ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အသက်အရွယ်နှင့် သင့်လျော်သော အချက်အလက်များ

ကင်ဆာနှင့်ပတ်သက်၍ သင့်ကလေးနှင့် သင်မျှဝေသည့် အချက်အလက်များသည် သူ သို့မဟုတ် သူမ၏ အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအဆင့်အပေါ် မူတည်သည်။

ကလေးများအားလုံးသည် ရိုးရှင်းပြီး ပြတ်သားသော ရှင်းလင်းမှုများကို လိုအပ်ပါသည်။ ၎င်းတို့သည် ၎င်းတို့အား ချစ်ခင်ကြောင်းနှင့် ထောက်ပံ့ပေးနေကြောင်း သိရှိရန် လိုအပ်ပါသည်။

  1. မွေးကင်းစကလေးများ

    မွေးကင်းစကလေးများနှင့် ငယ်ရွယ်သော ကလေးများတွင် အတွေ့ရများသော တုံ့ပြန်မှုများ

    မွေးကင်းစကလေးများသည်-

    • ဆေးကုသရေးလုပ်ငန်းစဉ်များကြောင့် စိတ်မကြည်ခြင်းဖြစ်နိုင်သည်
    • ဝန်ထမ်းများနှင့် အပြန်အလှန်တုံ့ပြန်ပြောဆိုမှုများ မပြုတော့ခြင်းနှင့် ရှောင်ရှားခြင်းတို့ ပြုလုပ်နိုင်သည်
    • မိဘများအား ကပ်နေနိုင်သည်။
    • မွေးကင်းစကလေးများသည် ၎င်းတို့ကြုံတွေ့ရသည့် အပြောင်းအလဲများအားလုံးကြောင့် စကားပြောဆိုခြင်း၊ လမ်းလျှောက်ခြင်း သို့မဟုတ် ၎င်းတို့ဘာသာစားသောက်ခြင်းတို့ကဲ့သို့သော ဖွံ့ဖြိုးမှုအဆင့်များကို ရောက်ရှိရန်အတွက် အချိန်အနည်းငယ် ကြာမြင့်နိုင်သည်။

    ပြောဆိုရန်နှင့် ပြုလုပ်ရန်များ

    • သင့်အသံသည် နှစ်သက်ချမ်းမြေ့မှုရှိစေသည့်အတွက် သင့်ကလေးအား စကားပြောဆိုပါ သို့မဟုတ် သီချင်းဆိုပြပါ။
    • ထွေးပွေ့ထားခြင်းနှင့် ညင်သာစွာ ထိတွေ့ခြင်းအားဖြင့် သင့်ကလေးအား သက်တောင့်သက်သာရှိပါစေ။ အရေပြားချင်း ထိတွေ့ပေးခြင်းသည်လည်း အကျိုးများစေပါသည်။ သင့်ကလေးအား ထွေးပွေ့ထားသည့်အခါ ထိတွေ့မိနိုင်သည့်အရာများတွင် သင့်အား လန့်သွားစေနိုင်သည့် ဆေးဝါးပစ္စည်းများရှိ၊ မရှိ မေးခွန်းများကို ပြုစုစောင့်ရှောက်ရေးအဖွဲ့အား မေးမြန်းပါ။
    • ၎င်းတို့သည် သင့်အား စိတ်သက်သာရာရစေလိုမည်ဖြစ်ပါသည်။
    • အစားအစာကျွေးမွေးခြင်း၊ အိပ်ရာဝင်ချိန်နှင့် အခြားပုံမှန်လုပ်ဆောင်မှုများကို တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် သင့်ကလေးငယ် ဘေးကင်းလုံခြုံမှုရှိသည့် ခံစားမှုရရှိစေရန် ကူညီပေးပါ။ သို့ရာတွင် ကင်ဆာကုသမှုသည် “ပုံမှန်အခြေအနေသစ်” တစ်ခုကို မကြာမကြာ ဖန်တီးပါသည်။ သင့်မိသားစုဘဝတွင် ဤအဆင့်အတွက် လုပ်ဆောင်မှုအသစ်များနှင့် တည်ဆောက်ပုံအသစ်တို့ကို ဖန်တီးရန် စဉ်းစားပါ။
    • ကစားစရာများ သို့မဟုတ် စောင်တစ်ထည်ကဲ့သို့သော ၎င်းရင်းနှီးကျွမ်းဝင်သည့်ပစ္စည်းများကို နေအိမ်မှ ယူဆောင်လာပါ။ ရင်းနှီးကျွမ်းဝင်နေသော မြင်ကွင်းများနှင့် ရနံ့များသည် သင့်ကလေးအား ပိုမို၍ ဘေးကင်းလုံခြုံမှုရှိကြောင်း ခံစားရစေရန် အထောက်အကူဖြစ်ပါသည်။ သင်အိမ်တွင် နေထိုင်သကဲ့သို့  စာအုပ်များ ဖတ်ရှုခြင်း၊ သီချင်းဆိုခြင်းနှင့် ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ကစားချိန်ကဲ့သို့ ကစားမှုများအတွက် အချိန်ပေးပါ။ ဤလုပ်ဆောင်မှုများအတွင်း သင့်ကလေး၏ ဘေးကင်းစိတ်ချရမှု သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာရှိမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ပါက ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် ဆွေးနွေးပြောဆိုပါ။
    • သူစိမ်းနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုအတွက် အထောက်အကူဖြစ်စေရန် တစ်ကြိမ်စီတိုင်းတွင် လူနာကို ပြုစုစောင့်ရှောက်သည့်အဖွဲ့ဝင်များအရေအတွက်ကို ကန့်သတ်ရန် ကြိုးစားပါ။ (ဤသို့ပြုလုပ်ခြင်းသည် တစ်ခါတစ်ရံတွင် ခက်ခဲနိုင်ပါသည်။)
  2. လမ်းလျှောက်တတ်စအရွယ်မှ အသက် ၃ နှစ်အထိ

