ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါအတွက် ဟီမတိုပိုအီးတစ်ခ် ဆဲလ် အစားထိုးခြင်း

ရိုးတွင်းခြင်ဆီ အစားထိုးခြင်း၊ စတမ်းဆဲလ် အစားထိုးခြင်း သို့မဟုတ် hsct အဖြစ် လူသိများသည်

ဟီမတိုပိုအီးတစ်ခ် ဆဲလ်အစားထိုးခြင်းဆိုတာ ဘာလဲ။

ဟီမတိုပိုအီးတစ်ခ် ဆဲလ်အစားထိုးမှုမှာ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါအပါအဝင် ရောဂါမျိုးစုံကိုကုသရာတွင်အသုံးပြုသည့် ဆေးကုသမှုလုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ ၎င်းသည် ပျက်စီးနေသော သို့မဟုတ် ဖျက်ဆီးခံလိုက်ရသော သွေးဖြစ်ပေါ်စေသည့် (ဟီမတိုပိုအီးတစ်ခ်) ဆဲလ်များကို ကျန်းမာသော သွေးဖြစ်ပေါ်စေသည့် ဆဲလ်များဖြင့် အစားထိုးပေးသည်။

သွေးဖြစ်ပေါ်စေသည့် ဆဲလ်များ၏ အဓိကရင်းမြစ်မှာ ရိုးတွင်းခြင်ဆီဖြစ်သောကြောင့် အဆိုပါလုပ်ဆောင်ချက်ကို ရိုးတွင်းခြင်ဆီအစားထိုးမှုအဖြစ် ရည်ညွှန်းလေ့ရှိပါသည်။ တိုးတက်မှုများရှိလာသည်နှင့်အမျှ ဟီမတိုပိုအီးတစ်ခ် ဆဲလ်အစားထိုးခြင်းဟူသော ဝေါဟာရကို လူသိများလာခဲ့သည်။ ဝေါဟာရများကို တစ်ခုနှင့်တစ်ခု အစားထိုး၍လည်း အသုံးပြုလေ့ရှိသည်။ တချို့လူများက ထိုသို့ပြုလုပ်ခြင်းကို စတမ်းဆဲလ်အစားထိုးမှုဟုလည်း​ခေါ်ကြသည်။

အစားထိုးမှုသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါအချို့ကို အောင်မြင်စွာကုသပေးနိုင်သော်လည်း ပြင်းထန်သောဘေးထွက်ဆိုးကျိုးများနှင့် နောက်ဆက်တွဲအကျိုးသက်ရောက်မှုများ ရှိနိုင်ပါသည်။ ယင်းသည် သေချာထည့်သွင်းစဉ်းစားရမည့် အရာတစ်ခုဖြစ်ပါသည်။ အစားထိုးမှုပြုလုပ်ခြင်းသည် လွယ်ကူသော လုပ်ဆောင်ချက်တစ်ခု မဟုတ်ပါ။ ယင်းသည် လူနာအတွက်သာမက စောင့်ရှောက်ပေးသည့် မိသားစုဝင်များအတွက်ပါ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ ခက်ခဲပင်ပန်းစေပါသည်။ သို့ရာတွင် ထိုသို့လုပ်ဆောင်စဉ်တလျှောက်၌ လူနာများနှင့် မိသားစုများကို ပံ့ပိုးကူညီပေးမည့်သူများစွာ အစားထိုးကုသမှုအဖွဲ့တွင် ရှိပါသည်။ အစားထိုးမှုများပြုလုပ်ပြီးသော ကလေးများနှင့် ဆယ်ကျော်သက်များစွာသည် ယခုအခါ ကင်ဆာကင်းစင်သောဘဝများတွင် တက်ကြွစွာ ရှင်သန်နေထိုင်လျက်ရှိပါသည်။

ရိုးတွင်းခြင်ဆီနှင့် သွေးဖြစ်ပေါ်စေသည့် ဆဲလ်များ၏ အခန်းကဏ္ဍ

ရိုးတွင်းခြင်ဆီဆိုသည်မှာ ခန္ဓာကိုယ်ရှိ အရိုးအများစု၏အတွင်းရှိ နူးညံ့၍ ပျော့အိသောပစ္စည်းတစ်ခု ဖြစ်ပါသည်။ ရိုးတွင်းခြင်ဆီထဲတွင် သွေးဖြစ်ပေါ်စေသည့် (ဟီမတိုပိုအီးတစ်ခ်) ဆဲလ်ပေါင်းများစွာရှိသည်။

ဟီမတိုပိုအီးတစ်ခ် ဆဲလ်များသည် အခြားသွေးဆဲလ်အားလုံး၏ ပင်မဆဲလ်များဖြစ်သည်။ ၎င်းတို့သည် ဆဲလ်များအဖြစ် အရွယ်ရောက်လာပြီး နောက်ဆုံးတွင်-

  • (အောက်ဆီဂျင်ကို သယ်ဆောင်သော) သွေးနီဆဲလ်များ
  • (သွေးခဲခြင်းကို ကူညီပေးသည့်) သွေးဥမွှားများ
  • (ကူးစက်ရောဂါကို တိုက်ခိုက်သော) သွေးဖြူဆဲလ်များ ဖြစ်ပေါ်လာသည်

ရိုးတွင်းခြင်ဆီသည် သွေးတွင်းလှည့်ပတ်နေသော သွေးနီဆဲလ်များ၊ သွေးဖြူဆဲလ်များနှင့် သွေးဥမွှားများမှ ၎င်းတို့၏အလုပ်များကို လုပ်ဆောင်နိုင်စေရန်အလို့ငှာ ဟီမတိုပိုအီးတစ်ခ် ဆဲလ်သစ်များကို စဉ်ဆက်မပြတ် ထုတ်ပေးနေသည့် သွေးဆဲလ်စက်ရုံတစ်ခုကဲ့သို့ အလုပ်လုပ်ပါသည်။

ဤပုံမှာ အရိုးရှည်တစ်ခု၏ ဖြတ်ပိုင်းပုံဖြစ်ပြီး ရိုးတွင်းခြင်ဆီကိုပြသထားသည်။ စတမ်းဆဲလ်များမှ သွေးဖြူဆဲလ်များ၊ သွေးနီဆဲလ်များနှင့် သွေးဥမွှားများဖြစ်လာပုံကို အညွှန်းစာဖြင့် ဖော်ပြထားသည်။

သွေးဖြူဆဲလ်၏ 70 ရာခိုင်နှုန်းခန့်နှင့်အတူ သွေးနီဆဲလ်နှင့် သွေးဥမွှားအားလုံးကို ရိုးတွင်းခြင်ဆီထဲတွင် ထုတ်လုပ်ပါသည်။ (အခြား 30 ရာခိုင်နှုန်းကို သရက်ရွက်၊ ပြန်ရည်ကျိတ်များနှင့် သိုင်းမတ်စ်ဂလင်းတို့မှ ထုတ်လုပ်ပေးသည်။)

ဟီမတိုပိုအီးတစ်ခ် ဆဲလ်အရေအတွက် အနည်းအကျဉ်းမျှကိုခြေ/လက်များရှိ (လည်ပတ်နေသော) သွေးထဲတွင်လည်း တွေ့နိုင်ပါသည်။ ချက်ကြိုးထဲရှိ သွေးသည်လည်း သွေးဖြစ်ပေါ်စေသည့် ဆဲလ်များ၏ အရင်းအမြစ်တစ်ခု ဖြစ်သည်။

အစားထိုးမှုကုသမှု၏ရည်မှန်းချက်မှာ-

  • ဓာတုကုထုံး နှင့်/သို့မဟုတ် ဓာတ်ကင်ခြင်း တို့ကို ဆေးပမာဏမြင့်မြင့်ပေးပြီး လူနာ၏ကင်ဆာရောဂါကို တိုက်ဖျက်ရန်။
  • အလှူရှင်၏ဆဲလ်များကို လက်မခံခြင်း (အစားထိုးမှုကို လက်မခံခြင်း) ကိုကာကွယ်ရန်။
  • လူနာ၏သွေးဆဲလ်များကို ကျန်းမာသော အလှူရှင်၏ဆဲလ်များဖြင့် အစားထိုးကာ ကင်ဆာဆဲလ်များကို တိုက်ဖျက်ရန်။

အစားထိုးခြင်းဖြင့် ကုသသော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါများ

ကလေးကင်ဆာရောဂါတွင် အများအားဖြင့် ကင်ဆာရောဂါအတွက် ပုံမှန်အတိုင်းကုသမှု မအောင်မြင်သောအခါ သွေးကင်ဆာကိုကုသရန်အသုံးပြုပါသည်။ သွေးနှင့် ရိုးတွင်းခြင်ဆီတို့၌ ကင်ဆာဖြစ်သော သွေးကင်ဆာရောဂါကြောင့်ခန္ဓာကိုယ်မှ ပျက်စီးနေသော သွေးဖြူဆဲလ်များကို ထုတ်လုပ်ပြီး လူနာကို အလွန်အမင်းဖျားနာစေသည်။

တစ်ခါတစ်ရံ အခြားကင်ဆာရောဂါများကို ကုသရန်လည်း အစားထိုးခြင်းကို အသုံးပြုပါသည်။ ဥပမာများမှာ အာရုံကြောတစ်ရှူး ကင်ဆာ၊ (သွေးရည်ကြည်ဆဲလ်တွင်ဖြစ်ပွားသော ကင်ဆာ)၊ မကြာခဏပြန်ဖြစ်သော အရိုးနှင့် တစ်ရှူးအနုတွင်ဖြစ်ပွားသည့် ကင်ဆာ နှင့် မကြာခဏပြန်ဖြစ်သော Wilms ကျောက်ကပ်တွင်ဖြစ်သော အကျိတ်ကင်ဆာတို့ဖြစ်ကြသည်။

တစ်ရှူးအနု သို့မဟုတ် ဦးနှောက်တွင် အကျိတ်များဖြစ်ပေါ်သည့် ကင်ဆာရောဂါများ ဖြစ်ပွားနေပြီး ထိုရောဂါကိုကုသရန် အလွန်ပမာဏများသော ဓာတုကုထုံး သို့မဟုတ် ဓာတ်ကင်ခြင်းတို့ လုပ်ဆောင်ရန်လိုအပ်သည့် လူနာများကို ကုသရာတွင်လည်း အစားထိုးကုသမှုများကို အသုံးပြုနိုင်ပါသည်။

အစားထိုးကုသမှု အမျိုးအစားများ

အခြေခံအားဖြင့် အစားထိုး ကုသမှုပုံစံနှစ်မျိုး ရှိပါသည်-

  • အလှူရှင်ထံမှ သွေးဖြစ်ပေါ်စေသည့် ဆဲလ်များကို ရယူသည့် မျိုးတူသတ္တဝါအချင်းချင်းထံမှ အင်္ဂါအစားထိုးကုသခြင်း (Allogeneic-အဲလဂျနိတ်ခ်)။
  • လူနာ၏ကိုယ်ပိုင်ဆဲလ်များကိုအသုံးပြုပြီး အစားထိုးကုသခြင်း (Autologous-အော်တိုလဂတ်စ်)။ 
  1. အဲလဂျနိတ်ခ်နည်းဖြင့် အစားထိုးမှုပြုလုပ်သည့်အခါ ပျက်စီးနေသော သို့မဟုတ် ဖျက်ဆီးခံလိုက်ရသော သွေးဆဲလ်များကို အခြားသူတစ်ဦးထံမှ ကျန်းမာသောသွေးဆဲလ်များဖြင့် အစားထိုးပါသည်။ ဤဆဲလ်များသည် အလှူရှင် သို့မဟုတ် ချက်ကြိုးထဲရှိ သွေးထဲမှ လာခြင်းဖြစ်နိုင်ပါသည်။ အလှူရှင်သည် မောင်နှမတစ်ဦး၊ အခြားမိသားစုဝင်တစ်ဦး သို့မဟုတ် ဆွေမျိုးတော်စပ်မှုမရှိသည့် အလှူရှင်တစ်ဦး ဖြစ်နိုင်ပါသည်။

    သွေးဖြစ်ပေါ်စေသည့် ဆဲလ်များကို အလှူရှင်၏ ရိုးတွင်းခြင်ဆီ၊ ချက်ကြိုးထဲရှိ သွေး သို့မဟုတ် ခြေ/လက်တို့၏ (လည်ပတ်နေသော) သွေးထဲမှ စုဆောင်းရယူပါသည်။

    အစားထိုးမှုကို လက်ခံလာအောင် လေ့ကျင့်ပေးခြင်း

    အလှူရှင်ဆဲလ်များကို လက်ခံရယူသည့် လူနာသည် ၎င်း၏ခုခံအားစနစ်ကို ချုပ်ထိန်းရန် ကုထုံးတစ်ခုကို လက်ခံရပါမည်။ ဤကုထုံးကို ကိုယ်ခံအားဖိနှိမ်သည့်ကုထုံး ဟုခေါ်ပါသည်။ ထိုကုထုံးတွင် ဓာတ်ကင်၍ဖြစ်စေ၊ သို့မဟုတ် ဓာတ်မကင်ဘဲဖြစ်စေ၊ ဓာတုကုထုံးကို ဆေးပမာဏများများဖြင့် ကုသခြင်း ဖြစ်သည်။ ကိုယ်ခံအားကို ဖိနှိမ်သည့်ကုထုံးသည်ကင်ဆာရောဂါကိုတိုက်ခိုက်၍ လူနာ၏ လက်ရှိကိုယ်ခံအားကိုဖျက်ဆီးကာ လူနာ၏ရိုးတွင်းခြင်ဆီထဲတွင် အလှူရှင်၏ဆဲလ်များ နေရာယူလာနိုင်အောင် လုပ်ဆောင်ပါသည်။

