ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သွေးပေးပို့မှုမရှိခြင်းကြောင့် ဆဲလ်များသေဆုံးသွားခြင်း (AVN) / အရိုးဆဲလ်များသေဆုံးသွားခြင်း

ON၊ သွေးလှည့်ပတ်မှုမကောင်းသောကြောင့် အရိုးများနေရာကွက်၍ သေဆုံးသွားခြင်း၊ သွေးမလုံလောက်သောကြောင့် အရိုးဆဲလ်များသေဆုံးသွားခြင်း ဟုလည်း ခေါ်ဆိုကြသည်။

သွေးလှည့်ပတ်မှုမရှိခြင်းကြောင့် ဆဲလ်များသေဆုံးသွားခြင်း (AVN) ဆိုတာ ဘာလဲ။

သွေးပေးပို့မှုမရှိခြင်းကြောင့် ဆဲလ်များသေဆုံးသွားခြင်း သို့မဟုတ် AVN ကို အရိုးဆဲလ်များသေဆုံးသွားခြင်းဟုလည်း ခေါ်ဆိုသည်။ ၎င်းသည် သွေးပေးပို့မှုမကောင်းသောကြောင့် အရိုး၏ဧရိယာတချို့ ပုပ်သွားသော အခြေအနေတစ်ရပ် ဖြစ်သည်။ AVN သည် တချို့သောကင်ဆာရောဂါများ သို့မဟုတ် ကင်ဆာကုသမှုများ၏ ဘေးထွက်ဆိုးကျိုး တစ်ခုအနေဖြင့် ဖြစ်ပွားနိုင်သည်။

ကော်တီကိုစတီးရွိုက် ပါဝင်သောဆေးများဖြစ်သည့် (dexamethasone (ဒက်ဆာမီသာဇုန်း)နှင့် prednisone (ပရက်နီဇုန်း)) တို့ကို များစွာ အသုံးပြု၍ ကုသခဲ့သော ကလေးများတွင် ဖြစ်နိုင်ခြေပိုများသည်။

သွေးလှည့်ပတ်မှုမရှိခြင်းကြောင့် ဆဲလ်များသေဆုံးသွားခြင်းသည် ပြင်းထန်မှုမရှိဘဲ ကင်ဆာကုသမှုများ ရပ်ဆိုင်းလိုက်ပြီးနောက် သူ့အလိုလိုပြန်ကောင်း သွားနိုင်သလို နာကျင်ခြင်း၊ ရေရှည် မသန်စွမ်းခြင်းမျိုး ဖြစ်သွားလောက်သည်အထိ ပြင်းထန်နိုင်သည်။

သွေးလှည့်ပတ်မှုမရှိခြင်းကြောင့် ဆဲလ်များသေဆုံးသွားခြင်းဆိုသော စကားရပ်ကို ရှင်းပြထားသည့် ပုံတစ်ပုံ။ ဤစကားရပ်တွင် "A" သည် မရှိခြင်းကို ဆိုလိုပြီး၊ "vascular" သည် သွေးပေးပို့မှုကို ဆိုလိုသည်။ "necrosis" သည် ဆဲလ်များ သို့မဟုတ် ခန္ဓာကိုယ်မှတစ်ရှူးများ "သေဆုံးသွားခြင်း" တစ်နည်း "ပုပ်သွားခြင်း" ကို ဆိုလိုသည်။ သွေးပေးပို့မှုမရှိခြင်းကြောင့် ဆဲလ်များသေဆုံးသွားခြင်း / အရိုးဆဲလ်များသေဆုံးသွားခြင်းဆိုသည်မှာ သွေးပေးပို့မှုမကောင်းသောကြောင့် အရိုးတစ်ရှူးများပျက်စီးသွားခြင်း ဖြစ်သည်။

ကလေးကင်ဆာလူနာများတွင်တွေ့ရသော AVN

သွေးပေးပို့မှုမရှိခြင်းကြောင့် ဆဲလ်များသေဆုံးသွားခြင်း (AVN) သည် သွေးကင်ဆာနှင့် လင်ဖိုးမား သွေးကင်ဆာ ကုသမှုတို့တွင် အတွေ့ရများသော ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်သည်။ ပြင်းထန် ပြန်ရည်ဆဲလ်ကွဲ သွေးကင်ဆာ (ALL) အတွက် ကုသမှုခံယူခဲ့သည့် ကလေးများတွင် AVN လက္ခဏာတချို့တလေကို ကလေးထက်ဝက်လောက်တွင် တွေ့ရတတ်သည်။ ရိုးတွင်းခြင်ဆီအစားထိုးကုသမှု ခံယူခဲ့သည့် ကလေးများတွင်လည်း AVN ဖြစ်လာနိုင်ခြေ မြင့်မားသည်။

ပေါင်ရိုး ထိပ်ပိုင်းနေရာကဲ့သို့ အလျားရှည်သောအရိုးများ၏ ထိပ်ပိုင်းနေရာတွင် AVN ဖြစ်နိုင်သည်။ ဤနေရာတွင် အရင်းပိုင်း၊ အလယ်ရိုးတံနှင့် အစွန်းပိုင်းတို့၏ ကြားနေရာ၊ အလယ်ရိုးတံနှင့် အဖျားပိုင်းဟူ၍ အညွှန်းတပ်ကာ ပေါင်ရိုးတည်ဆောက်ပုံကို ဖော်ပြထားသည်။

ကလေးကင်ဆာလူနာများတွင် အရိုးအစွန်းပိုင်းဟု ခေါ်သည့် အလျားရှည်သောအရိုးများ၏ အဖျားပိုင်းတွင် AVN ဖြစ်တတ်သည်။

မည်သည့်အရိုးတွင်မဆို အဆိုပါအခြေအနေ ဖြစ်နိုင်သည်။ သို့သော် ကလေးကင်ဆာလူနာများတွင် AVN သည် အရိုးအစွန်းပိုင်းဟု ခေါ်သည့် အလျားရှည်သောအရိုးများ၏ အဖျားပိုင်းတွင်သာ မကြာခဏ ဖြစ်တတ်သည်။

AVN ဖြစ်ပါက ဒူးခေါင်း၊ တင်ပါးဆုံ၊ ပုခုံးများနှင့် ခြေချင်းဝတ်နေရာတို့တွင် နာကျင်ပြီး လှုပ်ရှားမှုကိုလည်း ထိခိုက်စေသည်။ အရိုးများနှင့် အဆစ်အမြစ်များ ထိခိုက်ပျက်စီးခြင်းသည် အဆစ်အမြစ်ရောင်ရမ်းခြင်းနှင့် အဆစ်အမြစ်လုံးဝပျက်စီးသွားခြင်းစသည့် ရေရှည်ပြဿနာရပ်များကို ဦးတည်သွားစေနိုင်သည်။