    လမ်းလျှောက်တတ်စအရွယ်များတွင် အတွေ့ရများသော တုံ့ပြန်ချက်များ

    လမ်းလျှောက်တတ်စအရွယ်များသည် အောက်ပါတို့ကို ခံစားရနိုင်သည်-

    • သွေးဖောက်ထုတ်မှုများ၊ ဆေးဝါးသောက်သုံးခြင်းနှင့် ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ သွားရောက်ခြင်းတို့ကဲ့သို့သော ဆေးကုသရေးလုပ်ငန်းစဉ်များကို တစိုက်မတ်မတ် ပုံမှန် ကောင်းမွန်စွာပြုလုပ်ပါ။ ယင်းကဲ့သို့ပြုလုပ်ရာတွင် ၎င်းတို့အား အနေအထားချထားသည့်ပုံစံနှင့် ၎င်းတို့ကြည့်ရှုလိုချင်သည့်အရာ သို့မဟုတ် ပြုလုပ်လိုနိုင်သည့်အရာတို့ ပါဝင်နိုင်ပါသည်။ အခက်အခဲများကို ထိထိရောက်ရောက်ဖြေရှင်းသည့် အစီအစဉ်များဖြင့် အကူအညီရလိုပါက ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် ဆွေးနွေးပြောဆိုပါ။
    • ၎င်းတို့သည် မိဘများ၏အဝေးတွင် ဆေးရုံ၌ အမြဲရှိနေရမည်ကို ကြောက်ရွံ့နေနိုင်သည်
    • ကလေးပိုဆန်သော အပြုအမူများကို ပြန်လည်ပြုလုပ်မိနိုင်သည်
    • ဆေးကုသရေးလုပ်ငန်းစဉ်များကို ကြောက်ရွံ့ပြီး စိတ်ပျက်လက်ပျက်ဖြစ်နိုင်သည်

    ပြောဆိုရန်နှင့် ပြုလုပ်ရန်အရာများ

    • ဖြစ်ပေါ်လာနိုင်သည့်အရာများအတွက် ရိုးရှင်းသော၊ ရှင်းလင်းပြတ်သားသော ဖော်ပြချက်များကို အသုံးပြုနိုင်သည်။ ဤအသက်အရွယ်အုပ်စုအတွင်းရှိ ကလေးများသည် ကင်ဆာ ဟူသော ဝေါဟာရ၏ဆိုလိုရင်းကို နားမလည်နိုင်ပါ။ နာနာဖြစ်သည် နှင့် ဘူး-ဘူးကဲ့သို့ စကားလုံးများကို အသုံးပြုပါ။ ခန္ဓာကိုယ်ပေါ်ရှိ ရောဂါဖြစ်ပွားလျက်ရှိသော နေရာကို ညွှန်ပြပါ။
    • လုပ်ငန်းစဉ်သည် နာကျင်စေနိုင်မည်ဆိုပါက ၎င်းကို မဆောင်ရွက်မီ သင့်ကလေးကို ပြင်ဆင်ပေးပါ။ (ထိုသို့ ဖြစ်ပွားနိုင်မည် ဟုတ်၊ မဟုတ်ကို သင်သေချာမသိလျှင် သင်၏စောင့်ရှောက်မှုပံ့ပိုးသူအား မေးမြန်းပါ) သင့်ကလေးကို မပြင်ဆင်ပေးလိုက်ခြင်းကြောင့် ဆေးကုသရေးလုပ်ငန်းဆိုင်ရာ အရေးကြီးသည့်လက္ခဏာများ ရယူခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုကဲ့သို့သော ရိုးရှင်းသည့်အရာများကို ပြုလုပ်သည့်အခါ သင့်ကလေးအား စိုးရိမ်ပူပန်မှုကို ဖြစ်စေနိုင်သည်။
    • ရွေးချယ်ခွင့်ပေးနိုင်သည့်အခါတိုင်း ရွေးချယ်စရာပေးပါ။ ဥပမာအားဖြင့် ၎င်းတို့၏အရေးကြီးသည့်လက္ခဏာများရယူရန်လက်မောင်းကို ရွေးချယ်ပါစေ။
    • သက်တူရွယ်တူကလေးများနှင့် ကစားနိုင်သည့် အခွင့်အလမ်းများကို ပေးပါ။ ဆေးရုံရှိ ကစားခန်းများထံသို့ သွားရောက်ပါ။ ဆေးရုံတွင် ကစားသည့်ကလေးအုပ်စုများကို စီစဉ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
    • သင့်ကလေးသည်​ ဆေးရုံတွင် ဆက်လက်နေထိုင်ရမည်ဆိုလျှင် ဤအချက်အလက်များကိုလည်း မျှဝေပါ။ ကလေးများသည် ဆေးရုံမှ မထွက်ခွာနိုင်ရသည့်အတွက် နှစ်သိမ့်မှုကို ပြုလုပ်ပေးရန် လိုအပ်ပါသည်။ ကလေးများအတွက် အရေးပါသည့် ကစားခြင်း သို့မဟုတ် လုပ်ဆောင်မှုများအပါအဝင် ၎င်းတို့လုပ်ဆောင်နိုင်သည့်အရာများကို ပြောပြခြင်းသည်လည်း အသုံးဝင်ပါသည်။
    • ဆေးရုံတွင်နေသည့်အခါ ကစားရန် အချိန်ပေးပြီး ၎င်းတို့၏ တစ်နေ့တာအချိန်အတွင်း ကစားချိန်ကို ထည့်သွင်းပေးပါ။ ကစားခြင်းသည် သက်သောင့်သက်သာရှိမှုကို ဆောင်ကြဉ်းပေးနိုင်ပြီး နေရာသစ်တစ်ခုကို ရင်းနှီးကျွမ်းဝင်မှုရှိစေနိုင်ပါသည်။
  3. အသက် ၃ နှစ်မှ ၇ နှစ်အထိ

