ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သွေးထဲပါ သွေးဥအမျိုးအစားအလိုက် သွေးဥဆဲလ်အရေအတွက်ကိုသိရန် သွေးဖောက်စစ်ဆေးခြင်း

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာလူနာအများစု၌ ကုသမှုရယူနေစဉ်အတွင်း သွေးဆဲလ်အရေအတွက် အပြည့်အစုံ(CBC) စစ်ဆေးမှုများ ပြုလုပ်ပါသည်။

ကီမိုဆေးသွင်းခြင်း ကုထုံး နှင့် ဓာတ်ရောင်ခြည်ကုထုံး ကဲ့သို့သော ကုထုံးများက ရိုးတွင်းခြင်ဆီ၏ သွေးဆဲလ်ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါသည်။ သွေးဆဲလ်အရေအတွက် အပြည့်အစုံစစ်ဆေးမှုများအား ပုံမှန်ပြုလုပ်ခြင်းအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် လူနာ၏ကျန်းမာရေးအခြေအနေနှင့် ကူးစက်ရောဂါတွန်းလှန်တိုက်ခိုက်နိုင်စွမ်းကို စောင့်ကြည့်ရာတွင် အကူအညီဖြစ်စေသည်။ သွေးဆဲလ်အရေအတွက်နည်းနေလျှင် စောင့်ရှောက်ရေးအဖွဲ့က ကုသပေးနိုင်ပါသည်။

ရိုးတွင်းခြင်ဆီနှင့်ပတ်သတ်သော ကင်ဆာရောဂါရှိသည့် လူနာများတွင် သွေးဆဲလ်များကို ရေတွက်ခြင်း နှင့် လေ့လာခြင်းအားဖြင့် ထိုလူနာ၏ရောဂါအကြောင်းနှင့် ထိုရောဂါကိုကုသနိုင်မည့်နည်းလမ်းများ စသည်တို့၏ အချက်အလက်များကိုရရှိနိုင်သည်။

ကင်ဆာရောဂါရှိသောကလေးများတွင် သွေးဆဲလ်အရေအတွက် အပြည့်အစုံစစ်ဆေးမှုများအား ပုံမှန်ပြုလုပ်ခြင်းအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် လူနာ၏ကျန်းမာရေးအခြေအနေနှင့် ကူးစက်ရောဂါတွန်းလှန်တိုက်ခိုက်နိုင်စွမ်းကို စောင့်ကြည့်ရာတွင် အကူအညီဖြစ်စေသည်။ ဤပုံတွင် သူနာပြုတစ်ဦးက အပ်တစ်ချောင်းကို သွေးပြန်ကြောတစ်ခုအတွင်း ထိုးထည့်ကာ သွေးစုပ်ယူလိုက်ပြီး၊ ပုလင်းများထဲ​တွင် စုဆောင်းရယူနေပုံကို ပြထားပါသည်။

ကင်ဆာရောဂါရှိသောကလေးများတွင် သွေးဆဲလ်အရေအတွက် အပြည့်အစုံစစ်ဆေးမှုများအား ပုံမှန်ပြုလုပ်ခြင်းအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် လူနာ၏ကျန်းမာရေးအခြေအနေနှင့် ကူးစက်ရောဂါတွန်းလှန်တိုက်ခိုက်နိုင်စွမ်းကို စောင့်ကြည့်ရာတွင် အကူအညီဖြစ်စေသည်။