ကင်ဆာကုသနေစဉ် AVN ဖြစ်ပွားမှုသည် ကလေးငယ်များ၊ အရွယ်ရောက်ပြီးသူများနှင့် နှိုင်းယှဉ်ပါက ကလေးကြီးများနှင့် ဆယ်ကျော်သက်အရွယ်တို့တွင် ပိုဖြစ်တတ်သည်။ အသက် ၁၀ နှစ်အောက်ကလေးများတွင် သိပ်မဖြစ်တတ်ပါ။

AVN ၏ အစောပိုင်းအဆင့်များကို ရှာဖွေဖော်ထုတ်ရန် ခက်ခဲတတ်သည်။ အရိုးပျက်စီးမှု ဆိုးဆိုးရွားရွားမဖြစ်သေးခင်အထိ လူနာများတွင် နာကျင်ခြင်း သို့မဟုတ် အခြားရောဂါလက္ခဏာများပြခြင်း မရှိနိုင်ပါ။ ကင်ဆာကုသနေစဉ် AVN ဖြစ်နိုင်ခြေများသည့် ကလေးများကို အဆက်မပြတ်စောင့်ကြည့်နေသင့်သည်။

နာကျင်မှုအတိုင်းအဆနှင့် အရိုးပျက်စီးမှုပမာဏတို့အ‌ပေါ်မူတည်၍ AVN ကို ကုသသည်။ နာကျင်မှုကိုကုသပေးခြင်းနှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းစေသည့်ကုသမှုတို့သည် လူနာခံစားနေရသော ရောဂါလက္ခဏာများကို သက်သာသွားစေနိုင်သည်။ အရိုးတွင်း သွေးလည်ပတ်မှုကောင်းလာစေရန်နှင့် ဖိအား လျော့ကျသွားစေရန် လူနာတချို့ကို ခွဲစိတ်ကုသရန် လိုအပ်လာနိုင်သည်။ အကယ်၍ ထိခိုက်ပျက်စီးမှုသည် အလွန်ဆိုးရွားပါက သို့မဟုတ် အရိုးဆစ် လုံးဝပျက်စီးသွားပါက နောက်ဆုံးတွင် လူနာများသည် အရိုးဆစ် အစားထိုးကုသရန် လိုအပ်လာနိုင်သည်။

AVN ၏ လက္ခဏာရပ်များ

အထူးသဖြင့် အစောပိုင်းအဆင့်များတွင် လူနာတချို့တွင် ရောဂါလက္ခဏာမပြတတ်ပါ။ အခြေအနေဆိုးလာသည်နှင့်အမျှ အဆစ်များ၊ အရိုးများ နာကျင်လာတတ်သည်။ မိသားစုဝင်များသည် ကလေးက ထော့နဲ့ထော့နဲ့လျှောက်ခြင်း၊ ရောဂါဖြစ်နေသည့် အဆစ်အမြစ်ကို အသုံးပြုခြင်းအား ရှောင်ကြဉ်ခြင်း၊ အဆစ်အမြစ်တစ်ခု တောင့်တင်းနေခြင်း သို့မဟုတ် ကွေးနိုင်/ဆန့်နိုင်သည့်အတိုင်းအဆ လျော့လာခြင်း စသည်တို့ဖြစ်လာသည်ကို သတိပြုမိနိုင်သည်။ AVN ဖြစ်ခြင်းကြောင့် အရိုးဆစ် လုံးဝပျက်စီးသွားခြင်းနှင့် နာကျင်မှု ရုတ်တရက်ပိုဆိုးသွားခြင်းတို့ ဖြစ်နိုင်သည်။

AVN သည် အရိုး၏ တစ်နေရာထဲကွက်၍ ဖြစ်နေနိုင်သလို အရိုးများစွာ (နေရာအနှံ့အပြား) ကို တစ်ပြိုင်နက် ထိခိုက်စေခြင်း ဖြစ်နိုင်သည်။ ကီမိုးဆေးသွင်းကုသခြင်းသည် ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားသောကြောင့် ကလေးကင်ဆာလူနာများတွင် AVN သည် အရိုးတိုင်းတွင် ဖြစ်နိုင်သည်။ များသောအားဖြင့် ဒူရိုးများနှင့်/သို့မဟုတ် တင်ပါးဆုံရိုးများတွင် ဖြစ်တတ်သည်။ ပုခုံးရိုးနှင့် ခြေချင်းဝတ်ရိုးတို့ကိုလည်း ထိခိုက်စေနိုင်သေးသည်။

နာကျင်မှုနှင့် မသန်စွမ်းဖြစ်ခြင်းတို့မှာ များသောအားဖြင့် အောက်ပါအချက်များအပေါ် မူတည်နေသည်။

  • အရိုး၏ မည်သည့်နေရာများကို ထိခိုက်မိသွားသလဲ
  • AVN က မည်မျှအထိ ရှိနေသလဲ
  • ထိခိုက်ပျက်စီးမှုများက မည်မျှ မြန်မြန်ဆန်ဆန် ဖြစ်လာသလဲ
  • အရိုးသည် သူ့ဘာသာ ပြန်ကောင်းလာစေရန် မည်မျှအထိ ပြုပြင်နိုင်သလဲ

သို့သော်လည်း AVN ၏ ပြင်းထန်မှုကို တိုင်းတာရာတွင် နာကျင်မှုသည် စိတ်ချရသော အညွှန်းကိန်းတစ်ခု မဟုတ်ပါ။ သေးငယ်သော AVN ဧရိယာသည်ပင်လျှင် အလွန်နာကျင်စေနိုင်သည်။ အခြားလူနာများတွင် AVN ဖြစ်သွားသည့် ဧရိယာ ကြီးမားနေသည့်တိုင် နာကျင်မှုမရှိဘဲ ဖြစ်နေနိုင်သည်။

သွေးပေးပို့မှုမရှိခြင်းကြောင့် ဆဲလ်များသေဆုံးသွားခြင်း၏ လက္ခဏာရပ်များ

  • နာကျင်မှု (ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်တတ်သည် သို့မဟုတ် ဆက်တိုက်နာကျင်နေတတ်သည်။)
  • အဆစ်အမြစ်တစ်ခု တောင့်တင်းနေခြင်း သို့မဟုတ် “ကွေး၍မရခြင်း”
  • ထော့နဲ့ထော့နဲ့လျှောက်ခြင်း သို့မဟုတ် လမ်းလျှောက်သည့်ပုံစံ ပြောင်းလဲသွားခြင်း
  • အဆစ်အမြစ်အသုံးပြုရသည့် ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ခြင်း သို့မဟုတ် လုံးလုံးမလုပ်ခြင်း
  • လှေကားအတက်/အဆင်းတွင် ပြဿနာရှိခြင်း

