အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကင်ဆာဝေဒနာသည် ကလေးနှင့် ဆယ်ကျော်သက်များတွင်ရှိသည့် စိုးရိမ်ပူပန်မှု

စိုရိမ်ပူပန်မှုဆိုတာ ဘာလဲ။

စိုးရိမ်ပူပန်မှုသည် စိတ်ဖိစီးမှုများသော အခြေအနေကို တုံ့ပြန်သောအားဖြင့် ခံစားရသည့် ကြောက်ရွံ့ခြင်း၊ ပူပင်သောကရောက်ခြင်း သို့မဟုတ် စိုးရိမ်ခြင်းဖြစ်သည်။ ကလေးကင်ဆာကဲ့သို့ ပြင်းထန်သည့် နာမကျန်းဖြစ်မှု၏ စိန်ခေါ်မှုများကို ခံစားနေရသည့် မည်သူမဆို စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုတို့ကို တွေးခြင်းနှင့် ခံစားခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ အခြေအနေအများစုတွင် ကလေးနှင့် ဆယ်ကျော်သက်များသည် ကင်ဆာဝေဒနာကာလအတွင်းနှင့် ကင်ဆာပြီးနောက်တွင် ကောင်းစွာ ပြန်လည်ပြည့်ဖြိုး၍ ကိုင်တွယ်ဖြေရှင်းနိုင်သည်။

ဖြစ်လေ့ဖြစ်ထမရှိသော်လည်း စိုးရိမ်ပူပန်မှုသည် နေ့စဉ်ဘဝတွင် ပူပင်သောကရောက်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်းတို့ကို ဆက်လက် ဖြစ်ပေါ်စေသည်။ ၎င်းသည် စိုးရိမ်စိတ်လွန်ကဲခြင်းဟု ညွှန်ပြနိုင်သည်။ သုတေသနအရ ကင်ဆာဝေဒနာ ကလေးများသည် အခြားကလေးများ အခြားကလေးများနှင့် နှိုင်းယှဉ်ပါက စိုးရိမ်စိတ်လွန်ကဲခြင်း ဖြစ်နိုင်ခြေ ပိုမိုများပြားခြင်းမရှိပါ။ သို့သော်လည်း ကလေးကင်ဆာဝေဒနာသည် ကလေးများအားလုံးသည် စိုးရိမ်ပူပန်မှုကို ကူညီပေးသည့် နည်းစနစ်များမှ အကျိုးကျေးဇူးများ ရရှိနိုင်သည်။ ကင်ဆာဝေဒနာ ကာလအတွင်းနှင့် ပြီးနောက်တွင် ရောဂါလက္ခဏာများကို စီမံရန်၊ စိတ်ကျန်းမာရေး တိုးတက်စေရန်နှင့် ဘဝအရည်အသွေး ပိုမိုကောင်းမွန်စေရန် ထောက်ပံ့မှုနှင့် ဝန်ဆောင်မှုမျိုးစုံတို့ကို ရရှိနိုင်သည်။

ကလေးနှင့် ဆယ်ကျော်သက်များရှိ စိုးရိမ်ပူပန်မှု အမှတ်အသားနှင့် လက္ခဏာများ

လူတိုင်းသည် စိုးရိမ်ပူပန်မှုကို မတူညီသည့် ပုံစံများဖြင့် ခံစားရသည်။ ၎င်းသည် အထူးသဖြင့် ကလေးနှင့် ဆယ်ကျော်သက်များအတွက် ပိုမိုမှန်ကန်သည်။ အသက်ငယ်သော ကလေးများတွင် စိုးရိမ်ပူပန်မှု ခံစားချက်များကို သိရှိရန် အခက်အခဲရှိသည်။ အရွယ်ရောက်ပြီးသော ကလေးများနှင့် ဆယ်ကျော်သက်များသည် ၎င်းတို့၏ မိဘများကို စိတ်မကောင်းဖြစ်စေခြင်း သို့မဟုတ် ပိုမိုစိတ်ဖိစီးမှုများသော အခြေအနေများ မဖြစ်စေလိုသောကြောင့် ၎င်းတို့၏ စိုးရိမ်မှုများကို ထုတ်မပြောလိုကြပေ။