    အလှူရှင်၏ဆဲလ်ကို သွင်းခြင်း

    သွေးသွင်းခြင်းနှင့် အလွန်ဆင်တူသော လုပ်ဆောင်ချက်တစ်ခုဖြင့် အလှူရှင်၏ဆဲလ်များကို သွေးကြောထဲမှတစ်ဆင့် ထိုးသွင်းပေးသည်။ ဆဲလ်များသည် သွေး လမ်းကြောင်းမှတစ်ဆင့် ရှည်လျားသောအရိုးများ၏အလယ်ထဲသို့ ရောက်ရှိသွားပါသည်။ ဤလုပ်ဆောင်ချက်မှာ လူနာသည် ကျန်းမာသော သွေးနီဆဲလ်များ၊ သွေးဖြူဆဲလ်များနှင့် သွေးဥမွှားများကို မူလအတိုင်း ပြန်လည်ထုတ်လုပ်နိုင်စွမ်းရှိလာစေရန် ဖြစ်သည်။

    အထောက်အကူပြု စောင့်ရှောက်မှု

    အလှူရှင်၏ ကိုယ်ခံအားဆဲလ်များသည် လူနာ၏တစ်ရှူးများကို တိုက်ခိုက်သည့်ရောဂါမဖြစ်ပွားအောင် တားဆီးရန်၊ သွေးပစ္စည်းများ၊ ပဋိဇီဝဆေးများ၊ ဗိုင်းရပ်စ်တိုက်ဖျက်သည့်ဆေးများအပြင် အခြေအနေအချို့တွင် ကိုယ်ခံအားဖိနှိမ်သည့် ဆေးဝါးများစသည့် အထောက်အကူပြု စောင့်ရှောက်မှုဖြင့် လူနာများ ပြန်လည်နာလန်ထူလာနိုင်စေသည်။  

  2. လူနာ၏ကင်ဆာရောဂါကိုကုသရန် ဓာတ်ကင်၍ဖြစ်စေ၊ မကင်ဘဲဖြစ်စေ အာနိသင်ပြင်းသော ဓာတုကုထုံးကို လိုအပ်သလို ခံယူစေပြီးနောက် လူနာ၏ကိုယ်ပိုင်ဆဲလ်များကိုအသုံးပြု၍ သူ သို့မဟုတ် သူမ၏ သွေးနီဆဲလ်များ၊ သွေးဖြူဆဲလ်များနှင့် သွေးဥမွှားများ ပြုလုပ်နိုင်စွမ်းကို မူလအတိုင်း ပြန်လည်ကောင်းမွန်လာစေရန် အော်တိုလဂတ်စ်နည်းဖြင့် အစားထိုးကုသခြင်းကို လုပ်ဆောင်ပါသည်။ ခြေ/လက်တို့မှ (လည်ပတ်နေသော) သွေး သို့မဟုတ် ရိုးတွင်းခြင်ဆီထဲမှ လူနာ၏ဆဲလ်များကို ကြိုတင်စုဆောင်းရယူပြီး နောင်တွင်အသုံးပြုရန်အတွက် အေးခဲ၍ထိန်းသိမ်းထား (အေးခဲထား) ပါသည်။

    ဆဲလ်များကို ဘယ်လိုစုဆောင်းရယူသလဲ

    လူနာထံမှ သွေးဖြစ်ပေါ်စေသည့် ဆဲလ်များကို စုဆောင်းရယူရန် နည်းလမ်းနှစ်မျိုး ရှိပါသည်။ ၎င်းတို့မှာ- အက်ဖဲ့ရဲ့စစ်ဟုခေါ်သော သွေးထဲမှလိုအပ်သည့်ဆဲလ်ကို ခွဲထုတ်ရယူသည့်နည်း သို့မဟုတ် ရိုးတွင်းခြင်ဆီမှ စုဆောင်းရယူသည့်နည်း ဖြစ်ပါသည်။

    အက်ဖဲ့ရဲ့စစ်

    ဓာတုကုထုံးဖြင့်ကုသပြီးနောက် သွေးဖြူဆဲလ်များထုတ်လုပ်မှုကိုအားပေးသော ဂလိုင်ကို ပရိုတင်း (G-CSF) ကိုအသုံးပြုခြင်းဖြင့် ၎င်းတို့ကို ရိုးတွင်းခြင်ဆီမှ ခြေ/လက်တို့၏သွေးစီးကြောင်းသို့ ရောက်ရှိသွားစေနိုင်သည်။ တစ်ခါတစ်ရံ လူနာများတွင် G-CSF တမျိုးတည်း လက်ခံပြီးမှသာ ထိုဆဲလ်များကို ရွေ့လျားသွားစေနိုင်သည်။ ထို့နောက် လူနာသည် ထိုဆဲလ်များကိုစုစည်းရယူရန် အက်ဖဲ့ရဲ့စစ်ဟုခေါ်သော သွေးထဲမှလိုအပ်သည့်ဆဲလ်ကို ခွဲထုတ်ရယူခြင်းကို ပြုလုပ်ပါမည်။

    ရိုးတွင်းခြင်ဆီမှ စုဆောင်းရယူခြင်း

    သွေးဖြစ်ပေါ်စေသည့်ဆဲလ်များကို ရိုးတွင်းခြင်ဆီမှ တိုက်ရိုက်စုဆောင်းရယူရန် ရိုးတွင်းခြင်ဆီမှ စုဆောင်းရယူခြင်းကိုလည်း လုပ်ဆောင်နိုင်သည်။ သွေးဖြူဆဲလ် အရေအတွက် ပုံမှန်ပမာဏသို့ ရောက်ရှိသွားပြီးနောက် ယင်းသို့စုဆောင်းရယူခြင်းကို အချိန်မရွေး လုပ်ဆောင်နိုင်ပါသည်။

    အက်ဖဲ့ရဲ့စစ်ဟုခေါ်သော သွေးထဲမှလိုအပ်သည့်ဆဲလ်ကို ခွဲထုတ်ရယူသည့်နည်း သို့မဟုတ် ရိုးတွင်းခြင်ဆီမှ စုဆောင်းရယူသည့်နည်းဖြင့် ဆဲလ်များကို စုဆောင်းရယူပြီးနောက်အနာဂတ်တွင် ဆေးကုသမှုအဖွဲ့မှ အစားထိုးကုသရန် ညွှန်ကြားလာချိန်၌ အသုံးပြုရန် ၎င်းတို့ကို အေးခဲထားသည်။

    အစားထိုးကုသမှုမပြုလုပ်မီ လူနာကို ကူးစက်ရောဂါများ ရှိ၊ မရှိနှင့် သူ သို့မဟုတ် သူမအား ဆေးကုသမှုနည်းလမ်းအရ အစားထိုးမှုကို လက်ခံနိုင်စွမ်း ရှိ၊ မရှိ စစ်ဆေးပါမည်။

    အစားထိုးနေစဉ်အတွင်း ကင်ဆာဖြစ်စေသောဆဲလ်များကို ဖျက်ဆီးပစ်ရန် လူနာသည် ဓာတ်ရောင်ခြည်ပေး၍ဖြစ်စေ၊ မပေးဘဲဖြစ်စေ ပမာဏများပြားသော ဓာတုကုထုံးကို လက်ခံရမည်ဖြစ်သည်။ ထိုကုသမှုကြောင့်ပင် ယင်းသည် လူနာ၏သွေးဆဲလ်များ ပြုလုပ်နိုင်စွမ်းကိုပါ ဖျက်ဆီးပစ်ပါသည်။ အစားထိုးမှုမလုပ်ဘဲ လူနာသည် ၎င်းတို့၏ ကိုယ်ပိုင် သွေးနီဆဲလ်များ၊ သွေးဖြူဆဲလ်များနှင့် သွေးဥမွှားများထုတ်လုပ်မှုမှာ ပြန်လည်ကောင်းမွန်လာနိုင်မည်မဟုတ်ပါ။

    သွေးသွင်းခြင်းနှင့် အလွန်ဆင်တူသည့်ပုံစံဖြင့် လူနာသည် သွေးပြန်ကြောမှတစ်ဆင့် သူ သို့မဟုတ် သူမ၏ ကိုယ်ပိုင်ဆဲလ်များကို ပြန်လည်လက်ခံရပါသည်။ ဆဲလ်များသည် သွေးစီးကြောင်းမှတစ်ဆင့် ရှည်လျားသောအရိုးများ၏အလယ်ထဲသို့ ရောက်ရှိသွားပါသည်။ ဤလုပ်ဆောင်ချက်မှာ လူနာသည် ကျန်းမာသော သွေးနီဆဲလ်များ၊ သွေးဖြူဆဲလ်များနှင့် သွေးဥမွှားများကို မူလအတိုင်း ပြန်လည်ထုတ်လုပ်နိုင်စွမ်းရှိလာစေရန် ဖြစ်သည်။

    လူနာသည် သွေးဖြစ်ပေါ်စေသည့်ဆဲလ်များကို ခန္ဓာကိုယ်မှလက်ခံလာစေရန် စောင့်ဆိုင်းနေချိန်တွင် သွေးပစ္စည်းများ၊ ပဋိဇီဝဆေးများနှင့် ဗိုင်းရပ်စ်တိုက်ဖျက်သည့် ဆေးများသွင်းပေးခြင်း ခံရနိုင်ပါသည်။

အစားထိုးမှုပြုလုပ်ရန်အတွက် လိုအပ်သောစစ်ဆေးမှု

အစားထိုးခြင်းသည် ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းခက်ခဲသော ဆေးကုသမှုလုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ ဆေးကုသမှုအဖွဲ့သည် လူနာ၏ အောက်ပါအချက်များကို ထည့်သွင်းစဉ်းစား၍ အစားထိုးရန် သင့်တော်သူတစ်ဦး ဟုတ်/မဟုတ် ဦးစွာ ဆုံးဖြတ်ပါသည်-

  • အသက်
  • ယေဘုယျ ရုပ်ပိုင်းဆိုင်ရာအခြေအနေ
  • ရောဂါအမျိုးအစား
  • ယခင်ကုသမှု မှတ်တမ်း
  • လူနာ၏ ကိုယ်ပိုင်ဆဲလ်များကို အသုံးမပြုနိုင်ပါက အလှူရှင် ရနိုင်၊ မရနိုင်
လူနာမှ အစားထိုးမှုကို လက်ခံနိုင်ကြောင်း သေချာစေရန် ၎င်း၏ နှလုံး၊ အဆုတ်၊ ကျောက်ကပ်များနှင့် အခြားအရေးကြီးသော အင်္ဂါအစိတ်အပိုင်းများကို စစ်ဆေးပါမည်။ ဤဓာတ်ပုံတွင် ဆရာဝန်မှ လူနာ၏နှလုံးကို ပဲ့တင်အသံလှိုင်းဖြင့် နှလုံးပုံရိုက်ကူး စစ်ဆေးနေပါသည်။

နှလုံး၏လုပ်ဆောင်ချက်ကိုတိုင်းတာရန် ပဲ့တင်အသံလှိုင်းဖြင့် နှလုံးပုံရိုက်ကူးမှု (ပဲ့တင်သံ) ကဲ့သို့သော နှလုံးစစ်ဆေးမှုများကို အသုံးပြုနိုင်ပါသည်။

လူနာမှ အစားထိုးမှုကို လက်ခံနိုင်ကြောင်း သေချာစေရန် သူ သို့မဟုတ် သူမ၏ နှလုံး၊ အဆုတ်၊ ကျောက်ကပ်များနှင့် အခြားအရေးကြီးသော အင်္ဂါအစိတ်အပိုင်းများကို စစ်ဆေးပါမည်။ အဆိုပါစစ်ဆေးမှုများတွင် ပုံမှန်အားဖြင့် ပါဝင်သည်မှာ-

  • နှလုံးလုပ်ဆောင်ချက်ကို အကဲဖြတ်ရန် MUGA စကန်ဖတ်ခြင်း/ပဲ့တင်အသံလှိုင်းဖြင့် နှလုံးပုံရိုက်ကူးမှု/EKG
  • အဆုတ်ကျန်းမာရေးကို အကဲဖြတ်ရန် အဆုတ်လုပ်ဆောင်ချက် စစ်ဆေးမှု
  • အဆုတ်ပြဿနာများနှင့် ကူးစက်ရောဂါ ရှိ/မရှိ စစ်ဆေးရန် ရင်ဘတ်ဓာတ်မှန် ရိုက်ခြင်း/CT စကန်ဖတ်ခြင်း
  • သွေးဆဲလ်အရေအတွက်များ၊ ကျောက်ကပ်လုပ်ဆောင်ချက်၊ အသည်းလုပ်ဆောင်ချက်များကို အကဲဖြတ်ရန်နှင့်ကူးစက်ရောဂါများ ရှိ၊ မရှိနှင့် ယခင်က ကူးစက်ရောဂါများ ကူးစက်ထားမှု ရှိ၊ မရှိ အကဲဖြတ်ရန် သွေးနှင့် ဆီးစစ်ချက်များ
  • ရောဂါအခြေအနေကိုစစ်ဆေးရန် ဆေးစစ်ချက်များ
  • ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုနှင့် ဆေးကုသမှုမှတ်တမ်း
  • သွားကျန်းမာရေး စစ်ဆေးမှု

