းငယ်စောင့်ဆိုင်းရန် ပြင်ဆင်ထားသင့်သည်။ သွေးတွင်းပါဝင်ပစ္စည်းတစ်မျိုးမျိုးသွင်းရန် ဆရာဝန်က ညွှန်ကြားလိုက်သည်နှင့်တစ်ပြိုင်နက် သွေးလှူဘဏ်ဝန်ထမ်းသည် လူနာနှင့်သင့်တော်မည့် သွေးပစ္စည်းကို တိတိကျကျရှိနိုင်စေရန် အဆင့်ဆင့်လုပ်ဆောင်ရပါသည်။ ထို့နောက် ခွဲစိတ်မှု ပြုလုပ်နေသည့်နေရာသို့ သွေးကို ပို့ပေးရပါသည်။ ယင်းလုပ်ငန်းစဉ်က ၂ နာရီ သို့မဟုတ် ၂ နာရီထက်ပိုကြာနိုင်ပါသည်။ လူနာသည် ပြင်ပလူနာဖြစ်ပါက မိသားစုအနေဖြင့် ယင်းကာလအတွင်း ဆေးရုံတွင်းလုပ်စရာရှိသည်များကို လုပ်ဆောင်ထားနိုင်ပါသည်။

သွေးသွင်းမှုသည်ပင်လျှင် အချိန် ၁ နာရီမှ ၂ နာရီအထိ သို့မဟုတ် ၂ နာရီထက်ပိုပြီးလည်း ကြာသွားနိုင်ပါသည်။ သွေးသွင်းရန် ကြာချိန်သည် သွင်းရသည့် သွေးပါဝင်ပစ္စည်းအမျိုးအစား၊ ၎င်းပစ္စည်း၏ ထုထည်ပမာဏနှင့် လူနာ၏ကိုယ်အလေးချိန် စသည်တိုပေါ်တွင် မူတည်သည်။ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် လူနာရှင်မိသားစုများအား ၄င်းတို့၏ကလေးနှင့် သက်ဆိုင်သည့် အချက်အလက်များကို ပြောပြထားနိုင်ပါသည်။

  • သွေးသွင်းရန်အချိန်ကျရောက်လာသောအခါ ဝန်ထမ်းက လူနာ၏ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် ကိုယ်ခန္ဓာအပူချိန်တို့ကို စစ်ဆေးပါလိမ့်မည်။
  • အားလုံးကောင်းပါက ဝန်ထမ်းက သွေးတွင်းပါဝင်ပစ္စည်းကိုပို့ပေးရန် မှာကြားပါလိမ့်မည်။
  • သွေးတွင်းပါဝင်ပစ္စည်းရောက်ရှိချိန်၌ ဝန်ထမ်းသည် လူနာ၏ ဆေးကုသမှုမှတ်တမ်းနံပါတ်၊ လက်ပတ်နံပါတ်၊ သွေးယူနစ်နံပါတ်နှင့် သက်ဆိုင်ရာသွေးအမျိုးအစားတို့ ကိုက်ညီမှုရှိ/မရှိကို စိစစ်ပါမည်။ သွေးတွင်းပါဝင်ပစ္စည်း၏ သက်တမ်းကုန်ဆုံးရက်ကိုလည်း စစ်ဆေးပါလိမ့်မည်။
  • အကယ်၍ လူနာထံတွင် ပင်မသွေးပြန်ကြောနှင့်ချိတ်ဆက်ထားသည့်ပိုက် ထည့်နှင့်ပြီးဖြစ်ပါက သူ သို့မဟုတ် သူမသည် ယင်းပိုက်မှတစ်ဆင့် သွေးသွင်းရနိုင်ပါသည်။ ထိုသို့မဟုတ်ပါက လူနာများသည် ခြေ/လက်ရှိ သွေးပြန်ကြောမှတစ်ဆင့် သွေးသွင်းရပါလိမ့်မည်။
  • သွေးအိတ်ကို သွေးကြောထဲသို့ သွေးစီးဆင်းနှုန်းထိန်းပေးသည့်စက်မှ ပြောင်းပြန်ချိတ်ထားလိုက်ပါမည်။
  • သွေးသွင်းနေချိန်တွင် လူနာသည် သွေးတွင်းပါဝင်ပစ္စည်းများအပေါ် တုံ့ပြန်မှုပြသည့် လက္ခဏာများရှိ/မရှိကို ဝန်ထမ်းက ဂရုတစိုက်စောင့်ကြည့်ပါလိမ့်မည်။
  • သွေးသွင်းပြီးချိန်၌ သူနာပြုက လူနာ၏ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းတို့ကို ထပ်မံစစ်ဆေးပါလိမ့်မည်။ အကယ်၍ လူနာထံတွင် အကြောဆေးသွင်းပိုက်တပ်ထားပါက ယင်းကို ဖြုတ်လိုက်ပါမည်။
  • စောင့်ကြည့်ရန်နှင့် တွေ့ရှိပါကအကြောင်းကြားပေးရမည့် ရောဂါလက္ခဏာများအကြောင်းကို သူနာပြုက မိသားစုအား အသိပေးပါလိမ့်မည်။