စိုးရိမ်ပူပန်မှု၏ အမှတ်အသားနှင့် လက္ခဏာများမှာ-

  • စိတ်ဖိစီးမှု ၊ စိုးရိမ်မှု သို့မဟုတ် ကြောက်ရွံ့မှု ခံစားရခြင်း
  • စိတ်ထိခိုက်လွယ်ခြင်း သို့မဟုတ် စိတ်မကောင်းဖြစ်လွယ်ခြင်း
  • စဉ်းစားရာတွင် သို့မဟုတ် အာရုံစူးစိုက်ရာတွင် အခက်အခဲရှိခြင်း
  • အနားမယူခြင်း၊ တည်တည်ငြိမ်ငြိမ် မနေနိုင်ခြင်း
  • ပုံမှန်ထက် ပိုမိုအော်ဟစ်ငိုယိုခြင်း
  • တစ်ကိုယ်တည်း မကျန်ရစ်လိုခြင်း၊ ချစ်ခင်သူများသို့ တွယ်ကပ်ခြင်း
  • စိုးရိမ်ပူပန်မှု အတွေးများ သို့မဟုတ် ခံစားချက်များကို ဖြစ်စေသည့် လုပ်ဆောင်ချက်များ သို့မဟုတ် အခြေအနေများကို ရှောင်ခြင်း
  • နှစ်သိမ့်မှု ပိုမိုလိုအပ်လာခြင်း
  • မိမိကိုယ်ကို နာကျင်စေသည့် လက္ခဏာများ
  • အိပ်မပျော်ခြင်း
  • နှလုံးခုန်နှုန်း မြန်ခြင်း သို့မဟုတ် အသက်ရှူမြန်ခြင်း
  • ကြွက်သားများ တောင့်တင်းခြင်း
  • ခေါင်းကိုက်ခြင်းများ
  • ခံတွင်းပျက်ခြင်း သို့မဟုတ် အစားအသောက် ပုံစံပြောင်းခြင်း
  • ဗိုက်မကောင်းခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း

ဤရောဂါလက္ခဏာ အများစုသည် ကိုယ်ခန္ဓာ နာမကျန်းဖြစ်ခြင်း သို့မဟုတ် ကင်ဆာရောဂါ ကုသမှု၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဖြစ်ပွားနိုင်သည်။ စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးသူသည် စိုးရိမ်ပူပန်မှု ရောဂါလက္ခဏာများနှင့် ၎င်းတို့အား မည်သို့အကောင်းဆုံး စီမံခန့်ခွဲရမည်ကို မိသားစုများ နားလည်စေရန် ကူညီ‌‌နိုင်ပါသည်။

ကလေးများနှင့် ဆယ်ကျော်သက်များရှိ စိုးရိမ်ပူပန် ပုံမှန်မဟုတ်ခြင်း

စိုးရိမ်စိတ်လွန်ကဲခြင်းသည် လူတစ်ဦး၏ နေ့စဉ်ဘဝတွင် အနှောင့်အယှက်ဖြစ်စေခြင်း သို့မဟုတ် အလွန်အကျူး ပူပင်သောက ရောက်စေသည့် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှု အဆက်မပြတ် ရှိနေခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ကျွန်ုပ်တို့သည် စိုးရိမ်ပူပန်မှုကို ပုံမှန်အတွေးများနှင့် စိတ်ခံစားမှုများ အတွင်းရှိ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆသည်။ သို့သော် စိုးရိမ်ပူပန်မှု လက္ခဏာများသည် စိုးရိမ်စိတ်လွန်ကဲခြင်း သို့မဟုတ် ကုသမှုလိုအပ်သည့် အခြားစိတ်ကျန်းမာရေး အခြေအနေကိုလည်း ညွှန်ပြနိုင်သည်။ ကလေး၏ စိုးရိမ်ပူပန်မှု လက္ခဏာများသည် ပိုမိုဆိုးရွားလာပါက၊နေ့စဉ်လုပ်ငန်းဆောင်တာများတွင် အနှောင့်အယှက် ဖြစ်လာပါက သို့မဟုတ် စိတ်ဖိစီးဖွယ်ဖြစ်ရပ် ပြီးဆုံးသွားသည့်တိုင် ဆက်လက်ရှိနေပါက သင့်ပြုစုစောင့်ရှောက်ရေး အဖွဲ့သို့ပြောကြားပါ။