သွေးပေးပို့မှုမရှိခြင်းကြောင့် ဆဲလ်များသေဆုံးသွားခြင်း- ဘယ်သူတွေမှာ ဖြစ်နိုင်ခြေရှိသလဲ။

  • ကင်ဆာကုသနေစဉ် dexamethasone (ဒက်ဆာမီသာဇုန်း) သို့မဟုတ် prednisone (ဘရက်နီဇုန်း) ဆေးပမာဏ များစွာ လက်ခံရသူ
  • အသက် ၁၀ နှစ်ထက်ကြီးသော ကလေးများ
  • တံစဉ်ပုံသွေးနီဆဲလ်ရောဂါ
  • အရိုးကို ဓာတ်ရောင်ခြည်ပမာဏများများဖြင့် ထိတွေ့မိသူ
  • asparaginase (အက်စ်ပါရာဂျစ်နေးစ်)နှင့် ဒက်ဆာမက်သာဇုန်း နှစ်မျိုးပေါင်း ကုသမှု ခံယူထားသူ
  • မိဘထံမှရထားသော မျိုးရိုးဗီဇ ပြောင်းလဲမှု ဖြစ်ပွားသူ
 

AVN ဖြစ်ပွားရသည့် အကြောင်းရင်းများ

သွေးပေးပို့မှုမရှိခြင်းကြောင့် ဆဲလ်များသေဆုံးသွားခြင်း (AVN) ဆိုသည်မှာ ရှုပ်ထွေးသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ AVN ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အရိုးသို့ သွေးပေးပို့မှု မရှိတော့ခြင်းကြောင့် ဖြစ်သည်။ သွေးကြောများ အလွန်သေးငယ်နေခြင်း သို့မဟုတ် ပျက်စီးနေခြင်း သို့မဟုတ် သွေးခဲပိတ်နေခြင်းတို့ကြောင့် အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ အရိုးသို့ မရောက်နိုင်တော့သည့်အခါ အရိုးဆဲလ်များ စတင်သေဆုံးလာကြသည်။

ကီမိုဆေးသွင်းကုသခြင်းနှင့် ဓာတ်ရောင်ခြည်ပေးခြင်း စသည့် ကင်ဆာကုသမှုများသည် အရိုးဆဲလ်များကို သေစေနိုင်သလို အရိုးဆဲလ်များပြန်လည်ဖြစ်တည်လာခြင်းကို နှောင့်နှေးစေနိုင်သည်။ ထိုအခါ အရိုးသည် ၎င်းကိုယ်တိုင် ပြန်လည်ပြင်ဆင်နိုင်သည်ထက် ပျက်စီးသွားခြင်းက ပိုမြန်နေတတ်သည်။ ကင်ဆာကုသမှုများသည် အရိုးသို့သွေးပေးပို့ခြင်းကို ထိခိုက်စေပြီး AVN ကိုဖြစ်စေနိုင်သည်။

ကော်တီကိုစတီးရွိုက် ပါဝင်သောဆေးများ (ဥပမာ။ ။ ပရက်နီဇုန်းနှင့် ဒက်ဆီမက်သာဇုန်း) ကို ကီမိုဆေးသွင်းကုသခြင်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ပူးတွဲအသုံးပြု၍ ကလေးများကို ကုသသည်။ အဆိုပါဆေးများကို ပျို့အန်ခြင်းနှင့် ရောင်ရမ်းခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ သက်သာစေရန် ပေးခြင်းဖြစ်သည်။ သို့သော်လည်း ကော်တီကိုစတီးရွိုက် ပါဝင်သောဆေးများက သွေးထဲတွင် အဆီဓာတ်ပါဝင်သောပစ္စည်းများ (အဆီများ) ကို များလာစေနိုင်သည်။ အဆီများစုလာပါက သွေးကြောပိတ်စေတတ်သည်။ အဆိုပါဆေးများက သွေးကြောနံရံကို ဖုံးအုပ်ပေးထားသည့် ဆဲလ်များကိုလည်း ပြောင်းလဲပစ်နိုင်ပြီး၊ သွေးကြောနံရံများ ပါးလာစေခြင်း သို့မဟုတ် ကြံ့ခိုင်မှုမရှိတော့ခြင်း တို့ကို ဖြစ်စေသည်။

ပရက်နီဇုန်း ဆေးပေးခြင်း သို့မဟုတ် ဒက်ဆာမက်သာဇုန်း ဆေးကို အလှည့်ကျပေးခြင်းတို့နှင့် နှိုင်းယှဉ်ပါက ဒက်ဆာမက်သာဇုန်း ဆေးတစ်မျိုးထည်းကို ပမာဏများများဖြင့် စဉ်ဆက်မပြတ်ပေးထားခြင်းက AVN ကိုပိုမိုဖြစ်စေနိုင်သည်။ asparaginase (အက်စ်ပါရာဂျစ်နေးစ်)ဆေးကဲ့သို့ ဆေးဝါးတချို့သည် ဒက်ဆာမက်သာဇုန်း ဆေးအာနိသင်အ‌ပေါ်သက်ရောက်မှုရှိနေပြီး၊ ဆေးနှစ်မျိုးပေါင်းစပ်အလုပ်လုပ်ပုံကြောင့် AVN ဖြစ်နိုင်ခြေကို ပိုများသွားစေသည်။ အခြားဆေးဝါးများဖြစ်သည့် methotrexate (မက်သိုထရက်စိတ်) (MTX) သည်လည်း အရိုးပျက်စီးစေနိုင်ပြီး၊ AVN ဖြစ်နိုင်ခြေကို ပိုများသွားစေနိုင်သည်။ အထူးသဖြင့် ကော်တီကိုစတီးရွိုက် ပါဝင်သောဆေးများနှင့် တွဲစပ်အသုံးပြုပါက ပိုဖြစ်စေသည်။

