အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အစာပြွန်ထည့်ထားသောပြွန်နေရာတစ်ဝိုက်ရှိ အရေပြားစောင့်ရှောက်မှု

အစာပြွန်ထည့်ထားသောပြွန်နေရာတစ်ဝိုက်ရှိ အရေပြားစောင့်ရှောက်မှုဆိုသည်မှာ အဘယ်နည်း။

ကင်ဆာကုသမှု ခံယူနေစဉ်တွင် ကလေးများသည် အထောက်အကူပြု စောင့်ရှောက်မှု၏ အစိတ်အပိုင်းအနေဖြင့် အစာရေမျိုလမ်းကြောင်းကို အသုံးပြုပြီး အစာထည့်ခြင်း (ပြွန်မှတစ်ဆင့် အစာထည့်ခြင်း)ကို လိုအပ်နိုင်သည်။ အစာသွင်းသောပိုက်များကို နှာခေါင်း (NG ပြွန်NJ ပြွန်) မှတစ်ဆင့်လည်းထည့်နိုင်ပြီး ဝမ်းဗိုက်နံရံကို ဖောက်၍လည်း (G ပြွန်GJ ပြွန်J ပြွန်) ထည့်သွင်းနိုင်သည်။ အစာပြွန်နှင့် အရေပြားကို သေချာစွာ ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ပါက မသက်သာမှုများကို လျော့နည်းစေနိုင်ပြီး ရောဂါကူးစက်နိုင်ခြေကို လျော့ကျစေပြီး အခြားပြဿနာများကို ဖြစ်နိုင်ခြေနည်းပါးစေသည်။

အစာပြွန်ထည့်ထားသောပြွန်နေရာတစ်ဝိုက်ရှိ အထွေထွေ အရေပြားစောင့်ရှောက်မှု

  • ပြွန်တစ်ဝိုက်ရှိ အရေပြားကို သန့်ရှင်းပြီး ခြောက်သွေ့အောင်ထားပါ။
  • အစာပြွန်ကို မစစ်ဆေးမီ သို့မဟုတ် အာဟာရ သို့မဟုတ် ဆေးဝါးများကို ပြွန်ထဲသို့ မထည့်မီ လက်ကို အမြဲတမ်း ဆပ်ပြာနှင့်ဆေးပါ။
  • ပြွန်အနေအထား သို့မဟုတ် အစာပြွန်ထည့်ထားသော နေရာတစ်ဝိုက်ရှိ အရေပြား၏ အနေအထားပြောင်းလဲမှုများကို အနည်းဆုံး တစ်နေ့တစ်ကြိမ် စစ်ဆေးကြည့်ရှုပါ။ အရေပြားနီမြန်းခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ နာခြင်း၊ သွေးထွက်ခြင်း သို့မဟုတ် အရည်များထွက်ခြင်းကို စစ်ဆေးပါ။
  • အရေပြားပေါ်တွင် ပြွန်၏ဖိအားနှင့် လှုပ်ရှားမှုတို့ကို နည်းနိုင်သမျှ နည်းအောင် ကန့်သတ်ပါ။

NG နှင့် NJ ပြွန်တပ်ဆင်ထားသည့်နေရာများကို စောင့်ရှောက်မှုပြုလုပ်ခြင်း

နှာခေါင်းမှတဆင့်ထည့်ထားသော ပြွန်များသည် နှာခေါင်းအတွင်းသားနှင့် ပြွန်ကို တိပ်ကပ်ထားသော အရေပြားကို ကျိန်းစပ်စေနိုင်သည်။ သေချာစွာ ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ပါက လူနာမသက်မသာဖြစ်ခြင်းနှင့် အရေပြားပြဿနာများကို ကာကွယ်တားဆီးနိုင်သည်။