    အတွေ့ရများသော တုံ့ပြန်မှုများ

    ကလေးများသည်-

    • ကလေးပိုဆန်သော အပြုအမူများကို ပြန်လည်ပြုလုပ်မိနိုင်သည်
    • ဆေးကုသရေးလုပ်ငန်းစဉ်များကို ကြောက်ရွံ့နေပြီး စိတ်ပျက်လက်ပျက်ဖြစ်နိုင်သည်
    • မေးခွန်းအမြောက်အမြား မေးမြန်းနိုင်သည်
    • ကင်ဆာသည် ၎င်းတို့ ပြောဆိုဖူးသော၊ ပြုလုပ်ခဲ့ဖူးသော သို့မဟုတ် စဉ်းစားခဲ့ဖူးသော တစ်စုံတစ်ခုအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်ဟု စဉ်းစားမိနိုင်သည်
    • မိဘများသည် ဆေးရုံတွင် ၎င်းတို့အား ထားခဲ့ပြီး ထွက်သွားမည်ကို စိုးရိမ်ကြောက်ရွံ့နေနိုင်သည်
    • ပါးစပ်မှတစ်ဆင့် သောက်သုံးရသော ကုသရေးဆေးဝါးများကို သောက်သုံးရာတွင် အခက်အခဲရှိနိုင်သည်

    ပြောဆိုရန်နှင့် ပြုလုပ်ရန်အရာများ

    • ကလေးများသည် ရိုးရှင်းသော ဝေါဟာရများဖြင့် ရှင်းပြလျှင် ကင်ဆာဆိုသည့်အရာကို နားလည်နိုင်သည်။ ၎င်းတို့သည် ၎င်းတို့၏ကင်ဆာအမည်ကို သင်ယူနိုင်ပြီး ကုသမှုများနှင့်ပတ်သက်သော ရိုးရှင်းသည့်အချက်အလက်များကို နားလည်နိုင်ကြ၍ တစ်နေ့ပြီး တစ်နေ့ ပြောင်းလဲမှုရှိနိုင်သည့် နေ့စဉ်ဘဝနှင့်ပတ်သက်၍လည်း အခြေခံအချက်အလက်များကို ကြားသိနိုင်သည်။
    • မိဘများက ကင်ဆာသည် ၎င်းတို့ ပြောဆိုဖူးသော၊ ပြုလုပ်ခဲ့ဖူးသော သို့မဟုတ် စဉ်းစားခဲ့ဖူးသော တစ်စုံတစ်ခုကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း ပြောဆိုပေးရန် လိုအပ်ပါသည်။
    • မိဘများက ၎င်းတို့အား ဆေးရုံတွင် စွန့်ပစ်သွားမည် မဟုတ်ကြောင်းကို နှစ်သိမ့်မှုပြုလုပ်ရန် လိုအပ်ပါသည်။ ကျောင်းမတက်ရောက်ရသေးသည့် ကလေးများက ၎င်းတို့၏ ဘဝသည် ဆေးရုံ၌သာ ကုန်ဆုံးသွားရမည်ကို ကြောက်ရွံ့နေနိုင်သည်။ ထို့ပြင် သင်၏အလုပ်ကြောင့်ဖြစ်စေ မွေးချင်းမောင်နှမများကြောင့်ဖြစ်စေ သင့်ကလေးနှင့် အဝေးသို့ရောက်ရှိသည့်အချိန်များရှိလာပါက ပြန်လာမည့်အကြောင်း သင့်ကလေးအား ပြောပြရန် အရေးကြီးပါသည်။ ၎င်းတို့၏ အချိန်အား သိရှိခံစားမှုအာရုံသည် ဤအသက်အရွယ်တွင် ကောင်းစွာ ဖွံ့ဖြိုးမှုမရှိသေးသဖြင့် ၎င်းတို့သိရှိနားလည်သည့် တစ်စုံတစ်ခုဖြင့် အချိန်ကို တူညီအောင် ပြုလုပ်ပါ။
    • ကလေးအား နာကျင်စေနိုင်သည့် စစ်ဆေးမှုများနှင့် ကုသမှုများနှင့်ပတ်သက်၍ သင့်ကလေးအပေါ်တွင် ရိုးသားမှုရှိပါစေ။ ၎င်းတို့သည် ကင်ဆာကို ပျောက်ကင်းသွားစေရန်အတွက် ကြိုးစားလုပ်ဆောင်နေကြခြင်းဖြစ်ကြောင်းရှင်းပြပါ သို့မဟုတ် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဖြစ်ပျက်နေသောအရာများကို ဆရာ၀န်များအား ပြသပါ။ နာကျင်မှုနည်းပါးစေသည့် အပ်များကဲ့သို့သော အရာများရရှိနိုင်သည့် ရင်းမြစ်များရှိ၊ မရှိ စုံစမ်းပါ။ သင်သည် သင့်ကလေး၏ အာရုံကို အပြောင်းအလဲ ပြုလုပ်နိုင်ပြီး ဇာတ်လမ်းဖတ်ပြခြင်း၊ သူ သို့မဟုတ် သူမအား သက်တောင့်သက်သာရှိစေမည့် အရာတစ်ခုခုကို ကိုင်ထားရန် သို့မဟုတ် အခြားတစ်စုံတစ်ခုကို ကြည့်ရှုရန် ပေးအပ်ခြင်းဖြင့် နာကျင်မှုကို ခံစားရသည်ထက် အခြားတစ်ခုခုကို အာရုံစူးစိုက်မိစေရန် လုပ်ဆောင်နိုင်ပါသည်။ သက်သောင့်သက်သာရှိမှု၊ ကြိုတင်ခန့်မှန်းနိုင်မှုနှင့် (ပါးစပ်မှတစ်ဆင့် သောက်သုံးရသော ဆေးဝါးတို့ အပါအဝင်) ထိန်းချုပ်မှုတို့ကို ရရှိရန် အထောက်အကူပြုနိုင်သည့် ပုံမှန်လုပ်ဆောင်မှုများနှင့် ဖြေရှင်းဆောင်ရွက်ရေး အစီအစဉ်များဖြင့် အကူအညီပေးလိုပါက ပြုစုစောင့်ရှောက်ရေးအဖွဲ့အား မေးမြန်းပါ။
    • ကြိုတင်ပြင်ဆင်ရာတွင် အကူအညီဖြစ်ရန်အတွက် ရင်းနှီးကျွမ်းဝင်မှုမရှိသော စက်ပစ္စည်းများ သို့မဟုတ် ထောက်ပံ့ရေးပစ္စည်းများ (ဆေးပိုက်များ၊ ပတ်တီးများ သို့မဟုတ် အပေါက်များ) ကို သင့်ကလေးက ကြိုတင်တွေ့မြင်၍ သို့မဟုတ် ထိတွေ့၍ဖြစ်၊ မဖြစ် ဆရာဝန်ကို မေးမြန်းပါ။
    • ကလေးများသည် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်းကို ကုထုံးဆိုင်ရာ ဆေးကုသရေး ကစားနည်း မှတဆင့် ကလေးများအတွက် ၎င်းတို့၏ ကုသမှုများအကြောင်းကိုသင်ကြားပေးရန် ဒီဇိုင်းပြုလုပ်ထားသော အထူးအရုပ်များ သို့မဟုတ် လုပ်ဆောင်ချက်များဖြင့် သင်ယူလေ့လာရခြင်းကို နှစ်သက်နိုင်ပါသည်။ လုပ်ငန်းဆောင်ရွက်မှုများကို ချောမွေ့စွာပြုလုပ်ရာတွင် အကူအညီပေးနိုင်သည့် ကလေးအထူးကုဆရာဝန်တစ်ဦး ဆေးရုံတွင် ရှိ၊ မရှိ မေးမြန်းပါ။
  4. အသက် ၇ နှစ်မှ ၁၂ နှစ်အထိ