သွေးဆဲလ်အရေအတွက် အပြည့်အစုံစစ်ဆေးမှု လုပ်ဆောင်နေစဉ် ဘာတွေဖြစ်လာပါသလဲ။

သွေးဆဲလ်အရေအတွက် အပြည့်အစုံစစ်ဆေးမှုတစ်ခုလုပ်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူတစ်ဦးက သွေးနမူနာတစ်ခု ရယူပါလိမ့်မည်။ အကယ်၍ လူနာထံတွင် ပင်မသွေးပြန်ကြောနှင့်ဆက်ထားသည့်ကိရိယာ (ပင်မသွေးကြောပိုက်၊ အရေပြားအောက်တွင်မြှုပ်ထားသော ပင်မသွေးပြန်ကြောပိုက် သို့မဟုတ် လက်မောင်းသွေးပြန်ကြောမှတစ်ဆင့် တပ်ဆင်ထားသော ပင်မသွေးပြန်ကြောပိုက် (PICC)) တပ်ထားပြီးဖြစ်ပါက ထိုနေရာမှတစ်ဆင့် သွေးကိုထုတ်ယူနိုင်ပါသည်။ အကယ်၍ လူနာထံတွင် ယင်းသို့သော ကိရိယာတပ်မထားပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူအနေဖြင့် ခြေ/လက်များရှိ သွေးပြန်ကြောကိုဖောက်ခြင်း (peripheral IV) သို့မဟုတ် အပ်တစ်ချောင်းကို သွေးပြန်ကြောတွင်းထည့်သွင်း၍ သွေးပုလင်းများ သို့မဟုတ် ပြွန်များ (သွေးပြန်ကြောဖောက်ထည့်ထားသည့်ပြွန်) အတွင်းစုဆောင်းရယူခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

သွေးဆဲလ်အမျိုးအစားများနှင့် ဆက်စပ်အခြေအနေများ

သွေးတွင် မတူညီသောသွေးဆဲလ်အမျိုးအစား ၃ မျိုးနှင့် ပလာစမာဟုခေါ်သည့် သွေးရည်ကြည်တို့ပါဝင်သည်။ သွေးဆဲလ်အရေအတွက်နည်းလာပါက နျူထရိုဖီးလ်အရေအတွက်နည်းခြင်းသွေးအားနည်းရောဂါနှင့် သွေးဥမွှားနည်းခြင်းစသည့် ဆိုးဝါးသည့် ကျန်းမာရေးအခြေအနေများဆီသို့ ဦးတည်သွားနိုင်ပါသည်။

သွေးနီဥဆဲလ်များနှင့် သွေးအားနည်းရောဂါ

သွေးနီဥဆဲလ်များက အောက်ဆီဂျင်ကို တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများဆီသို့ သယ်ယူပေးပါသည်။ သွေးနီဥဆဲလ်အရေအတွက် ပုံမှန်ထက်နည်းပါက သွေးအားနည်းရောဂါကိုဖြစ်စေသည်။ သွေးအားနည်းရောဂါ၏ သွင်ပြင်လက္ခဏာများတွင် နုံးခွေခြင်း၊ အသက်ရှုမဝခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့်/သို့မဟုတ် အရေပြားဖြူဖျော့ဖျော့ဖြစ်ခြင်း စသည်တို့ပါဝင်သည်။ ၎င်းအခြေအနေမျိုးရှိနေသည့် လူနာများတွင် သွေးနီဥဆဲလ်များသွင်းခြင်းပြုလုပ်ရန် လိုအပ်နိုင်သည်။

သွေးဥမွှားများနှင့် သွေးဥမွှားနည်းခြင်းများ

သွေးဥမွှားများသည် သွေးခဲစေရန် ကူညီပေးပါသည်။ သွေးဥမွှားအရေအတွက် ပုံမှန်ထက်နည်းပါက သွေးဥမွှားနည်းခြင်းကို ဖြစ်စေသည်။ သွေးဥမွှားနည်းခြင်း၏ သွင်ပြင်လက္ခဏာများတွင် ပုံမှန်မဟုတ်ဘဲ သွေးခြည်ဥခြင်း၊ အရေပြားအောက်တွင် အစက်သေးသေးများ (အနီစက်များ)များပေါ်ခြင်း၊ ဆီးက ပန်းရောင်ဆီး သို့မဟုတ် အနီရောင်ဆီးသွားခြင်းနှင့် အနီရောင်ဝမ်း သို့မဟုတ် အနက်ရောင်ဝမ်းသွားခြင်း စသည်တို့ ပါဝင်နိုင်သည်။ သွေးဥမွှားအရေအတွက် နည်းနေပါက သွေးဥမွှားသွင်းခြင်း ကို လိုအပ်နိုင်ပါသည်။ 

