ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

မေ့ဆေး/ထုံဆေးပေးခြင်း

မေ့ဆေးဆိုသည်မှာ လူနာများ ဘေးကင်းစွာနှင့် သက်တောင့်သက်သာရှိစွာ ရောဂါရှာဖွေ၊ ကုသမှု၊ ခွဲစိတ်မှုနှင့် အခြား ကုသမှုများကို ခံနိုင်စေရန်အတွက် ဦးနှောက်သို့ ပေးပို့သည့် အချက်ပြမှုများကို ပြောင်းလဲစေကာ သိစိတ်ကို အာရုံပြောင်းပေးခြင်း၊ နာကျင်မှုခံစားရခြင်းကို တားဆီးခြင်းနှင့် စိတ်ဖိစီးမှု လျှော့ချခြင်းတို့အတွက် အသုံးပြုသည့် ဆေးတစ်မျိုး ဖြစ်ပါသည်။ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်ဆောင်စဉ်အချိန်အတွင်း ကလေးများစိတ်လျှော့စေရန် သို့မဟုတ် အိပ်ပျော်စေရန် မေ့ဆေး ပေးနိုင်ပါသည်။

ကလေးကင်ဆာလူနာတွင် မေ့ဆေး အသုံးပြုသည့်အချိန်များ-

ခွဲစိတ်ရမည့် လုပ်ငန်းစဉ်အမျိုးအစားနှင့် လူနာလိုအပ်ချက်များပေါ်မူတည်၍ မေ့ဆေးကိုအသုံးပြုသည့် ရည်ရွယ်ချက်များမှာ-

  • စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုကိုလျှော့ချရန်
  • နာကျင်မှုကို တားဆီးရန်
  • စိတ်ငြိမ်စေရန် သို့မဟုတ် မေ့သွားစေရန်
  • ကြွက်သားများ ပြေလျော့စေရန်
  • လူနာများ လှုပ်ရှားမှုမရှိစေရန်
  • ခွဲစိတ်သည့် လုပ်ငန်းစဉ်မှ အာရုံပြောင်းရန် သို့မဟုတ် လုပ်ငန်းစဉ်ကို မမှတ်မိစေရန်

မေ့ဆေး၏ ရည်ရွယ်ချက်မှာ စမ်းသပ်မှုများ၊ ခွဲစိတ်မှုများကို မလုပ်ဆောင်မီ၊ လုပ်ဆောင်နေစဉ်နှင့် လုပ်ဆောင်အပြီး ကာလများတွင် လူနာများ ဘေးကင်းစေရန်နှင့် သက်တောင့်သက်သာရှိစေရန် ဖြစ်သည်။

မေ့ဆေးဗေဒ

မေ့ဆေးဗေဒဆိုသည်မှာ ဆေးလောကတွင် မေ့ဆေးကို အသုံးပြုခြင်း ဖြစ်သည်။ မေ့ဆေးပေးရန်နှင့် လူနာများကို စောင့်ကြည့်ရန် သင်တန်းဆင်းထားသော ဆရာဝန်ကို မေ့ဆေးဆရာဝန်ဟု ခေါ်သည်။ အခြားအရေးကြီးသည့် မေ့ဆေးပညာရှင်များတွင် အရည်အချင်းပြည့်မီသည့် မှတ်ပုံတင်ထားသော သူနာပြု မေ့ဆေးပညာရှင်များ (CRNAs) ပါဝင်သည်။

မေ့ဆေးဆရာဝန်သည် လူနာကို မေ့ဆေးမပေးမီ မိသားစုနှင့် တွေ့ဆုံပါသည်။

မေ့ဆေးဆရာဝန်သည် လူနာကို မေ့ဆေးမပေးမီ မိသားစုနှင့် တွေ့ဆုံပါသည်။

မေ့ဆေးများကို သွေးပြန်ကြောမှတစ်ဆင့် ထိုးသွင်းသည်။ သူနာပြုက သွေးပြန်ကြောမှတစ်ဆင့် ထိုးရမည့် နေရာကို ရှာဖွေသည်။

မေ့ဆေးများကို သွေးပြန်ကြောမှတစ်ဆင့် ထိုးသွင်းသည်။ သူနာပြုက သွေးပြန်ကြောမှတစ်ဆင့် ထိုးရမည့် နေရာကို ရှာဖွေသည်။