လူနာများ၏ ဗဟိုသွေးပြန်ကြောတွင် ပိုက်ထည့်မထားရသေးပါက အပ်များ မကြာခဏမထိုးရစေရန် ဗဟိုသွေးပြန်ကြောတွင် အကြောပိုက်ထည့်ပါမည်။

လူနာမိသားစုများသည် စိတ်ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာရေးကိုဆွေးနွေးရန် လူမှုဝန်ထမ်း သို့မဟုတ် စိတ်ပညာရှင်တစ်ဦးနှင့်တွေ့ဆုံပါမည်။ အာမခံအတည်ပြုချက်များ၊ ငွေကြေးကိစ္စများနှင့်ပတ်သက်၍ အကူအညီရယူရန် ငွေကြေးအတိုင်ပင်ခံတစ်ဦးနှင့်လည်း တွေ့ဆုံရမည်ဖြစ်သည်။

အလှူရှင်တစ်ဦးကို ရှာဖွေခြင်း

ဆေးရုံရှိ အစားထိုးကုသမှုအဖွဲ့သည် အလှူရှင်အားရှာဖွေရာတွင် ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။ အလှူရှင်နှင့် လူနာ၏ ဟီမတိုပိုအီးတစ်ခ် ဆဲလ်များတွင် တူညီသော မျိုးရိုးဗီဇအမှတ်အသားများ ရှိရမည်ဖြစ်သောကြောင့် သွေးသားတော်စပ်မှုအရ တူညီသောမိဘများမှ မွေးဖွားသည့် မောင်နှမတစ်ဦးသည် အရင်ဆုံး ရွေးချယ်သင့်သူတစ်ဦး ဖြစ်ပါသည်။ အဆိုပါအမှတ်အသားများသည် လူ့ခန္ဓာကိုယ်အတွင်းရှိ လူကိုဆိုက် ပဋိဇာတ်များ (HLA) ဟုခေါ်သည့် ပရိုတင်းများဖြစ်သည်။ တစ်စုံတစ်ဦးနှင့် HLA ကိုက်ညီခြင်းရှိမရှိ ဆုံးဖြတ်ရာတွင် HLA စစ်ဆေးမှု ပြုလုပ်ရန်လိုပြီး အဆိုပါစစ်ဆေးမှုတွင် လူနာနှင့် အလားအလာရှိသော အလှူရှင်၏ သွေးနမူနာကိုရယူခြင်း ပါဝင်ပါသည်။ အခြေအနေအချို့တွင် အဆိုပါစစ်ဆေးမှုအတွက် ပါးစောင်တွင်ဂွမ်းဖတ်ဖြင့်ရယူထားသည့် DNA နမူနာကို အသုံးပြုနိုင်ပါသည်။ ထို့နောက် ဆဲလ်များကို ဓာတ်ခွဲခန်းတစ်ခုသို့ပို့၍ စစ်ဆေးပါသည်။

အဆိုပါမျိုးရိုးဗီဇအမှတ်အသားများသည် မိဘများထံမှ ဆင်းသက်လာခြင်းဖြစ်သည့်အတွက် အစ်ကို/ညီ သို့မဟုတ် အစ်မ/ညီမ တစ်ဦးတွင် ကိုက်ညီမှုအရှိနိုင်ဆုံးဖြစ်ပါသည်။ လူနာနှင့် မောင်နှမတော်စပ်သူတို့မှာ ဇီဝဗေဒတော်စပ်မှုအရ တူညီသောမိဘများမှ မွေးဖွားလာပါက အစ်ကို/ညီနှင့် အစ်မ/ညီမတစ်ဦးစီတွင် လူနာနှင့် HLA ကိုက်ညီနိုင်ခြေ 25 ရာခိုင်နှုန်း ရှိပါသည်။ ယင်းအချက်ကြောင့် လူနာ ၇၀% ခန့်တွင် မောင်နှမထဲမှ ကိုက်ညီသောအလှူရှင်ကို ရနိုင်မည်မဟုတ်ပါ။

ကိုက်ညီသော မောင်နှမတစ်ဦးမှမရှိပါက စောင့်ရှောက်ကုသရေးအဖွဲ့သည် နိုင်ငံတော် ရိုးတွင်းခြင်ဆီ အလှူရှင်အစီအစဉ်၏ Be the Match® မှတ်ပုံတင်ဌာနမှတစ်ဆင့် ဆွေမျိုးတော်စပ်မှုမရှိသည့် အလှူရှင်တစ်ဦး သို့မဟုတ် ချက်ကြိုးထဲရှိ သွေးယူနစ် (အစားထိုးကုသမှု စင်တာက ချက်ကြိုးထဲရှိသွေးဖြင့် အစားထိုးကုသမှုများ လုပ်ဆောင်ပါက) တို့ကို ရှာဖွေမည်ဖြစ်သည်။ လူနာ 30 ရာခိုင်နှုန်းခန့်သည် ဆွေမျိုးတော်စပ်မှုမရှိသော ကိုက်ညီသည့်အလှူရှင်တစ်ဦးကို ရှာတွေ့တတ်ပါသည်။

လုံးဝကိုက်ညီသူတစ်ဦးကို ရှာမတွေ့ပါက HLA နှင့်ကိုက်ညီရန် နီးစပ်မှုသာရှိပြီး ကွက်တိမကျသည့် အလှူရှင်တစ်ဦးကိုအသုံးပြုရန် ဆရာဝန်မှ အကြံပြုနိုင်ပါသည်။ မကိုက်ညီသော အလှူရှင်ထံမှ  အစားထိုးမှုများကို အတန်အသင့်လုပ်ဆောင်လေ့ရှိကာ အများစုမှာ အောင်မြင်ပါသည်။

နီးစပ်စွာ ကိုက်ညီမှုရှိသည့် သင့်တော်သောအလှူရှင်ကို ရှာမတွေ့သည့်လူနာများအတွက် အခြေအနေအချို့တွင် “တစ်ဝက်ကိုက်ညီသည့်” မိသားစုဝင်တစ်ဦးထံမှ ရိုးတွင်းခြင်ဆီ သို့မဟုတ် အရန် ဟီမတိုပိုအီးတစ်ခ် ဆဲလ်များကို အသုံးပြုနိုင်ပါသည်။ ထိုကဲ့သို့သော အစားထိုးကုသမှုအမျိုးအစားကို ဟက်ပလိုအိုင်ဒန်တီကီ (တစ်ဝက်ကိုက်ညီသော) ရိုးတွင်းခြင်ဆီဖြင့် အစားထိုးမှုဟု ခေါ်ပါသည်။ 

စစ်ဆေးခြင်း

အလှူရှင်များသည်လည်း ဆေးဘက်ဆိုင်ရာအရ သင့်တော်နိုင်သည့်သူတစ်ဦး ဖြစ်ရပါမည်။ Be the Match မှတစ်ဆင့် အလှူရှင်စင်တာသည် အလားအလာရှိသောအလှူရှင်ကို အောက်ပါကျန်းမာရေးအခြေအနေအချို့ ရှိ၊ မရှိကို စစ်ဆေးမည်ဖြစ်သည်-

  • HIV/ AIDS
  • အဒီဆင် ရောဂါ
  • အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲသည့် ရောဂါကဲ့သို့ ပြင်းထန်သော အဆစ်ရောင်နာ
  • ပြင်းထန်သော ပန်းနာရင်ကျပ်
  • နာတာရှည် ဦးနှောက်နှင့် ကျောရိုးနာ့ဗ်ကြောရှိ အာရုံကြောများ ထိခိုက်ပျက်စီးမှု ရောဂါ၊ ကိုယ်ခံအားဖောက်ပြန်မှု ရောဂါ၊ နာတာရှည် ပင်ပန်းနွမ်းလျမှု ခံစားရသော ရောဂါ သို့မဟုတ် နာတာရှည် ကြွက်သားနှင့် အရိုးနာကျင်မှုရောဂါကဲ့သို့သော ခန္ဓာကိုယ်ကို လွဲမှား၍ ပြန်လည်တိုက်ခိုက်သည့် ကိုယ်ခံအားစနစ်ရောဂါ
  • နာတာရှည် ပြင်းထန်သော နောက်ကျော၊ တင်ပါး၊ လည်ပင်း သို့မဟုတ် ကျောရိုးပြဿနာများ သို့မဟုတ် ခွဲစိတ်ထားမှုများ
  • သွေးတိတ်မလွယ်သည့်ရောဂါကဲ့သို့ သွေးထွက်သည့်ပြဿနာများ၊ ရိုးတွင်းခြင်ဆီခမ်း ရောဂါ သို့မဟုတ် ခန္ဓာကိုယ်အတွင်းထဲရှိ သွေးပြန်ကြောတစ်ခုမကတွင် သွေးခဲဖူးသည့် မှတ်တမ်း။
  • ဦးနှောက်ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် ခွဲစိတ်မှု
  • နာတာရှည် အဆုတ်ပွရောဂါ၊ အဆုတ်အတွင်းရှိ လေအိတ်ငယ်များ ပျက်စီးခြင်း၊ အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်း သို့မဟုတ် အဆုတ်ကို အဓိကထိခိုက်စေသောကြောင့် အသက်ရှူရခက်ခဲစေသည့် မျိုးရိုးလိုက်ရောဂါကဲ့သို့ အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ
  • ကင်ဆာ
  • ဆီးချို
  • ဝက်ရူးပြန်ရောဂါ
  • နှလုံးရောဂါ၊ နှလုံးဖောက်ခြင်းများ သို့မဟုတ် နှလုံးခွဲစိတ်ထားဖူးသည့် မှတ်တမ်း
  • တံတွေးမှတစ်ဆင့် ကူးစက်နိုင်သည့် မိုနိုနျူကလီယိုးစစ် သို့မဟုတ် ဆိုက်တိုမက်ဂါလိုဗိုင်းရပ်စ် (CMV) ကြောင့် ဖြစ်ပွားသည့် အသားဝါရောဂါ
  • ပြင်းထန်သော သို့မဟုတ် နာတာရှည် ကျောက်ကပ်ပြဿနာများ
  • အသည်းရောင်ရောဂါ၊ အသည်းခြောက်ရောဂါ သို့မဟုတ် ဝီလ်ဆင်ရောဂါကဲ့သို့ အသည်းရောဂါ
  • နာတာရှည် Lyme ရောဂါ
  • စိတ်ကစဉ့်ကလျားရောဂါကဲ့သို့သော ပြင်းထန်သည့် စိတ်ကျန်းမာရေး ပြဿနာ
  • ယခင် ကိုယ်အင်္ဂါအစိတ်အပိုင်း သို့မဟုတ် တစ်ရှူး အစားထိုးခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း
  • ပြင်းထန်သည့် ကြမ်းထော်သော အနီအပိမ့်များထသည့် အရေပြားရောဂါတစ်မျိုး
  • အဆုတ်နာ တီဘီရောဂါ
  • ရိုးရိုးမေ့ဆေး သို့မဟုတ် နေရာကွက်၍ပေးသော ထုံဆေးကြောင့်ဖြစ်သည့် ပြဿနာများ

အလှူရှင်ဆဲလ်များကို စုဆောင်းရယူခြင်း

သွေးဖြစ်ပေါ်စေသည့် ဆဲလ်များကို ရိုးတွင်းခြင်ဆီ၊ ခြေ/လက်တို့ရှိ (လည်ပတ်နေသည့်) သွေးနှင့် လှူဒါန်းထားသည့် ချက်ကြိုးများထဲရှိ သွေးတို့မှ စုဆောင်းရယူနိုင်ပါသည်။ အဆိုပါလုပ်ဆောင်ချက်ကို စုစည်းရယူခြင်းဟုခေါ်သည်။

  1. အစားထိုးရန် ဆဲလ်များကို ရိုးတွင်းခြင်ဆီမှရယူပါက စုဆောင်းရယူသည့် လုပ်ငန်းစဉ်ကို “ရိုးတွင်းခြင်ဆီမှ စုစည်းရယူခြင်း” ဟုခေါ်သည်။ ရိုးတွင်းခြင်ဆီမှ စုစည်းရယူမှု လုပ်ဆောင်နေစဉ်အတွင်း အလှူရှင်ကို အိပ်ပျော်နေစေရန် ရိုးရိုးမေ့ဆေးပေးခြင်းဖြစ်စေ၊ ခါးအောက်ပိုင်းတွင် ခံစားရခြင်းမရှိစေရန် နေရာကွက်၍ ထုံဆေးပေးခြင်းဖြစ်စေ လုပ်ဆောင်နိုင်သည်။ အပ်များကို တင်ပါးဆုံ (တင်ပါး) အရိုးပေါ်ရှိ အသားနေရာမှ ရိုးတွင်းခြင်ဆီထဲထိရောက်အောင် ထိုးသွင်းပြီး ထိုအရိုးထဲမှ သွေးဖြစ်ပေါ်စေသည့် ဆဲလ်များကို ထုတ်ယူပါသည်။ ခြင်ဆီကို စုစည်းရယူခြင်းမှာ တစ်နာရီခန့်ကြာပါသည်။