  • ပြွန်၏အပိုလှုပ်ရှားမှုများကို ကန့်သတ်ရန် ပြွန်ကို လုံခြုံစွာထားရှိပါ။
  • စောင့်ရှောက်မှုအဖွဲ့မှ ထောက်ခံခွင့်ပြုထားသည့် တိပ်နှင့် ပတ်တီးစများကိုသာ အသုံးပြုပါ။
  • စောင့်ရှောက်မှုအဖွဲ့မှ ထောက်ခံခွင့်ပြုထားသည့် အရေပြား ကာကွယ်သော ပစ္စည်းကို အသုံးပြုပါ။
  • အရေပြားကို မထိခိုက်စေရန် တိပ်နှင့် ဒဏ်ရာအုပ်သည့် အအုပ်များကို သတိထားပြီးဖယ်ရှားပါ။ လိုအပ်ပါက ကော်ခွာသော အရည်ကို အသုံးပြုပါ။
  • ပြွန်၏ဘေးပတ်ပတ်လည်ရှိ အရေပြားကို ရေနွေးနွေးနှင့် သန့်ရှင်းရေးသုံးအဝတ်စကို အသုံးပြုပြီး ညင်သာစွာ သန့်ရှင်းပေးပါ။ လိုအပ်ပါက ဆပ်ပြာအပျော့စား သုံးပါ။
  • နှာခေါင်းပိုက်များသည် ဖိအားကြောင့်ဖြစ်ပေါ်သော ဒဏ်ရာများကို ဖြစ်စေနိုင်သည်။ ပြွန်နှင့် ဖိကြိတ်မိသော နေရာများ သို့မဟုတ် ပြွန်နှင့် အရေပြား ပွတ်တိုက်သော နေရာများတွင် နီမြန်းခြင်း သို့မဟုတ် အရေပြားရောင်ရမ်းခြင်းရှိမရှိ စောင့်ကြည့်ပါ။
  • အချိန်ကြာလာသည်နှင့်အမျှ အရေပြားကွဲခြင်းကို ကာကွယ်ရန် ပြွန်ကို နှာခေါင်းပေါက်များထဲသို့ တစ်လှည့်စီ ထည့်ရမည်။
  • အကယ်၍ ကော်ကြောင့် အရေပြားရောင်ရမ်းလာပါက အရေပြားကို အနာကျက်စေရန် တိပ်ကို နေရာပြောင်းကပ်ပါ။
  • ပြွန်၏ အစာထည့်သောအပိုင်းကို အသုံးမပြုပါက တိပ်ဖြင့် ကပ်ထားပါ။ အရေးကြီးသောအချက်မှာ ပြွန်ကို အခြားအရာများ ပြုလုပ်နေချိန်တွင် မထိခိုက်အောင်ထားရန်နှင့် ပြွန်ထွက်ကျမှုဖြစ်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။

G Tubes ၊ GJ Tubes နှင့် J tube တပ်ဆင်ထားသည့်နေရာများကို စောင့်ရှောက်မှုပြုလုပ်ခြင်း

အစာအိမ်ထဲသို့ အစာတိုက်ရိုက်ထည့်သော (G) ပြွန်များ ၊ အစာအိမ်နှင့် အူသိမ်ကို အပေါက်ဖောက်ပြီး အစာထည့်သော (GJ) ပြွန်များနှင့် အူသိမ်ကို အပေါက်ဖောက်ပြီး အစာထည့်သော (J) ပြွန်များသည် ဝမ်းဗိုက်နံရံအတွင်း ပွင့်နေသည့် (ကိုယ်တွင်းပေါက်) အဝမှတစ်ဆင့် ထည့်သွင်းတပ်ဆင်သော အစာထည့်ပြွန်များဖြစ်သည်။ ယင်းပြွန်များသည် ပြွန်အရှည်များ(သို့မဟုတ်) ပြွန်အတိုများ ဖြစ်နိုင်သည်။ လမ်းကြောင်း အနာကျက်သောအခါ(အများအားဖြင့် ခွဲစိတ်ပြီး ၆ပတ်တွင်) ပြွန်အရှည်များကို ပြွန်အတိုနှင့် အစားထိုးနိုင်သည်။

