ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးကင်ဆာရောဂါအတွက် ဓာတုကုထုံး

ဓာတုကုထုံးဆိုတာ ဘာလဲ။

ဓာတုကုထုံး သို့မဟုတ် “ကီမို” ဆိုသည်မှာ အစွမ်းထက်သော ဆေးဝါးများကိုအသုံးပြု၍ ကင်ဆာရောဂါကို ကုသခြင်းဖြစ်သည်။ အဆိုပါဆေးဝါးများသည် ကင်ဆာဆဲလ်များကို သတ်ပေးသည် သို့မဟုတ် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ရပ်တန့်ပေးသည်။ တိကျသော ဆေးအမျိုးအစားနှင့် ဆေးပေးပုံသည် အကြောင်းအချက်များစွာအပေါ် မူတည်ပါသည်။ ဓာတုကုထုံးကို ကင်ဆာအမျိုးအစားနှင့် အဆင့်၊ ကုသမှုပန်းတိုင်များနှင့် ကုသထားသည့်အခြားကုထုံးများ စသည်တို့အပေါ် မူတည်၍ လုပ်ဆောင်ရန်စီစဉ်ပါသည်။

ဓာတုကုထုံးသည် ကင်ဆာဆဲလ်များနှင့် အလားသဏ္ဌာန်တူသည့် အလျင်အမြန်ကြီးထွား၊ ပွားများလာတတ်သည့်ဆဲလ်များကို တိုက်ခိုက်ပေးသည်။ ဆေးတစ်ခုစီသည် လုပ်ဆောင်ပုံ အနည်းငယ်ကွဲပြားကြသည်။ သို့သော် ယေဘုယျအားဖြင့် ဓာတုကုထုံး ဆေးဝါးများသည် ဆဲလ်များ ကွဲလာချိန်တွင် ကြားဖြတ်နှောင့်ယှက်ခြင်းကို လုပ်ဆောင်ပါသည်။

ဓာတုကုထုံးကို ဘာကြောင့် အသုံးပြုတာလဲ။

ကင်ဆာရောဂါ ကုသရန်၊ ထိန်းချုပ်ရန် သို့မဟုတ် ကင်ဆာရောဂါ လက္ခဏာများကို သက်သာစေရန် ဓာတုကုထုံးကို အသုံးပြုနိုင်ပါသည်။ ၎င်းကို သူ့ချည်းသက်သက် အသုံးပြုနိုင်သလို ခွဲစိတ်မှု နှင့် ဓာတ်ကင်ခြင်းကုထုံးကဲ့သို့ အခြားကုသမှုများနှင့် ပေါင်းစပ်၍လည်း အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် အချို့သောလူနာများသည် မခွဲစိတ်မီ သို့မဟုတ် ဓာတ်ကင်ခြင်းကုထုံး မခံယူမီ အကျိတ်ကို ပို၍သေးသွားစေရန် ဓာတုကုထုံးကို ခံယူကြသည်။ ခွဲစိတ်ပြီးနောက် သို့မဟုတ် ဓာတ်ကင်ပြီးနောက်တွင်လည်း ကျန်ရှိနေသော ကင်ဆာဆဲလ်များကိုသတ်ရန် ဓာတုကုထုံးကို အသုံးပြုကြသည်။ ဓာတုကုထုံးကို ၎င်း၏ရလဒ်များ ပိုမိုကောင်းမွန်ထိရောက်စေရန် ဓာတ်ကင်ခြင်းကုထုံးနှင့်လည်း ပေါင်းစပ်အသုံးပြုနိုင်သည်။

ဓာတုကုထုံးသည် ကင်ဆာဆဲလ်များနှင့် အလားသဏ္ဌာန်တူသည့် အလျင်အမြန်ကြီးထွား၊ ပွားများလာတတ်သည့်ဆဲလ်များကို တိုက်ခိုက်ပေးသည်။ ဤဗီဒီယို၌ ဓာတုကုထုံးတွင်သုံးသောဆေးတစ်ခုသည် ကင်ဆာဆဲလ်များ (အပြာရောင်) ကို တိုက်ခိုက်လိုက်ပြီး အေပိုတိုးစစ်ဟုခေါ်သည့် ဆဲလ်သေဆုံးမှုပုံစံတစ်မျိုးကို ဖြစ်ပေါ်စေသည်။

ဓာတုကုထုံးကို ဘယ်လိုပေးရသလဲ။

ဓာတုကုထုံးကို နည်းလမ်းများစွာဖြင့် ပေးနိုင်သည်။ နည်းလမ်းမှာ ကင်ဆာအမျိုးအစား၊ ကင်ဆာရှိနေသည့်နေရာနှင့် အသုံးပြုသည့် ဆေးဝါးအပေါ် မူတည်ပါသည်။ 