AVN ကို ရှာဖွေဖော်ထုတ်ခြင်း

ရောဂါ ဖြစ်နိုင်ခြေရှိနေသည့် လူနာများကို သတ်မှတ်ပြီး အဆက်မပြတ်စောင့်ကြည့်ပုံတို့သည် ဆေးဝါးကုသပေးသည့်စင်တာအလိုက် ကွဲပြားသည်။ ရောဂါကြောင့်ထိခိုက်သည့် တစ်ရှူးအနာများဟုလည်း တစ်ခါတစ်ရံ ခေါ်ဆိုသည့် AVN ဖြစ်နေသည့်ဧရိယာများကို ရှာဖွေရန် ပုံရိပ်ဖော်စစ်ဆေးမှုများကို အသုံးပြုသည်။ AVN ကိုရှာဖွေဖော်ထုတ်ရန် သံလိုက်ဓာတ်သုံး ပုံရိပ်ဖော်စစ်ဆေးနည်း (MR) သည် အထိရောက်ဆုံးဖြစ်သည်။ ဓာတ်မှန်ဖြင့်စစ်ဆေးခြင်းသည် ထိရောက်မှုသိပ်မရှိသော်လည်း ရောဂါတိုးတက်လာမှုကို စောင့်ကြည့်ခြင်းနှင့် ခွဲစိတ်ကုသအပြီးတွင် လူနာအား ဆက်လက်စောင့်ကြည့်ရာတို့တွင် အသုံးဝင်နိုင်သည်။ လုပ်လေ့လုပ်ထမရှိသော်လည်း အခြားပြုလုပ်နိုင်သည့် စစ်ဆေးမှုများမှာ အရိုးစကန်ဖတ်ခြင်းများနှင့် ကွန်ပျူတာကို အသုံးပြုပြီး ကိုယ်တွင်းအစိတ်အပိုင်းများကို ဓာတ်မှန်ရိုက်ခြင်း (CT) တို့ဖြစ်ကြသည်။

ဆေးခန်းတချို့သည် ရောဂါဖြစ်နိုင်ခြေများနိုင်သည့် ကလေးကင်ဆာလူနာများကို ရောဂါလက္ခဏာမပြမီကပင် AVN ရှိ/မရှိ ကြိုတင်ရှာဖွေစစ်ဆေးနိုင်သည်။ စမ်းသပ်ကုသမှုသုတေသနလုပ်ငန်း သို့မဟုတ် သုတေသနလေ့လာမှုများတွင် အဆိုပါ ရှာဖွေစစ်ဆေးမှုအမျိုးအစားများကို များသောအားဖြင့် ပြုလုပ်လေ့ရှိပြီး ဒူးရိုးနှင့် တင်ပါးဆုံရိုးများကို အဓိကသုတေသန ပြုလုပ်သည်။ ရောဂါလက္ခဏာများ မပြသမီ ရောဂါဖြစ်နိုင်ခြေများသောလူနာများကို ရှာဖွေစစ်ဆေးရာတွင် ပုံရိပ်ဖော်စစ်ဆေးမှုများတွင် AVN လက္ခဏာရပ်များကို အများဆုံးတွေ့ရတတ်သည့်အရိုးမှာ ဒူးရိုးဖြစ်သည်။ များသောအားဖြင့် AVN သည် ဒူးဆစ်ရိုး၏ မျက်နှာပြင်နှစ်ဖက်လုံးတွင် (ပေါင်ရိုးနှင့် ညို့သကျည်းရိုး) တွေ့ရတတ်သည်။ ရောဂါဖြစ်သည့်နေရာမှာ ဒူးရိုးတစ်ခုထည်းသာ ဖြစ်နိုင်သည်။ သို့သော်လည်း အကယ်၍ တင်ပါးဆုံရိုးတွင် AVN ကိုတွေ့ရပါက ဒူးရိုးများတွင်လည်း ရောဂါရှိနေနှင့်ပြီး ဖြစ်တတ်သည်။

ကော်တီကိုစတီးရွိုက် ပါဝင်သောဆေးဝါးများနှင့် ဆက်စပ်မှုရှိသော AVN ကို အများအားဖြင့် စတီးရွိုက်ဆေး ပမာဏများများဖြင့်ကုသလိုက်သည့် ပထမတစ်နှစ်တာကာလအတွင်း MRI ပုံရိပ်ဖော်စစ်ဆေးမှုဖြင့် တွေ့ရတတ်သည်။ ၁၂ လကြာပြီးနောက် MRI ပုံရိပ်ဖော်စစ်ဆေးမှုတွင် AVN ဖြစ်နေသည့် သက်သေအထောက်အထား မတွေ့ရှိရသည့် လူနာများသည် စတီးရွိုက်ဆေးဖြင့် ဆက်လက်ကုသနေသည့်တိုင် AVN ဖြစ်လာနိုင်စရာ မရှိတော့ပါ။

ပို၍ အစွမ်းထက်သည့် ပုံရိပ်ဖော်စစ်ဆေးမှုများကို အသုံးပြု၍ ရောဂါရှာဖွေမှုများ တိုးတက်လာစေရန် ဆရာဝန်များက နည်းလမ်းများရှာဖွေနေကြသည်။ AVN ဖြစ်ပေါ်လာနိုင်ပုံကို ပိုတိကျစွာ ခန့်မှန်းနိုင်ရန် သုတေသနများလည်း ပြုလုပ်နေပြီဖြစ်သည်။

AVN ၏ ဖြစ်ပေါ်လာမှု

AVN ၏ ရောဂါဦးတည်ရာလမ်းကြောင်းကို ခန့်မှန်းရန် ခက်ခဲပါသည်။ ရောဂါကြောင့်ထိခိုက်သည့် တစ်ရှူးအနာများသည် ပျောက်ကင်းသွားနိုင်၊ နဂိုအတိုင်းရှိနေ၊ သို့မဟုတ် ပိုဆိုးသွားနိုင်သည်။ ဖြစ်ပေါ်လာမှုသည် နှေးနိုင်သည် သို့မဟုတ် မြန်နိုင်သည်။

ကုသမှုများကို အစီအစဉ်ချရာတွင် AVN ၏ ပြင်းထန်မှုနှင့် ရောဂါအဆင့်တို့မှာ အရေးကြီးသည်။ ဆရာဝန်များက အဓိကအချက်ကြီး ၂ ချက်ကို ထည့်သွင်းစဉ်းစားမည် ဖြစ်သည်-

  1. ရောဂါကြောင့်ထိခိုက်သည့် တစ်ရှူးအနာများ၏ အရွယ်အစား
  2. အရိုးရှိ ပျက်စီးနေသောနေရာသည် အဆစ်၏မျက်နှာပြင်ကို ထောက်ကူပေးနေခြင်း ရှိမရှိ

အကယ်၍ ထိခိုက်ပျက်စီးနေသည့် အရိုးနေရာမှာ အဆစ်၏မျက်နှာပြင်ကို ထောက်ကူပေးခြင်းမရှိပါက အရိုးနုအောက်ကပ်လျက်ရှိ အရိုးမှာ စတင်ပျက်စီးလာနိုင်သည်။ ထိုအခါ အဆစ်တို့ကို ဖုံးအုပ်ထားသည့် အရိုးနု၏ ချောမွေ့နေသောအလွှာမှာ စတင်ကွာကျလာသည်။ ထိုနောက် အဆစ်အမြစ်ရောင်ရမ်းလာပြီး နာကျင်စေခြင်း၊ အဆစ်၏ လှုပ်ရှားနိုင်မှုကို ကန့်သတ်လိုက်ခြင်း စသည့် ပြဿနာများ ဖြစ်လာသည်။

