ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးများ ကုထုံးခံယူနေစဉ် အိမ်ထောင်ရေးကို ပံ့ပိုးခြင်း

ကလေးတွင် ကင်ဆာရောဂါရှိကြောင်း သိရှိသောအခါ အိမ်ထောင်ရေးအပေါ် သက်ရောက်မှုရှိနိုင်သည်။ အိမ်ထောင်ဖက်၏ ပံ့ပိုးပေးမှု အရေးကြီးဆုံးဖြစ်လာသည့်အချိန်တွင် ကင်ဆာရောဂါသည် အိမ်ထောင်ရေးအပေါ် ထပ်တိုးစိတ်ဖိစီးမှုများ ဖြစ်စေသည်။ စောင့်ရှောက်သူ၏တာဝန်များကြောင့် မိဘများသည် တစ်ဦးပေါ်တစ်ဦး အချိန်ပေး ဂရုစိုက်ရန် ခက်ခဲစေသည်။ မိဘများသည် ဝမ်းနည်းသောအခါ သို့မဟုတ် စိုးရိမ်သောအခါ တစ်ဦးတည်းသီးခြားနေလာနိုင်သည်။ ယေဘုယျအားဖြင့် ကင်ဆာမဖြစ်မီ အိမ်ထောင်ရေးကိုထိခိုက်ခဲ့သော ပြဿနာများသည် ဆက်လက်ရှိနေပြီး ပိုမိုဆိုးရွားလာနိုင်သည်။

သို့သော်လည်း ကလေးကင်ဆာ ရောဂါရှာဖွေတွေ့ရှိမှုသည် ကွာရှင်းပြတ်စဲနိုင်ခြေကို မြင့်တက်စေသည့် အထောက်အထားမရှိပါ။ ကလေးတွင် ရောဂါတွေ့ရှိပြီးနောက် ၎င်းတို့၏ အိမ်ထောင်ရေးထိခိုက်သည်ဟု ယူဆသော စုံတွဲအချို့ရှိသော်လည်း အိမ်ထောင်သည်အများအပြားသည် အခက်အခဲကို အတူတူမျှဝေ၍ ဖြတ်သန်းခြင်းဖြင့် ပိုမိုခိုင်မြဲလာသည်။

ကလေးများသည် ခိုင်မာသောအိမ်ထောင်ရေးများမှ အကျိုးကျေးဇူးရရှိသည်

မိဘများသည် ၎င်းတို့၏ နာမကျန်းဖြစ်နေသော ကလေးကို ပြုစုရန်အတွက် ရှိသမျှ စွမ်းအင်အားလုံးကို ပုံအောပေးသင့်သည်ဟု ခံစားမိသည်မှာ နားလည်ပေးနိုင်သည်။ အခြားတစ်ခုခုတွင် အချိန်ပေးခြင်းသည် စိတ်မသန့်ခြင်း သို့မဟုတ် တစ်ကိုယ်ကောင်းဆန်သည်ဟု ခံစားရနိုင်သည်။ သို့သော် အိမ်ထောင်ဖက်များကြား သို့မဟုတ် ဘဝကြင်ဖော်များကြား ခိုင်မာသောချစ်ခြင်းမေတ္တာရှိခြင်းက ကောင်းကျိုးများစွာ ရှိစေပါသည်-

  • ကောင်းမွန်စွာပြောဆိုဆက်ဆံခြင်းသည် မိဘများကို ပိုကောင်းသော စောင့်ရှောက်သူများ ဖြစ်စေသည်။
  • ကလေးများအနေဖြင့် ၎င်းတို့၏နာမကျန်းဖြစ်မှုက မိသားစုအပေါ် ထိခိုက်စေသည်ဟူသော ခံစားချက်ကို လျော့နည်းစေသည်။
  • မိဘများ၏ စောင့်ရှောက်မှုခံရသော မောင်နှမများသည် လုံခြုံမှုပိုမိုခံစားရပြီး ပိုမိုလွယ်ကူစွာ အသားကျနိုင်သည်။
  • ပိုမိုနွေးထွေးပျူငှာသောပတ်ဝန်းကျင်သည် မိတ်ဆွေများနှင့် မိသားစု၏ အကူအညီနှင့် ပံ့ပိုးမှုကို ရရှိစေသည်။
၎င်းတို့၏ကလေးကိုချီ၍ ဆေးရုံအခန်းထဲတွင်မတ်တပ်ရပ်နေသော ဖခင်နှင့် မိခင်။