    ထို့နောက် စုစည်းရယူထားသည့် ရိုးတွင်းခြင်ဆီမှ သွေးနှင့် အရိုးအပိုင်းအစများကို ဖယ်ရှားရန် စီမံဆောင်ရွက်ပါသည်။ အော်တိုလဂတ်စ်နည်းဖြင့် အစားထိုးကုသရာတွင် ရိုးတွင်းခြင်ဆီမှ စုစည်းရယူထားသည့် ဆဲလ်များကို လိုအပ်သည့်အချိန်အထိ ရှင်သန်နေစေရန် တာရှည်ခံဆေးတစ်ခုဖြင့် ပေါင်းစပ်၍ အေးခဲထားနိုင်ပါသည်။ အဆိုပါနည်းစနစ်ကို အေးခဲ၍ ထိန်းသိမ်းထားခြင်းဟုခေါ်သည်။ သွေးဖြစ်ပေါ်စေသည့် ဆဲလ်များကို နှစ်ပေါင်းများစွာကြာအောင် အေးခဲ၍ ထိန်းသိမ်းထားနိုင်ပါသည်။

  2. အစားထိုးရန် လိုအပ်သော သွေးဖြစ်ပေါ်စေသည့် ဆဲလ်များကို သွေးစီးကြောင်းထဲမှရယူပါက အဆိုပါလုပ်ဆောင်ချက်ကို သွေးထဲမှ လိုအပ်သည့်ဆဲလ်ကို ခွဲထုတ်ရယူသည့်နည်း (အက်ဖဲ့ရဲ့စစ်) သို့မဟုတ် သွေးနမူနာမှ သွေးဖြူဥဆဲလ်များ ခွဲထုတ်ရယူမှု လုပ်ငန်းစဉ် (လူကာဖဲရစစ်) ဟု ခေါ်သည်။ ရိုးတွင်းခြင်ဆီမှ ဟီမတိုပိုအီးတစ်ခ် ဆဲလ်များကို ပိုမို၍ပြုလုပ်ကာ ၎င်းတို့ကို သွေးစီးကြောင်းထဲသို့ ထုတ်လွှတ်ပေးအောင် လှုံ့ဆော်ပေးရန် သွေးထဲမှ လိုအပ်သည့်ဆဲလ်ကို ခွဲထုတ်ရယူသည့်နည်း (Apheresis) မလုပ်ဆောင်မီ ရက်အတော်ကြာအောင် အလှူရှင် သို့မဟုတ် လူနာကို သွေးဖြူဆဲလ်များ ထုတ်လုပ်မှုကို အားပေးသော ဂလိုင်ကို ပရိုတင်း (G-CSF) ဟုခေါ်သည့် ဆေးကို သွင်းပေးနိုင်သည်။

    သွေးထဲမှ လိုအပ်သည့်ဆဲလ်ကို ခွဲထုတ်ရယူသည့်နည်း (အက်ဖဲ့ရဲ့စစ်) တွင် လက်မောင်းရှိ ကြီးမားသော သွေးပြန်ကြောမှတစ်ဆင့် သို့မဟုတ် ပင်မသွေးပြန်ကြောပိုက် (လည်ပင်း၊ ရင်ဘတ် သို့မဟုတ် ပေါင်ခြံဧရိယာရှိ ကြီးမားသော သွေးပြန်ကြောတစ်ခုအတွင်း ထည့်သည့် ပျော့ပြောင်းသောပိုက်) မှတစ်ဆင့် သွေးကိုထုတ်ယူသည်။ သွေးသည် ဟီမတိုပိုအီးတစ်ခ်ဆဲလ်များကို ခွဲထုတ်ဖယ်ရှားလိုက်သည့် စက်ကို ဖြတ်သန်းသွားသည်။ ထို့နောက် ကျန်ရှိသည့် သွေးကို အလှူရှင်ထံ ပြန်သွင်းပေးသည်။ သွေးထဲမှ လိုအပ်သည့်ဆဲလ်ကို ခွဲထုတ်ရယူသည့်နည်း (အက်ဖဲ့ရဲ့စစ်) ကိုလုပ်ဆောင်ရာတွင် 4 နာရီမှ 6 နာရီအထိ ကြာမြင့်ပါသည်။

    အဲလဂျနိတ်ခ်နည်းဖြင့် အစားထိုးကုသရန်အတွက်လူနာထံမှ စုဆောင်းရယူထားသည့် ဆဲလ်များကို လိုအပ်သည့်အချိန်တွင် သုံးနိုင်ရန် အေးခဲထားပါမည်။ အဲလဂျနိတ်ခ်နည်းဖြင့် အစားထိုးကုသရန်အတွက်အလှူရှင်ဆဲလ်များကို နည်းစနစ်တစ်ခုဖြင့် စီမံပြုပြင်၍ စုဆောင်းရယူပြီးနောက် လတ်ဆတ်သောဆဲလ်များကို လူနာထံ အမြန်ဆုံးသွင်းပေးပါသည်။

  3. သွေးဖြစ်ပေါ်စေသည့် ဆဲလ်များကို ချက်ကြိုးထဲရှိ သွေးမှလည်း ပြန်ထုတ်ယူနိုင်ပါသည်။ ယင်းကိုလုပ်ဆောင်ရန် မိခင်သည် ကလေးမမွေးဖွားမီ ချက်ကြိုးထဲရှိသွေး စုဆောင်းထိန်းသိမ်းသည့်ဘဏ်တစ်ခုနှင့် ဆက်သွယ်ရပါမည်။ ချက်ကြိုးထဲရှိသွေး စုဆောင်းထိန်းသိမ်းသည့်ဘဏ်မှ သူမအား မေးခွန်းလွှာကိုဖြေဆို၍ သွေးနမူနာအနည်းငယ်ပေးရန် တောင်းဆိုနိုင်ပါသည်။

    ချက်ကြိုးထဲရှိသွေး စုဆောင်းထိန်းသိမ်းသည့်ဘဏ်များမှာ အများပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် ဖြစ်နိုင်ပါသည်။ ချက်ကြိုးထဲရှိသွေး စုဆောင်းထိန်းသိမ်းသည့် အများပိုင်ဘဏ်များသည် ချက်ကြိုးထဲရှိ သွေးလှူဒါန်းမှုများကိုလက်ခံပြီး အစားထိုးမှုကို လိုအပ်သည့် အခြားကိုက်ညီသူတစ်ဦးအား လှူဒါန်းထားသည့် ဆဲလ်များကို ထောက်ပံ့ပေးနိုင်ပါသည်။ ချက်ကြိုးထဲရှိသွေး စုဆောင်းထိန်းသိမ်းသည့် ပုဂ္ဂလိကဘဏ်များမှာမူ ကလေး သို့မဟုတ် အခြားမိသားစုဝင်တစ်ဦး နောင်တစ်ချိန်တွင်လိုအပ်လာပါက အသုံးပြုနိုင်ရန် မိသားစုအတွက် ချက်ကြိုးထဲရှိသွေးကို သိမ်းဆည်းပေးထားပါသည်။ မိသားစုသည် ချက်ကြိုးထဲရှိ သွေးကို စုဆောင်းရယူ၍ သိမ်းဆည်းမှုအတွက် ငွေပေးချေရမည်ဖြစ်သည်။ 2017 ခုနှစ် အမေရိကန် ကလေးအထူးကုဆရာဝန်များ အဖွဲ့၏ အလားအလာရှိသော အနာဂတ် အစားထိုးကုသမှုအတွက် ချက်ကြိုးထဲရှိ သွေးကို စုဆောင်းထိန်းသိမ်းထားသည့် ဘဏ်လုပ်ငန်းဆိုင်ရာ ထုတ်ပြန်ချက်အရ “ယခုလက်ရှိအချိန်တွင် အသုံးပြုရန် အထောက်အထားကို တွေ့ရှိရပါက ချက်ကြိုးထဲရှိသွေး စုဆောင်းထိန်းသိမ်းသည့် ပုဂ္ဂလိကဘဏ်များ၏ ထိန်းသိမ်းပေးထားသည့် ကုန်ကျစရိတ်နှင့် တန်ဖိုးကို ပံ့ပိုးမပေးပါ” ဟု ဖော်ပြထားသည်။

    ကလေးမွေးဖွားပြီး၍ ချက်ကြိုးဖြတ်လိုက်ပြီးနောက်တွင် ချက်ကြိုးနှင့် အချင်းထဲမှ သွေးကို ပြန်ထုတ်ယူပါသည်။ မိခင်မှသဘောတူပါက ချက်ကြိုးထဲရှိ သွေးကို နည်းစနစ်တစ်ရပ်ဖြင့် စီမံပြုပြင်၍ အေးခဲကာ ချက်ကြိုးထဲရှိသွေး စုဆောင်းသည့်ဘဏ်တွင် သိမ်းဆည်းထားပါသည်။

အစားထိုးမှုကို ဘယ်လိုဆောင်ရွက်သလဲ

အစားထိုးမှုသည် ခက်ခဲရှုပ်ထွေးသည့် ခွဲစိတ်မှု လုပ်ငန်းစဉ်တစ်ခုဟု လူနာအများစုမှယူဆသော်လည်း အစားထိုးကုသမှုမှာ အတော်လေး ရိုးရှင်းသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ ၎င်းသည် သွေးသွင်းခြင်းနှင့် အလွန်ဆင်တူသည်။ အိတ်တစ်အိတ် သို့မဟုတ် ဆေးထိုးပြွန်ထဲရှိ အလှူရှင်ဆဲလ်များကို လူနာ၏ ပင်မသွေးပြန်ကြောပိုက်ဖြင့် ချိတ်ဆက်ပေးသည်။ ယင်းမှာ မိနစ်အနည်းငယ်မှ နာရီအနည်းငယ်အထိသာ ကြာပြီး နာကျင်မှုမရှိပါ။

သွေးစီးကြောင်းထဲသို့ ဝင်ရောက်ပြီးနောက် ဟီမတိုပိုအီးတစ်ခ် ဆဲလ်များသည် ရိုးတွင်းခြင်ဆီသို့ ရောက်ရှိသွားပြီး ထိုနေရာတွင် ၎င်းတို့ စတင်ကွဲထွက်ကာ သွေးဖြူဆဲလ်များ၊ သွေးနီဆဲလ်များနှင့် သွေးဥမွှားများ ဖြစ်လာပါသည်။ ယင်းကို ခန္ဓာကိုယ်မှ အစားထိုးသွေးဆဲလ်များကို လက်ခံမှုဖြစ်စဉ်ဟုခေါ်သည်။ ခန္ဓာကိုယ်မှ အစားထိုးသွေးဆဲလ်များကို လက်ခံမှုဖြစ်စဉ်သည် အများအားဖြင့် 2-4 ပတ်အတွင်း ဖြစ်ပွားသည် (သွေးဆဲလ်များကို ချက်ကြိုးမှရယူထားပါက ပိုကြာပါသည်)။ အော်တိုလဂတ်စ်နည်း (လူနာ၏ ကိုယ်ပိုင်ဆဲလ်များကို အသုံးပြု၍) အစားထိုးကုသမှုအတွက် ကိုယ်ခံအားစနစ် အပြည့်အဝပြန်လည်ကောင်းမွန်လာစေရန် 6 လအထိ ကြာနိုင်ပါသည်။ အဲလဂျနိတ်ခ်နည်း (ဆွေမျိုးတော်စပ်သည့် သို့မဟုတ် ဆွေမျိုးတော်စပ်မှုမရှိသည့် အလှူရှင်ဆဲလ်များကို အသုံးပြု၍) အစားထိုးကုသမှုအတွက် ကိုယ်ခံအားစနစ် အပြည့်အဝ ပြန်လည်ကောင်းမွန်လာစေရန် တစ်နှစ်အထိ ကြာနိုင်ပါသည်။

ဆေးရုံတက်နေစဉ်အတွင်း မျှော်လင့်ထားရမည့်အရာများ

  1. လူနာများသည် ဆေးရုံတွင်ရှိနေစဉ် အနည်းဆုံး 4-6 ပတ်နှင့် ပို၍ကြာကောင်းကြာနိုင်သည့် အချိန်အတွင်း ၎င်းတို့နှင့်အတူ နေထိုင်ပေးမည့် မိဘ သို့မဟုတ် အခြားအရွယ်ရောက်သူ မိသားစုဝင်တစ်ဦးကို လိုအပ်ပါသည်။ လူနာများမှာ အစားထိုးကုသမှု လူနာများ၊ ကိုယ်ခံအား နည်းပါးလွန်းသည့် သို့မဟုတ် လုံးဝမရှိတော့သော လူနာများကိုထားလေ့ရှိသည့် ဆေးရုံ၏ အထူးကြပ်မတ်ဆောင်တစ်ခုတွင် နေရန်လိုနိုင်ပါသည်။ ကူးစက်ရောဂါ ထိန်းချုပ်မှု လမ်းညွှန်ချက်များမှာလည်း ဆေးရုံ၏ အခြားသောနေရာများနှင့် ကွာခြားသည်။

    မိဘများက ၎င်းတို့၏ကလေးကို အလှည့်ကျစောင့်ရှောက်ခြင်းမှာ အကောင်းဆုံးဖြစ်ပါသည်။ အကြောင်းမှာ စောင့်ရှောက်သူတစ်ဦးအဖြစ် လုပ်ဆောင်ရခြင်းမှာ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ အားအင်ကုန်ခမ်းစေသောကြောင့်ဖြစ်ပါသည်။ မိဘနှစ်ဦးစလုံး မအားပါက အခြားမိသားစုဝင်တစ်ယောက်ယောက်ကို စဉ်းစားကြည့်ပါ။ စောင့်ရှောက်မှုပေးသူတိုင်းကို လေ့ကျင့်သင်ကြားပေးရမည်ဖြစ်သောကြောင့် ကြိုတင်အစီအစဉ်ဆွဲပါ။