သွေးသွင်းခြင်း၏ ဘေးအန္တရာယ်များ

သွေးသွင်းမှုအများစုမှာ ရှောရှောရှူရှူပြီးသွားလေ့ရှိပါသည်။ သို့သော်လည်း အချို့သောလူနာများတွင် သွေးသွင်းခြင်းအပေါ် တုံ့ပြန်မှုများ ရှိကောင်းရှိနိုင်ပါသည်။ အချို့သောဖြစ်စဥ်များတွင် အဆိုပါတုံ့ပြန်မှုအား ကုသနိုင်ပြီး သွေးသွင်းမှုကို ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ အခြားဖြစ်စဥ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က သွေးသွင်းခြင်းကို ရပ်လိုက်ပါလိမ့်မည်။

တုံ့ပြန်မှုတစ်ခု၏ လက္ခဏာရပ်များမှာ -

  • ယားယံခြင်း
  • အင်ပျဉ်ထခြင်း
  • အရေပြား နီရဲ၍ပူခြင်း
  • မျက်လုံးများနှင့် ပါးစပ်အနီးတဝိုက်တွင် ရောင်ရမ်းခြင်း
  • အသက်ရှူရခက်ခြင်း
  • အဖျား
  • ချမ်းတုန်ခြင်း
  • ပျို့အန်ချင်စိတ်ဖြစ်ခြင်း (အစာအိမ်မကောင်းသလို ခံစားရခြင်း)
  • သွေးခုန်နှုန်း သို့မဟုတ် သွေးပေါင်ချိန်ပြောင်းလဲခြင်းများ

ရှားပါးဖြစ်စဉ်များတွင် သွင်းလိုက်သည့် သွေးနီဥကို ကိုယ်ခံအားက ဖျက်ဆီးပစ်ခြင်း ဟုခေါ်သည့် ဆိုးဆိုးဝါးဝါးတုံ့ပြန်မှု ဖြစ်ပေါ်နိုင်ပါသည်။ သွေးသွင်းချိန်၌ လူနာအားသွင်းပေးလိုက်သော သွေးအမျိုးအစားက လူနာ၏ သွေးအမျိုးအစားနှင့် မကိုက်ညီသည့်အခါ သို့မဟုတ် မတည့်သည့်အခါ၌ အဆိုပါတုံ့ပြန်မှုမျိုး ဖြစ်ပေါ်လာသည်။ ခန္ဓာကိုယ်က သွေးဆဲလ်အသစ်များကို တိုက်ခိုက်လိုက်ပြီး၊ ထို့နောက် ကျောက်ကပ်ကို အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတ်များကိုပါထွက်လာစေသည်။

လက္ခဏာများတွင် အောက်ပါတို့ပါဝင်ကြသည်-

  • အဖျား 
  • ချမ်းတုန်ခြင်း
  • ကျော နှင့်/သို့မဟုတ် ခါးဘေးများနာခြင်း
  • သွေးပေါင်ချိန် ကျဆင်းခြင်း
  • ဆီးအရောင်ရင့်ခြင်း