အကယ်၍ ရောဂါကြောင့်ထိခိုက်သည့် တစ်ရှူးအနာသည်-

  • အဆစ်မျက်နှာပြင်နှင့် ကပ်လျက်ရှိသော အရိုးနေရာတွင် ဖြစ်နေပါက
  • မျက်နှာပြင်၏ ၃၀% နှင့်အထက်ဖုံးအုပ်ပေးထားပြီး ကြီးမားပါက
  • ခန္ဓာကိုယ်အလေးချိန်ကို ထမ်းထားပေးသော အဆစ်အမြစ်များ (တင်ပါးဆုံရိုးများ၊ ဒူးခေါင်းရိုးများ) တွင်ဖြစ်ပါက အဆစ်အမြစ် လုံးဝပျက်စီးသွားနိုင်ခြေရှိသည်။

တင်ပါးဆုံရိုးများနှင့် ဒူခေါင်းရိုးတို့သည် ခန္ဓာကိုယ်အလေးချိန်ကို ထမ်းထားပေးသော အဆစ်အမြစ်များဖြစ်သောကြောင့် AVN ပြင်းထန်ပါက အဆစ်အမြစ်လုံးဝပျက်စီးသွားခြင်းကိုလည်း အတွေ့ရများသည်။ တင်ပါးဆုံရိုးများတွင် AVN သည် အဆစ်မျက်နှာပြင်၏ ၃၀% အထက်ကို ထိခိုက်နေပါက အဆစ်အမြစ်လုံးဝပျက်စီးသွားခြင်းမှာ များသောအားဖြင့် ၂ နှစ်အတွင်း ဖြစ်ပေါ်လာသည်။

AVN ကို ကုသခြင်း

AVN ကို ကုသခြင်းမှာ လူနာတစ်ဦးတစ်ယောက်ချင်း၏ လိုအပ်ချက်တို့အပေါ် အခြေခံသည်။ ဆရာဝန်များက အောက်ပါတို့ကို ထည့်သွင်းစဉ်းစားနိုင်သည်-

  • လူနာ၏ အသက်အရွယ်
  • လူနာ၏ကျန်းမာရေးနှင့် ကင်ဆာအဆင့်
  • ကင်ဆာကုသမှုများနှင့် ကီမိုဆေးသွင်းကုသမည့် အချိန်ဇယား
  • AVN ၏ အဆင့်
  • ထိခိုက်မိထားသော အရိုးများနှင့် အဆစ်အမြစ်များ
  • နာကျင်မှု အတိုင်းအတာ

ကုသမှု၏ အဓိကပန်းတိုင်များမှာ နာကျင်မှုသက်သာစေရန်၊ အဆစ်အမြစ်လှုပ်ရှားမှု ကောင်းနေစေရန်နှင့် နောက်ထပ်ပျက်စီးသွားခြင်းတို့မှ ကာကွယ်ပေးရန် ဖြစ်သည်။ 

ကုသမှု နည်းဗျူဟာများတွင် အောက်ပါတို့ပါဝင်နိုင်သည်-

ဆေးဝါးများ

နာကျင်မှုသက်သာစေသည့် ဆေးများဖြစ်သည့် NSAID (meloxicam (မယ်လိုစီကမ်)၊ celecoxib (ဆယ်လီကော်ဆစ်) ကဲ့သို့ အကိုက်အခဲပျောက်ဆေးများ) သို့မဟုတ် acetaminophen (အဆီတာမီနိုဖန်) ဆေးတို့ကို ဆရာဝန်က ညွှန်းပေးနိုင်သည်။ သို့သော်လည်း နာကျင်မှုသက်သာစေသည့် ဆေးတချို့ကြောင့် သွေးထွက်နိုင်ခြင်း၊ အသည်း သို့မဟုတ် ကျောက်ကပ်ပြဿနာများဖြစ်ပေါ်ခြင်းတို့အပြင်၊ ကီမိုဆေးသွင်းကုသမှုကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးများကိုပါ ပိုဆိုးသွားစေနိုင်သည်။ ဆေးဆိုင်မှအလွယ်တကူဝယ်သောက်နိုင်သော ဆေးများအပါအဝင် မည့်သည့်ဆေးကိုမဆိုမသောက်မှီ ထိုဆေးသည် လက်ရှိသောက်နေသော ဆေးများနှင့် အပြန်အလှန်ဓာတ်ပြုမှုမရှိစေရန် သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးမသွားစေရန် ဆရာဝန်နှင့် အရင်တိုင်ပင်သင့်သည်။

AVN ကို ကာကွယ်ရန် သို့မဟုတ် ကုသရန် သွေးပေးပို့မှု၊ သွေးခဲစေမှု၊ ရောင်ရမ်းစေမှု၊ အဆီဓာတ်ဇီဝဖြစ်စဉ်တို့အပေါ် သက်ရောက်မှုရှိသည့် ဆေးဝါးများနှင့်/သို့မဟုတ် အရိုးဆဲလ်တို့ကို မည်ကဲ့သို့အသုံးပြုနိုင်မည်ကိုလည်း သုတေသီများက လေ့လာနေကြသည်။ သို့သော်လည်း စဉ်ဆက်မပြတ် တူညီသောအကျိုးဖြစ်ထွန်းမှု ရနိုင်ကြောင်းကိုမူ မတွေ့ရှိရသေးပါ။

ကိုယ်ခန္ဓာပြန်လည်သန်စွမ်းစေသည့်ကုသမှု

AVN ဖြစ်နေသောလူနာများအတွက် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းစေသည့်ကုသမှုမှာ အရေးကြီးသည်။ ကိုယ်အလေးချိန်ကို အသုံးပြုရသည့်လေ့ကျင့်ခန်းများကိုလျှော့ချရန်နှင့် နာကျင်စေသည့် လှုပ်ရှားမှုများကို ရှောင်ရှားနိုင်သည့် နည်းလမ်းများကို ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးပညာရှင်က အကြံပြုပေးနိုင်ပါသည်။ အောက်ပါ သီးခြားကုသနည်းတို့ကိုလည်း လမ်းညွှန်ပေးနိုင်ပါသည်-

