အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အိပ်ယာပူနာများ

အရေပြားသည် မာကြောသော မျက်နှာပြင် အိပ်ရာ၊ ထိုင်ခုံ သို့မဟုတ် ဆေးပစ္စည်းကိရိယာများစသည့် အရေပြားသည် မာကြောသော မျက်နှာပြင်နှင့် ဖိကြိတ်မိသောအခါ သို့မဟုတ် ပွတ်တိုက်မိသောအခါ အိပ်ရာနာ သို့မဟုတ် ဖိအားကြောင့်ဖြစ်သော အနာဟုခေါ်သည့် အိပ်ယာပူနာများ ဖြစ်ပေါ်သည်။ ကလေးများသည် ခန္ဓာကိုယ်အနေအထား ပုံစံတစ်မျိုးတည်းဖြင့် အချိန်ကြာမြင့်စွာ နေပါက သို့မဟုတ် ဆေးပစ္စည်းကိရိယာများသည် အရေပြားကို ဖိအားသက်ရောက်စေသည့်အခါ ယင်းကဲ့သို့ ဒဏ်ရာဖြစ်နိုင်သည်။ အရေပြားသည် မာကျောသော မျက်နှာပြင်နှင့် ဖိကြိတ်မိသောအခါတွင် ဖိအားသည် ယင်းအရေပြားနေရာသို့ သွေးစီးဆင်းမှုကို လျော့နည်းစေသည်။ ၎င်းသည် အရေပြားကို အားနည်းစေပြီး ပျက်စီးစေသည်။

အစောပိုင်း အဆင့်များတွင် ဖိအားကြောင့်ဖြစ်သောဒဏ်ရာများသည် အရေပြားပေါ်တွင် အနီရောင်၊ အရောင်မဲ့ သို့မဟုတ် အမည်းရောင် အကွက်များအနေဖြင့် ပေါ်လာသည်။ နောက်ပိုင်းအဆင့်များတွင် အရေပြားသည် ပေါက်ပြဲသွားပြီး အရည်ကြည်ဖုများ သို့မဟုတ် ပွင့်နေသော အနာ များကို ဖြစ်စေသည်။

ဖိအားဖြစ်သောဒဏ်ရာများကို ဖြစ်စေသော အကြောင်းရင်းများ

ဖိအားဖြစ်သောဒဏ်ရာများကို ခန္ဓာကိုယ်အနေအထားကို ပုံမှန်အပြောင်းအလဲမပြုလုပ်ဘဲ အိပ်ရာပေါ်တွင် လှဲနေခြင်း သို့မဟုတ် ထိုင်ခုံ သို့မဟုတ် ဝှီးချဲတွင် ထိုင်ခြင်းတို့က မကြာခဏဖြစ်ပေါ်စေသည်။ ကလေးများတွင် ဖိအားကြောင့်ဖြစ်သောဒဏ်ရာများကို အများဆုံးဖြစ်စေသော အကြောင်းအရင်းများမှာ အရေပြားကို ဖိထားသော အောက်ပါဆေးပစ္စည်းကိရိယာများကြောင့်ဖြစ်သည်-

  • နှာခေါင်းစည်းများ
  • ဆီးပိုက်များ
  • သွေးပေါင်ချိန်တိုင်းသည့် လက်ပတ်များ
  • ချည်နှောင်ရာတွင်သုံးသည့် ခွဲစိတ်ခန်းသုံး အဝတ်ကြိုးပြားများ 
  • IV အကြောဆေးသွင်း ဆေးပိုက်ပြွန်များ
  • အရိုးအဆစ် ပုံမှန်ဖြစ်စေရန် ထောက်ပံ့ပေးသော ပစ္စည်းများ