ခက်ခဲသောစိတ်ခံစားမှုများကို ရင်ဆိုင်ဖြေရှင်းရန် ဘဝကြင်ဖော်အား ကူညီခြင်းသည် တစ်ခါတစ်ရံတွင် ပြဿနာကို ဖြေရှင်းခြင်းထက် ပိုမိုအရေးကြီးနိုင်သည်။ 

ပိုမိုကောင်းမွန်သော အိမ်ထောင်ရေးအတွက် အဆင့်များ

အချစ်ရေး၊ အိမ်ထောင်ရေးများသည် မည်သည့်အခါမျှ ပြီးပြည့်စုံခြင်း မရှိပေ။ အနိမ့်အမြင့်၊ အတက်အကျများ ရှိပါမည်။ ကလေးနေမကောင်းဖြစ်သောအခါ အိမ်ထောင်ရေးအများစုသည် ဖိစီးမှုဒဏ်အချို့ကို ခံစားရသည်။ သို့သော် မိသားစုသည် ကင်ဆာရောဂါကို ရင်ဆိုင်နေရစေကာမူ ခိုင်မြဲသောအိမ်ထောင်ရေးကို ဆက်လက်ထိန်းသိမ်းရန် အဆင့်များ လုပ်ဆောင်နိုင်သည်။

  1. မိဘများသည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် အရေးအကြီးဆုံး နည်းလမ်းတစ်ခုမှာ အဓိပ္ပါယ်ရှိသော ပြောဆိုဆွေးနွေးမှုများ လုပ်ဆောင်ခြင်းဖြစ်သည်။ ကင်ဆာဖြစ်နေစဉ်အတွင်း ပြောဆိုဆွေးနွေးမှုများသည် နေ့စဉ်လုပ်ငန်းများနှင့် ဆေးဝါးဆိုင်ရာ လိုအပ်ချက်အကြောင်းများ ပါဝင်ကြောင်း မိဘအများအပြားက သိရှိသည်။ ကုထုံးဆုံးဖြတ်ချက်များ၊ အိမ်တွင်းတာဝန်များနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို အများဆုံး ပြောဆိုသည်။ ဤပုံစံများအတိုင်းဖြစ်သွားသည်မှာ သဘာဝပင်ဖြစ်သည်။ ပိုမိုကောင်းမွန်သည့် ပြောဆိုဆက်သွယ်ရေးကို ဖြစ်စေနိုင်သော အရာအချို့ရှိပါသည်။

    • အချင်းချင်း စကားပြောပါ။ အချင်းချင်း စကားပြောဆိုရန် တစ်နေ့လျှင် အနည်းဆုံး ၁၅ မိနစ်ကို သီးသန့်ဖယ်ထားပါ။ လိုအပ်ပါက ဗီဒီယို သို့မဟုတ် ဖုန်းခေါ်ဆိုမှု လုပ်ဆောင်ပါ။ အဓိကအချက်မှာ ဆက်သွယ်ရန် အချိန်ပေးခြင်းဖြစ်သည်။
    • စိတ်အနှောင့်အယှက်ဖြစ်စေသည့်အရာများကို နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်ပါ။ ဖြစ်နိုင်ပါက နှစ်ဦးတည်းသီးသန့် စကားပြောပါ။ အနီးအနားတွင် ကလေးများရှိပါက မိဘများသည် အကြောင်းအရာများကို ရှောင်ရှားပြောသည် သို့မဟုတ် "စကားဝှက်" ဖြင့် ပြောဆိုသည်။ လူချင်းတွေ့ရှိပါက ဖုန်းကိုချထား၍ TV ကိုပိတ်ပါ။
    • ခန္ဓာကိုယ်ချင်း ထိတွေ့မှု လုပ်ဆောင်ပါ။ လက်ကိုင်ခြင်း သို့မဟုတ် ပူးကပ်စွာထိုင်ခြင်းသည် ပိုမိုနက်ရှိုင်းသော စိတ်ခံစားချက် ချိတ်ဆက်မှုကို ဖြစ်စေနိုင်သည်။
    • ခံစားချက်များအကြောင်း ဆွေးနွေးပါ။ မိမိလုပ်ဆောင်ခဲ့သည့်အရာ သို့မဟုတ် လုပ်ဆောင်ရန်လိုသည့် အရာများအကြောင်း လျှော့ပြော၍ ခံစားမှုများအကြောင်း ပိုပြောပါ။ ခံစားချက်များ မမျှဝေတာကြာလေလေ ခံစားချက်အကြောင်း ပြောဆိုရန် ပိုမိုခက်ခဲလေလေဖြစ်သည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များအတွက် နေရာပေးမှုနှင့် အားပေးမှု လုပ်ဆောင်ပါ။