  • လူနာတစ်ဦး၏ လှုပ်ရှားမှုကို ဟန့်တားနေသည့် ကြွက်သား အားနည်းခြင်း၊ အဆစ်အမြစ်တောင့်တင်းခြင်း သို့မဟုတ် လမ်းလျှောက်ရာတွင် အခက်အခဲဖြစ်ခြင်း စသည်တို့ကို ကုစားနိုင်မည့် လေ့ကျင့်ခန်းများ။
  • ကိုယ်လက်လှုပ်ရှားမှုကို အားပေးနိုင်ရန်အပြင် နာကျင်နေသော အဆစ်အမြစ်ကို အားပြု၍ လှုပ်ရှားမှုကို လျှော့ချရန် အထောက်အကူပြုပစ္စည်းများ (ဥပမာ။ ။ လမ်းလျှောက်တုတ်၊ ချိုင်းထောက်များ၊ သို့မဟုတ် ကြိမ်တုတ်များ)။ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးပညာရှင်က လူနာအတွက် အသင့်တော်ဆုံးကိုရွေးချယ်ပေးပြီး ထိုပစ္စည်းကိုအသုံးပြု၍ မည်သို့လမ်းလျှောက်ရမည်ကိုလည်း သင်ကြားပေးပါလိမ့်မည်။
  • နေ့စဉ်လှုပ်ရှားသွားလာရာတွင် အဆစ်များ နာကျင်မှုသက်သာစေရန် ခြေထောက်အကူပစ္စည်းများနှင့် ဒူးခေါင်းစွပ်များ (ခြေဖဝါးအခံ၊ ဒူးစွပ်များ သို့မဟုတ် လက်သိုင်းကြိုးများ)။
  • အိမ်တွင်ပြုလုပ်ရန် လေ့ကျင့်ခန်းများ၊ ကိုယ်လက်လှုပ်ရှားမှုအတွက် လမ်းညွှန်မှုနှင့် အပူ နှင့်/သို့မဟုတ် ရေခဲဖြင့် ကုသမှုတို့အတွက် ညွှန်ကြားချက်များ

AVN နှင့် ကိုယ်အလေးချိန်ကို အသုံးပြုရသည့်လှုပ်ရှားမှု

အဆစ်အမြစ်ပျက်စီးမှုကို ကာကွယ်ရန်၊ နာကျင်မှုသက်သာစေရန်နှင့် ခွဲစိတ်မှုများပြုလုပ်ပြီးနောက် အနာကျက်မြန်စေရန်အတွက် ကိုယ်အလေးချိန်ကို အသုံးပြုရသည့်လှုပ်ရှားမှုတို့ကို လျှော့ချရန် အကြံပြုပေးနိုင်သည်။ သို့သော်လည်း နာကျင်မှုကို ခံနိုင်သေးသ၍ ထိခိုက်မှုသိပ်မရှိနိုင်သည့် လှုပ်ရှားမှုတို့ကို လုပ်ရန် ဆရာဝန်များနှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးပညာရှင်တို့က အကြံပြုပေးနိုင်သည်။ သွေးလည်ပတ်မှုကောင်းစေရန်၊ အရိုးပြန်ပြင်ဆင်မှုကို အားပေးရန်နှင့် အဆစ်ကိုကျားကန်ပေးထားသည့် ကြွက်သားတို့ သန်မာလာစေရန် ကိုယ်လက်လှုပ်ရှားမှု လုပ်ရန် အရေးကြီးသည်။

AVN ဖြစ်နေသော လူနာများသည် ထိခိုက်နိုင်မှုများစေသော လှုပ်ရှားမှုများဖြစ်သည့် ပြေးခြင်း၊ ခုန်ခြင်း၊ တွန်းတိုက်ကစားရသည့် အားကစားတို့ကို ရှောင်ကြဉ်သင့်သည်။ အဆစ်အမြစ်ထိခိုက်မိခြင်းနှင့် လုံးဝပျက်စီးသွားခြင်းတို့မှ ကာကွယ်ရန် AVN ပိုမိုပြင်းထန်သည့် လူနာများတွင် ထိုသို့ရှောင်ရှားရန် အထူးအရေးကြီးသည်။

 

တွဲဖက် သို့မဟုတ် ပေါင်းစပ်ကုသခြင်းများ

လူနာများအနေဖြင့် နှိပ်နယ်ခြင်း၊ အပ်စိုက်ခြင်း၊ ဇီဝကမ္မဖြစ်စဉ်များကို သတိဖြင့် စောင့်ကြည့်ခြင်း၊ အပန်းဖြေနားနေခြင်းစသည့် ကိုယ်-စိတ်နှစ်ပါး ကုသနည်းများ ဖြင့်လည်း သက်သာစေနိုင်သည်။ အထူးနည်းစနစ်များကလည်း လူနာများ နာကျင်မှုသက်သာစေရန်၊ စိတ်ဖိစီးမှုလျှော့ချရန်၊ ကြွက်သားတင်းနေခြင်းကို လျော့စေရန်နှင့် သွေးလည်ပတ်မှု တိုးတက်ကောင်းမွန်လာစေရန် ကူညီပေးနိုင်သည်။ လူနာတစ်ဦးတစ်ယောက်ချင်းစီ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်နှင့် အန္တရာယ်ကင်းသောကုသမှုဖြစ်စေရန် မိသားစုဝင်များအနေဖြင့် မည်သည့်ကုသနည်းအသစ်ကိုမဆို စတင်မစမ်းသပ်ခင် ထိုအကြောင်းကို ကုသပေးသည့်အဖွဲ့ကို ပြောပြသင့်သည်။

ကီမိုဆေးသွင်းကုသခြင်းကို ချိန်ညှိခြင်း

AVN ပြင်းထန်သောလူနာများတွင် ကော်တီကိုစတီးရွိုက် ပါဝင်သောဆေးများနှင့် ထိတွေ့နေမှုကို လျှော့ချနိုင်ရန် ကီမိုဆေးသွင်းကုသမည့်အစီအစဉ်ကို ပြောင်းလဲမှုများ လုပ်သင့်သည်ဟု ကုသပေးသည့်အဖွဲ့က အကြံပြုလာနိုင်သည်။ ၎င်းဆုံးဖြတ်ချက်များသည် လူနာ၏ ကျန်မာရေးအတွက် အန္တရာယ်ရှိမရှိပေါ်  လုံးဝမူတည်သည်။

ခွဲစိတ်ကုသမှု

လူနာတချို့တွင် AVN အားကုသရန် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်လာနိုင်သည်။ အရိုးပြန်ကောင်းလာခြင်းကို အားပေးရန်နှင့် နောက်ထပ်ပျက်စီးသွားခြင်းတို့မှကာကွယ်ရန် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်သည်။ အဆစ်အမြစ်တစ်ခုကို အစားထိုးရန် ခွဲစိတ်ကုသမှု လိုအပ်လာနိုင်သည်။ ခွဲစိတ်ကုသမှုအမျိုးအစားများတွင် အောက်ပါတို့ပါဝင်ကြသည်-