အနာကျက်သွားသည်နှင့်တပြိုင်နက် ပြွန်တစ်ဝိုက်ရှိ အရေပြားသည် နာကျင်မှုရှိနိုင်တော့မည်မဟုတ်ပါ။ ပြွန်ထည့်သောဝမ်းဗိုက်အပေါက်၏ အရွယ်အစားနှင့် ပုံစံသည် အစာပြွန်၏အရွယ်အစားနှင့် သင့်တော်ကိုက်ညီရမည်။

G ပြွန်တပ်ဆင်ထားသည့် ကိုယ်တွင်းပေါက်နေရာအား စောင့်ရှောက်မှုပြုလုပ်ခြင်း

ကျန်းမာသော G ပြွန်တပ်ဆင်ထားသည့် နေရာအား စောင့်ရှောက်မှုပြုလုပ်ရန် မလိုပါ။ များသောအားဖြင့် အစာပြွန်တပ်ဆင်သည့်နေရာကို သန့်ရှင်းစေရန် နေ့စဉ်ဆပ်ပြာဖြင့် ဆေးကြောရန်နှင့် ရေချိုးပေးရန်သာ လိုအပ်သည်။ အစာထည့်သောပြွန်တပ်ဆင်ထားသော နေရာများရှိ အရေပြားကို စောင့်ရှောက်မှုပြုလုပ်ရန်အတွက် အကြံပြုချက်များမှာ အောက်ပါတို့ဖြစ်သည်-

  • အစာထည့်သောပြွန်တပ်ဆင်ထားသော နေရာကို သန့်ရှင်းအောင်ထားပါ။ အစာထည့်သောပြွန်တပ်ဆင်ထားသော နေရာတစ်ဝိုက်ရှိ အရေပြားကို အနည်းဆုံး တစ်နေ့တစ်ခါ သန့်ရှင်းပေးသင့်ပြီး ပြွန်ရေစိမ့်သည့်အခါတွင်လည်း သန့်ရှင်းပေးသင့်သည်။ အစာထည့်သောပြွန်ထည့်ထားသော နေရာတစ်ဝိုက်ကို ဆပ်ပြာနှင့် ရေကို အသုံးပြုပြီး သန့်စင်ပါ။ အစာထည့်သောပြွန်ထည့်ထားသော နေရာတစ်ဝိုက်ကို ဂွမ်းဖတ်ကို အသုံးပြုပြီး သန့်စင်ပါ။
  • အစာထည့်သောပြွန်ထည့်ထားသော နေရာတစ်ဝိုက်ရှိ အရေပြားကို ခြောက်သွေ့အောင်ထားပါ။ ညွှန်ကြားမှုမရှိဘဲ လိုးရှင်းများ၊ ခရင်မ်များ သို့မဟုတ် လိမ်းဆေးအဆီများကို မသုံးပါနှင့်။
  • ညွှန်ကြားထားသည့်အတိုင်း ပြွန်ကို လှည့်ပတ်ပေးပါ။ အစာအိမ်ထဲသို့ အစာတိုက်ရိုက်ထည့်သောပြွန်နှင့် ပြွန်ထဲတွင် နေရာမရွေ့စေရန် ထိန်းပေးသော ရေဖြည့်ထားသော ဘောလုံးပါသောပြွန်များကို တစ်နေ့တွင် လေးပုံတစ်ပုံ လှည့်သင့်သည်။ သို့သော် အစာအိမ်နှင့် အူသိမ်ကို အပေါက်ဖောက်ပြီး အစာထည့်သောပြွန်များကိုမှု မလှည့်သင့်ပါ ။ အဘယ်ကြောင့်ဆိုသော် ပြွန်ကို နေရာလှည့်လိုက်ပါက နေရာမှားသွားပြီး ပြွန်၏လုပ်ဆောင်မှုကို ထိခိုက်သောကြောင့်ဖြစ်သည်။ ပြွန်ကို မည်သို့လှည့်ပတ်ရမည်ကို မေးမြန်းပါ။
  • ကိုယ်တွင်းပေါက်အသစ်များ- ပြွန်ထည့်ပြီးနောက် ပထမ ရက်အနည်းငယ်အတွင်းတွင် ပြွန်ထည့်သော နေရာကို ပတ်တီးစဖြင့် ဖုံးထားသင့်သည်။ ယင်းနေရာကို ခြောက်သွေ့ပြီး သန့်ရှင်းအောင် ထားပါ။ အကယ်၍ ပတ်တီးများ စိုစွတ်သွားပါက သို့မဟုတ် ညစ်ပတ်သွားပါက ပတ်တီးစကို လဲပေးရမည်။ ယင်းနေရာမှ အရည်အနည်းငယ် စိမ့်ထွက်နိုင်သည်။ ယင်းအရည်များသည် ခြောက်သွားသောအခါ အနာဖေးများ ဖြစ်လာတတ်သည်။ ထိုအနာဖေးများကို ဖယ်ရှားရန် သန့်ရှင်းရေးကို ညင်သာစွာ ပြုလုပ်ပါ။ ၂-၃ ရက် နောက်ပိုင်းတွင် ပြွန်ထည့်သောနေရာကို ပတ်တီးစဖြင့် ဖုံးထားရန် မလိုအပ်တော့ပါ။