ရိုးတွင်းခြင်ဆီ ရယူပြီးနောက် ကုသရေး အဖွဲ့က လူနာကို နားသည့်နေရာသို့ရွှေ့ပြီး မေ့ဆေးပြယ်သွားသည်အထိ စောင့်ကြည့်ပါမည်။

ရိုးတွင်းခြင်ဆီ ရယူပြီးနောက် ကုသရေး အဖွဲ့က လူနာကို နားသည့်နေရာသို့ရွှေ့ပြီး မေ့ဆေးပြယ်သွားသည်အထိ စောင့်ကြည့်ပါမည်။

ဤသို့ ရိုးတွင်းခြင်ဆီကို မထုတ်ယူမီ အစားအစာများ မစား၊ မသောက်ရန် လူနာများကို မှာကြားထားနိုင်သောကြောင့် လူနာနိုးလာသည့်အချိန်တွင် မုန့်အဆင်သင့် ပြင်ဆင်ထားနိုင်သည်။

ဤသို့ ရိုးတွင်းခြင်ဆီကို မထုတ်ယူမီ အစားအစာများ မစား၊ မသောက်ရန် လူနာများကို မှာကြားထားနိုင်သောကြောင့် လူနာနိုးလာသည့်အချိန်တွင် မုန့်အဆင်သင့် ပြင်ဆင်ထားနိုင်သည်။

မေ့ဆေးအမျိုးအစားများ

အသိစိတ်မဲ့စေသော မေ့ဆေး၊ နေရာကွက်၍ ထုံစေသော ထုံဆေး၊ နေရာလေးတစ်ခုကိုသာ ထုံစေသော ထုံဆေးဟူ၍ အဓိက မေ့ဆေးအမျိုးအစား သုံးမျိုးရှိသည်။

  • အသိစိတ်မဲ့စေသော မေ့ဆေးသည် သိစိတ်ကို အပြည့်အဝဆုံးရှုံးစေသည်။ ၎င်းကို “အိပ်မောကျခြင်း” ဟု ဖော်ပြလေ့ရှိသည်။ သို့သော် ပုံမှန်အိပ်စက်ခြင်းနှင့်မတူသည်မှာ နာကျင်မှုခံစားရသည့်အခါ တုံ့ပြန်မှုကို မဖြစ်စေပါ။ အသိစိတ်မဲ့စေသော မေ့ဆေးများကို သွေးပြန်ကြော (သွေးပြန်ကြောထဲသို့ ထည့်သွင်းသော သို့မဟုတ် IV) မှတစ်ဆင့် ထိုးသွင်းပါသည်။ အချို့ဆေးများကို မျက်နှာဖုံး သို့မဟုတ် အသက်ရှူပြွန်မှတစ်ဆင့် ရှူသွင်းနိုင်သည်။
  • နေရာကွက်၍ ထုံစေသော ထုံဆေးသည် အာရုံကြောအုပ်စုအပေါ် သက်ရောက်မှု ရှိသဖြင့် ခန္ဓာကိုယ်ပေါ်ရှိ ကြီးမားသော နေရာတစ်ခုတွင် နာကျင်မှု မဖြစ်စေရန်၊ ခံစားမှု မရှိတော့စေရန် လုပ်ဆောင်ပေးသည်။ နေရာကွက်၍ ထုံစေသော ထုံဆေး နမူနာများမှာ လက် သို့မဟုတ် ခြေထောက် သို့မဟုတ် ခါးကျောရိုးမ သို့မဟုတ် ကျောရိုးထုံသွားစေရန် ပေးသော ထုံဆေးများဖြစ်ပြီး ၎င်းတို့သည် ခြေထောက်များ သို့မဟုတ် ဝမ်းဗိုက်ကဲ့သို့နေရာမျိုးတွင် နာကျင်မှု မဖြစ်စေရန် လုပ်ဆောင်သည်။
  • နေရာလေးတစ်ခုကိုသာ ထုံစေသော ထုံဆေးသည် ခန္ဓာကိုယ်ရှိ သတ်မှတ် နေရာလေးတစ်ခုကိုသာ ထုံစေပြီး နာကျင်မှုကို တားဆီးပေးသည်။ အရေပြားထဲ ထိုး၍ ဖြစ်စေ၊ လိမ်း၍ဖြစ်စေ၊ ဖြန်း၍ဖြစ်စေ ဆေးကို ပေးနိုင်ပါသည်။ နေရာလေးတစ်ခုကိုသာ ထုံစေသော ထုံဆေး နမူနာတစ်ခုမှာ ဖြတ်တောက်မှုမလုပ်မီ အရေပြားကို ထုံစေသည့်ဆေးဖြစ်သည်။