  • ပုပ်နေသောအရိုးနေရာကိုဖယ်ထုတ်ကုသခြင်း – အရိုးအတွင်းရှိဖိအားကိုလျှော့ချ၍ အနာကျက်ခြင်းနှင့် သွေးလည်ပတ်မှုတို့ကို အားပေးရန် ထိုကုသမှုကို အသုံးပြုသည်။ ပုပ်နေသောအရိုးနေရာကိုဖယ်ထုတ်ကုသရာတွင် ခွဲစိတ်ဆရာဝန်သည် ပုပ်နေသည့်အရိုးနေရာကို လွန်ပူဖြင့် အ‌ပေါက်ငယ်လေးများဖောက်၍ ပျက်စီးနေသောတစ်ရှူးများကို ဖယ်ထုတ်ပါသည်။ သေနေသောတစ်ရှူးကို ဖယ်ရှားပြီးသည်နှင့် တစ်ပြိုင်နက် ဟသွားသောနေရာတွင် အရိုးအစားထိုးကုပစ္စည်းကို ပြန်ဖြည့်ပေးနိုင်သည်။ ထိုခွဲစိတ်ကုသမှုသည် အလွန်သေးငယ်သော ခွဲစိတ်ရာကိုသာ အသုံးပြုသည့် အသေးစား ခွဲစိတ်မှုသာ ဖြစ်သည်။ ခွဲစိတ်မှုမှ ပြန်ကောင်းလာစေရန် များသောအားဖြင့် ကိုယ်အလေးချိန်ပိစေသည့်လှုပ်ရှားမှုများ မပြုလုပ်ခြင်း သို့မဟုတ် အကန့်အသတ်ဖြင့်သာပြုလုပ်ခြင်းတို့ လိုအပ်သည်။ ယေဘုယျအားဖြင့် လူနာများသည် အလျင်အမြန်ပြန်ကောင်းလာတတ်ပြီး၊ နာကျင်မှုသက်သာလာသည့်အပြင် လှုပ်ရှားမှုပါ တိုးတက်လာသည်။
  • အရိုးအစားထိုးကုသခြင်း – ပျက်စီးနေသည့်အရိုးနေရာကို အစားထိုးရန်နှင့် ပြန်လည်တည်ဆောက်ပေးရန် အရိုးအစားထိုးကုသခြင်းဖြင့် AVN ကိုခွဲစိတ်ကုသနိုင်သည်။ ထိုသို့ကုသရာတွင် လူနာ၏ကိုယ်ခန္ဓာအခြားတစ်နေရာမှ ကျန်းမာသန်စွမ်းသောအရိုးကိုယူ၍ အစားထိုးခြင်း သို့မဟုတ် အလှူရှင်တစ်ဦးထံမှရယူ၍ အစားထိုးခြင်း တို့ ပါဝင်သည်။ တုပပြုလုပ်ထားသော ပစ္စည်းများကိုလည်း အသုံးပြုနိုင်သည်။ အကယ်၍ အရိုးနုပါ ပျက်စီးနေပါက အရိုးရော၊ အရိုးနုကိုပါ အစားထိုးကုသရန် လိုအပ်နိုင်သည်။ လူနာတချို့တွင် အရိုးတစ်ရှူးနှင့်အတူ သွေးကြောများကိုပါ အစားထိုးနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းကို သွေးကြောပါသည့် အရိုးအစားထိုးခြင်းဟု ခေါ်ဆိုပြီး အဆစ် တွင် သွေးလည်ပတ်မှုကိုပါ တိုးတက်လာစေနိုင်မည် ဖြစ်သည်။ AVN တွင် အရိုးအစားထိုးခြင်းကို ပုပ်နေသောအရိုးနေရာကိုဖယ်ထုတ်ကုသခြင်းနှင့်အတူ တွဲဖက်၍ကုသလေ့ရှိသည်။
  • အရိုးတွင်းမှန်ပြောင်းဖြင့်ကြည့်ခြင်း – သေးငယ်သောခွဲစိတ်ရာတစ်ခုမှနေ၍ အလွန်သေးငယ်သောကင်မရာတစ်ခုနှင့် ပါးလွှာသော ခွဲစိတ်ကိရိယာတို့ကိုထည့်၍ ခွဲစိတ်ကုသသည့် အငယ်စားခွဲစိတ်ကုသမှုတစ်မျိုး ဖြစ်သည်။ AVN ဖြစ်နေသောလူနာများတွင် စုတ်ပြဲနေသော အရိုးနုကို ပြုပြင်ရန်၊ အရိုးမျက်နှာပြင်ကို ချောမွေ့သွားစေရန်၊ အဆစ်ထဲရှိ ပြုတ်ထွက်နေသည့် တစ်ရှူးအပိုင်းအစများကို ဖယ်ရှားပစ်ရန် အရိုးတွင်းမှန်ပြောင်းဖြင့်ကြည့်ခြင်းနည်းလမ်းကို အသုံးပြုနိုင်သည်။ ထိုသို့ကုသခြင်းဖြင့် နာကျင်ခြင်း၊ အဆစ်အမြစ်တောင့်တင်းနေခြင်းနှင့် "ကွေးဆန့်၍မရခြင်း" စသည့် ရောဂါလက္ခဏာတို့ကို သက်သာသွားစေနိုင်သည်။
  • အရိုးကိုဖြတ်၍ကုသခြင်း – ပျက်စီးနေသောအရိုးဧရိယာပေါ်သို့ ကိုယ်အလေးချိန်ကျရောက်နေမှုကို လျှော့ချနိုင်ရန် အရိုးပုံသဏ္ဌာန်ကို ပြောင်းလဲခြင်း သို့မဟုတ် အရိုးကိုနေရာပြန်ချထားတို့ပြုလုပ်ရန် ခွဲစိတ်ကုသခြင်း ဖြစ်သည်။ ထိုခွဲစိတ်ကုသမှုတွင် သပ်ပုံစံအရိုးအပိုင်းတစ်ခုကို ဖြတ်ထုတ်လိုက်သည်။ ထိုအခါ အရိုးမှာအခြားတစ်ဖက်သို့ လည်သွားပြီး အရိုးပေါ်ကျရောက်နေသည့် အလေးချိန်ကို ပြောင်းလဲသွားစေသည်။ ပြောင်းလဲထားသည့် ပုံစံအသစ် အနေအထားတွင် အရိုး အနာကျက်လာစေရန် သတ္တုပြားများ၊ စတာပလာများ သို့မဟုတ် ဝက်အူများကို အသုံးပြုသည်။ အရိုးကိုဖြတ်၍ကုသခြင်းအားဖြင့် အရိုးဆစ် လုံးဝပျက်စီးသွားခြင်းကို ကာကွယ်ပေးနိုင်ပြီး အဆစ်အစားထိုးကုသခြင်းကို ရှောင်ရှားနိုင်သည် သို့မဟုတ် အစားထိုးခြင်းကို အချိန်ဆိုင်းထားနိုင်သည်။
  • အဆစ်အမြစ်အစားထိုးကုသခြင်း (Arthroplasty) – အကယ်၍ ပျက်စီးမှုမှာ ပြင်းထန်ပါက အဆစ်အမြစ်အစားထိုးကုသရန် လိုအပ်လာနိုင်သည်။ ထိုခွဲစိတ်မှုတွင် ပျက်စီးနေသည့်အရိုးအားဖယ်ထုတ်ခြင်းနှင့် အဆစ် အတုတစ်ခုဖြင့် အစားထိုးခြင်းတို့ ပါဝင်သည်။ ငယ်ရွယ်သောလူနာတချို့တွင် အဆစ်အမြစ်လုံးဝပျက်စီးသွားပြီးနောက် အဆစ်အမြစ်အစားထိုးကုသရန် လိုအပ်လာလိမ့်မည်။ သို့သော်လည်း အဆစ်အမြစ်ရောင်ရမ်းသည့်ရောဂါရှိသူများ သို့မဟုတ် ထိုသို့ရောင်ရမ်းခြင်းမှာ ပျောက်ကင်းသွားပြီး ကုသမှုပြီးဆုံးသွားသော်လည်း အဆစ်အမြစ်လုပ်ငန်းစွမ်းဆောင်နိုင်မှုမှာ တဖြည်းဖြည်းဆိုးလာနေသော လူကြီးလူနာများတွင်လည်း များသောအားဖြင့် အဆစ်အမြစ်အစားထိုးကုသခြင်းကို ပြုလုပ်လေ့ရှိကြသည်။ အသက်ငယ်ရွယ်စဉ်မှာ အဆစ်အမြစ်အစားထိုးကုသခဲ့သည့်လူနာများသည် အနာဂတ်တစ်ချိန်ချိန်တွင် ထပ်မံခွဲစိတ်ကုသမှုများ လိုအပ်လာနိုင်သည်။ အဆစ်အမြစ်အစားထိုးကုသရခြင်းမှ ကာကွယ်ရန် သို့မဟုတ် အစားထိုးခြင်းကို အချိန်ဆိုင်းထားနိုင်ရန် AVN ကို စောလျင်စွာ ရှာဖွေဖော်ထုတ်၊ ကုသရန်မှာ အရေးကြီးသည်။