အရေပြားပြသနာများကို ဖြေရှင်းခြင်း

မည်သို့သော ပြသနာများဖြစ်ပေါ်လာနိုင်သည်၊ မည်သည်ကြောင့် ဖြစ်ပေါ်လာသည်နှင့် ဖြစ်ပေါ်လာပါက မည်သို့ ဖြေရှင်းရမည်ကို သိရှိရန် အရေးကြီးသည်။

ပြွန်တစ်ဝိုက်တွင် ယိုစိမ့်ခြင်း

ပြွန်တစ်ဝိုက်တွင် ယိုစိမ့်မှုဖြစ်ပေါ်နိုင်သည်။ အကယ်၍ ပြွန်မှ ယိုစိမ့်နေပါက ပြွန်အတွင်းရှိ ပြွန်နေရာမရွေ့ရန် ထားသော ပူဖောင်းပြသနာကြောင့် ဖြစ်နိုင်သည်။ ယိုစိမ့်ခြင်းသည် နျူထရိုဖီးလ်နည်းခြင်းနှင့်လည်း ဆက်စပ်နိုင်သည်။

အစိုဓာတ်နှင့် အက်ဆစ်ဓာတ်ပေါက်နေသော အစာအိမ်ရှိ အရည်များသည် အရေပြားကို နီပြီး ရောင်ရမ်းစေနိုင်သည်။ ယင်းကဲ့သို့ ဖြစ်ပါက အရေပြားကို ရေဖြင့် တစ်နေ့လျှင် အကြိမ်များများဆေးပါ။ ဝမ်းဗိုက်ထဲမှ ထွက်သော အရည်ပမာဏ ပိုမိုများပြားပါက ယင်းနေရာကို အကြိမ်ရေပို၍ သန့်ရှင်းပေးရမည်။ သန့်ရှင်းမှုပြုလုပ်ပြီးပါက အရေပြားကို ညင်သာစွာ ခြောက်သွေ့စေရမည်။ ပေါင်ဒါ သို့မဟုတ် လိမ်းဆေးအဆီများကို လိုအပ်ကောင်း လိုအပ်နိုင်သည်။ အရေပြား၏ အခြေအနေ မတိုးတက်လာခြင်း သို့မဟုတ် အရည်များ ဆက်လက်စိမ့်ထွက်နေခြင်း သို့မဟုတ် အရည်စိမ့်ထွက်သည့် ပမာဏများခြင်းတို့ဖြစ်ပါက သင်၏ လူနာစောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပြောဆိုပါ။