    ကျောင်းတက်ရောက်သင်ကြားနေသည့်အရွယ်ကလေးများတွင် တွေ့ရများသည့် တုံ့ပြန်မှုများ

    ကလေးများသည်-

    • ပုံပန်းသွင်ပြင်အပြောင်းအလဲများနှင့်ပတ်သက်၍ မေးခွန်းများနှင့် စိုးရိမ်ပူပန်မှုများ ရှိနိုင်သည်
    • လုပ်ငန်းစဉ်အသစ်များအားလုံးသည် နာကျင်ခံစားရမည်ကို စိုးရိမ်ပူပန်မှုရှိနေနိုင်သည်
    • ၎င်းတို့သည် မည်သည့်အချိန်တွင် အိမ်ပြန်ရမည်ဆိုသည်ကို သိရှိလိုနိုင်သည်
    • အချိန်ကို ကောင်းစွာနားလည်သဘောပေါက်နိုင်သည်
    • ၎င်းတို့ သေဆုံးရတော့မည်လားဟု မေးမြန်းလာနိုင်သည်
    • ကျောင်းပညာသင်ကြားရေးတွင်အနှောင့်အယှက်ဖြစ်ခြင်းကြောင့် စိတ်ပျက်လက်ပျက်ဖြစ်လာနိုင်သည်
    • အတန်းဖော်များနှင့် သူငယ်ချင်းများကို တွေ့မြင်လိုလာနိုင်သည်
    • ကျန်းမာရေးအပြောင်းအလဲ၊ ကျောင်းသင်ရိုးပြင်ပ လှုပ်ရှားမှုများနှင့် နေ့စဉ်ပုံမှန်လုပ်ဆောင်မှုများအပေါ် ဒေါသထွက်ခြင်းနှင့် ဝမ်းနည်းပူဆွေးမှုကို ပြသလာနိုင်သည်
    • မိသားစုနှင့် သူငယ်ချင်းများထံမှ စိတ်ခံစားချက်ဆိုင်ရာနှင့် လူမှုရေးအထောက်အပံ့ကို ပိုမိုရှာဖွေလာနိုင်သည်