ကလေးငယ်များအတွက် အိပ်ရာနာ ဖြစ်နိုင်သည့် အန္တရာယ်အများဆုံး အခြေအနေများမှာ-

  • ကလေးများသည် အကူအညီမပါဘဲ ခန္ဓာကိုယ်အနေအထားကို မပြောင်းနိုင်သောအခါ
  • နေမကောင်းခြင်း၊ အားမရှိခြင်း သို့မဟုတ် အသက်ငယ်ရွယ်မှု (မွေးကင်းစ ကလေးငယ်များ) ကြောင့် မိမိကိုယ်တိုင် ခေါင်းထောင်၍ နေရန် အခက်အခဲရှိသောအခါ
  • ခြောက်သွေ့သော သို့မဟုတ် အားနည်းသည့် အရေပြားရှိသောအခါ
  • အရေပြားတွင် ထိတွေ့မှု သို့မဟုတ် ခံစားမှု အားနည်းသောအခါ
  • ဆီး၊ ချွေး သို့မဟုတ် အခြားအရည်များကြောင့် အရေပြားစိုစွတ်သောအခါ
  • အိပ်ရာတွင် အဆက်မပြတ်လူးလွန့်သောအခါ သို့မဟုတ် လူးလှိမ့်သောအခါ
  • ပုံမှန်ထက် စားသည့် အစားအစာပမာဏနည်းသောအခါ သို့မဟုတ် အာဟာရ လုံလောက်စွာမရသောအခါ
  • ကိုယ်အလေးချိန် နည်းသောအခါ
  • သွေးပေါင်ချိန်နည်းခြင်း၊ သွေးနီဥအရေအတွက်နည်းခြင်း သို့မဟုတ် သွေးထဲတွင် အောက်စီဂျင်နည်းခြင်းတို့ ဖြစ်သောအခါ
  • စတီးရွိုက်အစရှိသည့် အရေပြားကို ပါးလွှာ၍ အားနည်းစေသော အချို့ကုသရေးဆေးဝါးများကို သောက်သုံးသည့်အခါ ဖြစ်သည်။

ဖိအားကြောင့်ဖြစ်ပေါ်သော ဒဏ်ရာများကို ကာကွယ်တားဆီးခြင်း

ဖိအားကြောင့်ဖြစ်ပေါ်သော ဒဏ်ရာများကို ကာကွယ်တားဆီးပြီး စောင့်ရှောက်ကုသရန် အလွန်အရေးကြီးသည်။ ဖိအားကြောင့်ဖြစ်ပေါ်သော ဒဏ်ရာ၏ ပထမဆုံးလက္ခဏာပေါ်ပေါက်သည့်အခါ အရေပြားကို နောက်ထပ် ထိခိုက်အနာတရဖြစ်ခြင်းမှ ကာကွယ်ရန် ထိုနေရာမှ ဖိအားကို ဖယ်ရှားပစ်ပါ။ အထူးသဖြင့် ကင်ဆာကုသမှု ခံယူထားသော ကလေးများသည် ကုသမှုကြောင့် ခုခံအားစနစ် အားနည်းနေသည့်အတွက် ဒဏ်ရာများကို ရောဂါပိုးကူးစက်မှုဖြစ်ပေါ်နိုင်သည်။ မကုသဘဲနေပါက ယင်းဒဏ်ရာသည် အရေပြားအတွင်းထဲသို့ ပျံ့နှံ့သွားနိုင်ပြီး ကြွက်သား သို့မဟုတ် အရိုးများအထိ ပြန့်နှံ့စေနိုင်သည်။

အိပ်ယာပူနာကို ဖြစ်ပေါ်စေသည့် အလားအလာကို လျော့ချရန် ရိုးရှင်းသော နည်းလမ်း အချို့ရှိသည်။

အရေပြားကို စစ်ဆေးပါ။

ကုသရေးအဖွဲ့နှင့် မိသားစု လူနာစောင့်များသည် ကလေးများ၏ အရေပြားကို ပုံမှန် စစ်ဆေးသင့်သည်။ အရေပြားကို မည်ကဲ့သို့ နှံ့စပ်အောင် စစ်ဆေးပြီး မည်သည့်အရေပြားပြောင်းလဲမှုများကို ရှာဖွေရမည်ဖြစ်ကြောင်း ဆေးဝါးကူညီမှုအသင်းက ပြုစုစောင့်ရှောက်သူများကို သင်ကြားနိုင်သည်။

မိဘများသည် မိမိတို့၏ ကလေးငယ်၏ အရေပြားနှင့် ပတ်သက်ပြီး နားလည်ကျွမ်းကျင်သူများ ဖြစ်သင့်သည်။ အရေပြားကို နေ့တိုင်းစစ်ဆေးပါ။ ခြေအိတ်၊ ညဝတ်အင်္ကျီ၊ အောက်ခံဘောင်းဘီ၊ ဒိုက်ပါနှင့် ခန္ဓာကိုယ်ကို ဖုံးထားသော အခြားအရာများကို ချွတ်ပြီး အရေပြားကို စစ်ဆေး ကြည့်ရှုပါ။ ကလေးအများစုနှင့် ဆယ်ကျော်သက်အများစုသည် အနာနှင့် ပတ်သတ်ပြီး ထုတ်ဖော်ပြောဆိုလေ့မရှိဘဲ ၎င်းတို့ကိုယ်၌ ပြင်းပြင်းထန်ထန် နာကျင်မသက်သာမှုကို ခံစားရသည့်အခါမှသာ ဖွင့်ဟပြောဆိုကြသည်။ ကလေးများသည် ရှက်ရွံပြီး အချို့သော ခန္ဓာကိုယ် အစိတ်အပိုင်းများကို စစ်ဆေးကြည့်ရှုခံရခြင်းကို ရှောင်ရှားရန် ကြိုးစားကြသည်။