အရည်စိမ့်ထွက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများမှာ-

  • အစာကို များများ သို့မဟုတ် မြန်မြန် ထည့်သွင်းခြင်းအစာပမာဏ အများအပြားသွင်းသောအခါတခါတရံတွင် အစာပိုက်မှ ယိုစိမ့်မှုဖြစ်ပေါ်နိုင်သည်။ အစာကျွေးသည့် နှုန်းကို လျော့ချခြင်း သို့မဟုတ် အစာထည့်သွင်းသည့် အစီအစဉ်နောက်တစ်မျိုးကို ပြောင်းလဲအသုံးပြုခြင်းဖြင့် စိမ့်ထွက်မှုကို လျော့ကျစေနိုင်သည်။ အဟာရဖြည့်သွင်းမှုနှင့်ဆိုင်သော ပြောင်းလဲမှုများကို မပြုလုပ်မီ အဟာရပညာရှင် သို့မဟုတ် လူနာ၏ စောင့်ရှောက်မှုအဖွဲ့နှင့် သေချာစွာ ဆွေးနွေးပြောဆိုပါ။
  • ပြွန်ထဲရှိ နေရာမရွေ့စေရန် ထိန်းပေးသော ရေဖြည့်ထားသော ပူဖောင်း၌ ပြဿနာများဖြစ်ပေါ်ခြင်း။ ပူဖောင်းထဲရှိ ရေပမာဏကို စစ်ဆေးပါ။ ရှိသင့်သည့် ရေပမာဏထက် နည်းနေပါက သင့်လျော်သည့် ရေပမာဏကို ပြန်လည်ဖြည့်တင်းပါ။ နောက်တစ်နေ့တွင် ပူဖောင်းကို ပြန်လည်စစ်ဆေးပါ။ အကယ်၍ ပူဖောင်းသည် ဆက်လက်၍ လျော့နည်းပိန်ချိုင့်သွားပါက ယိုစိမ့်မှုရှိနိုင်သည်။ စောင့်ရှောက်မှုအဖွဲ့ကို ဆက်သွယ်၍ ပြွန်ကို လဲလှယ်ရန် ညွှန်ကြားချက်များကို ရယူပါ။
  • ပြွန်သည် အပေါက်နှင့် မကိုက်ညီခြင်း။ ကလေး၏ ကိုယ်အလေးချိန်တိုးလာခြင်း (သို့မဟုတ်) လျော့ကျခြင်းကြောင့်လည်း ဤကဲ့သို့ ဖြစ်ပေါ်နိုင်သည်။ ကိုယ်အလေးချိန်တိုးလာပါက ထိုင်လိုက်သောအခါ ပြွန်သည် ဝမ်းဗိုက်ရှိ ဗိုက်ခေါက်များကြားတွင် မြုပ်သွားနိုင်သည်။ ပြွန်၏ အလယ်ပိုင်းကိုယ်ထည်ကို ပြွန်ခလုတ်၏အောက်တွင် တွေ့ရပါက ပြွန်သည် အလွန်ရှည်နေနိုင်သည်။ ပြွန်သည် လူနာနှင့် သင့်တော်သော အရွယ်အစားမဟုတ်ပါက လဲလှယ်ရန် လိုအပ်သည်။
  • ဝမ်းဗိုက် သို့မဟုတ် ပြွန်ကို သက်ရောက်သည့် ဖိအား။ ဝမ်းဗိုက်ပေါ်တွင် မှောက်ရက်အိပ်ပါက ပြွန်သို့ ဖိအားသက်ရောက်နိုင်ပြီး ဝမ်းဗိုက်ကိုလည်း ထိခိုက်နာကျင်စေနိုင်သည်။ ဘေးစောင်း (သို့မဟုတ်) ပက်လက်အိပ်ပါက ဖိအားလျော့နည်းစေသည်။
  • လေပွခြင်းနှင့် ဝမ်းချုပ်ခြင်း။ လေပွခြင်းနှင့် ဝမ်းချုပ်ခြင်းသည် အစာချေဖျက်သည့် လမ်းကြောင်းကို ပြည့်တင်းစေပြီး ဖိအားသက်ရောက်စေသည်။ ကိုယ်လက် လှုပ်ရှားခြင်းနှင့် အရည်ကို ပြည့်ပြည့်ဝဝ သောက်ပါက လေပွခြင်းနှင့် ဝမ်းချုပ်ခြင်းကို သက်သာနိုင်သည်။ စောင့်ရှောက်မှုအဖွဲ့သည် ဝမ်းချုပ်ခြင်းအတွက် လိုအပ်သော ဆေးဝါး သို့မဟုတ် အာဟာရပြောင်းလဲမှုများကို ပြုလုပ်ရန် ညွှန်ကြားပေးနိုင်သည်။