    ပြောဆိုရမည့်အရာများ

    • အဆိုပါအသက်အရွယ်ရှိ ကလေးများသည် ကင်ဆာဆိုသည်ကို ပို၍အသေးစိတ်ကျသော အချက်အလက်များနှင့် နားလည်နိုင်စွမ်းရှိကြသည်။
    • ၎င်းတို့သည် ဆေးဝါးများ သောက်သုံးရန်နှင့် အခြားကုသမှုများကို ထပ်မံကြုံတွေ့ရမည်ကို နားလည်နိုင်စွမ်းပို၍ ရှိကြသည်။
    • ၎င်းတို့သည် နာကျင်မှုကို ကြောက်ရွံ့ကြသည်။ အချို့သော စစ်ဆေးမှုများနှင့် ကုသမှုများသည် နာကျင်မှုကို ခံစားရနိုင်ခြေရှိကြောင်း ရိုးရိုးသားသားပြောပါ။ အဆိုပါလုပ်ငန်းစဉ်များသည် မည်သို့ခံစားရကြောင်း အခြားလူနာများက မည်သို့ဖော်ပြကြသည်ကိုသိရှိနိုင်ရန် ပြုစုစောင့်ရှောက်ရေးအဖွဲ့အား မေးမြန်းပါ။ နာကျင်မှုလျော့ပါးစေရန်အတွက် ဆရာ၀န်များနှင့် သူနာပြုဆရာမများက မည်သို့ပြုလုပ်ပေးနိုင်သည်ကို ဆွေးနွေးပါ။
    • ဤအသက်အရွယ်ရှိ ကလေးများသည် ကင်ဆာနှင့်ပတ်သက်သော မက်ဆေ့ချ်များကို ကျောင်း၊ ရုပ်မြင်သံကြားနှင့် အင်တာနက်တို့ကဲ့သို့ အခြားအရင်းအမြစ်များထံမှ ကြားသိနိုင်လိမ့်မည်ဖြစ်သည်။ သင့်ကလေးအား သူ သို့မဟုတ် သူမအနေဖြင့် သင်နှင့်အတူ သင်ယူလေ့လာနိုင်သည့် အသေးစိတ်အချက်အလက်များကို မျှဝေရန် တိုက်တွန်းပါ။ ၎င်းတို့အကြောင်းကို အတူတကွပြောဆိုပါ။ မှားယွင်းသောအချက်အလက်များကို မှန်ကန်အောင် ပြုလုပ်နိုင်ပြီး ကင်ဆာအမျိုးအစား အမျိုးမျိုးရှိကြောင်းနှင့် လူတိုင်း၏ အတွေ့အကြုံများသည်လည်း တစ်ယောက်နှင့် တစ်ယောက် လုံးဝမတူညီကြောင်း ၎င်းတို့အား သတိပေးပါ။
    • ဤအသက်အရွယ်ရှိကလေးများကို အတွေ့အကြုံသစ်များ၏ အရေးပါမှုပေါ်တွင်လည်းကောင်း၊ သင့်ကလေး၏ အချက်အလက်သစ်များ သိရှိသည့်အခါ စိုးရိမ်ပူပန်မှုအပေါ်တွင်လည်းကောင်း မူတည်ပြီး တစ်ပတ်ကြိုတင်၍ အတွေ့အကြုံသစ်အတွက် ပြင်ဆင်ပေးနိုင်သည်။ “အတွေးစိတ်ကူးတစ်ခုကို ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်အတွက် အချိန်ပိုပေးရခြင်းသည် ၎င်းတို့အတွက် အကျိုးရှိစေသလား ” သို့မဟုတ် “၎င်းတို့သည် ဤအဖြစ်အပျက်မတိုင်မီကပင် စိုးရိမ်ပူပန်မှု၏ လွှမ်းမိုးမှုခံထားရပြီးပုံ ပေါ်နေသလား” ဆိုသည့် မေးခွန်းအား သင့်ကိုယ်သင် မေးမြန်းပါ။ အဆိုပါမေးခွန်းများက ၎င်းတို့ကို ပြောပြရမည့် အချိန်အခါကို ဆုံးဖြတ်ရာတွင် သင့်အား လမ်းညွှန်ပေးမည်ဖြစ်သည်။
    • သက်တူရွယ်တူကလေးများရှိသည့် အခြားမိသားစုများနှင့် ဆက်သွယ်ရန် ကြိုးစားပါ။ ကလေးများ အတူတကွကစားနိုင်စေသည့် အခွင့်အလမ်းများပေးပါ။
    • ကလေးများသည် ကုသမှုအတွင်း ကျောင်းနှင့် အခြားလုပ်ဆောင်မှုများတွင် ဖြစ်ပျက်နေသည့်အကြောင်းနှင့်ပတ်သက်သောအချက်အလက်များကို လိုအပ်ပါသည်။
  5. ဆယ်ကျော်သက်များ