    အားပေးကြောင်းပြသရန် လွယ်ကူရိုးရှင်းသော နည်းလမ်းများ

    ကင်ဆာရောဂါကာလအတွင်း ကုထုံး သို့မဟုတ် အခြားအရေးကြီးသည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များချရန် ပြောဆိုဆွေးနွေးမှုအများအပြားတွင် မိဘများပါဝင်ရန် လိုအပ်သည်။ တစ်ခါတစ်ရံတွင် မိဘများသည် စိတ်ထိခိုက်ခံစားရနိုင်သည်။ ခက်ခဲသောအချိန်တွင် တစ်ဦးကိုတစ်ဦး ပံ့ပိုးပေးခြင်းသည် ခက်ခဲသည်။ မိဘများသည် ၎င်းကို အောက်ပါနည်းများနှင့် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်သည်-

    • နားထောင်ရမည့်အချိန်ကို သိခြင်း။ ခက်ခဲသောစိတ်ခံစားမှုများကို ရင်ဆိုင်ဖြေရှင်းရန် ဘဝကြင်ဖော်အား ကူညီခြင်းသည် တစ်ခါတစ်ရံတွင် ပြဿနာကို ဖြေရှင်းခြင်းထက် ပိုမိုအရေးကြီးနိုင်သည်။ စိတ်ခံစားချက်များကို မျှဝေရန် လုံခြုံသောနေရာသည် တစ်စုံတစ်ယောက်လိုအပ်သည့် အရာဖြစ်နိုင်သည်။ ခံစားချက်များကို ဖော်ပြခြင်းဖြင့် မိဘများသည် ပိုမိုရှင်းလင်းစွာတွေးခြင်းနှင့် ဆုံးဖြတ်ချက်များတွင် အာရုံစိုက်ခြင်းတို့အား လုပ်ဆောင်နိုင်သည်။
    • ထပ်ကျော့ခြင်း၊ တုံ့ပြန်ခြင်းမဟုတ်။ အခြားသူက မျှဝေထားသည့်အရာကို ပြန်လည်ထင်ဟပ်ပြပါ။ ဤအချက်က တစ်ဖက်သားကို နားထောင်စေပြီး အပြန်အလှန်နားလည်မှုကို တိုးတက်စေသည်။
    • ပြဿနာများကို အာရုံမစိုက်ဘဲ အဖြေများကို အာရုံစိုက်ခြင်း။ စိတ်ဖိစီးမှုခံစားနေရပါက ပြောဆိုဆွေးနွေးမှုများသည် ငြင်းခုံမှုများအဖြစ်သို့ အလွယ်တကူရောက်ရှိနိုင်သည်။ အပြစ်ဖို့ခြင်းနှင့် အပြစ်လုပ်သူ အကြောင်း သို့မဟုတ် မှန်သူ သို့မဟုတ် မှားသူအကြောင်း ပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာတွင် ကုထုံးဆိုင်ရာ ရွေးချယ်စရာများမှသည် ငွေကြေးဆိုင်ရာ စိုးရိမ်စရာများအထိ ဆုံးဖြတ်ချက်အများစုသည် ရှင်းလင်းမှုမရှိပါ။ မလိုအပ်သော ဖိစီးမှုဒဏ်ကို လျှော့ချရန် ပြဿနာများအား တိုက်ရိုက်ဖြေရှင်းခြင်းအပေါ် အာရုံစိုက်ပါ။
    • နောက်ထပ် တာဝန်ပိုယူရန် ပြောဆိုခြင်း။ လက်တွဲဖော် စိတ်ထိခိုက် ခံစားနေရသောအခါ ကူညီရန်ကမ်းလှမ်းခြင်းသည် အားပေးခြင်းကို နားလည်ကြောင်း ပြသသည့် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ မိသားစုတာဝန်များကို ကူညီရန် သတ်သတ်မှတ်မှတ်ရှိသည့် နည်းလမ်းများ ကမ်းလှမ်းပါ။ အိမ် သို့မဟုတ် ဆေးရုံ၏အဝေးတွင် ကာလတစ်ခုကြာ အချိန်ဖြုန်းရန် အိမ်ထောင်ဖက်ကို တိုက်တွန်းပါ။ အကြံပြုကမ်းလှမ်းမှုကို လက်မခံစေကာမူ ၎င်းက အရေးကြီးသည့် ပူပန်မှုနှင့် ချစ်ခြင်းမေတ္တာအကြောင်း အမှတ်လက္ခဏာကို သတိထားမိစေသည်။
  2. နာမကျန်းသောကလေးကို ပြုစုနေသောအခါ ကိုယ်ပိုင်အချိန်အလွန်နည်းသော်လည်း ဇနီးမောင်နှံများအတွက် အတူတူရှိရန် အချိန်လိုအပ်သည်။ အတူတူရှိချိန်သည် မိဘများနှင့် စောင့်ရှောက်သူများအဖြစ်အစား ဇနီးမောင်နှံအဖြစ်ဖြင့် စိတ်ခံစားမှုဆက်သွယ်မှုကို ပြန်လည်စတင်ရန်နှင့် ပိုမိုနက်ရှိုင်းစေရန် အခွင့်အရေးပေးသည်။