အစာအိမ်ထဲရှိ အစာချေသည့် အက်စစ်များကို ထိန်းချုပ်သည့် ဆေးဝါးများ သို့မဟုတ် အစာအိမ်ထဲမှ အစာများကို မြန်မြန်ကုန်စေသော ဆေးဝါးများသည် ယိုစိမ့်မူကြောင့်ဖြစ်သော ပျက်စီးမှုများကို လျော့နည်းစေနိုင်သည်။ ဤရွေးချယ်မှုများအကြောင်းကို ကလေး၏ စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပြောဆိုပါ။

တစ်ရှူးအသားနု

တစ်ရှူးအသားနုသည် ပြွန်ထည့်ထားသော အပေါက်တွင် ကြီးထွားနိုင်သော အသားပို အရေပြားတစ်ရှူးဖြစ်သည်။ တစ်ရှူးအသားနုဖြစ်ပေါ်ခြင်းကို အတွေ့ရများပါသည်။ ၎င်းသည် အနီရောင်သဏ္ဍန်ရှိပြီး စိုစွတ်သည့် ပုံစံရှိ၍ ပါးစပ်ထဲရှိ အရေပြားနှင့် ဆင်တူသည်။ ယင်းတစ်ရှူးသည် နှုးညံပြီး သွေးယိုစိမ့်မှုအနည်းငယ်ဖြစ်ပေါ်ခြင်း သို့မဟုတ် စိမ့်ထွက်မှုများလည်းရှိနိုင်သည်။ တစ်ရှူးအသားနုဖြစ်ပေါ်ခြင်းသည် အရေပြားနှင့် ပြွန်ပွတ်တိုက်ရာမှ ဖြစ်ပေါ်သော ပွတ်တိုက်မှု သို့မဟုတ် ပွန်းရှမှု၏ အကျိုးဆက်ဖြစ်သည်။ တစ်ရှူးအသားနုဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် နည်းလမ်းများမှာ ပြွန်ထည့်ထားသော နေရာကို ခြောက်သွေ့အောင် ထားရှိခြင်း၊ ပြွန်အား လှုပ်ရှားမှုမဖြစ်ပေါ်စေရန် ထိန်းသိမ်းခြင်းနှင့် ပြွန်နှင့် အပေါက်တို့ကို သေချာစွာ ကိုက်ညီအောင် ပြုလုပ်ခြင်းတို့ဖြစ်သည်။ တစ်ရှူးအသားနုကို ရေဓာတ်ပါသော ဒဏ်ရာ ဆေးထည့်သော ပတ်တီး (သို့မဟုတ်) silver nitrate ကို လိမ်းကာ ကုသနိုင်သည်။ တချို့သော လူနာများတွင် တစ်ရှူးအသားနုကို ခွဲစိတ်ပြီး ဖယ်ရှားရသည်။

ရောဂါပိုးကူးစက်မှု

ကျန်းမာသော ကလေးတွင် ပြွန်တပ်ဆင်ထားသော နေရာနှင့် ယင်းနေရာအနီးရှိ အရေပြားကို ရောဂါပိုးကူးစက်ဝင်ရောက်နိုင်ခြေ နည်းပါးသည်။ သို့သော် ကိုယ်ခံအားနည်းသော ကလေးများတွင်မှု ပြွန်ထည့်ထားသော နေရာကို ပိုးဝင်နိုင်ခြေ များပြားသည်။ ရောဂါပိုးဝင်ရောက်သည့် လက္ခဏာများမှာ-