စိုးရိမ်ပူပန်မှု ပုံမှန်မဟုတ်ခြင်း အမျိုးအစားတိုင်းတွင် သီးခြားရောဂါရှာဖွေခြင်း လုပ်ဆောင်ရမည့် ရောဂါလက္ခဏာအုပ်စု ရှိသည်။ အချို့ စိုးရိမ်ပူပန်မှု ပုံမှန်မဟုတ်ခြင်းများတွင် ပုံစံတူသည့် ရောဂါလက္ခဏာများနှင့် ကုသမှုများ ရှိသည်။ မည်သို့ပင်ဖြစ်စေ စိုးရိမ်ပူပန်မှုကို ဖြစ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းဖြင့် ကုသရန် သင်တန်းဆင်းထားသော ပညာရှင်၏ အကဲဖြတ်မှုသည် အရေးကြီးသည်။

စိုးရိမ်စိတ်ကဲလွန်ခြင်း အမျိုးအစားများ

လူနာတွင် စိုးရိမ်စိတ်လွန်ကဲခြင်းကို ရောဂါရှာဖွေ၍ တွေ့ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စိုးရိမ်ပူပန်မှုကို စီမံခန့်ခွဲခြင်းမှာ အရေးကြီးသည်။ စိုးရိမ်ပူပန်မှု လွန်ကဲခြင်းသည်-

  • ခေါင်းကိုက်ခြင်းများ၊ ဗိုက်နာခြင်း၊ အန်ချင်စိတ်ဖြစ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းကဲ့သို့ ကျန်းမာရေးပြဿာနာများနှင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ ဖြစ်စေနိုင်သည်
  • ကင်ဆာရောဂါနှင့် သက်ဆိုင်သည့် ပြုစုရေးနှင့် လုပ်ငန်းစဉ်များအပေါ် အနှောင့်အယှက် ပေးနိုင်သည်
  • လူမှုရေး ဆက်နွယ်မှုများအပေါ် သက်ရောက်မှု ရှိနိုင်သည် 
  • ကျောင်း သို့မဟုတ် အလုပ်တွင် လုပ်ငန်းဆောင်တာများ ခက်ခဲနိုင်သည်
  • အာဟာရ၊ အိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနှင့် အခြားကျန်းမာရေးဆိုင်ရာ အပြုအမူများအပေါ် သက်ရောက်မှုရှိနိုင်သည်
  • စိတ်ဓာတ်ကျခြင်း၊ အရက် သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲမှု၊ ဆေးလိပ်သောက်ခြင်း၊ မိမိကိုယ်ကို နာကျင်စေခြင်း သို့မဟုတ် အစားအသောက် ပုံမှန်မဟုတ်ခြင်းများကဲ့သို့ အခြားပြဿနာဖြစ်နိုင်ခြေကို တိုးစေနိုင်သည်။

ယေဘုယျအားဖြင့် ကလေးကင်ဆာဝေဒနာရှင် ကလေးများသည် ပြန်လည်ပြည့်ဖြိုးမှုစွမ်းရည်ကောင်းပြီး အသက်အရွယ်တူ ကျန်းမာသည့် ကလေးများနှင့် နှိုင်းယှဉ်ပါက စိုးရိမ်စိတ်လွန်ကဲခြင်း ဖြစ်နိုင်ခြေ ပိုမိုမများပြားပေ။ ကင်ဆာလူနာ အားလုံးနီးပါသည် ကင်ဆာရောဂါ ကုသစဉ်တွင်ဖြစ်စေ၊ ကုသအောင်မြင်ပြီးသည်ဖြစ်စေ စိုးရိမ်ပူပန်မှုကို လျှော့ချနည်းများမှ အကျိုးကျေးဇူးများ ရရှိနိုင်သည်။