    ဆယ်ကျော်သက်များတွင် အတွေ့ရများသော တုံ့ပြန်မှုများ

    ဆယ်ကျော်သက်များသည်-

    • ကင်ဆာမှာ ၎င်းတို့၏လွတ်လပ်မှုနှင့် သီးသန့်အချိန်များစွာကို ရယူသွားသည်ဟု ခံစားရနိုင်သည်
    • အနားယူရန်အတွက် အိမ်သို့ မည်သည့်အချိန်တွင် သွားရောက်ရမည်နှင့် ကုသမှုသည် မည်သည့်အခါတွင် ပြီးဆုံးမည်ဆိုသည်ကို သိရှိလိုကြမည်ဖြစ်သည်။ ဆယ်ကျော်သက်များသည် သေချာရေရာမှုမရှိသောအဖြေများနှင့်ပတ်သက်၍ သင်နှင့် သင့်ပြုစုစောင့်ရှောက်ရေးအဖွဲ့တို့၏ အထောက်အပံ့ကို လိုအပ်နိုင်သည်။ ကြိုတင်ခန့်မှန်းထားသော အချိန်ဇယားများသည် အပြောင်းအလဲဖြစ်သွားပြီး ၎င်းတို့မျှော်လင့်ထားသော အခမ်းအနားတစ်ခုတွင်ပါဝင်နိုင်ရန် အဟန့်အတားဖြစ်စေပါက ၎င်းတို့သည် စိတ်ပျက်ဒေါသထွက်လာနိုင်သည်။
    • ၎င်းတို့သည် အမှီအခိုကင်းရန်ကြိုးစားသည့်အခါတွင် အချိန်တစ်ခုအထိ မိဘများအပေါ်၌ မှီခိုရန် လိုအပ်သည်။ ၎င်းသည် သင့်ဆယ်ကျော်သက်ကလေးအား ကုသမှုမပြုလုပ်မီက ရရှိခဲ့ဖူးသည့်နေရာနှင့် လွတ်လပ်မှုအချို့ပေးအပ်ရာတွင် အထောက်အကူဖြစ်စေနိုင်ပြီး အမှီအခိုကင်းလွတ်မှုကို တိုက်တွန်းပေးပါသည်။
    • မည်သည့်ဆိုးဝါးသောအရာမှ ၎င်းတို့၌ ဖြစ်ပေါ်ခဲ့ခြင်းမရှိဆိုသည့် ခံစားမှုဖြစ်ပေါ်နိုင်သည်။ ၎င်းတို့သည် ပြဿနာများရှာခြင်း သို့မဟုတ် မိဘများ၊ ဆရာ၀န်များနှင့် ကုသမှုများကို ဆန့်ကျင်နိုင်သည်။
    • သေဆုံးမှုနှင့်ပတ်သက်သည့် ကြောက်ရွံ့မှုများ ရှိနိုင်သည်
    • ၎င်းတို့၏ခံစားချက်များကိုထိန်းထားခြင်းဖြင့် မိဘများနှင့် ၎င်းတို့ ချစ်ခင်သည့် အခြားသူများကိုကာကွယ်ရန် ကြိုးစားလာနိုင်သည်။
    • ကင်ဆာရောဂါရှိသော ၎င်းတို့နှင့်သက်တူရွယ်တူသူများနှင့်ဆက်သွယ်ခြင်းသည် အကျိုးရှိနိုင်သည် ကို သိရှိလာနိုင်သည်။ ကင်ဆာရောဂါရှိသူ ဆယ်ကျော်သက်များသည် အထီးကျန်ဆန်သကဲ့သို့ ခံစားရနိုင်သည်။
    • သူငယ်ချင်းဆက်ဆံရေး၌ အပြောင်းအလဲများ၊ သက်တူရွယ်တူများပါဝင်သည့် လုပ်ဆောင်မှုများအတွင်း ပါဝင်နိုင်ခြင်းမရှိသည့်အတွက် ဆုံးရှုံးသကဲ့သို့ ခံစားချက်ကို ကြုံတွေ့ရနိုင်သည်
    • ကိုယ်အလေးချိန်အပြောင်းအလဲများ၊ ဆံပင်ကျွတ်ခြင်းနှင့် အမာရွတ်များအပါအဝင် ပုံပန်းသွင်ပြင်အပြောင်းအလဲများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနိုင်သည်။
    • ပြင်းထန်သော စိတ်ခံစားချက်ဆိုင်ရာ တုံ့ပြန်မှုများကို ပြသနိုင်သည်
    • ဘဝ၏အဓိပ္ပာယ်နှင့် ၎င်းတို့၏ကိုယ်ပိုင်ရပ်တည်မှုအပေါ် ကင်ဆာ၏အကျိုးသက်ရောက်မှုတို့ကို အာရုံစိုက်လာနိုင်သည်
    • ၎င်းတို့၏ အနာဂတ်နှင့် အနာဂတ်အစီအစဉ်များကို ကင်ဆာမှ မည်သို့ထိခိုက်စေမည်ဆိုသည်ကို စဉ်းစားတွေးခေါ်နိုင်စွမ်းရှိလာနိုင်သည်