    အလုပ်လုပ်ကိုင်နေပါက မိဘများသည် ၎င်းတို့၏ အလုပ်ရှင်နှင့် တွေ့ဆုံ၍ ရိုးတွင်းခြင်ဆီ အစားထိုးမှု လုပ်ငန်းစဉ်အကြောင်းရှင်းပြကာ ကလေး၏ အဓိကစောင့်ရှောက်သူအဖြစ် ၎င်းတို့လုပ်ဆောင်ရန် လိုအပ်မည့်အရာများကို ရှင်းပြသင့်ပါသည်။

  2. ဆေးရုံတက်နေစဉ် အစောပိုင်းကာလအတွင်း လူနာများသည် ဓာတ်ကင်၍ဖြစ်စေ၊ ဓာတ်မကင်ဘဲဖြစ်စေ ပမာဏများသော ဓာတုကုထုံးကို ခံယူရမည်ဖြစ်သည်။

    ဓာတုကုထုံး (နှင့် အသုံးပြုပါက ဓာတ်ရောင်ခြည်ပေးခြင်း) သည် ကင်ဆာဆဲလ်များကို တိုက်ခိုက်ပေးပြီး တစ်ချိန်တည်းမှာပင် ကျန်းမာသောအလှူရှင်ဆဲလ်များအတွက် နေရာကိုလည်း ဖန်တီးပေးသည်။ ၎င်းသည် လက်ခံသူမှ အလှူရှင်၏ဆဲလ်များကို မငြင်းပယ်နိုင်စေရန် လက်ခံသူ၏ ကိုယ်ခံအားကိုလည်း အားနည်းအောင် ပြုလုပ်ပေးသည်။ လူနာများသည် ကူးစက်ရောဂါများ မဖြစ်ပွားစေရန် နှာခေါင်းစည်းတပ်ခြင်းနှင့် လက်များကို မကြာခဏဆေးခြင်းကဲ့သို့ ကြိုတင်ကာကွယ်မှုများစွာကို လုပ်ဆောင်ရပါမည်။

    ထို့ပြင် လူနာနှင့်အတူ နေထိုင်နေသော သို့မဟုတ် လူနာထံ လာရောက်သတင်းမေးသူမှန်သမျှကိုလည်း ကူးစက်ရောဂါများနှင့် ကူးစက်တတ်သော ဖျားနာမှုများ ရှိ/မရှိ စစ်ဆေးပါသည်။ အစားထိုးကုသမှု စင်တာတိုင်းက မတူညီသောကြောင့် မိသားစုများအနေဖြင့် ဆေးရုံအလိုက် တိကျသော စည်းမျဉ်းများနှင့် လမ်းညွှန်ချက်များကို မေးမြန်းထားသင့်ပါသည်။

    ယေဘုယျအားဖြင့်-

    • ဆေးရုံတက်ခွင့်မပြုမီ လူနာများနှင့် မိသားစုဝင် စောင့်ရှောက်သူများသည် စစ်ဆေးမှုစံနှုန်းအချို့ကို ပြည့်မီရမည်ဖြစ်ပြီး အစားထိုးမှုအတွက် ကူးစက်ရောဂါထိန်းချုပ်မှု လမ်းညွှန်ချက်များကိုပါ လိုက်နာရမည်ဖြစ်သည်။
    • လူနာနှင့် မိသားစုဝင် စောင့်ရှောက်သူတို့ကိုသာ ညအိပ်နေခွင့်ပြုပါသည်။
    • ဧည့်တွေ့ချိန်များကိုလည်း တစ်နေ့လျှင် နာရီအနည်းငယ်သာ တွေ့ဆုံရန် ကန့်သတ်ထားပါသည်။ အဓိက စောင့်ရှောက်သူပေးနေကို ဧည့်သည်အဖြစ် မယူဆပါ။
    • အများအားဖြင့် အခန်းထဲတွင် ရှိနိုင်သည့် စောင့်ရှောက်သူများနှင့် လူနာသတင်းမေးသူများ၏ အရေအတွက်ကို ကန့်သတ်ထားပါသည်။ 
    • မောင်နှမများနှင့် ဆွေမျိုးမတော်စပ်သည့် လူနာသတင်းမေးသူများအတွက် အသက်ကန့်သတ်ချက်များ ရှိနိုင်ပါသည်။
    • လူနာစောင့်ရှောက်သူနှင့် လူနာသတင်းမေးသူအားလုံးသည် လူနာအခန်းထဲ မဝင်ရောက်မီနှင့် ထွက်ခွာချိန်တွင် ၎င်းတို့၏လက်များကို ဆေးကြောရပါမည်။
  3. ဤအရာအားလုံးမှာ အစပိုင်းတွင် ထိတ်လန့်စရာကောင်းပုံပေါ်နိုင်သော်လည်း ကလေးများကို အတတ်နိုင်ဆုံး စိတ်သက်သောင့်သက်သာဖြစ်စေရန် စောင့်ရှောက်ကုသမှုအဖွဲ့မှ ကူညီပေးမည်ဖြစ်ပါသည်။ လူနာများသည် မိမိ၏အိမ်တွင်နေရသကဲ့သို့ ခံစားရစေရန် အရုပ်များနှင့် အခြားပစ္စည်းအချို့ကို ယူလာနိုင်ပါသည်။ ကလေးကျန်းမာရေး ကျွမ်းကျင်ပညာရှင်များသည် ဂိမ်းများနှင့် လက်မှုအတတ်ပညာများကဲ့သို့ ပျော်စရာကောင်းသော လုပ်ဆောင်ချက်များကို ပံ့ပိုးပေးနိုင်ပါသည်။ ပြန်လည်သန်စွမ်းရေး ကုထုံးပညာရှင်များသည် လူနာများ လေ့ကျင့်ခန်းလုပ်ရာတွင် ကူညီပေးပြီး တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား နေထိုင်ပုံနှင့် ပတ်သက်၍ အကြံပြုချက်များကို ပေးပါမည်။

    မိသားစု၊ သူငယ်ချင်းများ၊ ပုံမှန်လုပ်ငန်းဆောင်တာများနှင့် ကင်းကွာနေရခြင်းသည် ခက်ခဲပင်ပန်းနိုင်သောကြောင့် ကလေးများနှင့် ဆယ်ကျော်သက်များအား မက်ဆေ့ချ်များ၊ လူမှုမီဒီယာ၊ ဗီဒီယိုဖြင့်စကားစမြည်ပြောခြင်း၊ အီးမေးလ်များ၊ ဖုန်းဆက်သွယ်မှုများနှင့် စာများမှတစ်ဆင့် အခြားသူများနှင့် အဆက်အသွယ်မပြတ်ပြုလုပ်ပေးရန် တိုက်တွန်းပါသည်။

  4. အစားထိုးကုသမှုခံယူရမည့် လူနာများသည် ဆေးရုံတွင်ရှိနေစဉ် ကျောင်း တက်နိုင်မည် မဟုတ်သော်လည်း ကျောင်းတက်လိုသည့်ဆန္ဒရှိပါက ကျောင်းစာအချို့ကို ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ လူနာစောင့်ရှောက်သူများမှ ၎င်းတို့ကလေး၏ကျောင်းနှင့် ဆွေးနွေးပြောဆိုသင့်ပြီး အစားထိုးကုသမှု စင်တာ၏ ကျောင်းအစီအစဉ် သို့မဟုတ် ကျောင်း၏ဆက်ဆံရေးအရာရှိစသူတို့ကိုလည်း ဆက်သွယ်သင့်ပါသည်။

အစားထိုးမှု အောင်မြင်ခြင်း ရှိ၊ မရှိ ဘယ်လိုသိနိုင်သလဲ

ဆရာဝန်များသည် လူနာမှ သွေးဆဲလ်သစ်များကို ထုတ်လုပ်ကြောင်း (လူနာ၏ခန္ဓာကိုယ်က အစားထိုးသွေးဆဲလ်များကို လက်ခံကြောင်း) နှင့် ကင်ဆာရောဂါပြန်မဖြစ်ကြောင်း အတည်ပြုရန် သွေးစစ်ချက်အမျိုးမျိုး၏အဖြေများကို ဆန်းစစ်မည်ဖြစ်သည်။ အစားထိုးပြီးနောက် လူနာများ၏သွေးကို နေ့စဉ်ဖောက်ယူပြီး ဓာတ်ခွဲခန်းထဲတွင် စစ်ဆေးမည်ဖြစ်သည်။ ဆရာဝန်များသည် ခန္ဓာကိုယ်အတွင်း သွေးနီဆဲလ်၊ သွေးဖြူဆဲလ်နှင့် သွေးဥမွှားအရေအတွက် မည်မျှရှိသည်ကို ရေတွက်ပါမည်။ ၎င်းတို့ကို နေ့စဉ်ရေတွက်သောကြောင့် ဆရာဝန်များနှင့် လူနာများသည် တိုးတက်မှုအခြေအနေကို စောင့်ကြည့်နိုင်ပါသည်။ လူတစ်ဦးနှင့်တစ်ဦး မတူညီသောကြောင့် ခန္ဓာကိုယ်မှ အစားထိုးသွေးဆဲလ်များကို လက်ခံမှုမှာလည်း မတူညီသောအချိန်များတွင် ဖြစ်ပွားနိုင်ပါသည်။ အများအားဖြင့် ယင်းသည် နှစ်ပတ်မှ တစ်လအထိ ကြာပါသည်။ သွေးဖြူဆဲလ်များကို ခန္ဓာကိုယ်မှ အရင်ဆုံးလက်ခံပြီး ယင်းနောက် သွေးနီဆဲလ်များနှင့် ပြီးလျှင် သွေးဥမွှားများကို လက်ခံပါသည်။ လူနာများသည် ခန္ဓာကိုယ်မှ အစားထိုးသွေးဆဲလ်များကို လက်ခံမှု ဖြစ်ပွားရန် စောင့်ဆိုင်းနေစဉ် သွေးဆဲလ်အရေအတွက်များ စိတ်ချရသည့်အပိုင်းအခြားအတွင်းရှိနေစေရန် လူနာများကို သွေးနီဆဲလ်များနှင့် သွေးဥမွှားများ သွင်းပေးနိုင်ပါသည်။

ရိုးတွင်းခြင်ဆီ ထုတ်ယူခြင်း(မိုက်ခရိုစကုပ်အောက်တွင် စစ်ဆေးကြည့်ရှုရန် ရိုးတွင်းခြင်ဆီ နမူနာအနည်းငယ်ကို အပ်ဖြင့် ထုတ်ယူခြင်း) ဖြင့် ဆရာဝန်များသည် သွေးဖြစ်ပေါ်စေသည့် ဆဲလ်သစ်များ မည်မျှကောင်းစွာ အလုပ်လုပ်ဆောင်နေကြောင်းနှင့် ကင်ဆာရောဂါ သက်သာပျောက်ကင်းသွားခြင်း ရှိ/မရှိကိုပါ ဆုံးဖြတ်နိုင်ပါသည်။

လူနာ ဆေးရုံဆင်းပြီးနောက်

လူနာများ အစားထိုးကုသဆောင်မှ ဆင်းရသည့်အခါ ၎င်းတို့၏ ကိုယ်ခံအားစနစ်များသည် အားနည်းနေဆဲဖြစ်ပြီး ကူးစက်ရောဂါများကို တိုက်ခိုက်ရာတွင် အခက်အခဲရှိနေဦးမည်ဖြစ်ပါသည်။ အဆိုပါကူးစက်ရောဂါအချို့မှာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါသည်။ ဆေးရုံဆင်းပြီးနောက် လူနာများသည် ၎င်းတို့၏ ကိုယ်ခံအားစနစ်များ ပုံမှန်ပြန်ဖြစ်လာသည့်အချိန်အထိ နေအိမ်တွင် ၎င်းတို့နှင့်အတူနေပေးမည့် စောင့်ရှောက်သူတစ်ဦးကို လိုအပ်မည်ဖြစ်သည်။ ကိုယ်ခံအားစနစ်များ ပုံမှန်ပြန်ဖြစ်လာရန် လအနည်းငယ်မှ နှစ်ချီ ကြာနိုင်ပါသည်။

  1. မိသားစုမှာ ဆေးရုံအနီးအနားတွင်နေထိုင်ပါက လူနာမှာ အိမ်သို့ပြန်နိုင်ပါသည်။ ထိုသို့မဟုတ်ပါက လူနာမိသားစုသည် ဆေးရုံအနီးရှိ အထူးအဆောင်တစ်ခုတွင် နေရန်လိုပါမည်။ လူနာများသည် ပထမရက်သတ္တပတ်အနည်းငယ်အတွင်း ချိန်းဆိုထားမှုများအတွက် ဆေးရုံသို့ မကြာခဏ ပြန်လာပြရပါမည်။ မိသားစုများသည် တစ်နေကုန်နေရန် ပြင်ဆင်ထားသင့်ပါသည်။ လူနာကို ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုပြုလုပ်မည်ဖြစ်ပြီး စစ်ဆေးမှုများနှင့် ကုသမှုများ ပြုလုပ်ရန်လည်း လိုနိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ လူနာများတွင် ပြဿနာများ သို့မဟုတ် နောက်ဆက်တွဲ ထပ်တိုးရောဂါသစ်များ ဖြစ်ပွားခြင်းမရှိလျှင် ဆေးရုံသို့ မကြာခဏပြန်လာပြရန် လိုမည်မဟုတ်ပါ။ မိဘများသည် ဆေးခန်းသို့ လာရောက်ပြသည့်အခါတိုင်းတွင် လူနာ၏ ဆေးအားလုံးကို ယူလာသင့်ပါသည်။