တစ်ကိုယ်လုံးကို စစ်ဆေးပါ။ အထူးသဖြင့် အောက်ပါအတိုင်း အရိုးရှိသော နေရာများကို စစ်ဆေးပါ-

  • ဦးခေါင်းနောက်ပိုင်း- ဤနေရာသည် ကလေးများတွင် ဖိထားခံရမှုကြောင့်ဖြစ်သော ဒဏ်ရာအဖြစ်များဆုံး နေရာဖြစ်သည်။ 
  • ပုခုံးများ
  • တံတောင်ဆစ်များ
  • တင်ပဆုံ
  • တင်ပါးများ
  • မြီးညှောင့်ရိုး
  • ခြေဖနောင့်၊ ခြေကျင်းဝတ်နှင့် ခြေဖဝါးတို့ ပါဝင်သော ခြေထောက်ပိုင်း

ဆေးပစ္စည်းကိရိယာများ ဖိနိုင်ခြေရှိသော အရေပြားနေရာများကို ဂရုပြုစစ်ဆေးပါ။ ယင်းနေရာများကို တစ်နေ့နှစ်ကြိမ် စစ်ဆေးသင့်သည်။

ညိုမည်းသော အရေပြားနေရာများ၊ အရည်ကြည်ဖုများနှင့် အနာများကို သတိထား၍ ကြည့်ရှုရှာဖွေပါ။ အသားရောင်မည်းပါက ဖိအားကြောင့်ဖြစ်ပေါ်သော ဒဏ်ရာများ၏ အစောဆုံးလက္ခဏာများကို တွေ့ရှိနိုင်ရန် ခက်ခဲသည်။ ကလေးက အနည်းငယ်မျှသာ ရောင်ရမ်းနေသည် သို့မဟုတ် အထိမခံနိုင်ဟု ပြောလျှင်ပင် ထိုနေရာများကို ဂရုစိုက် ကြည့်ပေးပါ။ ဖိအားကြောင့်ဖြစ်ပေါ်သော ဒဏ်ရာများသည် မျက်စိဖြင့် မြင်နိုင်သော ဒဏ်ရာများ သို့မဟုတ် မမြင်နိုင်သော ဒဏ်ရာများလည်း ဖြစ်နိုင်သည်။ မည်သည့်အရေပြားပုံစံပြောင်းလဲမှုကိုမဆို စောင့်ရှောက်မှုအဖွဲ့အား အသိပေးပါ။

မူလအသားရောင် ပြန်မဖြစ်သော အနီရောင် သို့မဟုတ် အရောင်မရှိသော အရေပြားအကွက်သည် စိုးရိမ်ပူပန်ရသည်။ အရေပြားကို ဖိကြည့်ပါက အရေပြားသည် အရောင်ဖျော့ သို့မဟုတ် အဖြူရောင်ပြောင်းသွားပြီးနောက် ပုံမှန် အသားရောင်ပြန်ဖြစ်သွားသည်။ အသားအရောင်ညိုမဲသော ကလေးများတွင် ယင်းကဲ့သို့ အရေပြားနေရာသည် နည်းနည်း ပိုမည်းနေသည် သို့မဟုတ် ထိလိုက်ရုံဖြင့် နာကျင်သည်။ အရေပြားသည် ပူနွေးနေမည် သို့မဟုတ် ကိုင်ကြည့်လျှင် တင်းနေ သို့မဟုတ် ရောင်နေသည့်ပုံစံပေါ်နေသည်။

ခန္ဓာကိုယ်အနေအထားကို ပြောင်းလဲပါ။

ဖိအားဖြစ်သောဒဏ်ရာကိုကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ခန္ဓာကိုယ်အနေအထားကို မကြာမကြာ ပြောင်းလဲခြင်းဖြစ်သည်။ ကလေးများကို တတ်နိုင်သမျှ ထိုင်ခိုင်း၊ မတ်တတ်ရပ်ခိုင်း သို့မဟုတ် လမ်းလျှောက်ခိုင်းပါ။ အကယ်၍ ကလေးသည် အိပ်ရာထဲတွင် နေရန် လိုအပ်ပါက လူနာစောင့်ရှောက်သူ သို့မဟုတ် လူနာစောင့်ရှောက်သည့် အဖွဲ့ဝင်သည် ကလေး၏ ခန္ဓာကိုယ်အနေအထားကို ၂နာရီခြားတစ်ခါ ကူညီပြောင်းလဲပေးသင့်သည်။ ဝှီးချဲဖြင့် ထိုင်ရသော ကလေးများ၏ ခန္ဓာကိုယ်အနေအထားကို တစ်နာရီတစ်ခါ ပြောင်းလဲပေးသင့်သည်။