မေ့ဆေးပေးစဉ် အသုံးပြုသော ဆေးဝါးများသည် အောက်ပါအချက်အလက်တို့ပေါ် မူတည်သည်- 

  • ခွဲစိတ်မှု အမျိုးအစား
  • ခွဲစိတ်မှု ကြာချိန်
  • ကလေး၏ အသက်နှင့် ကိုယ်အလေးချိန်
  • ကျန်းမာရေးအခြေအနေများနှင့် အခြားဆေးဘက်ဆိုင်ရာ လိုအပ်ချက်များ
  • ယခင်မေ့ဆေးမှတ်တမ်း
  • အချို့ဆေးဝါးများနှင့် ဓာတ်မတည့်ခြင်း သို့မဟုတ် ဓာတ်ပြုခြင်းများ

NPO ညွှန်ကြားချက်များဆိုတာ ဘာလဲ။

NPO ညွှန်ကြားချက်များဆိုသည်မှာ မေ့ဆေးမပေးမီ မည်သည့်အချိန်တွင် အစားအသောက်များကို ရပ်တန့်ထားရမည်ဖြစ်ကြောင်း ညွှန်ကြားချက်များ ဖြစ်သည်။ NPO သည် “nothing by mouth (ပါးစပ်ထဲသို့ မည်သည့်အရာမျှ မထည့်ရ)” ဟု ဆိုလိုသည့် လက်တင်စကားစု အတိုကောက်ဖြစ်သည်။ မခွဲစိတ်မီ သတ်မှတ်ကာလတစ်ခုကြာအောင် စားသောက်ခြင်း မပြုရန် လူနာများကို ညွှန်ကြားထားပါမည်။ လူနာများ ဘေးကင်းစေရန် ၎င်းသည် အရေးကြီးသည်။ မေ့ဆေးပေးထားစဉ် အစာအိမ်ထဲ၌ တစ်ခုခုရှိပါက လူနာများ၏အဆုတ်များထဲသို့ အစာနှင့် အရည်များ ဝင်သွားနိုင်သည်။ ပီကေဝါးခြင်း သို့မဟုတ် သကြားလုံးစုပ်ခြင်းသည်ကပင် ခွဲစိတ်မှုကို နှောင့်နှေးစေသည်။ မိသားစုများသည် ကလေး သောက်သုံးနေသည့်ဆေးဝါးများအကြောင်းကို ကုသရေး အဖွဲ့ကို ပြောပြသင့်သည်။ ကုသရေးအဖွဲ့က မေ့ဆေးမပေးမီအချိန်တွင်ဖြစ်စေ၊ မေ့ဆေးပေးပြီးချိန်တွင်ဖြစ်စေ ဆေးဝါးများပြောင်းလဲရန် အကြံပြုနိုင်သည်။ ညွှန်ကြားသည့်အတိုင်း ဆေးများကို လိုက်နာ သောက်သုံးရန် အရေးကြီးသည်။