AVN ကို ရင်ဆိုင်ခြင်း - လူနာများနှင့် မိသားစုဝင်များအတွက် အကြံပြုချက်များ

ကိုယ့်အန္တရာယ်ကို သိပါ။ ကင်ဆာကုသမှုများ (ကုသလိုက်သည့် ဆေးပမာဏ အပါအဝင်) နှင့် အခြား အန္တရာယ်ဖြစ်နိုင်ခြေရှိသည့် အချက်များအကြောင်းကို သင့်အားကုသပေးသည့်အဖွဲ့ကို မေးမြန်းပါ။

ရောဂါလက္ခဏာများကို စောင့်ကြည့်ပြီး အကြံပြုထားသည့် ရောဂါရှာဖွေစစ်ဆေးမှုတို့ကို လုပ်ဆောင်ပါ။ နာကျင်ခြင်း သို့မဟုတ် အဆစ်အမြစ် ပြဿနာများအကြောင်း သင့်အားကုသပေးနေသည့်အဖွဲ့ကို ပြောပြပါ။ အထူးသဖြင့် ရောဂါလက္ခဏာ ပိုဆိုးလာသည့်အခါ သို့မဟုတ် လက္ခဏာအသစ်တွေ့ရသည့်အခါ ပိုပြောပြသင့်သည်။ ကင်ဆာကုသမှုပြုလုပ်ပြီးနောက် အရိုးကျန်းမာရေးသည် သင်၏ ဘဝရှင်သန်ရပ်တည်မှုအစီအစဉ်၏ အရေးကြီးကဏ္ဍတစ်ရပ်အဖြစ် ရှိနေပါစေ။

ကိုယ်လက်လှုပ်ရှားတက်ကြွစွာနေပါ။ အရိုးပေါ်ကိုယ်အလေးချိန်ပိစေခြင်းကို လျှော့ချရန် ကိုယ်လက်လှုပ်ရှားမှုများကို ပြုပြင်ယူပါ။ နာကျင်မှုသည် သင့်အတွက် လမ်းညွှန်တစ်ခု ဖြစ်ပါစေ။ အရိုးများနှင့် အဆစ်အမြစ်များကို ထိခိုက်နိုင်မှုများစေသည့် လှုပ်ရှားမှုများ၊ တွန်းတိုက်ကစားရသည့် အားကစားများကို ရှောင်ကြဉ်ပါ။ အကယ်၍ လှုပ်ရှားမှုတစ်ခုနှင့် ပတ်သက်ပြီး မသေချာပါက သင့်ကိုကုသပေးနေသည့် ဆရာဝန် သို့မဟုတ် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးပညာရှင်တို့ကို မေးမြန်းပါ။

လမ်းညွှန်ပေးထားသည့်အတိုင်း အထောက်အကူဖိနပ်များ၊ ခြေထောက်အကူပစ္စည်းများနှင့် အခြားအထောက်အကူပြုပစ္စည်းတို့ကို အသုံးပြုပါ။ အဆစ်အမြစ် ဖြောင့်တန်းမှုနှင့် လုပ်ငန်းလုပ်ဆောင်နိုင်မှုတို့ကို ထောက်ကူပေးနိုင်ရန် ထိုပစ္စည်းတို့မှာ အရေးကြီးသည်။ သင်တော်သည့် ဖိနပ်များစီးခြင်းအားဖြင့် လဲကျခြင်းနှင့် အဆစ်အမြစ်ဒဏ်ရာရခြင်းတို့မှ ကာကွယ်ပေးနိုင်သည်။

အရိုးကျန်းမာ‌စေရန်နှင့် အလုံးစုံကျန်းမာသုခရရှိစေရန် ကျန်းမာရေးနှင့် ညီညွတ်စွာပြုမူနေထိုင်ရန် အရေးကြီးသည်။
ကျန်းမာစေသည့် အစားကိုသာစားပါ။ ကိုယ်လက်လှုပ်ရှားတက်ကြွစွာနေပါ။ မျှတသည့် ကိုယ်အလေးချိန်ကို ထိန်းထားပါ။ ဆေးလိပ်မသောက်ပါနှင့်။

---
ပြန်လှန်စိစစ်သော ရက်စွဲ- ၂၀၁၉ ခုနှစ် ဇန်နဝါရီလ