သွေးဖြူဥများ နှင့် နျူထရိုပီးနီးယား (neutropenia) ခေါ် သွေးဖြူဥတစ်မျိုးနည်းခြင်း

သွေးဖြူဥများက ကူးစက်ရောဂါကို တွန်းလှန်တိုက်ခိုက်ပေးသည်။ သွေးဖြူဥဆဲလ်အရေအတွက် ပုံမှန်ထက်နည်းပါက ကျူးကျော်ဝင်ရောက်လာသည့် ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်များနှင့် ပြင်ပအရာဝတ္ထုများကို ခန္ဓာကိုယ်မှ တွန်းလှန်တိုက်ခိုက်နိုင်စွမ်းကို ထိခိုက်စေပါသည်။ နျူထရိုဖီးလ်ဟုခေါ်သည့် သွေးဖြူဥအရေအတွက်နည်းပါက နျူထရိုးဖီးလ်အရေအတွက်နည်းခြင်းဟုခေါ်ဆိုပြီး၊ ဆေးရုံတက်ကုသရန် လိုအပ်နိုင်သည်။

သွေးဆဲအရေအတွက် အပြည့်အစုံစစ်ဆေးမှုတစ်ခုမှာ ဘယ်အရာတွေကို တိုင်းတာပေးတာလဲ။

သွေးဆဲလ်အရေအတွက် အပြည့်အစုံစစ်ဆေးမှုဖြင့် တိုင်းတာပေးသည့်အရာများမှာ -

  • သွေးနီဥဆဲလ်များ (RBC) – သွေးနီဥဆဲလ် အရေအတွက်၊ အရွယ်အစားနှင့် အမျိုးအစားများ
  • သွေးဖြူဥဆဲလ်များ(WBC) – သွေးဖြူဥဆဲလ် အရေအတွက်နှင့် အမျိုးအစားများ
  • သွေးဥမွှားများ – သွေးဥမွှားအရေအတွက် နှင့် အရွယ်အစား
  • ဟေမိုဂလိုဘင် – သွေးနီဥဆဲလ်များတွင်းရှိ အောက်ဆီဂျင် သယ်ယူပေးသည့် သံဓာတ်ကြွယ်ဝသည့် ပရိုတင်းတစ်မျိုး
  • ဟေမတိုခရစ် – သွေးအတွင်း သွေးနီဥဆဲလ်များမှယူထားသည့် နေရာအကျယ်အဝန်းကို တိုင်းတာခြင်း
  • ရက်တီကူလိုဆိုက်ဒ် အရေအတွက် – သွေးတွင်းရှိ ငယ်ရွယ်သောသွေးနီဥဆဲလ်များ၏ အရေအတွက်
  • သွေးနီဥထုထည် (MCV) – သွေးနီဥဆဲလ်များ၏ ပျမ်းမျှအရွယ်အစား

အမျိုးအစားတစ်ခုချင်းစီကို နှိုင်းယှဉ်ပြထားသည့် သွေးဆဲလ်အရေအတွက် အပြည့်အစုံ

အမျိုးအစားတစ်ခုချင်းစီကို နှိုင်းယှဉ်ပြထားသည့် သွေးဆဲလ်အရေအတွက် အပြည့်အစုံစမ်းသပ်ရာတွင် သွေးဖြူဥဆဲလ် အမျိုးအစားအမျိုးမျိုးတို့ကို စစ်ဆေးခြင်းလည်း ပါဝင်ပါသည်။