  2. လူနာများ အိမ်ပြန်ရောက်သွားပြီးနောက်ပိုင်းတွင်လည်း ကူးစက်ရောဂါများ ဖြစ်နိုင်သောကြောင့် ထပ်ဆောင်းကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရပါမည်။

    • လူနာများသည် ကျောင်းသို့ ချက်ချင်းပြန်သွားနိုင်မည်မဟုတ်သဖြင့် ကလေး၏ကျောင်းနှင့် အစီအစဉ်တစ်ခု လုပ်ဆောင်၍ဖြစ်စေ၊ ၎င်းတို့၏ ဒေသဆိုင်ရာကျောင်းအဖွဲ့အစည်း၏ အိမ်တွင်ပညာသင်ယူရေးဝန်ဆောင်မှုများကို အသုံးပြု၍ဖြစ်စေ၊ အိမ်မှနေ၍ ကျောင်းစာများကို လုပ်ဆောင်နိုင်သည့် နည်းလမ်းတစ်ခုကို စီစဉ်ရန်လိုအပ်ပါမည်။
    • လူနာများကို ကုန်စုံဆိုင်များ၊ ကုန်တိုက်များ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ သို့မဟုတ် ဘုရားရှိခိုးကျောင်းများကဲ့သို့ လူအများရှိရာနေရာများသို့ အချိန်အတော်ကြာ သွားခွင့်ပြုမည်မဟုတ်ပါ။
    • ကူးစက်တတ်သော ဖျားနာရောဂါများ ဖြစ်နေသူများသည်လည်း လူနာ၏နေအိမ်သို့ သွားမလည်သင့်ပါ။
    • အစားထိုးကုသမှုအဖွဲ့သည် လူနာမှ လုပ်ဆောင်ချက်အသစ်များကို စိတ်ချရစွာ စတင်လုပ်ဆောင်နိုင်မည့်အချိန်အား မိသားစုအား ပြောပြမည်ဖြစ်သည်။

    လူနာသည် ဆရာဝန်မှ ရပ်လိုက်နိုင်ပြီဟုမပြောမချင်း အစားထိုးကုသဆောင်တွင် စတင်လုပ်ဆောင်ခဲ့သည့် ကူးစက်ရောဂါထိန်းချုပ်မှု လုပ်ရိုးလုပ်စဉ်အားလုံးကို ဆက်လက်လုပ်ဆောင်သင့်ပါသည်။ အစားထိုးကုသမှုစင်တာတစ်ခုနှင့်တစ်ခု မတူညီသောကြောင့် သင့်ဆေးရုံ၏ လုပ်ထုံးလုပ်နည်းများကို လိုက်နာပါ။

    ယေဘုယျအားဖြင့်-

    • ကုသမှုအဖွဲ့မှ လိုအပ်သည်ဟု ပြောထားလျှင် ဆေးရုံမှပေးထားသည့် နှာခေါင်းစည်းကို ဝတ်ဆင်ထားပါ။
    • တစ်ရက်လျှင် ခံတွင်းစောင့်ရှောက်မှုကို အကြိမ်များစွာ လုပ်ဆောင်ပါ။
    • တစ်ရက်လျှင် 2 ကြိမ် သွားတိုက်ပါ။
    • တစ်ရက်လျှင် အသက်ရှူလေ့ကျင့်ခန်းများကို အကြိမ်များစွာလုပ်ဆောင်ပါ။
    • နေ့စဉ်ရေချိုးပါ သို့မဟုတ် ရေပတ်တိုက်ပေးသည့် အဝတ်စများကို အသုံးပြုပါ။
    • လက်များကို မကြာခဏဆေးကြောပါ။
    • ဧည့်သည်များကိုလည်း အအေးမိနေခြင်းနှင့် အခြားဖျားနာရောဂါများ ရှိ၊ မရှိ စစ်ဆေးပါ။
    • လူအများရှိသည့်နေရာအားလုံးကို ရှောင်ပါ။
    • လေ့ကျင့်ခန်းလုပ်ပြီး တက်တက်ကြွကြွနေပါ။ သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများနှင့်ပတ်သက်၍ စောင့်ရှောက်မှုအဖွဲ့ထံမှ အကြံပြုချက်များ တောင်းခံပါ။
  3. လူနာများသည် ဆေးအများအပြား သောက်ရနိုင်ပါသည်။ အဆိုပါဆေးဝါးများသည် လူနာ၏ကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။ အောက်ပါလုပ်ထုံးလုပ်နည်းများကို လိုက်နာပါ-

    • ဆေးများကို အချိန်မှန်သောက်ပါ။ လူနာစောင့်ရှောက်သူများသည် ထိုဆေးများကို နေ့စဉ် အချိန်မှန်မှန်၊ ဆေးပမာဏမှန်မှန် လူနာကို တိုက်ရပါမည်။ လူနာစောင့်ရှောက်သူများသည် ဆေးများကို အချိန်မှန်ပေးရာတွင် အခက်အခဲရှိပါက သို့မဟုတ် လူနာက ဆေးများကိုမျိုချရန် အခက်အခဲရှိပါက အစားထိုးကုသမှု ဆေးခန်းသို့ ချက်ချင်း ဖုန်းခေါ်ဆိုသင့်ပါသည်။ လူနာမှဆေးများကို အချိန်ဇယားအတိုင်း မသောက်ပါက ရောဂါအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပါသည် သို့မဟုတ် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် ရောဂါများကူးစက်ခံရနိုင်သည်။ လူနာ ဆေးမသောက်မိပါက လုပ်ဆောင်ရမည့်အရာများကိုသိရှိရန် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် ပြောဆိုဆွေးနွေးပါ။ လူနာများသည် ဆေးအချို့ကို ၎င်းတို့သတိရလျှင်ရချင်း သောက်သင့်ပါသည်။ အခြားဆေးများအတွက် ဆရာဝန်က ပုံမှန်အချိန်ဇယားအတိုင်း ပြန်သောက်ရန်နှင့် မသောက်မိသော ဆေးကို ကျော်လိုက်ရန် ပြောနိုင်ပါသည်။
    • ဆေးတိုင်းကို မည်သို့သောက်ရမလဲဆိုတာကို စောင့်ကြည့်ပါ။ ဆေးအချို့ကို အစာစားပြီး သောက်ရန်လိုပါသည်။ အခြားဆေးများကို အစားမစားရသေးမီ သောက်ရန် လိုနိုင်ပါသည်။
    • ဆေးများကို ဘယ်အချိန်မှာပြန်ဝယ်ရမလဲဆိုတာကို သေချာသိအောင်လုပ်ပါ။ ဆေးများ မကုန်ခင် ပြန်ဝယ်ထားပါ။
    • ဘေးထွက်ဆိုးကျိုးများကို နားလည်ပါ။ ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများအကြောင်းကို ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်အား မေးမြန်းပါ။ မည်သည့်ဘေးထွက်ဆိုးကျိုးများက ပုံမှန်ဖြစ်လေ့ရှိပြီး၊ မည်သည့်ဘေးထွက်ဆိုးကျိုးများက အရေးပေါ်အခြေအနေဖြစ်သည်ကို သိရှိအောင်လေ့လာပါ။
    • ဆေးများကို ဘယ်လိုသိမ်းဆည်းရမလဲဆိုတာကို သိရှိထားပါ။ အများအားဖြင့် ရေချိုးခန်းအတွင်းရှိ ဆေးဗီရိုမှာ ဆေးများကိုသိမ်းဆည်းရန် အကောင်းဆုံးနေရာ မဟုတ်ပါ။ ၎င်းတို့ကို ရေခဲသေတ္တာကဲ့သို့ မှောင်၍ အေးနေသောနေရာတစ်ခုထဲတွင် ထားရှိရန်လိုပါသည်။ ဆေးဝါးပညာရှင် သို့မဟုတ် ဆရာဝန်အား ဆေးတစ်ခုစီကို ဘယ်လိုသိမ်းဆည်းရမလဲဆိုတာကို ရှင်းပြခိုင်းပါ။
    • ရှောင်ရမည့် အစားအစာများ၊ သောက်စရာများ၊ ဘယဆေးများနှင့် ဆေးဆိုင်တွင် ဝယ်ယူနိုင်သည့် ဆေးများကို သိရှိအောင်လေ့လာပါ။ ကင်ဆာဆေးအများစုမှာ ဆေးဆိုင်တွင် ဝယ်ယူနိုင်သည့် ဆေးအချို့နှင့် ဘယဆေးကုထုံးများအပါအဝင် ဆေးအချို့တို့နှင့် ဓာတ်ပြုမှုရှိနိုင်သည်။ ဂရိပ်ဖရုသီးနှင့် ဂရိပ်ဖရုဖျော်ရည်သည်ပင် ဆေးအချို့နှင့် မတည့်ပါ။ ဆေးကုသမှုအဖွဲ့ထံမှ ဦးစွာ ခွင့်ပြုချက်မရယူဘဲ ဆေးအသစ်များ၊ ဖြည့်စွက်စာများ သို့မဟုတ် အစားအစာများကို စတင်မှီဝဲခြင်း မပြုပါနှင့်။
    • ဆေးများကိုဝယ်ရန် ငွေကြေးမတတ်နိုင်ပါက အစားထိုးကုသမှုအဖွဲ့ကို ပြောပြပါ။ ဆေးတစ်ခုခုကိုဝယ်ရန် အခက်အခဲရှိနေပါက သင်၏အစားထိုးကုသမှုအဖွဲ့ သို့မဟုတ် လူမှုဝန်ထမ်းကို ချက်ချင်းအသိပေးပါ။ ဆေးဝါးကုန်ကျစရိတ်အတွက် ထောက်ပံ့ကူညီမှုများကို ဆေးရုံများ၊ ဆေးကုမ္ပဏီများနှင့် အဖွဲ့အစည်းများမှတစ်ဆင့် ရရှိနိုင်ပါသည်။

ယာယီအားဖြင့် အဓိကစောင့်ရှောက်ပေးမည့်သူရှိစေရန် စီစဉ်ခြင်း

လူနာအားအဓိကစောင့်ရှောက်သူ ပြောင်းလဲသွားမည်ဆိုပါက အစားထိုးကုသပေးသည့် ဆေးရုံဝန်ထမ်းကို ချက်ချင်းပြောပါ။ ပြောင်းလဲမှုကို ကြိုတင်စီစဉ်ခြင်းမှာ ကောင်းမွန်ပါသည်။ အစားထိုးကုသမှု ဝန်ထမ်းအဖွဲ့ဝင်မှ စောင့်ရှောက်သူတိုင်းကို လေ့ကျင့်သင်ကြားပေးရပါမည်။

ဖြစ်လာနိုင်သော နောက်ဆက်တွဲပြဿနာများ/ဘေးထွက်ဆိုးကျိုးများ

အပြင်းထန်ဆုံး ဘေးထွက်ဆိုးကျိုးများနှင့် နောက်မှဖြစ်သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပွားစေသည့်အခြေအနေနှစ်ခုမှာ အစားထိုးမှုကိုလက်မခံခြင်းနှင့် လှူဒါန်းသူ၏ကိုယ်ခံအားဆဲလ်များမှ လက်ခံသူ၏တစ်ရှူးများကို တိုက်ခိုက်သည့်ရောဂါ (GVHD) ဖြစ်ပါသည်။

  1. လူနာ၏ကိုယ်ခံအားစနစ်မှ အလှူရှင်၏ဆဲလ်များကို မတူညီသောဆဲလ်များအဖြစ် သတ်မှတ်လိုက်ပြီး ၎င်းတို့ကို ဖျက်ဆီးသောအခါ အစားထိုးမှုကို လက်မခံခြင်း ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ အစားထိုးကုသစဉ်အတွင်း အသုံးပြုသည့် ပမာဏများပြားသော ဓာတုကုထုံးသည် လူနာ၏သွေးဖြစ်ပေါ်စေသည့်ဆဲလ်များကို ဖျက်ဆီးပစ်လိုက်သောကြောင့် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဆဲလ်များကို ပြန်လည်မထုတ်လုပ်နိုင်ပါ။ အစားထိုးမှုကို လက်မခံသည့်လူနာများသည် အလွန်ဖျားနာလာနိုင်ပြီး အချို့သောဖြစ်ရပ်များတွင် ကုသမှုကြောင့် နောက်ဆက်တွဲပြဿနာများဖြစ်လာကာ သေဆုံးနိုင်ပါသည်။ အစားထိုးမှုကိုလက်မခံခြင်းမဖြစ်အောင် တားဆီးရန်အလို့ငှာ အစားထိုးမှုမလုပ်မီ လူနာသည် ၎င်း၏ကိုယ်ခံအားစနစ်ကိုဖျက်ဆီးပစ်ရန်အတွက် ဓာတ်ကင်၍ဖြစ်စေ၊ ဓာတ်မကင်ဘဲဖြစ်စေ ဓာတုကုထုံးကို ခံယူရပါမည်။ အစားထိုးမှုကိုလက်မခံခြင်း ဖြစ်ပွားပါက အခြားအစားထိုးမှု သို့မဟုတ် အခြားကုသမှုနည်းလမ်းကို ရွေးချယ်နိုင်ပါသည်။