    ဇနီးမောင်နှံအဖြစ် အချိန်ပိုမိုသုံးရန် အကြံဉာဏ်များမှာ-

    • ပုံမှန်ချိန်းတွေ့ခြင်းလုပ်ဆောင်ရန် မိတ်ဆွေများ သို့မဟုတ် မိသားစု၏ အကူအညီကို စာရင်းလုပ်ခြင်း။ ဖြစ်နိုင်ပါက တစ်ညလုံးအပြင်တွင်နေခြင်းအထိ လုပ်ဆောင်ပါ။
    • ချိန်းတွေ့မှုတွင် ကလေးများအကြောင်း ပြောဆိုခြင်းကို အချိန်ပမာဏတစ်ခုသာ အသုံးပြုခြင်း။
    • ကလေးများအိပ်သွားပါက အတူတူရှိရန် အချိန်စီစဉ်ခြင်း။ ရုပ်ရှင်ကြည့်ခြင်းမှသည် အချိုပွဲစားခြင်းအထိ လွယ်ကူရိုးရှင်းသောအရာကို လုပ်ဆောင်ရန် စီစဉ်ပါ။
    • ကြင်နာအားပေးသည့် အမူအရာများ စီစဉ်ခြင်း။ ချစ်စဖွယ်မှတ်စုတို၊ ကော်ဖီဖျော်ခြင်း၊ ဘဝကြင်ဖော်၏ လုပ်ဆောင်ရန်စာရင်းပေါ်ရှိ အချက်များကို ဂရုစိုက်ခြင်း သို့မဟုတ် လက်ဆောင်အသေးစားတစ်ခုပေးခြင်းကဲ့သို့ သေးငယ်သောအချက်များက အိမ်ထောင်ရေးသည် အရေးကြီးကြောင်း ဖော်ပြနိုင်သည်။
  3. စိတ်ဖိစီးသည့်အချိန်များတွင် အိမ်ထောင်ဖက်များတွင် စိတ်ပျက်ခြင်းနှင့် ဒေါသတို့ စုပြုံလာသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းများစွာ ရှိနိုင်သည်။ အချို့အိမ်ထောင်ဖက်များသည် စိတ်ဖိစီးမှုလျှော့ချရန် ပဋိပက္ခကို စိတ်ထွက်ပေါက်အဖြစ် အသုံးချတတ်သည်။ အခြားသူများသည် အမှန်တကယ်အကြောင်းအရင်းအစား အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အိမ်ထောင်ဖက်ထံသို့ ပြောပြတတ်သည်။ တစ်ခါတစ်ရံတွင် မိဘများသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ခံစားချက်များကို နားလည်မှုလွဲပြီး စိုးရိမ်မှု သို့မဟုတ် ကြောက်ရွံ့မှုကို ဒေါသအဖြစ် ဖော်ပြသည်။ အချိန်ကြာလာသည်နှင့်အမျှ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ စုပြုံလာသောအခါ လူများကို အဝေးသို့တွန်းထုတ်နိုင်သည်။ မူလဇာစ်မြစ်ခံစားချက်များကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ပိုမိုတိကျစွာ ဖော်ပြခြင်းသည် ပဋိပက္ခများကို လျှော့ချရန်နှင့် အပြုသဘောပူးပေါင်းလုပ်ဆောင်မှုများကို တွန်းအားပေးရန် အရေးကြီးသည့် နည်းလမ်းတစ်ခုဖြစ်နိုင်သည်။