  • ယိုစိမ့်သည့် လက္ခဏာမရှိဘဲ ပြွန်ထည့်ထားသော နေရာတစ်ဝိုက်ရှိ အရေပြားများ နီမြန်းခြင်း
  • အဖျားတက်ခြင်း
  • နာကျင်ကိုက်ခဲခြင်း၊ ထိလျှင်နာခြင်း သို့မဟုတ် ရောင်ကိုင်းခြင်း
  • ပြည် သို့မဟုတ် အနံ့ဆိုး ထွက်ခြင်း

အရေပြားနီခြင်းနှင့် အရည်ထွက်ခြင်းသည် ရောဂါပိုးဝင်ရောက်ခြင်း၏ လက္ခဏာများဖြစ်သော်လည်း အခြားသော အကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်သည်။ တခါတရံ အစာအိမ်ထဲရှိ အစာများနှင့် အရေပြားပေါ်ရှိ ဘက်တီးရီးယားများ ရောသွားသောအခါ အနံ့ဆိုးများ ထွက်လာသည်။ ယိုစိမ့်မှုကြောင့် ဖြစ်ပေါ်သော အရေပြားနီခြင်းကို အရေပြားအား မကြာခဏ သန့်ရှင်းပေးခြင်းဖြင့် ကုသနိုင်သည်။ ရောဂါပိုးဝင်ရောက်သော လက္ခဏာများတွေ့ပါက သို့မဟုတ် လက္ခဏာများ မတိုးတက်လာပါက လူနာကို စောင့်ရှောက်မှုအဖွဲ့ကို ဆက်သွယ်ပါ။

သွေးထွက်ခြင်း

ပြွန်ထည့်ထားသော ကိုယ်တွင်းပေါက်ပတ်ပတ်လည်၌ သွေးထွက်ခြင်းသည် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ ပြွန်လဲလှယ်သည့်အခါတွင်လည်း ပြွန်ထည့်ထားသော ကိုယ်တွင်းပေါက်တွင် သွေးထွက်နိုင်သည်။ နူးညံသော တစ်ရှူးအသားနုကြောင့်လည်း သွေးထွက်နိုင်သည်။ သွေးနည်းနည်းထွက်ခြင်းသည် စိုးရိမ်စရာမရှိပါ။ အကယ်၍ သွေးသည် မိနစ်အနည်းငယ်ကြာသည်အထိ မတိတ်လျှင် သို့မဟုတ် ပိုဆိုးလာလျှင် ယင်းနေရာကို ဖိထားပြီး လူနာ၏ စောင့်ရှောက်မှုအဖွဲ့ကို ချက်ချင်းခေါ်ပါ။

သွေးဖြူဥတစ်မျိုးဖြစ်သော နျူထရိုဖီးလ် အရေအတွက် လျော့နည်းခြင်းကြောင့်ဖြစ်ပေါ်သည့် ပြွန်ထည့်သော နေရာ၌ ဖြစ်ပေါ်သည့် အရေပြားပြောင်းလဲမှုများ

နျူထရိုဖီးလ်နီးယား သည် အရေအတွက် လျော့နည်းခြင်းသည် နျူထရိုဖီးလ် အရေအတွက် (ANC) ၅၀၀အောက် နည်းသွားပါက ဖြစ်ပေါ်သည်။ နျူထရိုဖီးလ်နီးယားသည် ပြွန်ထည့်သော ကိုယ်တွင်းပေါက်ကို ပို၍ကျယ်စေသည်။ ကိုယ်ခံအားလျော့နည်းသောကြောင့် ခန္ဓာကိုယ်သည် အပေါက်ကို ပိတ်ရန်နှင့် ပိုးဝင်ခြင်းကို တိုက်ထုတ်ရန် မကြိုးစားတော့ပါ။ ထို့ကြောင့် ပြွန်ထည့်သောအပေါက်သည် စိုစွတ်ပြီး ရေစိမ့်ကာ နာကျင်လာသည်။ ပိုးမွှားများလည်း ပေါက်ဖွားနိုင်ပြီး ကူးစက်ရောဂါဝင်နိုင်သည်။ သွေးဖြူဥ အရေအတွက် တဖန် ပြန်များလာသည်အထိ ယင်းအပေါက်သည် အခြေအနေ ပိုကောင်းလာမည် မဟုတ်ပါ။ တခါတရံ ယင်းနေရာသည် အခြေအနေ စတင်မကောင်းမွန်မီ အခြေအနေ ပိုဆိုးနေသည့်ပုံရှိမည်ဖြစ်သည်။ ပြွန်ထည့်ထားသော နေရာကို စောင့်ရှောက်မှုအဖွဲ့မှ ညွှန်ကြားသည့် အတိုင်း ကုသသင့်သည်။