ဒေါက်တာ နီကီ ဂျာဘာဂျ်၊ ကလေးစိတ်ပညာရှင်

ကလေးများနှင့် ဆယ်ကျော်သက်များရှိ စိုးရိမ်ပူပန်မှုကို ကုသခြင်း

ကင်ဆာရောဂါ ဖြစ်နေစဉ်အတွင်းနှင့် ဖြစ်ပြီးနောက် ကျန်းမာရေးနှင့် ဘဝအရည်အသွေးအတွက် စိုးရိမ်ပူပန်မှု လက္ခဏာများကို စီမံခြင်းသည် အရေးကြီးသည်။ စိုးရိမ်ပူပန်မှုကို ကိုင်တွယ်ရန် မတူညီသည့် နည်းလမ်းမျိုးစုံကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။ ပြုစုစောင့်ရှောက်ရေး အဖွဲ့တွင် စိတ်ပညာရှင်များ၊ စိတ်ကျန်းမာရေး ဆရာဝန်များ၊ လူမှုလုပ်သားများ၊ တိုင်ပင်ဆွေးနွေးသည့် ပညာရှင်များ၊ စိတ်ကျန်းမာရေး သူနာပြုများ၊ ကလေးအထူးပြုများ၊ ဂီတနည်းဖြင့်ကုသသည့် သမားတော်များ၊ အနုပညာနည်းဖြင့်ကုသသည့် သမားတော်များနှင့် ခရစ်ယာန်ဂိုဏ်းသင်းအုပ်တို့ ပါဝင်နိုင်သည်။

စိုးရိမ်ပူပန်မှုအတွက် စိတ်ပညာကုထုံးများ

  • စိတ်ကုသနည်းတစ်မျိုး (CBT) – CBT သည် မကောင်းသည့်အတွေးများကို မည်သို့ပြောင်းလဲပုံနှင့် အခြေအနေများကို ပိုမိုကောင်းမွန်သည့် လမ်းနည်းဖြင့် တုံ့ပြန်ပုံတို့ကို သင်ကြားပေးသည့် စိတ်ကုထုံးတစ်မျိုး သို့မဟုတ် "ပြောဆိုခြင်းကုထုံး" ဖြစ်သည်။ ထိုကုထုံးသည် ကြောက်ရွံ့စိတ် သို့မဟုတ် စိုးရိမ်စိတ်ကို ဖြစ်စေသည့် အရာဝတ္ထု၊ နေရာ၊ ဖြစ်ရပ် သို့မဟုတ် အတွေးအခေါ်များအား ကိုင်တွယ်ဖြေရှင်းပုံကို အဓိကထားနိုင်သည်။
  • ဆွဲထုတ်ခြင်း နည်းလမ်းများ – ဆွဲထုတ်ခြင်းသည် စိုးရိမ်စိတ်ကို စီမံခန့်ခွဲရာတွင် အရေးကြီးသည် နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော်လည်း သင့်စိတ်ဖိစီးမှုများအကြောင်းကို မစဉ်းစားခြင်းကဲ့သို့ မရိုးရှင်းပေ။ ကလေးများကို ပျော်ရွှင်ဖွယ် လုပ်ငန်းစဉ်များတွင် ပါဝင်စေခြင်းဖြင့် စိုးရိမ်စိတ်ဖြစ်စေသည့် အတွေးများ သို့မဟုတ် အခြေအနေများမှ ဆွဲထုတ်နိုင်သည်။ ကင်ဆာဝေဒနာသည် ကလေးများအတွက် အနုပညာကုထုံး၊ ဂီတကုထုံးနှင့် ကစားခြင်းကုထုံးတို့သည် စိုးရိမ်စိတ်ကို ထိန်းချုပ်နိုင်စေရန်အတွက် အရေးကြီးသည့် လုပ်ဆောင်ချက်များဖြစ်သည်။
  • သတိပဋ္ဌာန်နှင့် စိတ်လျှော့ခြင်းနည်းများ – လူနာများသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်၏ သက်ရောက်မှုကို စီမံရန်နှင့် လျော့နည်းစေရန် အချို့နည်းစနစ်များကို လေ့လာနိုင်သည်။ ထိုနည်းစနစ်များ၏ အားသာချက်မှာ ၎င်းတို့ကို နေရာတိုင်းနှင့် အချိန်တိုင်းနီးပါးတွင် လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ စိတ်လျှော့ခြင်းနည်းများ၏ ဥပမာများမှာ အသက်ပြင်းပြင်းရှူခြင်း၊ အကူအညီပါသော ပုံရိပ်ဖော်စဉ်းစားခြင်း၊ မိမိကိုယ်တိုင် ပြုလုပ်လေ့ကျင့်ခြင်းနှင့် ကြွက်သားများကို တဖြည်းဖြည်း‌လျှော့ခြင်းတို့ ဖြစ်သည်။
  • စိတ်/ခန္ဓာကုထုံးများ – လူနာအများအပြားသည် ဇီဝတုံ့ပြန်မှု၊ နှိပ်နယ်ခြင်းကုထုံး၊ ယောဂနှင့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတို့ အပါအဝင် စိတ်/ခန္ဓာကုထုံးများက အကူအညီဖြစ်ကြောင်း သိရှိသည်။ ထိုကုထုံးများက စိုးရိမ်စိတ်ကို ပိုမိုသက်သာစေရန် ဦးနှောက်အတွင်းရှိ အာရုံကြောအချက်ပြမှုများနှင့် ဓာတုသတင်းစကားများကို ပြောင်းလဲနိုင်ကြောင်း သုတေသနက ဖော်ပြသည်။