    ပြောဆိုရန်နှင့် ပြုလုပ်ရန်အရာများ

    • ဆယ်ကျော်သက်များသည် ကင်ဆာအား ရှင်းပြသည့် ရှုပ်ထွေးနက်နဲသည့် ဖွင့်ဆိုချက်ကို နားလည်လာနိုင်ပြီး အသေးစိတ်ကျသော မေးခွန်းအများအပြား ရရှိလာနိုင်သည်။ ၎င်းတို့သည် ၎င်းတို့၏ရောဂါရှာဖွေခြင်းနှင့်ပတ်သက်၍ သင်ယူလေ့လာခြင်းတွင်လည်း စိတ်ဝင်စားနိုင်သည်။ ၎င်းတို့သည် အချက်အလက်များရှာဖွေရန်အတွက် အင်တာနက်ကို အသုံးပြုနေသည်ဟု ခံစားမိပါက စိတ်ချယုံကြည်နိုင်သော အွန်လိုင်းရင်းမြစ်များကို ညွှန်ပြပါ။ လူတိုင်း၏ ကင်ဆာရောဂါများမှာ တူညီမှုမရှိပဲ ၎င်းသည်  မည်သည့်ပြုမူလုပ်ဆောင်မှု မှ  ရောဂါဖြစ်ပွားစေနိုင်သည့်မဟုတ်ကြောင်းကို အသိပေးပါ။
    • ၎င်းတို့အား ရောဂါရှာဖွေခြင်းနှင့် ကုသမှုဆိုင်ရာ အချက်အလက်များကို စောင့်ရှောက်မှုအဖွဲ့ထံမှ တိုက်ရိုက်ကြားသိခွင့် ပြုသင့်ပါသည်။ ဆယ်ကျော်သက်များသည် ၎င်းတို့၏ကုသမှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အရေးပါသောကဏ္ဍမှ ပါဝင်လိုကြသည်။
    • ၎င်းတို့သည် ၎င်းတို့၏ ကင်ဆာရောဂါအကြောင်းကို ရောဂါလက္ခဏာများအားဖြင့်လည်းကောင်း၊ ကျောင်း၊ အားကစားပွဲများနှင့် သူငယ်ချင်းများကဲ့သို့သော နေ့စဉ်ဘဝပေါ်သို့ ၎င်း၏အကျိုးသက်ရောက်မှုစသည်တို့အားဖြင့်လည်းကောင်း စဉ်းစားတွေးခေါ်မှုကို အများဆုံးပြုလုပ်ကြသည်။
    • ဆယ်ကျော်သက်များသည် ရောဂါလက္ခဏာများ၊ ကင်ဆာရောဂါနှင့် ကုသမှု၏ အခန်းကဏ္ဍတို့အကြား ဆက်နွယ်မှုကို ကောင်းစွာနားလည်သဘောပေါက်နိုင်ကြသည်။
    • ပွင့်လင်းမှုရှိပြီး အသင့်ပြင်ဆင်ထားပါ။ သင့်ကလေးအား အတင်းအကျပ်မဟုတ်ဘဲ သူ သို့မဟုတ် သူမ၏ ခံစားချက်များကို မျှဝေရန် တိုက်တွန်းပါ။ သင်သည် မည်သည့်အရာအား ပြောဆိုရမည်ကို မသေချာသည့်တိုင် သင့်ကလေးလာရောက်သည့်အခါ ထိုနေရာ၌ရှိပါစေ။ 
    • ဆယ်ကျော်သက်များသည် ကင်ဆာနှင့်ပတ်သက်သော သတင်းများကို ရင်းမြစ်အများအပြားမှ ကြားသိရမည်ဖြစ်သည်။ သင့်ဆယ်ကျော်သက်ကလေးအား အသေးစိတ်အချက်အလက်များ မျှဝေရန် တောင်းဆိုပါ။ ထို့ပြင် သင့်ဆယ်ကျော်သက်ကလေး၏ အထူးသီးခြားဖြစ်ပေါ်သော ကြောက်ရွံ့မှုများနှင့် ပတ်သက်၍ လေ့လာသင်ယူပါ။ အဘယ်ကြောင့်ဆိုသော် အဆိုပါအကြောင်းအရာကို ၎င်းနှင့်ဆွေးနွေးနိုင်သည့်အပြင် စောင့်ရှောက်မှုအဖွဲ့နှင့်အတူ အတူတကွဆွေးနွေးနိုင်ရန်အတွက်ဖြစ်သည်။
    • ဆယ်ကျော်သက်များတွင် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာသွင်ပြင်နှင့်ပတ်သက်၍ ထူးခြားသည့်စိုးရိမ်ပူပန်စရာအချက်များရှိနေတတ်သည်ကို မကြာခဏတွေ့ရှိရသည်။ ၎င်းတို့သည် ဆံပင်များကျွတ်ခြင်းနှင့် ကိုယ်အလေးချိန် အလွန်အကျွံ ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်းတို့နှင့်ပတ်သက်၍ စိုးရိမ်ပူပန်နိုင်သည်။ ယာယီမျှသာ ဖြစ်ပေါ်နိုင်သည့်အရာများအား အလေးပေးကာ ဖြစ်ပေါ်လာနိုင်သည့် အခြားသော ဘေးထွက်ဆိုးကျိုးများ များနှင့်ပတ်သက်၍ သင်၏ဆယ်ကျော်သက်ကလေးနှင့် ရိုးသားမှုရှိစွာ ဆွေးနွေးပြောဆိုပါ။ လူမှုရေးဆက်ဆံရေးများနှင့်ပတ်သက်၍ စိုးရိမ်သောကကို စတင်ကြုံတွေ့ရခြင်းသည် ဆယ်ကျော်သက်များအတွက် သာမန်ဖြစ်နိုင်သည်။ ဖြစ်နိုင်ခြေများ သို့မဟုတ် ဆယ်ကျော်သက်များအား မေးမြန်းခံရနိုင်သည့် မေးခွန်းများနှင့် ကိုင်တွယ်ဆောင်ရွက်ရန် ဖြစ်နိုင်သောနည်းလမ်းများပတ်သက်၍ ၎င်းတို့နှင့် ဆွေးနွေးပြောဆိုပါ။ ဥပမာအားဖြင့် စိုက်ကြည့်ခံရခြင်း (ဆံပင်ကျွတ်ခြင်း၊ ခွဲစိတ်ကုထုံးဆိုင်ရာ လုပ်ငန်းစဉ်များကြောင့် ဖြစ်ပွားလာသော ရုပ်ပိုင်းဆိုင်ရာကွဲပြားမှုများ သို့မဟုတ် အသွင်အပြင်ဆိုင်ရာ အခြားအပြောင်းအလဲများ) သည် ကင်ဆာရောဂါရှိသူ ဆယ်ကျော်သက်များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါသည်။ အဆိုပါအခြေအနေများ ဖြစ်ပေါ်လာလျှင် သတိရမိစေမည့် အပြုသဘောဆောင်သော မှာကြားချက်များဖြင့် သင့်ဆယ်ကျော်သက်ကလေးအား အကူအညီပေးရန်နှင့် ယင်းအခြေအနေများကို ကိုင်တွယ်ဆောင်ရွက်မည့်နည်းလမ်းဆိုင်ရာ အကြံပြုချက်များအတွက် စောင့်ရှောက်မှုအဖွဲ့ကို တောင်းဆိုပါ။
    • သူငယ်ချင်းဆက်ဆံရေးများနှင့် လူမှုဆက်ဆံရေးအဆင်ပြေခြင်းသည် ဆယ်ကျော်သက်များအတွက် အဓိကအရေးကြီးသည့်အရာဖြစ်ပါသည်။ ၎င်းတို့သည် ကင်ဆာရောဂါမှ ၎င်းတို့၏ဘဝအား ပြောင်းလဲစေပုံနှင့် ၎င်းတို့၏ သူငယ်ချင်းများနှင့် တသီးတခြားဖြစ်စေခြင်းတို့နှင့်ပတ်သက်၍ ကြောက်ရွံ့တုန်လှုပ်ပြီး ဒေါသထွက်နိုင်သည်။ စာတိုပေးပို့ခြင်း၊ အီးမေးလ်များ၊ အွန်လိုင်းဗီဒီယိုချက်စကားပြောခြင်း၊ စာပေးပို့မှုများ၊ ရုပ်ပုံများနှင့် လာရောက်လည်ပတ်မှုများတို့ဖြင့် သင့်ဆယ်ကျော်သက်ကလေးအား သူငယ်ချင်းများနှင့် အဆက်မပြတ်ဆက်သွယ်နိုင်စေရန် အထောက်အကူပြုနိုင်မည့် နည်းလမ်းများကို ရှာဖွေပါ။ အချို့ ဆယ်ကျော်သက်များသည် သူငယ်ချင်းများနှင့် အဆက်အသွယ်မပြတ်ရှိစေရန် သို့မဟုတ် ၎င်းတို့နှင့် ဆင်တူသည့် အတွေ့အကြုံများရှိသူ ဆယ်ကျော်သက် ကင်ဆာအထူးကုသမှုကို ခံယူနေရသူများနှင့် တွေ့ဆုံနိုင်ရန်တို့အတွက် လူမှုကွန်ရက်ဝဘ်ဆိုက်များကို အသုံးပြုကြသည်။
    • ဆယ်ကျော်သက်များသည် ပုံမှန်အားဖြင့် ပါတီပွဲများ၊ ကျောင်းမှပြုလုပ်သော လှုပ်ရှားမှုများနှင့် သူငယ်ချင်းများနှင့်အတူ အပြင်သို့ သွားရောက်လည်ပတ်ခြင်းတို့ကဲ့သို့ အရာများအား "သာမန်" ဆယ်ကျော်သက်များနည်းတူ ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိကို သိရှိလိုကြသည်။
    • သင့်ဆယ်ကျော်သက်ကလေး မည်သည့်အကြောင်းစဥ်းစားနေသည်ကို သင်သိရှိသည်ဟု မယူဆပါနှင့်။ လေ့လာမှုပြုလုပ်ရန်နှင့် နားထောင်ရန် အချိန်ယူပါ။ ဆယ်ကျော်သက်များအပါအဝင် လူအများအပြားသည် ၎င်းတို့၏ အတွေးစိတ်ကူးများနှင့် စိတ်ခံစားချက်များကို မျှဝေရာတွင် အခက်အခဲရှိပါသည်။ တစ်ခါတစ်ရံတွင် သူငယ်ချင်းတစ်ဦး သို့မဟုတ် စောင့်ရှောက်မှုအဖွဲ့ဝင်တစ်ဦးဦးအား ယုံကြည်ရန် သင့်ဆယ်ကျော်သက်ကလေးအတွက် ပိုမိုလွယ်ကူနေနိုင်သည်။
    • ဆယ်ကျော်သက်ကလေးများသည် ၎င်းတို့၏ အဓိကစောင့်ရှောက်မှုပေးသူများအနီးတွင် ရှိမနေဘဲ ဆေးခန်း သို့မဟုတ် ဆေးရုံရှိ လူမှုအလုပ်သမားများ၊ စိတ်ကျန်းမာရေးဆရာဝန်များ၊ ကလေးအထူးကုဆရာဝန်များနှင့် ၎င်းတို့၏ ခံစားချက်များအကြောင်းကို ပြောဆိုသည့်အခါ အကျိုးဖြစ်ထွန်းနိုင်သည်။
    • သင်သည် အဆက်မပြတ်တိုးလာနေသည့် မေးခွန်းများစာရင်း၊ ကြောက်ရွံ့မှုများနှင့် အခြားအတွေးစိတ်ကူးများကို  ရေးချရန် နှင့် မျှဝေပေးရန် အတွက် သင့်ဆယ်ကျော်သက်ကလေးအား တိုက်တွန်းမှုပြုလုပ်လိုနိုင်သည်။ သင့်ဆယ်ကျော်သက်ကလေးသည် စောင့်ရှောက်မှုအဖွဲ့အား စကားကျယ်ကျယ်ပြောဆိုရန် အလွန်အမင်း ရှက်ရွံ့နေပါက ထိုအကြောင်းကို စောင့်ရှောက်မှုအဖွဲ့နှင့် မျှဝေရန် အဆင်ပြေ၊ မပြေကို စစ်ဆေးပါ။


ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ၂၀၁၈ ခုနှစ်၊ ဇွန်လ