အရေပြားစောင့်ရှောက်မှုနှင့် အစာထည့်သွင်းသောပိုက်များ- အကြံပြုချက်များနှင့် ပြဿနာဖြေရှင်းခြင်း

  • အစာပြွန်တပ်ဆင်သော နေရာကို သန့်စင်ပြီး ခြောက်သွေ့အောင်ထားပါ။
  • အကယ်၍ တစ်နေ့တွင် အကြိမ်ပေါင်းများစွာ သန့်စင်ရန် လိုအပ်ပါကလည်း ယိုစိမ့်သောအချိန်တိုင်း အရေပြားကို သန့်စင်ပါ။
  • G ပြွန်ကို တစ်နေ့တွင် လေးပုံတစ်ပုံ လှည့်သင့်သည်။
  • GJ ပြွန်များနှင့် GJ ခလုတ်များကို မလှည့်သင့်ပါ။ GJ ပြွန်များ သို့မဟုတ် ခလုတ်များအား လှည့်ခြင်း သို့မဟုတ် တွန့်လိမ်စေခြင်းက ပြွန်ကို နေရာလွဲမှားသွားစေနိုင်ပြီး ပြွန်၏ လုပ်ဆောင်မှုကို ထိခိုက်စေသောကြောင့်ဖြစ်သည်။
  • အသုံးမပြုသည့်အခါ အစာထည့်သည့်အပိုင်းကို ဆက်သွယ်ပေးသော ကြားခံပစ္စည်းများကို ဖယ်ရှားထားပါ။ ပြွန်၏ အစာထည့်သော အပိုင်းကို ဆွဲငင်မိခြင်း သို့မဟုတ် ရှည်ထွက်လာခြင်းကို ကာကွယ်ရန် အစာမထည့်သည့်အချိန် သို့မဟုတ် ဆေးဝါးပေးသွင်းမှု မပြုလုပ်သည့်အချိန်များတွင် အစာပြွန်နှင့် အစာထည့်သည့်အပိုင်းကို ဆက်သွယ်ပေးသော ကြားခံပစ္စည်းများကို ဖယ်ရှားထားပါ။
  • အသုံးပြုချိန်တွင် အစာထည့်သည့် ဆက်သွယ်ပေးသော ကြားခံပစ္စည်းများကို လုံခြုံအောင် ပြုလုပ်ပါ။ အစာပြွန်ကို ဆွဲယူမိနိုင်သော အန္တရာယ်မှ လျော့နည်းစေရန် အစာသွင်းချိန်တွင် ပြွန်၏ထွက်ပေါ်နေသောအစွန်းကို တိပ်ဖြင့်ကပ်ထားပါ။
  • အစာပြွန်၊ ကိုယ်တွင်းပေါက် သို့မဟုတ် အပေါက်ပတ်ပတ်လည်ရှိ အရေပြားတွင် ပြောင်းလဲမှုတစ်စုံတစ်ရာ ဖြစ်ပေါ် ပါက လူနာကို စောင့်ရှောက်မှုအဖွဲ့အား သတင်းပို့ပါ။


ပြန်လည်သုံးသပ်ပြီး- ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