စိုးရိမ်စိတ်ကို လျှော့ချပေးခြင်းအပြင် ထိုကုထုံးအများအပြားသည် နာကျင်မှု၊ အန်ချင်စိတ်ဖြစ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကို ကူညီခြင်းအပါအဝင် ကင်ဆာဝေဒနာသည် ကလေးများအတွက် အခြားအကျိုးကျေးဇူးများလည်း ရှိသည်။

ကလေးနှင့် ဆယ်ကျော်သက်များ၏ စိုးရိမ်ပူပန်မှု စိတ်ရောဂါအတွက် ဆေးဝါးများ

ဆရာဝန်သည် စိုးရိမ်ပူပန်မှု လက္ခဏာများအတွက် ဆေးညွှန်းပေးနိုင်သည်။ တစ်ခါတစ်ရံတွင် လူနာကို လုပ်ငန်းစဉ်မလုပ်ဆောင်မီ သက်တောင့်သက်သာရှိစေရန် ဆေးပေးနိုင်သည်။ ထိုဆေးဝါးများသည် လျင်မြန်စွာ ဆေးစွမ်းပြပြီး အချိန်တိုအတွင်း ဓာတ်ပြယ်သည်။

အချို့လူနာများသည် စိုးရိမ်စိတ်လွန်ကဲခြင်းကို ကုသရန် အချိန်ကြာမြင့်စွာ သက်ရောက်မှုရှိသည့် စိတ်ငြိမ်ဆေးများ လိုအပ်နိုင်သည်။ ထိုဆေးများသည် ဆေးစွမ်းပြရန် အချိန်ကြာသည်။ အချို့လူနာများသည် ပေါင်းစပ်ဆေးဝါးများ လိုအပ်နိုင်သည်။ ကလေးများရှိ စိုးရိမ်စိတ်လွန်ကဲခြင်းများကို ကုသသည့် ဆေးဝါးများတွင် အောက်ပါတို့ပါဝင်သည်-

  • Fluoxetine (Prozac®)
  • Escitalopram (Lexapro®)
  • Sertraline (Zoloft®)
  • Venlafaxine (Effexor®)
  • Duloxetine (Cymbalta®)
  • Fluvoxamine (Luvox CR®)
  • Diazepam (Valium®), alprazolam (Xanax®), and clonazepam (Klonopin®) အပါအဝင် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ စိတ်ငြိမ်ဆေးများ