ခန္ဓာကိုယ်၏ အရိုးများသော အစိတ်အပိုင်းများအပေါ် ဖိအားနည်းစေရန် ကူရှင်အခံများကို အသုံးပြုနိုင်သည်။ မည်သည်ကို သုံးစွဲပါက အကောင်းဆုံးဖြစ်ကြောင်းကို သိရှိရန် စောင့်ရှောက်မှုအဖွဲ့နှင့် သေသေချာချာ ဆွေးနွေးပြောဆိုပါ။ အချို့သော ကူရှင်အခံအမျိုးအစားများသည် ဖိအားကို ပို၍ဆိုးရွားစေသည်။ 

ကလေးကို အိပ်ရာထဲတွင် ခန္ဓာကိုယ်အနေအထားပြောင်းရန်အတွက် အကြံပေးချက်များ-

  • ခန္ဓာကိုယ်အနေအထားကို အလှည့်ကျပြောင်းလဲပါ။ ကလေးလဲလျောင်းနေချိန်တွင် ခန္ဓာကိုယ်ကို ဘေးတိုက် (ညာဘက်၊ ဘယ်ဘက်၊ နောက်ကျောဘက်) ရွေ့ပြောင်းပါ။ နောက်တစ်ကြိမ်တွင် မည်သည့်အနေအထားကို ပြုလုပ်မည်ဆိုသည်ကို မှတ်သားထားပါ။
  • တစ်စုံတစ်ယောက်ထံမှ အကူအညီရယူပါ။ ကလေးတစ်ယောက်ကို လူနှစ်ယောက်မှ ကူညီလုပ်ဆောင်၍ လှည့်ပေးသင့်သည်။
  • အိမ်ရာတစ်လျှောက် ကလေးကို လျှောချခြင်း သို့မဟုတ် ဆွဲခြင်းကို လုံးဝ မပြုလုပ်ပါနှင့်။ ခန္ဓာကိုယ်အနေအထားအသစ်ကို မပြောင်းလဲမီ ကလေးကို အဝတ်ခင်းသုံးပြီး အိပ်ရာပေါ်မှ ချီပိုး၍ ချပါ။ 
  • လက်တစ်ခုလုံး အသုံးပြုပြီး ကလေးကို ချီမပါ။ ကလေးကို ကိုင်ထားရန် လိုအပ်ပါက လက်ဖဝါးကို အသုံးပြုပါ။ လက်ချောင်းများကိုသာ အသုံးပြုပြီး ကိုင်ထားပါက ဖိအားကြောင့်ဖြစ်ပေါ်သော ဒဏ်ရာများကို ဖြစ်စေနိုင်သည့် အန္တရာယ်ကို ပိုမိုမြင့်မားစေသည်။
  • ကောင်းမွန်သော အိပ်ရာခင်းနှင့် ခေါင်းအုံးများကို အသုံးပြုပါ။ မည်သည့်ကူရှင်များ၊ ခေါင်းအုံးများနှင့် အိပ်ရာခင်းများကို အသုံးပြုပြီး ၎င်းတို့ကို ကလေး၏ ခန္ဓာကိုယ်အောက်တွင် မည်သို့ ထားရမည်ကို စောင့်ရှောက်မှုအဖွဲ့ဝင်ထံတွင် မေးမြန်းပါ။ 
  • လျှောကျခြင်းကို သတိပြုပါ။ အိပ်ရာခေါင်းရင်းသည် မတ်စောက်လွန်းပါက ကလေးသည် အောက်ကို လျှောကျနိုင်ပြီး အရေပြားပေါ်တွင် ဖိအားဖြစ်စေသည်။

အရေပြားကို ကာကွယ်ပါ။

အရေပြားကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပါက ဖိအားကြောင့်ဖြစ်ပေါ်သော ဒဏ်ရာရရှိနိုင်ခြေကို လျော့နည်းစေပြီး အကယ်၍ အနာဖြစ်ပေါ်ခဲ့ပါကလည်း ပိုးဝင်သည့် အန္တရာယ်ကို လျှော့ချနိုင်သည်။