  • နျူထရိုဖီးလ်များ – ယင်းဆဲလ်များသည် အတွေ့ရအများဆုံးသော သွေးဖြူဥဆဲလ်အမျိုးအစားဖြစ်သည်။ ရောဂါပိုးဝင်ရောက်နေသည့်နေရာသို့ ၎င်းတို့သွားရောက်ပြီးနောက် ကျူးကျော်ဝင်ရောက်လာသည့် ဗိုင်းရပ်စ်ပိုးများ သို့မဟုတ် ဘက်တီးရီးယားများကို သုတ်သင်နိုင်ရန် အင်ဇိုင်းဟုခေါ်ဆိုသည့် ပစ္စည်းများထုတ်လွှတ်သည်။ နျူထရိုဖီးလ်တိုင်းတာမှုတစ်ခုမှာ ပကတိနျူထရိုဖီးလ်အရေအတွက်ကို တိုင်းတာခြင်းဖြစ်ပြီး ANC ဟုလည်း ခေါ်ဆိုသည်။ ANC အရေအတွက်ကို သိရှိခြင်းအားဖြင့် ကိုယ်ခံအားစနစ်မှ ရောဂါပိုးများကို ဘယ်လောက်ကောင်းကောင်း တိုက်ထုတ်နိုင်သလဲဆိုတာကို သိရှိနိုင်သည်။
  • ပြန်ရည်ဆဲလ်များ - အဓိကပြန်ရည်ဆဲလ်အမျိုးအစားနှစ်မျိုးမှာ - ဘီဆဲလ်များ (B cells) နှင့် တီဆဲလ်များ (T cells) ဖြစ်ကြသည်။ ဘီဆဲလ်များသည် ကျူးကျော်ဝင်ရောက်လာသည့် ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများနှင့် အဆိပ်များကို တိုက်ထုတ်ပေးသည်။ တီဆဲလ်များသည် ဗိုင်းရပ်စ်များ သို့မဟုတ် ကင်ဆာဆဲလ်များ ကူးစက်ခံထားရသော ကိုယ်ခန္ဓာ၏ဆဲလ်များကို ရွေးချယ်ဖျက်ဆီးပစ်သည်။
  • မိုနိုဆိုက်များ – (သွေးဖြူဥတစ်မျိုး) ယင်းဆဲလ်များက ပြင်ပပစ္စည်းများ၊ ဆဲလ်အသေများကို ဖယ်ရှားပေးပြီး၊ ခန္ဓာကိုယ်၏ ကိုယ်ခံအားတုံ့ပြန်မှုကို အားကောင်းစေသည်။
  • အီယိုစင်နိုဖီးလ်များ – (အနီရောင်ရှိသော သွေးဖြူဥဆဲလ်များ) ယင်းဆဲလ်များက ရောဂါပိုး၊ ရောင်ရမ်းမှုနှင့် ဓာတ်မတည့်သည့် တုံ့ပြန်မှုများကို တိုက်ထုတ်ပေးသည်။ ၄င်းတို့က ကိုယ်ခန္ဓာအား ကပ်ပါးကောင်များနှင့် ဘက်တီးရီးယားများရန်မှလည်း ခုခံကာကွယ်ပေးပါသည်။
  • ဘေဆိုဖီးလ်များ –  ယင်းဆဲလ်များက ဓာတ်မတည့်သည့် တုံ့ပြန်မှုများထိန်းချုပ်ရန်နှင့် ပန်းနာရင်ကြပ်ရောဂါဖိစီးမှုများကို သက်သာစေရန် အင်ဇိုင်းများကို ထုတ်လွှတ်ပေးသည်။

အဆိုပါ မတူညီသော သွေးဆဲလ်အမျိုးအစားများ၏ ပုံမှန်အရေအတွက်မှာ ကလေး၏အသက်အရွယ်ပေါ်လိုက်၍ များစွာကွဲပြားသွားနိုင်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ယင်းရလဒ်များကို မိသားစုများနှင့်အတူ မကြာခဏဆန်းစစ်နိုင်ပါသည်။

သွေးဆဲလ်များကို စောင့်ကြည့်စစ်ဆေးခြင်းမှာ လူနာအားကုသရေးအစီအစဉ်၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

ဤသရုပ်ဖော်ပုံတွင် နျူထရိုဖီးလ်ဆဲလ်များက ဘက်တီးရီးယားကို ခြေရာခံလိုက်ပြီး သွေးကြောထဲမှတိုးထွက်ကာ ရောဂါပိုးဝင်နေသည့်နေရာသို့ ရောက်သွားပြီးနောက် အမှတ်အသားပြုထားသော ဘက်တီးရီးယားအား သုတ်သင်လိုက်သည်။

အတွေ့ရအများဆုံး သွေးဖြူဥဆဲလ်အမျိုးအစားမှာ နျူထရိုဖီးလ်များဖြစ်သည်။ ရောဂါပိုးဝင်ရောက်နေသည့်နေရာသို့ ၎င်းတို့သွားရောက်ပြီးနောက် ကျူးကျော်ဝင်ရောက်လာသည့် ဗိုင်းရပ်စ်ပိုးများ သို့မဟုတ် ဘက်တီးရီးယားများကို သုတ်သင်နိုင်ရန် အင်ဇိုင်းဟုခေါ်ဆိုသည့် ပစ္စည်းများထုတ်လွှတ်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018