ယင်းတုံ့ပြန်မှုရှိကြောင်း ပထမဆုံးလက္ခဏာပြသည်နှင့် သူနာပြုက သွေးသွင်းခြင်းကို ရပ်လိုက်ပါလိမ့်မည်။

မိဘများအနေဖြင့် ယင်းသို့သော သွင်ပြင်လက္ခဏာများထဲမှ တစ်ခုခုကိုတွေ့ရသည်နှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သို့ သေချာပြောပြသင့်ပါသည်။

သွေးတွင်းပါဝင်ပစ္စည်းတွေကို ဘယ်ကရပါသလဲ။

ဆေးရုံများက သွေးတွင်းပါဝင်ပစ္စည်းများကို သွေးအား စုဆောင်း၊ ပြင်ဆင်၊ သိုလှောင်ပြီး ဖြန့်ဖြူးပေးသည့်ဌာနများဖြစ်သည့် သွေးဌာနများထံမှ လက်ခံရရှိပါသည်။ အချို့သော သွေးဌာနများမှာ လွတ်လပ်စွာရပ်တည်ကြသည်။ အခြားစင်တာများမှာ ဆေးရုံတစ်ရုံ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ရှိနေသည်။

ယေဘုယျအားဖြင့် သွေးတွင်းပါဝင်ပစ္စည်းများကို မိမိစိတ်ဆန္ဒအလျောက် သွေးလှူသူများမှ လှူဒါန်းလေ့ရှိပါသည်။ တစ်ခါတစ်ရံ၌ မိသားစုဝင်များက သက်ဆိုင်ရာလူနာအတွက် သွေးလှူဒါန်းခြင်းမျိုးလည်း ရှိပါသည်။ အချို့သော ဖြစ်စဥ်များ၌ လူနာ၏ ကိုယ်ပိုင်သွေးကို အသုံးပြုနိုင်ပါသည်။ သို့သော်လည်း ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာလူနာများအတွက် ကိုယ်ပိုင်သွေးသွင်းခြင်းမှာ များသောအားဖြင့် ဖြစ်လေ့ဖြစ်ထမရှိပါ။

လူနာအနေဖြင့် သူ သို့မဟုတ် သူမ၏ သွေးအမျိုးအစားနှင့် ကိုက်ညီသည့် သွေးတွင်းပါဝင်ပစ္စည်းကိုသာ သွင်းသင့်ပါသည်။ အကယ်၍ သွေးတွင်းပါဝင်ပစ္စည်းမှာ ကိုက်ညီခြင်းမရှိပါက လူနာ၏ပဋိဇီဝပစ္စည်းများက သွေးလှူရှင်၏သွေးကို တိုက်ခိုက်ကာ လူနာအား နာမကျန်းဖြစ်စေပါသည်။

လူတိုင်းလူတိုင်းတွင် သွေးအမျိုးအစားတစ်ခုစီ ရှိကြသည်။ - အို (O)၊ အေ (A)၊ ဘီ (B)၊ သို့မဟုတ် အေဘီ (AB) တို့ဖြစ်ကြသည်။ ယင်းက ရီးဆတ်ပစ္စည်းပါသော (Rh+) သွေးဖြစ်နိုင်သလို ရီးဆတ်ပစ္စည်းမပါသော (Rh-) သွေးလည်းဖြစ်နိုင်ပါသည်။ သွေးအမျိုးအစားများမှာ -

  • O အနှုတ် သို့မဟုတ် O အပေါင်း
  • A အနှုတ် သို့မဟုတ် A အပေါင်း
  • B အနှုတ် သို့မဟုတ် B အပေါင်း
  • AB အနှုတ် သို့မဟုတ် AB အ‌ပေါင်း