  2. လှူဒါန်းသူ၏ ကိုယ်ခံအားဆဲလ်များမှ လက်ခံသူ၏တစ်ရှူးများကို တိုက်ခိုက်သည့်ရောဂါ (GVHD) သည် အလှူရှင်၏ဆဲလ်များကိုအသုံးပြု၍ အစားထိုးပြီးနောက်တွင် ဖြစ်လေ့ရှိသော နောက်ဆက်တွဲပြဿနာတစ်ခု ဖြစ်ပါသည်။ အလှူရှင်၏ဆဲလ်များဖြင့် အစားထိုးလိုက်သည့် လူနာ 20 ရာခိုင်နှုန်းမှ 50 ရာခိုင်နှုန်းကြားသည် အစားထိုးပြီးနောက်တွင် လှူဒါန်းသူ၏ ကိုယ်ခံအားဆဲလ်များက လက်ခံသူ၏တစ်ရှူးများကို တိုက်ခိုက်သည့်ရောဂါကို ခံစားရပါသည်။ GVHD သည် ၎င်းတို့၏ကိုယ်ပိုင်ဆဲလ်များကို အသုံးပြု၍ အစားထိုးမှုပြုလုပ်ခဲ့သည့် လူနာများအတွက် ပြဿနာမရှိပါ။ GVHD သည် အဲလဂျနိတ်ခ်နည်း (ဆွေမျိုးတော်စပ်သည့် သို့မဟုတ် ဆွေမျိုးမတော်စပ်သည့် အလှူရှင်ထံမှ) အစားထိုးမှု လုပ်ဆောင်ပြီးနောက် ဖြစ်ပွားနိုင်သည့် နောက်ဆက်တွဲပြဿနာတစ်ခု ဖြစ်ပါသည်။ အလှူရှင်ထံမှ သွေးဖြူဆဲလ်များက လူနာ၏ခန္ဓာကိုယ်ကို မတူညီသော သို့မဟုတ် ပြင်ပအရာဝတ္ထုတစ်ခုအဖြစ် မှတ်သားလိုက်ပါက ထိုကဲ့သို့ ဖြစ်ပွားသည်။ ထို့နောက် ဤသွေးဖြူဆဲလ်များသည် ကူးစက်ရောဂါတစ်ခုကို တိုက်ခိုက်သကဲ့သို့ လူနာ၏ ခန္ဓာကိုယ်ရှိတစ်ရှူးများကို တိုက်ခိုက်ပါသည်။

    လူနာအများစုတွင် ပြင်းထန်မှုမရှိဘဲ သို့မဟုတ် အသင့်အတင့်သာဖြစ်ပေါ်တတ်ပြီး အချိန်ကြာလာသည်နှင့်အမျှ သက်သာပျောက်ကင်းသွားပါသည်။ သို့ရာတွင် GVHD မှာ ပို၍ဆိုးရွားလာနိုင်ပြီး အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်ပါသည်။

    GVHD ကိုကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပို၍လွယ်ကူပါသည်။ ကြိုတင်ကာကွယ်သည့် လုပ်ဆောင်ချက်များတွင် အစားထိုးပြီးနောက် ဆိုက်ကလိုစပိုရင်း၊ တက်ခရိုးလီမက်စ်၊ မက်ဆိုသရက်စိတ်၊ မိုင်ကိုဖဲ့နိုလိတ် မိုဖတေးလ် သို့မဟုတ် စတီးရွိုက်ကဲ့သို့ ကိုယ်ခံအားစနစ်ကို လျှော့ချပေးသည့် ဆေးများပေးခြင်းစသည်တို ပါဝင်နိုင်ပါသည်။ အလှူရှင်ဆဲလ်များကို လူနာထံမသွင်းမီ ၎င်းတို့မှ တီ-လမ်ဖိုဆိုက်အချို့ကိုလည်း ဖယ်ရှားပစ်နိုင်ပါသည်။

    GVHD အမျိုးအစား နှစ်ခုရှိပါသည်-

    ရုတ်တရက်ပြင်းထန်စွာ ဖြစ်ပွားခြင်း

    အစားထိုးပြီးနောက် ပထမ ရက် 100 အတွင်း ဖြစ်ပွားပါက ၎င်းကို ရုတ်တရက်ပြင်းထန်စွာဖြစ်ပွားသော GVHD ဟု အမျိုးအစားသတ်မှတ်ပါသည်။ ရောဂါသည် အဓိကအားဖြင့် အသည်း၊ အစာအိမ်နှင့် အူလမ်းကြောင်းနှင့် အရေပြားတို့ကို ထိခိုက်စေပါသည်။ ရုတ်တရက်ပြင်းထန်စွာ ဖြစ်ပွားသော GVHD ၏လက္ခဏာများတွင် အရေပြားပေါ်တွင် အနီကွက်ထခြင်း၊ ဝမ်းလျှောခြင်းနှင့် ဘီလီရူဘင်ပမာဏ မြင့်တက်လာမှုကြောင့် အသားနှင့် မျက်စိများ ဝါလာခြင်းတို့ ပါဝင်ပါသည်။

    နာတာရှည်ဖြစ်ခြင်း

    အချို့သောအခြေအနေများတွင် နာတာရှည် GVHD သည် အများအားဖြင့် အစားထိုးပြီးနောက် သုံးလခန့်အကြာတွင်ဖြစ်လေ့ရှိသည်။ သို့သော် အချို့လူနာများတွင် တစ်နှစ် သို့မဟုတ် တစ်နှစ်အထက်ကြာသည်အထိ မဖြစ်သေးသည်လည်း ရှိနိုင်သည်။ ၎င်းသည် အစားထိုးပြီးသည့်လူနာ 10-40 ရာခိုင်နှုန်းတွင် ဖြစ်ပွားပါသည်။ 

    ၎င်း၏လက္ခဏာများမှာ ရုတ်တရက် ပြင်းထန်စွာဖြစ်ပွားသော GVHD လက္ခဏာများထက် များစွာပို၍ကျယ်ပြန့်ပြီး ခန္ဓာကိုယ်ကိုလွဲမှား၍ ပြန်လည်တိုက်ခိုက်သည့် ကိုယ်ခံအားစနစ်ရောဂါအချို့နှင့် အလားသဏ္ဍာန်တူပါသည်။ နာတာရှည် GVHD တွင် ပြင်းထန်မှုမရှိသည့်အခြေအနေ၊ အတန်အသင့်ပြင်းထန်သောအခြေအနေ သို့မဟုတ် ပြင်းထန်သောအခြေအနေတို့ ဖြစ်နိုင်ပါသည်။

    လက္ခဏာများတွင် အောက်ပါတို့ပါဝင်ကြသည်-

    • အရေပြားတွင် အနီကွက်ထခြင်းနှင့် ယားယံခြင်း
    • ပက်ကြားအက်နေသော အသားအရေ
    • အရေပြားအရောင်ပြောင်းခြင်း
    • အသားမည်းလာခြင်း
    • အသားမာကျောကြမ်းတမ်းလာခြင်း
    • အရေပြားတွင် အမာရွတ်ဖြစ်ပါက ၄င်းနေရာအနီးအနားရှိ အဆစ်အမြစ်နေရာများ၏ လှုပ်ရှားမှုကို ကန့်သတ်မှုဖြစ်စေသည်။ ဥပမာ- လက်ချောင်းများ
    • ဆံပင်ကျွတ်ခြင်း
    • ပါးစပ်အတွင်းနှင့် အစာရေမြိုပြွန်တွင် ခြောက်သွေ့ခြင်းနှင့် နာကျင်ခြင်း
    • မျက်စိခြောက်ခြင်းနှင့် မျက်လုံးနီရဲခြင်း
    • မိန်းမကိုယ်နှင့် အခြားမျက်နှာပြင်များတွင် ခြောက်သွေ့ခြင်း
    • အဆုတ်ခြောက်ခြင်းနှင့် အဆုတ်တွင် အမာရွတ်ဖြစ်ခြင်း
    • အသည်း ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် အသည်း ပုံမှန်အလုပ်မလုပ်နိုင်မှု
    • အသားဝါရောဂါ
  1. အစားထိုးမှုပြုလုပ်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အသုံးပြုသည့် ဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ပေးခြင်းတို့ကြောင့် အစာအိမ်အူလမ်းကြောင်းကိုဖုံးအုပ်ပေးထားသည့် အမြှေးပါ ရောင်ရမ်းနိုင်သည်။ ထိုအခါ ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း၊ အစာမြိုပြွန်ပြဿနာ (အစာမြိုရခက်ခဲခြင်း)၊ အစာအိမ် ပြည်တည်နာများ သို့မဟုတ် ဗိုက်အောင့်၍ ဝမ်းလျှောခြင်းစသည်တို့ ဖြစ်စေနိုင်သည်။ လူနာများသည် နာကျင်မှုလျော့ပါးသက်သာစေသည့် ဆေးများကို အကြောပိုက်မှတစ်ဆင့်သွင်းရန်နှင့် အာဟာရပေးရန်အတွက် အစာအိမ်အူလမ်းကြောင်းမှမဟုတ်ဘဲ သွေးပြန်ကြောမှတစ်ဆင့် (TPN) သို့မဟုတ် နှာခေါင်းပိုက်သွင်းမှတစ်ဆင့် အဓိကအာဟာရဓာတ်များ သွင်းပေးခြင်း လိုနိုင်ပါသည်။

  2. ရောဂါပိုးကူးစက်ခြင်း၏ နောက်ဆက်တွဲပြဿနာများမှာ အပြင်းထန်ဆုံးသော ဘေးထွက်ဆိုးကျိုးများအနက် တစ်ခုအပါအဝင် ဖြစ်ပါသည်။ (ဆွေမျိုးတော်စပ်သည့် သို့မဟုတ် ဆွေမျိုးတော်စပ်မှုမရှိသည့် အလှူရှင်ထံမှ) အဲလဂျနိတ်ခ်နည်းဖြင့် အလှူရှင်ဆဲလ်များကို လက်ခံရယူသော လူနာ 30 ရာခိုင်နှုန်းခန့်တွင် အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သည့် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ပါသည်။ အော်တိုလဂတ်စ်နည်း (လူနာ၏ကိုယ်ပိုင် သွေးဖြစ်ပေါ်စေသည့်ဆဲလ်ကို အသုံးပြု၍) ဖြင့် အစားထိုးမှုများကို လက်ခံရယူသည့် လူနာများ၌ ၄င်း၏ ဖြစ်ပွားနိုင်ခြေ  နည်းပါးပါသည်။ လူနာများသည် ကူးစက်ရောဂါများ ရှိ၊ မရှိ ပုံမှန်စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြေကိုလျှော့ချရန် ဆေးများ ထိုးရပါမည်။ အဲလဂျနိတ်ခ်နည်းဖြင့် အစားထိုးမှုပြုလုပ်သော လူနာများသည် အထူးဓာတ်စာများကို မှီဝဲရနိုင်ပါသည်။ လူနာအချို့တွင် ရောဂါစစ်ဆေးရန်နှင့် နောက်ဆက်တွဲပြဿနာများကို ကုသပေးရန်အတွက် ခွဲစိတ်မှုများလုပ်ဆောင်ရန် လိုနိုင်ပါသည်။

  3. လည်ပင်း၊ နားရွက်များ၊ ကိုယ်လုံး၊ လက်ဖဝါးပြင်များနှင့် ခြေဖဝါးများတွင် အနီရောင် အဖုအပိမ့်များ ဖြစ်လာနိုင်ပါသည်။ ယင်းက အရည်ကြည်ဖုများ ဖြစ်လာနိုင်ပါသည်။ ပြင်းထန်သော အခြေအနေများတွင် အရေခွံများ ကွာကျလာပါမည်။ အရေပြား အလွန်အမင်း ယာယံလာနိုင်ပါသည်။ အများအားဖြင့် ပရက်နီဇုမ်းကဲ့သို့ စတီးရွိုက်များဖြင့် ကုသပေးလေ့ရှိပါသည်။

  4. အစာအိမ်ပြဿနာများတွင် ဗိုက်နာခြင်း၊ ပြင်းပြင်းထန်ထန် ဝမ်းလျှောခြင်း၊ အစာစားချင်စိတ်မရှိခြင်းနှင့် မအီမသာဖြစ်ခြင်း/ပျို့အန်ခြင်းတို့ ပါဝင်နိုင်ပါသည်။