  4. ကလေး၏ နာမကျန်းဖြစ်ခြင်းအပေါ် မိဘများ၏ တုံ့ပြန်ပုံသည် တစ်ဦးနှင့်တစ်ဦး မတူညီပါ။ အချို့သည် နောက်ဆုတ်သွားသည်။ အချို့သည် နာမကျန်းဖြစ်ခြင်းအကြောင်း မစဉ်းစားမိစေရန် အလုပ်များစွာ လုပ်သည်။ အခြားသူများသည် သိသာစွာ ဒေါသထွက်သည် သို့မဟုတ် ဝမ်းနည်းသည်။ ဤတုံ့ပြန်ပုံများအားလုံးသည် သဘာဝပင်ဖြစ်သည်။ သို့သော် အိမ်ထောင်ဖက်၏ တုံ့ပြန်ပုံသည် တစ်ခါတစ်ရံတွင် လက်တွဲဖော်များအတွက် အံ့ဩဖွယ်ကောင်းပြီး မတည်ငြိမ်ခြင်း ဖြစ်နိုင်သည်။ အခြားရင်ဆိုင်ဖြေရှင်းသည့် ပုံစံများကို နားလည်ခြင်းနှင့် လက်ခံခြင်းသည် လူများအသားကျစေရန်နှင့် ခက်ခဲသော စိတ်ခံစားမှုများ၊ ပြဿနာများနှင့် လုပ်ဆောင်နိုင်ရန် အခြေအနေ ဖန်တီးပေးသည်။

  5. အိမ်ထောင်ရေးတွင် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုသည် အရေးကြီးသည်။ သို့သော် ၎င်းတို့၏ကလေးသည် ကင်ဆာကို တိုက်ထုတ်နေရသောအခါ ကြည်နူးဖွယ်အိမ်ထောင်ရေးများနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုသည် ပြောင်းလဲသွားလေ့ရှိသည်။ စောင့်ရှောက်သူ၏တာဝန်များသည် ကိုယ်ပိုင် အချိန်ရရှိရန် ခက်ခဲစေသည်။ အချို့မိဘများသည် ဝမ်းနည်းခြင်း သို့မဟုတ် နုံးခွေခြင်းကြောင့် လိင်ကိစ္စတွင် စိတ်ဝင်စားမှု နည်းသွားနိုင်သည်။ အခြားသူများသည် စိတ်ဖိစီးမှုကို လျှော့ချရန် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုကို အမှန်တကယ် ပိုမိုလိုချင်နိုင်သည် သို့မဟုတ် ၎င်းတို့၏ လက်တွဲဖော်များနှင့် စိတ်ချင်းချိတ်ဆက်လိုသည်။ ၎င်းခံစားချက်များသည် သဘာဝကျသည် သို့သော် လိုအင်ဆန္ဒမတူညီမှုများသည် အိမ်ထောင်ရေးတွင် စိတ်ဖိစီးမှုကို ဖြစ်နိုင်သည်။ မိဘများအတွက် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုအကြောင်း ပြောဆိုဆက်သွယ်ရန် ၊ လိုအပ်ချက်နှင့် မျှော်လင့်ချက်များအကြောင်း ဆွေးနွေးရန် အရေးကြီးသည်။ စုံတွဲများသည် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုအား အချိန်ကြာမြင့်စွာ ရပ်နားထားခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမည်။