  • အရေပြားကို သန့်ရှင်းစွာထားရှိပါ။ ဆပ်ပြာ အပျော့စားများကို အသုံးပြုပါ။ အရေပြားကို ကုတ်ဖဲ့ခြင်း သို့မဟုတ် ပွတ်တိုက်ခြင်း မပြုလုပ်ပါနှင့်။ ညင်သာစွာ တို့ဖတ်ရိုက်ပါ သို့မဟုတ် ဖိပြီး ခြောက်သွေ့အောင်ပြုလုပ်ပါ။
  • အရေပြားကို ခြောက်သွေ့အောင်ထားပါ။ ကလေးဆီးသွား/ ဝမ်းသွားပါက အရေပြားကို တခါတည်း သန့်ရှင်းရေးပြုလုပ်ပြီး ဒိုက်ပါများ သို့မဟုတ် အောက်ခံအဝတ်များကို လဲလှယ်ပေးပါ။ ဒိုက်ပါများ သို့မဟုတ် ရေစုတ်သော အခံများသည် ဆီး၊ ချွေးနှင့် အခြားသော အရည်များအား ခန္ဓာကိုယ်ပေါ်သို့ မကျရောက်စေရန် အထောက်အကူပြုသည်။
  • အရေပြားအနီစက်များ သို့မဟုတ် ဝမ်းလျှောခြင်းတို့ ဖြစ်ပေါ်လျှင် သတင်းပို့ပါ။ အကယ်၍ ကလေးတွင် အရေပြားရောင်ရမ်းခြင်း ဖြစ်ပေါ်လာလျှင် သို့မဟုတ် ဝမ်းလျှောလျှင် စောင့်ရှောက်မှုအဖွဲ့ဝင်ကို အသိပေးပါ။
  • ခြောက်သွေ့သော အရေပြားကို ရေဓာတ်ဖြည့်ပါ။ ရေချိုးခြင်းနှင့် သန့်ရှင်းရေးများပြုလုပ်ပြီးသော အခါ စောင့်ရှောက်မှုအဖွဲ့မှ ထောက်ခံခွင့်ပြုထားသော အနံ့မပါသည့် ရေဓာတ်ဖြည့်သော အသားလှဆီကို အသုံးပြုပါ။
  • အရေပြားကို ပွတ်ခြင်း သို့မဟုတ် ကုတ်ဖဲ့ခြင်းကို မပြုလုပ်ပါနှင့်။ အရေပြားကို ပွင့်ပေါက်ပျက်စီးမှုမရှိစေရန် ညင်သာစွာ ကိုင်တွယ်ပါ။
  • ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ။ အနာကျက်ရန်အတွက် အာဟာရကောင်းစွာ ရရှိရန် အရေးကြီးသည်။
  • အရေပြားကို ထိခိုက်ပျက်စီးစေနိုင်သော အရာများကို သတိထားစောင့်ကြည့်ပါ။ အင်္ကျီကျပ်ကျပ် သို့မဟုတ် အရေပြားနှင့် ဖိကပ်နေသော ကြယ်သီးများ သို့မဟုတ် ဇစ်များပါသော အဝတ်အစားများကို မဝတ်ပါနှင့်။ အဝတ်အစားများနှင့် အိပ်ရာခင်းများကို ဖြန့်ပြီး တွန့်ရာမရှိအောင်ထားပါ။ ဝှီးချဲများနှင့် အရိုးကို အထောက်အပံ့ပေးသော ပစ္စည်းများသည် လူနာနှင့် အရွယ်အစား သင့်တော်မှုရှိပြီး အရေပြားနှင့် ပွတ်တိုက်မှုမရှိစေရပါ။

တချို့သော လူနာများတွင် စောင့်ရှောက်မှုအဖွဲ့သည် ခန္ဓာကိုယ်၏ အရိုးများသော အစိတ်အပိုင်းများမှ ဖိအားလျော့နည်းစေရန် ကာကွယ်သော ဒဏ်ရာဆေးထည့်ပြီးဖုံးသော အဝတ်စများ သို့မဟုတ် ပတ်တီးများကို အသုံးပြုရန် အကြုံပြု ထောက်ခံ ကြသည်။

အကယ်၍ အိပ်ယာပူနာဖြစ်သည့် လက္ခဏာများတွေ့ပါက စောင့်ရှောက်မှုအဖွဲ့ကို ပြောဆိုအသိပေးပါ။ အိပ်ယာပူနာကို စောစီးစွာသိရှိပါက ကုသရန်ပိုမိုလွယ်ကူသည်။


ပြန်လည်သုံးသပ်ပြီး- ၂၀၁၈ ခုနှစ်၊ ဇွန်လ