သွေးလှူဘဏ်များက ၎င်းတို့တွင်ရှိသောသွေးနှင့် လက်ခံမည့်သူ၏သွေးတို့ကိုက်ညီကြောင်း သေချာစေရန် သွေးတွင်းပါဝင်ပစ္စည်းများကို သွေးအမျိုးအစားများကိုက်ညီမှုရှိ/မရှိ တိုက်ဆိုင်စစ်ဆေးပါသည်။

သွေးတွင်းပါဝင်ပစ္စည်းများ၏ ဘေးကင်းမှု

သွေးလှူဒါန်းမှုများကို အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ထိန်းချုပ်ပါသည်။ သွေးလှူဘဏ်များသည် အန္တရာယ်ကင်းစွာ သွေးပံ့ပိုးပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများစွာကို ပြုလုပ်ရပါသည်။

  • သွေးလှူဒါန်းမှုဘေးကင်းရေးအပေါ် သက်ရောက်နိုင်သော အန္တရာယ်ဖြစ်နိုင်ခြေရှိသည့် အကြောင်းအချက်များနှင့်ပတ်သက်ပြီး သွေးလှူရှင်များအား သီးသန့်မေးခွန်းများ မေးပါသည်။ အကယ်၍ အန္တရာယ်ဖြစ်နိုင်ခြေရှိသည့် အကြောင်းအချက်များကို တွေ့ရှိပါက ၄င်းတို့အား သွေးလှူခွင့်မပြုပါ။
  • အရည်အချင်းပြည့်မီသည့် သွေးလှူရှင်များနှင့် ၄င်းတို့လှူဒါန်းထားသော သွေးကို အိတ်ချ်အိုင်ဗွီ (HIV)၊ အသည်းရောင် ဘီ နှင့် စီ၊ ဇီကာဗိုင်းရပ်စ်၊ လူသား တီ−လင်ဖိုထရိုးဖစ် ဗိုင်းရပ်စ် (HTLV)၊ ဝက်စ်နိုင်းလ် ဗိုင်းရပ်စ် (West Nile virus)၊ ကာလသားရောဂါနှင့် ချာဂါရောဂါကိုဖြစ်စေသည့် ထရစ်ပန်နိုဆိုးမား ခရုဇီ(Trypanosoma cruzi) ခေါ် ကူးစက်ပိုးအပါအဝင် မြောက်များလှစွာသော ကူးစက်ရောဂါပိုးများရှိ/မရှိ စစ်ဆေးပါသည်။ အင်တာဗျူးမေးချိန်အတွင်း အန္တရာယ်ဖြစ်နိုင်ခြေရှိသည့် အကြောင်းအချက်များရှိသည်ဖြစ်​ စေ၊ မရှိသည်ဖြစ်​စေ ယင်းစစ်ဆေးမှုများကို ပြုလုပ်ပါသည်။ အကယ်၍ သွေးစစ်ချက်အဖြေအရ အဆိုပါကူးစက်ရောဂါများထဲမှ တစ်ခုခုရှိကြောင်း တွေ့ရှိရပါက သွေးကို စွန့်ပစ်ပါသည်။
  • သွေးတွင် အခြားပဋိဇီဝပစ္စည်းများရှိ/မရှိကိုလည်း ရှာဖွေကြည့်နိုင်ပါသည်။

အမေရိကန်ပြည်ထောင်စုတွင်းရှိ သွေးတွင်းပါဝင်ပစ္စည်းများမှာ ကြပ်ကြပ်မတ်မတ်စိစစ်မှုရှိသောကြောင့် အလွန်ဘေးကင်းပါသည်။ သွေးသွင်းခြင်းကြောင့် နာမကျန်းမှုတစ်ခုခုရရှိသွားနိုင်သည့် အလားအလာမှာ အလွန်ရှားပါသည်။ 

သွေးအန္တရာယ်ကင်းရေးနှင့်ပတ်သက်သည့် ထပ်မံသိရှိလိုပါက (CDC) ရောဂါထိန်းချုပ်ရေးစင်တာ၏သွေးအန္တရာယ်ကင်းဝေးရေးအခြေခံအချက်အလက်များသို့ ဝင်ရောက်ကြည့်ရှုပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018