    လိင်ကိစ္စတွင် စိတ်ဝင်စားမှုနည်းသော မိဘများအတွက် အောက်ပါတို့ကို စမ်းကြည့်ပါ-

    • သံယောဇဉ်ရှိသေးကြောင်း လက်တွဲဖော်ကို ပြသရန် နည်းလမ်းများရှာခြင်း။ ချီးကျူးပါ၊ ကျေးဇူးတင်ကြောင်း ပြသပါ သို့မဟုတ် “ချစ်တယ်” ဟုပြောပါ။
    • လက်တွဲဖော်ကို နူးညံ့စွာ ဆုပ်ကိုင်ခြင်း၊ ၎င်းသည် ထိတွေ့ဆက်ဆံမှု ခံစားချက်ကို တိုးစေသည်။
    • လိင်ကိစ္စနှင့်ပတ်သက်သည့် မျှော်လင့်ချက်များနှင့် သက်ဆိုင်သော ဘုံသဘောတူညီချက်ကို ရှာဖွေခြင်း။

    လိင်ကိစ္စတွင် စိတ်ဝင်စားမှုပိုများသော မိဘများအတွက် အောက်ပါတို့ကို စမ်းကြည့်ပါ-

    • လိင်ဆက်ဆံရန် မျှော်လင့်မထားဘဲ လက်တွဲဖော်ကို စိတ်ပါလက်ပါ ထိတွေ့ခြင်း။ ၎င်းတွင် ပွေ့ဖက်ခြင်း၊ ပူးကပ်ခြင်း၊ လက်ကိုင်ခြင်းနှင့် ဘေးကပ်ထိုင်းခြင်းတို့ ပါဝင်သည်။
    • မိတ်ဆွေများအဖြစ် အာရုံထားခြင်း။ လုပ်ငန်းဆောင်တာများကို စုံတွဲအဖြစ် လုပ်ဆောင်ခြင်း၊ အိမ်တွင် ပိုမိုကူညီခြင်းနှင့် သေးငယ်သောအရာများကို လုပ်ဆောင်ခြင်းသည် စုံတွဲများကို ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာအရပါ ပိုမိုနီးကပ်စေသည်။
    • အချိန်ခေတ္တ နားထားခြင်း။ ၎င်းသည် အမြဲမလွယ်ကူပါ သို့သော် လိင်ကိစ္စကို ခေတ္တနားခြင်းသည် ထိတွေ့ဆက်ဆံမှုအတွက် တင်းအားနှင့် ဖိအားကို ကူညီလျှော့ချပေးနိုင်သည်။

ကလေး ပြင်းထန်စွာ နာမကျန်းဖြစ်ချိန်တွင် အခြားသူများသည် ၎င်းတို့၏ အိမ်ထောင်ရေးများကို မည်သို့အားပေးကြောင်း နားထောင်ပါ။

ခိုင်မြဲသောအိမ်ထောင်ရေးအတွက် ပွင့်လင်းရိုးသားသော ဆက်ဆံရေးသည် အဓိကဖြစ်သည်။ မဖြေရှင်းထားသော ပဋိပက္ခများနှင့် ထိတွေ့ဆက်ဆံမှု မရှိခြင်း (စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်း) တို့သည် မိသားစုတွင် ထပ်ဆောင်းစိတ်ဖိစီးမှုများ ဖြစ်နိုင်ပြီး မိဘများက တစ်ဦးပေါ်တစ်ဦး ပေးစွမ်းနိုင်သည့် ထောက်ပံ့မှုကို အကန့်အသတ်ဖြစ်စေသည်။ သို့သော် တစ်စုံတရာ လွဲမှားနေမှသာ အကူအညီ ရှာဖွေရမည်မဟုတ်ပါ။ မိသားစုနှင့် အိမ်ထောင်ရေး အကြံပြုဆွေးနွေးခြင်းသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကာလတွင် အရေးကြီးသော ခွန်အားအရင်းအမြစ်တစ်ခု ဖြစ်နိုင်သည်။ စိတ်ကျန်းမာရေး ဆရာဝန်နှင့် အခြားစိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးသူများသည် ခံစားချက်များအကြောင်း ပြောခြင်း၊ စိုးရိမ်မှုများကို ဖြေရှင်းခြင်းနှင့် ခက်ခဲသောအချိန်များအတွင်း ရင်ဆိုင်ဖြေရှင်းခြင်းများအတွက် စုံတွဲများကို ကူညီရန် လက်တွေ့ကျသော စွမ်းရည်နှင့် အရင်းအမြစ်များ ပံ့ပိုးနိုင်သည်။


ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