စိုးရိမ်ပူပန်မှုအတွက် ဆေးသောက်နေရသော လူနာများသည် ဆေးများ ပုံမှန်အလုပ်လုပ်ခြင်း ရှိမရှိနှင့် ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်ရန် ဆရာဝန်ထံသို့ ပုံမှန်ပြသင့်သည်။ ဆေးဝါးသုံးစွဲမှုဆိုင်ရာ ညွှန်ကြားချက်များကို ဂရုတစိုက်လိုက်နာရန် အရေးကြီးသည်။ လူနာများသည် ဆေးစာတွင် ပြောထားသည်ထက်ပို၍ မသောက်သင့်ပါ၊ ထို့ပြင် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုမရှိဘဲ ဆေးသောက်ခြင်းကို မရပ်သင့်ပါ။ စိုးရိမ်ပူပန်မှု စိတ်ရောဂါသည် တိုးတက်ကောင်းမွန်ခြင်းမရှိလာပါက ဆရာဝန်ကို အသိပေးပါ။

သင့်အား စိတ်ငြိမ်ဆေး ဆေးညွှန်းပေးသည့်အခါ သင့်ဆရာဝန်ကို မေးရမည့် မေးခွန်းများ-

  • စိုးရိမ်ပူပန်မှု လက္ခဏာများသည် မည်သည့်အချိန်တွင် တိုးတက်သင့်သလဲ။
  • ဤဆေးကိုသောက်နေစဉ်တွင် မသောက်သင့်သည့် ဆေး သို့မဟုတ် ဓာတ်စာများ ရှိပါသလား။
  • ရှောင်ကြဉ်သင့်သည့် လုပ်ဆောင်မှုများ ရှိပါသလား။
  • ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများမှာ အဘယ်နည်း။
  • မည်သည့်ဘေးထွက်ဆိုးကျိုးများကို အဓိက စိုးရိမ်သင့်သလဲ။
  • ဆေးတစ်ခွက်စာ(၁ ကြိမ်စာ) မသောက်မိပါက မည်သို့လုပ်ဆောင်သင့်သလဲ။
  • ဤဆေးကို ဘယ်လောက်ကြာကြာ သောက်ရမလဲ။

စိုးရိမ်ပူပန်မှုကို ကုသရာတွင် အသုံးပြုသော ဆေးဝါးများကို အညွှန်းတွင် ဖော်ပြထားသည့် ပမာဏထက် ပို့မဟုတ် အကြိမ်ရေထက် ပိုသောက်ပါက သို့မဟုတ် ခဏသာသောက်ပြီး ဆက်လက် မသောက်တော့ပါက အန္တရာယ်ရှိနိုင်သည်။ ဆေးပြောင်းလဲသောက်ခြင်းများ မလုပ်မီ သင့်ဆရာဝန်အား မေးမြန်းပါ။ ဆေးများကို လုံခြုံစွာသိမ်းဆည်းပြီး ကလေးများ မရောက်နိုင်သည့်နေရာတွင် ထားပါ။

စိုးရိမ်စိတ်ကို ကိုင်တွယ်ဖြေရှင်းခြင်း- လူနာများနှင့် ပြုစုစောင့်ရှောက်မှု ပေးသူများအတွက် အကြံပြုချက်များ

  • ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။ ကြောက်စိတ်နှင့် စိုးရိမ်မှုများအကြောင်းကို ကလေးများနှင့် ပြောဆိုရန် မိဘများနှင့် ပြုစုစောင့်ရှောက်မှုပေးသူများအတွက် ခက်ခဲနိုင်သည်။
    • အတွေးနှင့် ခံစားမှုများအကြောင်းကို ပုံမှန်ပြောဆိုရန် ရှိရင်းစွဲအခြေအနေများကို ရှာဖွေပါ။ ၎င်းသည် ခက်ခဲသည့် အကြောင်းအရာများ ရှိလာပါက ပြောဆိုရန် လွယ်ကူစေသည်။
    • ကလေးများအား စိတ်ခံစားမှု သဘောတရားကို ကူညီရန်နှင့် စိုးရိမ်ပူပန်မှုအကြောင်း ပြောဆိုရန် ခံစားမှုဆိုင်ရာ စကားလုံးမျိုးစုံကို သုံးပါ။
    • ယူဆမည့်အစား မေးပါ။ အဖွင့်မေးခွန်းများ မေးပြီး ၎င်းတို့၏ အမြင်ကို အမှန်တကယ်နားလည်ရန် စိတ်ဝင်စားပါ။
    • ၎င်းတို့၏ သောကများကို သင်သဘောမတူစေကာမူ အသိအမှတ်ပြုပြီး လေးစားပါ။
    • မှန်ကန်ပြီး သင့်လျော်ပါက သင့်တွင် အလားတူ အတွေးနှင့် ခံစားမှုများရှိကြောင်း အသိပေးပါ။ ဤသို့ဖြင့် ၎င်းတို့သည် "ရူးနေခြင်း" သို့မဟုတ် တစ်ယောက်တည်းဖြစ်နေခြင်း မဟုတ်ဟု သိရှိစေသည်။
    • အတွေးနှင့် ခံစားမှုများကို မှတ်သားရန် မှတ်တမ်းပြုစုပါ။
  • မိတ်ဆွေများ၊ မိသားစုနှင့် ဆက်သွယ်ပါ။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို ခံစားနေရသော လူနာနှင့် မိသားစုများအတွက် လူမှုအထောက်အပံ့သည် အရေးကြီးသည်။ ကလေးနှင့် ဆယ်ကျော်သက်များကို သူငယ်ချင်းများနှင့် အဆက်အသွယ်ရှိစေရန် ကူညီပြီး "ပုံမှန်" အရာများပေါ်တွင် အာရုံစိုက်ရန် နည်းလမ်းများရှာပါ။
  • ထောက်ပံ့ရေးအဖွဲ့များကို ထည့်သွင်းစဉ်းစားပါ။ လူနာနှင့် မိသားစုများအတွက် ကင်ဆာအတွေ့အကြုံအကြောင်း မျှဝေရာတွင် ယခင်ဖြစ်ဖူးသူ တစ်ဦးဦးနှင့်ဆိုပါက ပိုမိုလွယ်ကူသည်။ ထောက်ပံ့ရေးအဖွဲ့တွင် ပါဝင်ခြင်း၊ အဖွဲ့လိုက်လုပ်ဆောင်မှုများတွင် ပါဝင်ခြင်း သို့မဟုတ် ဆေးရုံအတွင်း မိတ်ဆွေအသစ်ဖွဲ့ခြင်းတို့သည် စိုးရိမ်ပူပန်မှုအကြောင်းပြောရန် လုံခြုံသည့်နေရာဟု လူနာများအား ခံစားရစေပြီး ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေစေနိုင်သည်။
  • စိုးရိမ်ပူပန်မှုကို စီမံရာတွင် ကူညီရန် အရင်းအမြစ် မျိုးစုံကို အသုံးပြုပါ။ ကင်ဆာအတွေ့အကြုံသည် စိတ်ဖိစီးမှုများသည်။ အခြေအနေများ အဆင်ပြေသွားသည့်အချိန်တောင်မှ ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများကို အသုံးပြုသည့် အလေ့အကျင့်ဖြစ်စေရန် လုပ်ဆောင်ပါ။ ၎င်းသည် လိုအပ်သည့်အချိန်တွင် အသုံးပြုရန် နည်းလမ်းများကို ပိုမိုလွယ်ကူစေသည်။ စိုးရိမ်ပူပန်မှုကို ဖြေရှင်းရန် နည်းလမ်းတစ်ခုထက်ပို၍ ရှိခြင်းသည်လည်း အရေးကြီးသည်။ ပုံမှန်အသုံးပြုနေကျ နည်းလမ်းကို အသုံးမပြုနိုင်သော သို့မဟုတ် ၎င်းသည် မထိရောက်သော အချိန်များ ရှိနိုင်သည်။