မေ့ဆေးကြောင့် ဖြစ်နိုင်သည့် အန္တရာယ်များ

မေ့ဆေးပိုင်းဆိုင်ရာ ကုသရေး အဖွဲ့က လူနာများဘေးကင်းစေရန် အရေးကြီးသည့်အဆင့်များကို လုပ်ဆောင်သည်။ သို့ရာတွင် မေ့ဆေးကြောင့် ဖြစ်နိုင်သည့်အန္တရာယ်များ ရှိသည်။ ပုံမှန်အားဖြင့် ဘေးထွက်ဆိုးကျိုးများသည် ပြင်းထန်မှု မရှိဘဲ အလိုလို ပျက်ပြယ်သွားတတ်သည်။ မေ့ဆေးပြယ်ပြီးနောက် လူနာများသည် အိပ်ချင်သလိုဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် အန်ချင်စိတ်ဖြစ်ခြင်းတို့ ရှိနိုင်သည်။ အသိစိတ်မဲ့စေသော မေ့ဆေးသည် အန်ချင်စိတ်ဖြစ်ခြင်းနှင့် ပျို့အန်ခြင်း၊ အေးခြင်း၊ ချမ်းတုန်ခြင်း၊ အိပ်ချင်စိတ်ဖြစ်ခြင်း၊ စဉ်းစားရာတွင် ခက်ခဲခြင်းနှင့် အာရုံကြောများ ပူးပေါင်းမှု သို့မဟုတ် မျှခြေရှိမှုတို့ ပျောက်ဆုံးခြင်းကဲ့သို့ ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်။

အခြားနောက်ဆက်တွဲ ပြဿနာများသည် ပိုမိုပြင်းထန်နိုင်သည်။ အချို့သောဆေးဝါးများသည် လူနာအချို့တွင် နှလုံး၊ သွေးဖိအားနှင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်သည်။ ပြင်းထန်သော ဆေးဘက်ဆိုင်ရာ အခြေအနေများရှိသည့် လူနာများသည် မေ့ဆေးကြောင့် ဖြစ်ပေါ်သော ပြဿနာများ ပိုမိုခံရနိုင်ခြေရှိသည်။ မေ့ဆေးပညာရှင်များသည် အန္တရာယ်များကို တွက်ချက်ပြီး တတ်နိုင်သမျှ လျှော့ချရန် လိုအပ်သည်များကို လုပ်ဆောင်သည်။ မေ့ဆေးအဖွဲ့သည် လူနာများကို မေ့ဆေးပေးထားစဉ်နှင့် နာလန်ထူစဉ်ကာလအတွင်း အနီးကပ်စောင့်ကြည့်ပါမည်။

မေ့ဆေးအဖွဲ့သည် မေ့ဆေးကြောင့် ဖြစ်နိုင်သည့်အန္တရာယ်များ အနည်းဆုံးဖြစ်စေရန် အရေးကြီးသည့်အဆင့်များကို လုပ်ဆောင်သည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-

  • ခွဲစိတ်မှု မလုပ်ဆောင်မီ လူနာနှင့် မိသားစုများထံ လာတွေ့ခြင်း (မခွဲစိတ်မီ လာရောက်ခြင်း)
  • ဆေးမှတ်တမ်းအလုံးစုံနှင့် ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှု လုပ်ဆောင်ခြင်း
  • ခွဲစိတ်ခန်းထဲတွင် ကလေးနှင့် သင့်လျော်မည့် ပစ္စည်းကိရိယာများ၊ ခွဲစိတ်မှုအမျိုးအစားအတွက် သင့်လျော်မည့် ကိရိယာများ ရှိကြောင်း သေချာစေခြင်း
  • မေ့ဆေးမပေးမီ၊ ပေးထားစဉ်နှင့် ပေးပြီးနောက်ပိုင်းတွင် လူနာများကို ဂရုတစိုက်စောင့်ကြည့်ခြင်းနှင့် စီမံခြင်း
 

မေ့ဆေးပေးမည့် အစီအစဉ်နှင့် မျှော်လင့်ထားရမည့် အရာကို သိရှိရန် မိသားစုများသည် မေ့ဆေးပေးသူများနှင့် ပြောဆိုသင့်သည်။ ကလေးများကို မေ့ဆေးပေးရာတွင် ကူညီပြင်ဆင်ပေးရန်ကလေးအထူးကုသည် ဆေးအဖွဲ့နှင့် ပူးတွဲလုပ်ကိုင်နိုင်သည်။ အန္တရာယ်ကို အနည်းဆုံးလျှော့ချရန်နှင့် ခွဲစိတ်မှု ချောမွေ့စွာပြီးဆုံးစေရန် မိသားစုများက ကုသရေးအဖွဲ့၏ညွှန်ကြားချက်များကို လိုက်နာရန်လည်း အရေးကြီးသည်။

စိတ်ငြိမ်ဆေး သို့မဟုတ် မေ့ဆေးပြီးနောက် ခရီးသွားခြင်း

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018