  5. အဖြစ်အများဆုံး ပြင်းထန်သော နောက်ဆက်တွဲ အသည်းရောဂါမှာ အသည်းထဲရှိ သွေးကြောငယ်တချို့ ပိတ်ဆို့သွားသည့်ရောဂါ (VOD) ဖြစ်ပါသည်။ ယခင်က အသည်းထိခိုက်ဒဏ်ရာ ရထားဖူးသည့်၊ အသည်းရောင်ရောဂါဖြစ်ဖူးသည့်မှတ်တမ်းရှိသော သို့မဟုတ် ရောဂါဖြစ်နိုင်ခြေမြင့်မားသော လူနာများသည် VOD ဖြစ်ပွားနိုင်ခြေ အမြင့်ဆုံးဖြစ်ပါသည်။ VOD ကို (အသားနှင့် မျက်စိများတွင် အဝါရောင်သန်းလာစေသည့်) ဘီလီရူဘင်ပါဝင်မှု မြင့်တက်လာခြင်း၊ အသည်းကြီးလာခြင်းနှင့် ခန္ဓာကိုယ်အတွင်း အရည်များစုဝေးလာခြင်း သို့မဟုတ် ကိုယ်အလေးချိန်တက်လာခြင်းတို့ဖြင့် ခွဲခြားသတ်မှတ်နိုင်သည်။ VOD ကို အရည်သောက်သုံးမှု ကန့်သတ်ခြင်းနှင့် ဒီဖိုင်းဘရိုတိုက်ဟုခေါ်သည့် ဆေးတစ်မျိုးဖြင့် ကုသပေးလေ့ရှိပါသည်။ ကြိုတင်ကာကွယ်မှုများတွင် လူနာဆေးရုံတက်နေစဉ်အတွင်း ၎င်းကို ယူဆိုးဒီးယို သို့မဟုတ် ဟက်ပရင် ဆေးပေးခြင်းနှင့် ကိုယ်အလေးချိန်နှင့် အရည်အဝင်အထွက် ညီမျှမှုရှိမရှိ နေ့စဉ်စောင့်ကြည့်ခြင်းတို့ ပါဝင်ပါသည်။ VOD သည် ပြင်းထန်နိုင်သည့်အပြင် အဆိုးရွားဆုံး အခြေအနေများတွင် လူနာသေဆုံးသည်အထိပင် ဖြစ်ပွားနိုင်ပါသည်။

  6. ဓာတုကုထုံးကြောင့် သို့မဟုတ် လှူဒါန်းသူ၏ ကိုယ်ခံအားဆဲလ်များမှ လက်ခံသူ၏တစ်ရှူးများကို တိုက်ခိုက်သည့်ရောဂါ ဖြစ်ပွားသောကြောင့် အစားထိုးကုသဆောင်တွင်ရောက်ရှိနေပြီးနောက် ရက်သတ္တပတ်အချို့အကြာတွင် ဆံပင်ကျွတ်ခြင်း ဖြစ်ပွားနိုင်ပါသည်။ ယင်းသည် ရက်အနည်းငယ်ကြာလာသည်နှင့်အမျှ ဖြည်းဖြည်းချင်း ဖြစ်ပွားပါသည်။

  7. ဓာတုကုထုံး ဆေးဝါးအချို့သည် အကြောဆွဲခြင်း၊ တက်ခြင်းများကို ဖြစ်စေနိုင်သည်။ ထိုကဲ့သို့သော ကင်ဆာဆေးဝါးအမျိုးအစားများကို သောက်သုံးနေရသည့်လူနာများကို တက်ခြင်း၊ အကြောဆွဲခြင်းများကို ကာကွယ်နိုင်သည့် ဆေးများပေးနိုင်ပါသည်။

  8. နာကျင်မှုသည် ရောဂါကြောင့်ခံစားရသည့် အခြားနောက်ဆက်တွဲပြဿနာဖြစ်ပါသည်။ ခံတွင်း အတွင်းဘက်နံရံ ရောင်ရမ်းခြင်း (ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း) မှာ အလွန်နာကျင်နိုင်ပါသည်။ ဆိုက်ကလိုစပိုရင်းနှင့် GVHD ကိုကာကွယ်ရန် သို့မဟုတ် ကုသရန်ပေးသည့် အခြားဆေးများသည် အာရုံကြောနာကျင်မှုကို ဖြစ်ပွားစေနိုင်ပါသည်။ နာကျင်မှုလျော့ပါးသက်သာစေသည့် ဆေးများအပြင် ဆေးများအသုံးမပြုသည့်ကုထုံးများသည် နာကျင်မှုကိုလျော့ပါးသက်သာစေပြီး လူနာများ ခံနိုင်ရည်ရှိလာအောင် ကူညီပေးနိုင်ပါသည်။

  9. နယူမိုနိုက်တစ် သို့မဟုတ် အဆုတ်ရောင်ခြင်းသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များ သို့မဟုတ် မှိုကြောင့် ဖြစ်ပွားနိုင်ပါသည်။ ဆိုက်တိုမက်ဂါလိုဗိုင်းရပ်စ် (CMV) ကဲ့သို့ ကူးစက်ရောဂါအချို့ မဖြစ်ပွားအောင် တားဆီးရန် လူနာများကို အနီးကပ်စောင့်ကြည့်ပြီး ကြိုတင်ကာကွယ်သည့်ဆေးများကို ပေးနိုင်ပါသည်။

  10. နုံးခွေခြင်းမှာလည်း အဖြစ်များသော ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ပါသည်။ လူနာများသည် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ မကြာခဏ အနားယူခြင်း၊ အာဟာရရှိသော အစားအစားများကို စားခြင်းတို့ ပြုလုပ်သင့်ပါသည်။

ဆရာဝန်ထံ ဘယ်အချိန် ဖုန်းဆက်ရမလဲ။

လူနာစောင့်ရှောက်သူများအနေဖြင့် အောက်ပါလက္ခဏာတစ်ခုနှင့်အထက်ကို လူနာတွင်တွေ့ရှိပါက အနီးနားရှိ လူနာ၏ဆရာဝန် သို့မဟုတ် အစားထိုးကုသဆောင်ရှိ ဆရာဝန် သို့မဟုတ် သူနာပြုထံ ချက်ချင်းဖုန်းခေါ်သင့်ပါသည်။

  • ဖျားနာခြင်း – မိဘများသည် ၎င်းတို့စင်တာ၏ လမ်းညွှန်ချက်များကိုအသုံးပြု၍ ၎င်းတို့၏ကလေးတွင် အဖျားရှိ၊ မရှိ စောင့်ကြည့်သင့်ပါသည်။ ဖျားနာမှုဆိုင်ရာ လမ်းညွှန်ချက်များမှာ စင်တာတစ်ခုနှင့်တစ်ခု မတူပါ
  • ရေကျောက်၊ ရေယုန်၊ ဝက်သက်၊ ဂျိုက်သိုး (ဂျာမန် ဂျိုက်သိုး) သို့မဟုတ် အသည်းရောင်ရောဂါ ကူးစက်ခံရခြင်း
  • အရေပြားအနီကွက်ထခြင်း သို့မဟုတ် ယားယံခြင်း
  • အလွယ်တကူ ပွန်းပဲ့ဒဏ်ရာဖြစ်ခြင်း၊ အသားအရောင် ဖြူဖျော့နေခြင်း၊ သွေးထွက်ခြင်း သို့မဟုတ် သွေးခြည်ဥ (အရေပြားပေါ်တွင် ထင်းထွက်နေသော ခရမ်းရောင်-အနီရောင်အစက်များ ထွက်ခြင်း)
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • အသက်ရှူကျပ်ခြင်း သို့မဟုတ် အသက်ရှူရ ခက်ခဲခြင်း
  • နားကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အအေးမိခြင်း သို့မဟုတ် တုပ်ကွေးမိခြင်း
  • မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ဆက်တိုက် ခေါင်းကိုက်ခြင်း
  • အားနည်းမောပန်းခြင်း၊ သတိလစ်ခြင်း
  • အိပ်နေရာမှ နိုးလာရန် ခက်ခဲခြင်း
  • ကျန်းမာရေးအခြေအနေ ကြီးကြီးမားမား ပြောင်းလဲမှု

စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များ

ရုပ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများအပြင် မိသားစုဝင်များ၊ သူငယ်ချင်းများ၊ ပုံမှန်လုပ်ငန်းဆောင်တာများနှင့် ကင်းကွာနေရသောကြောင့် လူနာများသည် ဝမ်းနည်းမှု သို့မဟုတ် စိတ်ကျရောဂါများ ခံစားလာရနိုင်ပါသည်။ ဝမ်းနည်းမှုကို တစ်ရက် သို့မဟုတ် နှစ်ရက် ခံစားရခြင်းမှာ ပြဿနာမရှိသော်လည်း ထိုခံစားမှုများ ပို၍ကြာရှည်ရှိနေပါက လူနာများသည် ၎င်းတို့၏ စောင့်ရှောက်မှု အဖွဲ့ဝင်တစ်ဦးနှင့် စကားပြောဆိုသင့်ပါသည်။ ၎င်းတို့၏ ဆရာဝန် သို့မဟုတ် သူနာပြု သို့မဟုတ် လူမှုဝန်ထမ်း၊ ခရစ်ယာန်ဘုန်းကြီး၊ စိတ်ကျန်းမာရေး ပညာရှင် သို့မဟုတ် ကလေးကျန်းမာရေး ကျွမ်းကျင်ပညာရှင်စသူတို့ ဖြစ်နိုင်ပါသည်။

နောက်မှဖြစ်သော ဘေးထွက်ဆိုးကျိုးများ

အစားထိုးမှုနှင့် ဆက်စပ်နေသည့် နောက်ဆက်တွဲပြဿနာအချို့ကို နောက်မှဖြစ်သော ဘေးထွက်ဆိုးကျိုးများဟု သိကြပါသည်။ အကြောင်းမှာ ၎င်းတို့သည် ကုသပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာပင် ကြာသည့်တိုင်အောင် သိသာထင်ရှားလာခြင်းမရှိသောကြောင့် ဖြစ်ပါသည်။ ၎င်းတို့အများစုမှာ အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကင်းသွားသော်လည်း အခြားဘေးထွက်ဆိုးကျိုးများမှာ အစဉ်အမြဲရှိနေနိုင်ပြီး ရေရှည်အာရုံစိုက် ကုသပေးရန် လိုပါသည်။

အစားထိုးခြင်း၏ နောက်မှဖြစ်သော ဘေးထွက်ဆိုးကျိုးများတွင်-

မည်သူတစ်ဦးတစ်ယောက်ကမျှ အဆိုပါပြဿနာအားလုံးကို မခံစားရပါ။ အစားထိုးပြီးနောက် ပြဿနာများဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များမှာ သင်၏ရောဂါအခြေအနေ၊ လုပ်ဆောင်ခဲ့သည့် အစားထိုးမှုအမျိုးအစား၊ သင်၏အသက်အရွယ်နှင့် ယခင်ကုသမှုမှတ်တမ်း စသည်တို့အပေါ် မူတည်မည်ဖြစ်သည်။ နောက်ဆက်တွဲပြဿနာများစွာကို သင့်လျော်သော ကြိုတင်စစ်ဆေးခြင်းနှင့် ကာကွယ်မှုများလုပ်ဆောင်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။ ဆရာဝန်နှင့်ပုံမှန်တွေ့ဆုံရန် ချိန်းဆိုမှုများမှာ အလွန်အရေးကြီးပါသည်။

အစားထိုးကုသပြီးနောက် ဘေးထွက်ဆိုးကျိုးများ ရှိ၊ မရှိ ဆုံးဖြတ်ရန် လူနာများကို အချိန်အကြာကြီး လေ့လာစောင့်ကြည့်ပါသည်။ အစားထိုးမှုအတွက် ကြိုတင်ပြင်ဆင်ရန် ခန္ဓာကိုယ်တစ်ခုလုံးကို ဓာတ်ကင်ခံရသည့် လူနာများသည် သိုင်းရွိုက်ဟော်မုန်း အလုံအလောက်ထုတ်မပေးနိုင်ခြင်း၊ အဒရီနယ်ဂလင်းက စတီးရွိုက်ဟော်မုန်းများ အလုံအလောက်ထုတ်မပေးနိုင်ခြင်း သို့မဟုတ် ကြီးထွားဟော်မုန်း အလုံအလောက်ထုတ်မပေးနိုင်ခြင်းတို့ ပါဝင်သည့် ဟော်မုန်း (ဂလင်း) ပြဿနာများ ဖြစ်ပွားနိုင်ခြေရှိပါသည်။ လူနာ၏အရပ်အမြင့်နှင့် ကိုယ်အလေးချိန်တို့ကို ပုံမှန်မှတ်တမ်းတင်ထားရန် အရေးကြီးပြီး၊ လိုအပ်ပါက လူနာကို အကျိတ်နှင့် ဟော်မုန်းမူမမှန်ရောဂါ အထူးကုတစ်ဦးမှ စောင့်ကြည့်သင့်ပါသည်။

မူလရောဂါအခြေအနေဆိုးသို့ ပြန်ရောက်ခြင်း - ကင်ဆာရောဂါ ပြန်ဖြစ်လာပါက

လူနာအချို့တွင် အစားထိုးကုသပြီးနောက် ကင်ဆာရောဂါ ပြန်ဖြစ်နိုင် (မူလရောဂါအခြေအနေဆိုးသို့ ပြန်ရောက်ခြင်း) ပါသည်။ အစားထိုးကုသပြီးနောက် မူလရောဂါအခြေအနေဆိုးသို့ ပြန်ရောက်ခြင်းမှာ ပထမဆုံးတစ်နှစ်အတွင်း အများဆုံးဖြစ်ပွားလေ့ရှိပြီး၊ အချိန်ကြာလာသည်နှင့်အမျှ ဖြစ်ပွားနိုင်ခြေ လျော့ကျသွားပါသည်။ အစားထိုးကုသမှုအဖွဲ့မှ သင့်ကို ဆက်လက်စောင့်ရှောက်ပေးမည်ဖြစ်ပြီး အခြားကုသရန် ရွေးချယ်စရာနည်းလမ်းများကို ဆွေးနွေးပြောဆိုမည်ဖြစ်သည်။ ယင်းတို့တွင် ဆေးသုတေသနများ သို့မဟုတ် အခြားအစားထိုးမှုနည်းလမ်းတို့ ပါဝင်နိုင်ပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018