  • သင့်ကိုယ်ပိုင် စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုကို စီမံပါ။ သင့်ကလေးသည် စိုးရိမ်စိတ်ဖြစ်နေသောအခါ သင့်စိတ်ကို တည်ငြိမ်အောင်ထားပါ။ ကလေးများသည် ၎င်းတို့အနားရှိ ထိုစိတ်ခံစားမှုများကို အာရုံခံမိတတ်သည်။ ၎င်းတို့သည် အခြားသူများကို စောင့်ကြည့်ခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းခြင်း နည်းလမ်းများကိုလည်း သင်ယူနိုင်သည်။ မိဘနှင့် ပြုစုစောင့်ရှောက်မှု ပေးသူများသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကျန်းမာရေးကို ဂရုစိုက်ရန် လိုအပ်သည်။ သင့်ကိုယ်ပိုင် စိုးရိမ်ပူပန်မှုကို စီမံခန့်ခွဲရန် နည်းလမ်းများရှာပါ၊ ဤသို့ဖြင့် ကလေးသည် သူ/သူမလည်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရှိပါမည်။
  • သင့်ကလေးအား ကြောက်စိတ်များကို ရှောင်ပြေးမည့်အစား ရင်ဆိုင်ရန် အားပေးပါ။ စိုးရိမ်ပူပန်စိတ်ရှိသည့် ကလေးနှင့် ဆယ်ကျော်သက်များသည် ၎င်းတို့ကြောက်ရွံ့သည့် အခြေအနေများကို ရှောင်ကြဉ်လေ့ရှိသည်။ ကြောက်ရွံ့ဖွယ်အခြေအနေများကို ကလေးများအား ရှောင်ကြဉ်ခွင့်ပေးခြင်းသည် အစပိုင်းတွင် ၎င်းတို့၏ စိုးရိမ်ပူပန်မှုကို လျော့နည်းစေသော်လည်း ရေရှည်တွင်မူ ရှောင်ကြဉ်မှုကြောင့် စိုးရိမ်ပူပန်မှုသည် ဆက်လက်ရှိနေနိုင်သည် သို့မဟုတ် ပိုမိုဆိုးရွားနိုင်သည်။ စိုးရိမ်ပူပန်မှုဖြစ်စေသည့် အခြေအနေကို ရင်ဆိုင်ရန် သို့မဟုတ် ဖြတ်ကျော်ရန် ကြိုးစားအားထုတ်မှုအတွက် သင့်ကလေး သို့မဟုတ် ဆယ်ကျော်သက်ကို ချီးကျူး၍ ဆုချပါ။
  • ဘေးကင်းလုံခြုံမှု ပေးပါ သို့သော် အလွန်အကျူး မချုပ်ချယ်ပါနှင့်။ မိဘများသည် ၎င်းတို့၏ ကလေးများကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံး နာကျင်ခြင်းမှ ကာကွယ်ပေးလိုသည်။ ကင်ဆာရောဂါကို ခံစားနေရစဉ်အတွင်း မိဘများသည် ကလေးများအား အသက်အရွယ်နှင့် သင့်တော်သည့် နည်းလမ်းများတွင် အမှီအခိုကင်းစွာ လုပ်ဆောင်နိုင်ခွင့်များပေးရန် ပိုမိုဂရုစိုက်ရမည်။ ၎င်းသည် ကလေးများ၏ ပြဿနာများကို လက်ခံနိုင်စွမ်းနှင့် ဖြေရှင်းနိုင်စွမ်းတို့တွင် မိမိကိုယ်ကိုယုံကြည်မှု တိုးစေသည်။
  • စိုးရိမ်ပူပန်မှု လက္ခဏာများ ပိုမိုဆိုးရွားလာပါက သင့်ကလေးအတွက် (သို့မဟုတ် သင်ကိုယ်တိုင်အတွက်) အကူအညီ ရှာဖွေပါ။ စိတ်ကျန်းမာရေးသည် ကင်ဆာရောဂါကာလအတွင်း ဆေးကုသမှုနှင့် နှိုင်းယှဉ်ပါက နောက်တန်းသို့ ရောက်သွားသည်။ သို့သော် စိုးရိမ်ပူပန်မှုသည် ကျန်းမာရေးနှင့် ဆေးကုသမှုရလဒ်များအပေါ် မကောင်းသည့် သက်ရောက်မှုရှိနိုင်သည်။ အကူအညီတောင်းခံခြင်းသည် အားနည်းခြင်းမဟုတ်ပေ။ သင့်ပြုစုစောင့်ရှောက်ရေး အဖွဲ့ သို့မဟုတ် စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးသူကို ပြောဆိုပါ။

နောက်ထပ်အချက်အလက်များအတွက် အရင်းအမြစ်များ

---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။

---
ပြန်လှန်စိစစ်သော ရက်စွဲ- ၂၀၁၉ ခုနှစ် ဇန်နဝါရီလ