များသောအားဖြင့် ဓာတုကုထုံးကို သောက်ဆေးဖြင့် သို့မဟုတ် သွေးကြောမှတစ်ဆင့် ထိုးသွင်းပါသည်။ ဆေးဝါးများသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားသောကြောင့် ယင်းကို သွေးကြောများမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပို့ဆောင်ပေးသည့် ဓာတုကုထုံးဟု ခေါ်သည်။ ဓာတုကုထုံးသည် အဓိကအကျိတ်နေရာမှ အဝေးသို့ ပျံ့နှံ့သွားသည့် ကင်ဆာဆဲလ်များကို သတ်ပစ်နိုင်သည်။

  • အကြောပိုက်ဖြင့် (IV) ထိုးသွင်းသည့် ဓာတုကုထုံး – သွေးပြန်ကြောရှိ အကြောပိုက်တစ်ခုမှတစ်ဆင့် ဓာတုကုထုံးဆေးဝါးကို သွင်းပေးသည်။ ၄င်းမှာ ကလေးကင်ဆာရောဂါတွင် အတွေ့ရအများဆုံး ဓာတုကုထုံးအမျိုးအစား ဖြစ်သည်။
  • ဓာတုကုထုံးအတွက် ပါးစပ်မှသောက်သုံးရန် ဆေးပေးခြင်း – ဓာတုကုထုံးကို သင် မျိုချရသည့် ဆေးလုံး သို့မဟုတ် ဆေးရည်ပုံစံဖြင့် ပေးပါသည်။

တစ်ခါတစ်ရံ အကျိတ်နားတွင် ဆေးထိုးသွင်းပေးပါသည်။ ဥပမာများမှာ ကျောရိုးအတွင်းရှိအရည် သို့မဟုတ် ဝမ်းဗိုက်ထဲသို့ ဓာတုကုထုံး ပေးခြင်းဖြစ်သည်။

ဓာတုကုထုံးကို ဘယ်အချိန်ပေးသလဲ။

ဓာတုကုထုံးသည် အများအားဖြင့် အချိန်ကာလတစ်ခုအတွင်း တစ်ကြိမ်ထက်ပို၍ ဆေးဝါးများပေးကာ ကုသရလေ့ရှိပါသည်။ အဆိုပါကုသမှုများကို တိကျသော အချိန်ဇယားဖြင့် လုပ်ဆောင်ပါသည်။ အချိန်ဇယားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဆေးအာနိသင် အထိရောက်ဆုံးဖြစ်စေရန်နှင့် ခန္ဓာကိုယ်ကို ပြန်လည်နာလန်ထူလာခွင့်ပေးရန် ဖြစ်ပါသည်။

ဆေးရုံအခန်းတစ်ခုအတွင်းရှိ ကုလားထိုင်ပေါ်တွင် ဓာတုကုထုံးဖြင့် ကုသမှုခံယူနေသော လူနာတစ်ဦး၏ပုံ။

ဆေးကုသမှုအဖွဲ့မှ အောက်ပါတို့ကို ဆုံးဖြတ်ပါမည်-

  • ဆေးကို ရက်မည်မျှကြာ ဆက်တိုက်ပေးမည်
  • ဓာတုကုထုံးပေးသည့် အကြိမ်များကြား “အနားယူရမည့်ရက်” အရေအတွက်
  • စက်ဝန်းအရေအတွက်

ဓာတုကုထုံး စက်ဝန်းဆိုသည်မှာ ဆက်တိုက်ကုသမှုပေးသည့် ရက်အရေအတွက်နှင့် အနားယူသည့် ရက်အရေအတွက်ကို ဆိုလိုပါသည်။ ညွှန်ကြားထားသည့် စက်ဝန်းအရေအတွက်က ဓာတုကုထုံး ဆေးပတ်တစ်ပတ်နှင့် ညီမျှပါသည်။

ဓာတုကုထုံးနှင့် လူနာ၏ကျန်းမာရေးအပေါ် မူတည်၍ ဓာတုကုထုံးပေးခြင်းကို ဆေးရုံ၊ ဆေးခန်း သို့မဟုတ် နေအိမ်တွင် လုပ်ဆောင်နိုင်ပါသည်။

ဓာတုကုထုံး၏ ဘေးထွက်ဆိုးကျိုးများ

ဘေးထွက်ဆိုးကျိုးများ ဆိုသည်မှာ ကင်ဆာရောဂါ ကုသမှုများကြောင့် ဖြစ်ပွားသည့် ပြဿနာများ ဖြစ်ပါသည်။ ဓာတုကုထုံး၏ ဘေးထွက်ဆိုးကျိုးအများစုမှာ ကုသပြီးသွားသည့်နောက်ပိုင်း ပျောက်ကင်းသွားပါသည်။ သို့သော် တစ်ခါတစ်ရံ ဘေးထွက်ဆိုးကျိုးများသည် အချိန်အတော်ကြာသည့်တိုင်အောင် ပျောက်မသွားနိုင်ပါ သို့မဟုတ် နောင်တစ်ချိန်မှပြန်ဖြစ်လာခြင်းမျိုးပင် ဖြစ်ပွားနိုင်ပါသည်။ ယင်းတို့ကို ရေရှည်ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် နောင်မှပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများဟု ခေါ်ပါသည်။

ဓာတုကုထုံးသည် ကင်ဆာဆဲလ်များနှင့် အလားသဏ္ဌာန်တူသည့် အလျင်အမြန်ကြီးထွား၊ ပွားများလာတတ်သည့်ဆဲလ်များကို တိုက်ခိုက်ပေးသည်။ သို့ရာတွင် ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ အခြားမြန်ဆန်စွာကြီးထွားနေသည့် ဆဲလ်များကိုလည်း အန္တရာယ်ပေးနိုင်ပါသည်။ ယင်းတို့တွင် ပါးစပ်နှင့် အူနံရံကို ဖုံးအုပ်ပေးထားသော ဆဲလ်များနှင့် ဆံပင်ပေါက်စေသည့် ဆဲလ်များ ပါဝင်ပါသည်။ ထို့ကြောင့် ပါးစပ်တွင် အနာပေါက်ခြင်း၊ ပျို့ခြင်းနှင့် ဆံပင်ကျွတ်ခြင်းကဲ့သို့ ဘေးထွက်ဆိုးကျိုးများကို အတွေ့ရများခြင်း ဖြစ်ပါသည်။ 

ဓာတုကုထုံးသည် သွေးဆဲလ်အသစ်များ ပြုလုပ်ရာနေရာဖြစ်သည့် ရိုးတွင်းခြင်ဆီ ထဲရှိ ဆဲလ်များကိုလည်း ထိခိုက်စေနိုင်ပါသည်။ သွေးဆဲလ်အရေအတွက် လျော့ကျခြင်းသည် ရောဂါပိုးဝင်ခြင်း၊ ပွန်းပဲ့ဒဏ်ရာဖြစ်ခြင်းနှင့် နုံးခွေခြင်းတို့ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။

ဆေးများတွင်လည်း ဘေးထွက်ဆိုးကျိုးအမျိုးမျိုးရှိနိုင်သည့်အပြင် ကလေးအားလုံးသည်လည်း ဆေးများအပေါ် တုံ့ပြန်ပုံမှုများမှာ မတူညီနိုင်ပါ။ စောင့်ရှောက်ကုသပေးသည့်အဖွဲ့သည် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ၊ ၎င်းတို့ဖြစ်ပွားနိုင်သည့်အချိန်နှင့် ၎င်းတို့ကို ကုသဖြေရှင်းနည်းအချို့အကြောင်း ဆွေးနွေးပြောဆိုမည်ဖြစ်သည်။

ဘယ်ဘက်တွင် မတ်တတ်ရပ်နေသော လူနာတစ်ယောက်ပုံကိုပြထားပြီး၊ ညာဘက်တွင် လူနာ၏ မျက်နှာပုံစံသုံးမျိုးကို ပြထားသည့်ပုံ။ အပေါ်ဆုံးပုံမှာ ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်နေသည့် လူနာ၏ပုံကို အနီးကပ်ပြသထားသည်။ အလယ်ပုံမှာ ပျို့ချင်အန်ချင်ဖြစ်နေသော လူနာ၏အစိမ်းရောင်မျက်နှာကို ပြသထားသည်။ အောက်ဆုံးပုံမှာ ဆံပင်မရှိတော့သော လူနာပုံကို ပြသထားသည်။

ဓာတုကုထုံးသည် ကင်ဆာဆဲလ်များနှင့် အလားသဏ္ဌာန်တူသည့် အလျင်အမြန်ကြီးထွား၊ ပွားများလာတတ်သည့်ဆဲလ်များကို တိုက်ခိုက်ပေးသည်။ သို့ရာတွင် ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ အခြားမြန်ဆန်စွာကြီးထွားနေသည့် ဆဲလ်များကိုလည်း အန္တရာယ်ပေးနိုင်ပါသည်။ ယင်းတို့တွင် ပါးစပ်နှင့် အူနံရံကို ဖုံးအုပ်ပေးထားသော ဆဲလ်များနှင့် ဆံပင်ပေါက်စေသည့် ဆဲလ်များ ပါဝင်ပါသည်။ ထို့ကြောင့် ပါးစပ်တွင် အနာပေါက်ခြင်း၊ ပျို့ခြင်းနှင့် ဆံပင်ကျွတ်ခြင်းကဲ့သို့ ဘေးထွက်ဆိုးကျိုးများကို အတွေ့ရများခြင်း ဖြစ်ပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018